Women & Gender

“တချို့က ပြန်လာတယ်။ တချို့ မပြန်လာတော့ဘူး”

Want create site? Find Free WordPress Themes and plugins.

တရုတ်တစ်သျှူး ငှက်ပျောခြံမှာ အလုပ်သွားလုပ်တဲ့ အမျိုးသမီးတွေ လူကုန်ကူးခံနေရတာနဲ့ ပတ်သက်လို့ အသက် ၃၆ နှစ် အရွယ် ဒေါ်လေးထက်အေးက ပြောပြတာ ဖြစ်ပါတယ်။

တစ်သျှူးငှက်ပျောခြံမှာ တိုင်းရင်းသား အမျိုးသမီးငယ်များ အလုပ် သွားလုပ်ကြပြီး သူတို့ကို တရုတ်နိုင်ငံသားများက တရုတ် နိုင်ငံအတွင်း မယားလုပ်ဖို့ တဆင့်ပြီး တဆင့် ရောင်းချကြရာမှာ လေးငါးနှစ်အတွင်း လူဦးရေ ၂၀ ကျော်သွားပြီလို့ ကချင် ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မွတ်ကျိတ်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်လေးထက်အေးက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ဝိုင်းမော်မြို့နယ် အတွင်းမှာ ရှိတဲ့ တရုတ်တစ်သျှူး ငှက်ပျောခြံမှာ အလုပ် လုပ်ကိုင်နေတဲ့ တရုတ် အမျိုးသား တချို့က မြန်မာတိုင်းရင်းသူ အမျိုးသမီးတွေကို တောင်းရမ်းယူကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရာကနေ တဆင့်ပြီး တဆင့် ပြန်လည် ရောင်းစားခံရတာတွေ ရှိနေတယ် လို့ ဒေသခံတွေက ပြောဆိုနေကြတာပါ။

တရုတ်တစ်သျှူး ငှက်ပျောတွေကို ဝိုင်းမော်မြို့နယ်၊ တာလောကြီးသွားရာ ကားလမ်းတလျှောက်၊ ဝိုင်းမော်မြို့ကနေ လိုင်ဇာ ကားလမ်း တလျှောက်၊ ဂွေထူလမ်း၊ ရွှေညောင်ပင် စတဲ့ နေရာအနှံ့အပြားမှာ ဧကထောင်ချီ စိုက်ပျိုးထားတာပါ။

ဒေသခံတွေ ကန့်ကွက်နေတဲ့ ကြားက အခုနှစ် အတွင်း မတ်လ ၁၇ ရက်က ဝိုင်းမော်မြို့နယ်၊ နန့်ဝါကျေးရွာအုပ်စု၊ မွတ်ကျိတ် ကျေးရွာမှာ မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီက စားကျက်မြေ ဆိုပြီး ဝယ်ယူခဲ့ရာ ကနေ အခုလို တရုတ် တစ်သျှူး ငှက်ပျောပင်တွေ စိုက်ပျိုးဖို့ မြေတူးစက်တွေနဲ့ ရှင်းလင်းခဲ့တဲ့ အထိ နန့်ဝါကျေးရွာသားတွေ တောက်လျှောက် ကန့်ကွက်ခဲ့ကြ ပါတယ်။ ဒီကန့်ကွက်တဲ့ အထဲမှာ အမျိုးသမီးတွေ ပိုပြီး များနေတာ တွေ့ရပါတယ်။

မွတ်ကျိတ်ကျေးရွာနဲ့ တမိုင်ကျော် နှစ်မိုင် အကွာက ကျေးရွာတွေမှာ ယာတွေ၊ လယ်တွေ၊ ခြံတွေ၊ လုပ်ကိုင်စားသောက်နေ တဲ့ မြေယာတွေကို သိမ်းယူပြီး ငှက်ပျောတွေ စိုက်ပျိုးထားလို့ လူနဲ့ တိရိစ္ဆာန်တွေ အသက်အန္တရာယ် စိုးရိမ်နေရတာကို မြင်တွေ့ နေရသလို အမျိုးသမီးငယ်တွေရဲ့ ဘဝလုံခြုံမှု မရှိတော့လို့ ကန့်ကွက်ခဲ့ကြတာ ဖြစ်တယ်လို့ ဒေါ်လေးထက်အေး က ပြောပြပါတယ်။

“ကျမတို့ အမျိုးသမီးတွေ ပိုပြီးကန့်ကွက်ရတာက ဒီမှာ အလုပ်သမားတွေ ရောက်လာရင် ကျမတို့ကျေးရွာက အမျိုးသမီးတွေ ဒုက္ခရောက်တော့မယ်။ ဘာဖြစ်လို့ ဒုက္ခရောက်မလဲ ဆိုတော့ အခု ဘေးနားမှာ ဖြစ်ပျက်နေတာ တွေ့ရတယ်။ တခြားဒေသက အလုပ်သမားတွေ၊ ရခိုင်တို့၊ ဗမာတို့၊ လူစိမ်းတွေ ဝင်လာတော့မယ်။ အမျိုးသမီးတွေ အတွက် အန္တရာယ်တွေ ပိုများ လာတော့မယ်။ နောက် ငှက်ပျောခြံ လုပ်မယ် ဆိုရင် မြောင်းတူးတော့မှာ။ အခုဖြစ်သွားတဲ့ ဟိုဘက် ကျေးရွာမှာ အဲဒီမြောင်း တွေထဲ ကလေးတွေက ပြုတ်ကျပြီး သေတာမျိုးတွေ ရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေလည်း မလုံခြုံတော့ဘူး။ သမီးပျိုတွေ အတွက် အန္တရာယ်အရမ်းရှိတယ်” လို့ သူက ပြောပါတယ်။

အဲဒီ ငှက်ပျောခြံတွေထဲမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မြောင်းမြ၊ ပုသိမ်၊ မိုးညှင်း၊ ဟိုပင် စတဲ့ ဒေသတွေ အပါအဝင် မြန်မာနိုင်ငံ အနှံ့က တိုင်းရင်းသားတွေ လာရောက် အလုပ် လုပ်ကိုင်နေကြတာပါ။

တစ်သျှူးငှက်ပျောခြံတွေ ထဲမှာ မိခင်နဲ့ကလေး ရာနဲ့ချီ အလုပ် လုပ်ကိုင်နေကြပြီး ကလေးငယ်တွေ ပညာ မသင်ကြားရ၊ လူသေရင်လည်း မြုပ်မယ့် မြေနေရာ မရှိတာတွေ၊ အိမ်သာမရှိ၊ ဓာတုဆေးတွေ ဖြန်းထားတဲ့ ငှက်ပျောပင်တွေကြားမှာ တဲစုတ်တွေနဲ့ နေထိုင်ကြရတာ တွေ့ရတယ် လို့ ဝိုင်း မော်မြို့ နယ်၊ ဝါရှောင်ကျေးရွာမှ ဝါရှောင်ဆရာတော် အရှင်ဝိဇယက မိန့်ပါတယ်။
“ဓာတုဆေးက အရမ်းအနံ့ပြင်းတာ။ မြေကလည်း ပျက်စီးပြီး မာကျောသွားတယ်။ အဲဒီနေရာ လုပ်ပြီးရင် အဲဒီမှာ ပြန်မစိုက် တော့ဘူး။ တခြားနေရာ ပြန်ငှားပြီး စိုက်တာ၊ ဘုန်းဘုန်းတို့ သွားရင် ဓာတ်မြေသြဇာ အနံ့က အရမ်းပြင်းလို့ မခံနိုင်ဘူး” လို့ ဆရာတော်က ဆက်လက် မိန့်ဆိုပါတယ်။

ဝိုင်းမော်မြို့နယ် တခုလုံးနီးပါးမှာ တရုတ်တစ်သျှူးငှက်ပျောတွေ စိုက်ပျိုးခဲ့တာ ၈ နှစ်လောက် ရှိနေပြီ ဖြစ်ပြီး ဝိုင်းမော်မြို့နယ် အတွင်းက ဝါးရှောင်၊ နန့်ဝါ၊ လွယ်ကျော်၊ ဝေဘား စတဲ့ ကျေးရွာတွေက သမီးပျိုတွေနဲ့ အိမ်ထောင်သည် အပါအဝင် အမျိုးသမီး ၄၀ ကျော်လောက် ဟာ တရုတ်နိုင်ငံဘက်ကို ရောင်းစားခံခဲ့ရပြီ လို့လည်း ဆရာတော်က မိန့်ပါတယ်။

“ဒီဘက်မှာ အပျိုအရွယ် ၁၀ တန်းအောင် မိန်းကလေးတွေ သူတို့ဆီမှာ ဘာသာပြန် လုပ်တယ်။ ထမင်းချက် ခန့်တယ်။ ဟို က တရုတ်ဘိုးတော်တွေ လောပန်းလိုလို၊ ဘာလိုလို၊ ငွေနဲ့ ဖြားယောင်းပြီးတော့ အခုဘုန်းဘုန်းတို့ ရှမ်းလူမျိုးတွေကို ပိုက်ဆံတွေ ပြပြီး စည်းရုံး၊ ဗမာစကားလည်း တလုံးမှ မတတ်ဘဲနဲ့ ဒီက မိန်းကလေးတွေ သူတို့နဲ့ တရုတ်ပြည်ကို ပါသွားကြ တယ်။ တချို့က ဖရဲသီး လာရောင်းတဲ့ တရုတ်တွေကို သူဌေးထင်ပြီးပါသွားတာ”

ဒါ့အပြင် ဒီတရုတ်ငှက်ပျောပင်ကြောင့် မဟာဗျူဟာအရ ဆုံးရှုံးမှုက ၁၀ ခုလောက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ ဥပဒေရေးရာ၊ လူကုန်ကူးမှုဆိုင်ရာ၊ မူးယစ်ဆေးပြဿနာ၊ မိခင်နဲ့ ကလေးဆိုင်ရာ၊ အနာဂတ် မြန်မာနိုင်ငံ ကျဆုံးမှု နမိတ် လက္ခဏာတွေ ဖြစ်တယ် လို့လည်း ဆရာတော်က မိန့်ပါတယ်။

“လူတွေ အညွန့်တုံး သွားပြီလေ။ ငှက်ပျောခြံမှာဘဲ ဘဝ အဆုံးသတ်နေကြတာ။ အရွယ်ရောက်ရင် တရုတ်ကို ရောင်းစားခံရတယ်။ မြေကို ယူတယ်။ ပြီးတော့ လူကိုပါ ယူတယ်။ နောက် ပြဿနာကြီးက အလိုတော်ရိတွေ ရှိတယ်။ တိုင်းရင်းသားတွေ ထဲမှာကိုက အချင်းချင်း အညွန့်ခူးစား နေကြတာ” လို့ ဆရာတော်က မိန့်ပါသေးတယ်။

ဒါအပြင် ဒီငှက်ပျော စိုက်ထားတဲ့ ခြံပတ်ပတ်လည်မှာ ခြံစည်းရိုးသဘောနဲ့ အကျယ် ၅ ပေ၊ အနက် ၈ ပေလောက် ရှိတဲ့ မြောင်းတွေ တူးထားတဲ့ အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်က မွတ်ကျိတ်ကျေးရွာက အသက် ၄ နှစ်အရွယ် ကလေး ၁ ဦး မြောင်းထဲမှာ ရေနစ်သေဆုံးခဲ့လို့ ပိုပြီး စိုးရိမ်နေကြတာ ဖြစ်ပါတယ် လို့ မွတ်ကျိတ်ကျေးရွာမှ အသက် ၆၀ အရွယ် မုဆိုးမ ဒေါ်ဆိုင်းနောင်က ပြောပါတယ်။

“ရွာမှာ တရုတ်ငှက်ပျော စိုက်လို့ရှိရင် ကျမတို့ ရှေ့ရေး အတွက် အန္တရာယ် အများကြီး တွေ့နိုင်လို့၊ သူတို့က ဆေးဝါးတွေ အမျိုးမျိုး သုံးတယ်။ အဲဒီ ဆေးဝါးကြောင့် ကျမတို့မှာ အန္တရာယ်ရှိလာနိုင်တယ်။ နောက် ငှက်ပျောခြံပတ်ပတ်လည်မှာ လူ ၂ ရပ်စာ မြောင်းအနက်ကြီး တူးတာတွေက ကလေးတွေ အတွက် အသက်အန္တရာယ် ဖြစ်နေတယ်။ ရွာမှာ ဆိုရင် ကျွဲ၊ နွားတွေလည်း ကျောင်းလို့ မရတော့ဘူး။ အဲဒီ မြောင်းတွေထဲမှာ ကျွဲ၊ နွားတွေလည်း ရေနစ်သေတာတွေ ရှိတယ်” လို့ ပြောပါတယ်။

နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်လာတဲ့ တဧကလောက် ရှိတဲ့ ခြံထဲမှာ ပျဉ်းကတိုးပင်၊ မယ်ဇလီ၊ ယမနေပင်တွေ ၁၀ နှစ်ကျော်ကြာ စိုက်ပျိုးထားခဲ့တာကို အခုဖျက်သိမ်းလိုက်လို့ အလုပ်လက်မဲ့ဘဝ ရောက်ရတော့မှာ ဖြစ်တယ်လို့ ကန့်ကွက်ရ တဲ့ အကြောင်းရင်းကို ဒေါ်ဆိုင်းနောင်က ပြောပါတယ်။

မယ်ဇလီပင်တွေကို ၃ နှစ်မှာ တကြိမ် ခုတ်ယူပြီး ထင်းမီးအဖြစ် အသုံးပြုကြသလို၊ သားသမီးတွေရဲ့ ကျောင်းစရိတ်နဲ့ မိသားစု စားဝတ်နေရေး အတွက် ဝင်ငွေ အဖြစ် ဒီမယ်ဇလီပင်တွေကိုပဲ အားကိုးရတယ် လို့ သူက ဆိုပါတယ်။ ဒါကြောင့် သူ့ရဲ့ ခြံမြေနေရာ ဆက်လက် ပိုင်ဆိုင်နိုင်ဖို့ အတွက် ဆက်ပြီး ကန့်ကွက်သွားဦးမှာ ဖြစ်တယ် လို့ သူက ပြောပါတယ်။

ဒေါ်လေးထက်အေးတို့ မိသားစုကလည်း စားဝတ်နေရေးနဲ့ ကလေးပညာရေး စရိတ်တွေ အတွက် လုပ်ကိုင်စားသောက်နေ တဲ့ မြေ ၂ ဧက လောက်ရှိတဲ့ ခြံကို မျိုးဆက်ကြယ်ပွင့် ကုုမ္ပဏီက သိမ်းယူခဲ့လို့ လုပ်ကိုင်စားသောက်စရာ နေရာ မရှိတော့လို့ ကန့်ကွက်ရပါတယ် တဲ့။

တရုတ်ငှက်ပျောတွေ နေရာအနှံ့စိုက်ပျိုးလာတဲ့ အတွက် ဒေသခံတွေဟာ ဖားရှာ၊ ငါးရှာဖို့နဲ့ ဟင်းသီးဟင်းရွက် ခူးစားမဲ့ နေရာတောင် မရှိတော့ဘဲ နေ့စား အလုပ်တွေကိုသာ ဝင်ရောက် လုပ်ကိုင်နေကြရတယ် လို့ သိရပါတယ်။

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့က လူတွေဟာ ဒီဒေသတွေကနေ ထင်းတွေကို လာရောက်ဝယ်ယူကြလို့ တနှစ်ကို ကား ၂ စီး ကနေ ၃ စီးအထိ ရောင်းချရတဲ့ အတွက် ကလေးတွေရဲ့ ကျောင်းစရိတ်နဲ့ စားဝတ်နေရေးအတွက် အနည်းငယ် ဖူလုံနေတာ လို့ ဆိုပါတယ်။ ထင်းကားတစီးကို ကျပ်ငွေ ၁ သိန်းကျော်အထိ ရောင်းရတယ် လို့ ဆိုပါတယ်။

မတ်လ ၁၃ ရက်နေ့မှာ မိသားစု စားဝတ်နေရေး အတွက် ဝင်ငွေရနေတဲ့ ခြံထဲက ကျွန်း၊ ပျဉ်းကတိုး၊ မယ်ဇလီပင်တွေ အားလုံး မြေတူးစက်နဲ့ လှဲဖြိုဖယ်ရှားပစ်လိုက်လို့ စိတ်မကောင်းဖြစ်ရတယ် လို့ ဒေါ်လေးထက်အေးက ပြောပါတယ်။

“သူတို့က ကျမတို့ခြံကို ကုတ်ပစ်လိုက်ပြီ။ ဝါးရုံတရုံဘဲကျန်တော့တယ်။ ဒါတောင် မနည်း တားထားရတယ်။ သူတို့ (ကုမ္ပဏီ) က ရောင်းကို ရောင်းရမယ် ဆိုတဲ့ ပုံစံနဲ့ လုပ်သွားတယ်။ ကျမတို့ ဒီထင်းခြံ ၂ ဧက ဆိုရင် ကလေးတွေ ကျောင်း စရိတ် အတွက် ထင်းမရှိရင် မဖြစ်ဘူး။ လျှပ်စစ်မီးလည်း အိမ်တိုင်းလိုလို မယူနိုင်ဘူး။ သူတို့ ပြောတာက နေ့စားသွား လို့ ရတယ်။ ကျမတို့က နေ့စားနေ့တိုင်း မသွားနိုင်ဘူး။ သားသမီးတွေနဲ့ဆိုတော့ ထင်းခြံရှိရင် တောင်ယာတွေ လုပ်ပြီး ကျမတို့ အတွက် ဝမ်းစာရတာပဲ။ အခုတော့ ကျမတို့ ထင်းခြံမရှိတော့ ဝမ်းနည်းတယ်” လို့ ဆက်ပြောပြပါတယ်။

အဲဒီ ငှက်ပျောခြံတွေ ထဲမှာ အလုပ် လုပ်ကိုင်နေကြတဲ့ လူတွေဟာ တနေ့ကို နေ့စားခ အဖြစ် အမျိုးသမီးတွေကို ၄၅၀၀ ကျပ်၊ အမျိုးသားတွေကို ၅၀၀၀ ကျပ် ပေးတယ် လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ်တွေက ဒီကုုမ္ပဏီက ဒေသခံတွေရဲ့ မြေနေရာတွေကို နွား၊ ဆိတ်ကျောင်းဖို့ ဝယ်ယူမှာ ဖြစ်ပြီး ထင်းတွေကို ဒေသခံတွေ ကြိုက်သလောက် ခုတ်ယူနိုင်တယ် လို့ ပြောခဲ့ပေမယ့် အခု မြေတဧကကို ၈ သိန်းမှ ၁၂ သိန်းထိ လျော်ကြေး ပေးကာ ငှက်ပျောပင် စိုက်ပျိုးတော့မှာ ဖြစ်လို့ ကန့်ကွက်နေရတယ် လို့ ဒေါ်လေးထက်အေးက ပြောပါတယ်။

တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးရာမှာ အသုံးပြုတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေဟာ ပြင်းထန်ပြီး ဆေးဖြန်းတဲ့အခါ သုံးတဲ့ ပစ္စည်းတွေကို အနီးအနားက ချောင်းတွေမှာ ဆေးကျောတဲ့ အတွက် ချောင်းရေသောက်မိတဲ့ ကျွဲ၊ နွားတွေ သေဆုံး တာလည်း ကြားနေရတယ် လို့ ဒေသခံတဦးဖြစ်တဲ့ မွတ်ကျိတ်ရွာမှ ဆရာဂျွမ်ဖောက်ဒေါင်ဇေးက ပြောပါတယ်။

မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီပိုင်ရှင်ဟာ ဒါရိုက်တာဆောင်လန်းယိန်းချန်းဆိုသူ ဖြစ်တယ် လို့ သိရပေမယ့် သူက တရုတ်လုပ်ငန်း ရှင်တွေရဲ့ အမည်ခံသာ ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က နန့်ဝါဒေသခံတွေက ဝိုင်းမော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီက တဆင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသိုု့ ကန့်ကွက်စာ တင်ခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးတာ မရှိဘဲ ကုုမ္ပဏီက ဒေသခံများရဲ့ ခြံတွေကို မြေတူးစက်တွေနဲ့ တူးဖော်လို့ နန့်ဝါဒေသခံတွေ ဆက်လက်ကန့်ကွက်ခဲ့ကြတယ် လို့ ပြောပါတယ်။

“ဝန်ကြီးချုပ်ကို စာတင်တာလည်း ဌာနဆိုင်ရာက ထွေ/အုပ်နဲ့ မြေစာရင်းဌာနက ၁၁ ရက် နှစ်လပိုင်းက တခါစစ်တယ် ပေါ့လေ။ ကုမ္ပဏီနဲ့ လာစစ်တယ်။ တာဝန်ရှိသူ မရှိတော့ ရုံးကို လာခဲ့ပါလို့ ပြောသွားပြီးတော့ နောက်တပတ်က သစ်တောနဲ့ မြေစာရင်းက ပြန်ရောက်လာပြီးတော့ မေးတယ်။ ကျနော်တို့ ဝန်ကြီးချုပ်ကို တင်တာ ဘာမှ ထူးခြားမလာဘူး။ ဒါကြောင့် ကိုယ့်အားကိုယ် ကိုးရတော့မယ် ဆိုပြီးတော့ ဒေသခံတွေက ရှေ့ထွက်ပြီးတော့ ကန့်ကွက်တာ ဖြစ်တယ်”

သူတို့ရဲ့ မွတ်ကျိတ်ကျေးရွာနဲ့ အနည်းငယ်ဝေးတဲ့ နေရာမှာတောင် ငှက်ပျောပင်စိုက်ပျိုးလို့ ဘေးထွက်ဆိုးကျိုးတွေ ဓာတု ဆေးဝါးတွေ သုံးစွဲတဲ့အတွက် ချောင်းတွေက ငါးတွေ သေတာတွေ၊ ချောင်းက ရေသောက်မိတဲ့ ကျွဲ၊ နွားတွေ သေဆုံး တာတွေ ရှိတယ် လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်၊ ဆန်းဖား၊ မန်ဝင်း၊ ဂွေထူဒေသတွေမှာ တရုုတ်တစ်သျှူး ငှက်ပျောတွေ စိုက်ပျိုးခဲ့တာ ၈ နှစ်ခန့်ရှိပြီ ဖြစ်ပြီး အခုဝိုင်းမော်မြို့နယ်၊ နန့်ဝါကျေးရွာအုပ်စု၊ မွတ်ကျိတ်ကျေးရွာထဲ ဧက ၃၅၀ ကျော်လောက်ကို မျိုးဆက် ကြယ်ပွင့် ကုမ္ပဏီက ထပ်မံစိုက်ပျိုးဖို့ မြေတွေ တူးဖော်နေတာ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာပဲ ဧက ၂၀၀ ခန့် မြေကုတ်တူးဖော်ပြီး သွားလို့ ငှက်ပျောစိုက်ပျိုးဖို့ အဆင်သင့်ဖြစ်တဲ့ အနေအထားရှိနေတဲ့ အပေါ် ဒေသခံတွေ ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ ဆရာဂျွမ်ဖောင်ဒေါင်ဇေးက ပြောပါတယ်။

ရှမ်းအမျိုးသမီး ကွန်ရက်က နန်းခမ်းရင်က ငှက်ပျောခြံရှိရာ ဒေသတဝိုက် အမျိုးသမီးတွေ တရုတ်နိုင်ငံကို လူကုန်ကူးခံရမှု တွေရှိတယ် ဆိုတာကို ထောက်ခံပြောဆိုခဲ့ပြီး အခုလို ဆက်လက်ပြောပြပါတယ်။

“ငှက်ပျောခြံက ဆေးဖျန်းတဲ့ အတွက် ဆေးရဲ့ ဆိုးကျိုးတွေက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကိုယ်ဝန်ပျက်ကျနိုင် တယ်။ ကိုယ်ဝန်အဆိပ်တက်တာတို့ ဖြစ်နိုင်တယ်။ တကယ့် အန္တရာယ်ရှိတဲ့ အလုပ်တွေ လုပ်နေကြတယ်။ သူတို့က ရေရှည် အတွက် မစဉ်းစားဘူး။ အလုပ်က ရှားပါးတော့ တရုတ်တွေရဲ့ အလုပ်သမားတွေ လုံးလုံး ဖြစ်နေကြတာကိုတော့ စိတ်မကောင်းစွာ တွေ့ရတာပေါ့ နော်” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ – ၁၁ ခုနှစ်ကျော် ကတည်းက အဆိုပါ ဒေသတွေမှာ တရုတ်တစ်သျှူး ငှက်ပျောတွေ စိုက်ပျိုးခဲ့တာ အခုဆိုရင် ၇ နှစ်ကျော် ၈ နှစ်လောက်ရှိနေပြီ ဖြစ်ပြီး ၂၀၁၇ ခုနှစ်က တပ်မတော်နယ်မြေ ဖြစ်တဲ့ ရွှေညောင်ပင် တပ်နယ်မြေတွေ မှာလည်း စိုက်ပျိုးလာခဲ့တယ် လို့ ဆိုပါတယ်။ ၈ နှစ်လောက်အတွင်း တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးမှုရဲ့ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အပါအဝင် နောက်ဆက်တွဲ ဂယက်တွေတွေထဲက အမျိုးသမီးတွေကို ခြိမ်းခြောက် နေတဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး အခြေအနေဆိုးဝါးနေတာကို ဝါးရှောင် ဆရာတော်က အခုလို သက်သေထူလို့ နေပါတယ်။

“အခြားနေရာတွေမှာလို လုပ်နေကျပုံစံနဲ့ လူကုန်ကူးတာကတမျိုး၊ သူတို့ တဖြည်းဖြည်း စည်းရုံးပြီး ခေါ် သွားတာက တမျိုးပေါ့။ ဒီဘက်က ကချင်နဲ့ ရှမ်းအမျိုးသမီးတွေ တယောက်ကို တရုတ်ငွေ ၂ သောင်း၊ ၂ သောင်းခွဲပေး တယ်။ အဓိက တိုင်းရင်းသူတွေကို သားဖောက်ဖို့ သုံးတာဘဲ။ ဒီက မိန်းမတွေကို ရအောင်ယူတယ်။ သူကနေ တဆင့် ဆက်ရောင်းစားတယ်။ ကချင်ရော၊ ရှမ်းရော အဲဒီလို ခံနေရတာပဲ။ ရှမ်းလူကြီးတွေကို ငွေနဲ့ စည်းရုံးပြီးတော့ ခေါ်သွားတာ လည်း ရှိသေးတယ်။ နောက်တခုက လူတွေကို လိမ်လည်ပြီးတော့ ခေါ်သွားတာပါ”

[မြန်မာအမျိုးသမီး သမဂ္ဂ (BWU) စီစဉ်သည့် HI (Honest Information) Website ( www.hiburma.net ) တွင် ဖော်ပြထားသော လုဆိုင်း၏ ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်းဖြစ်သည်။]

Did you find apk for android? You can find new Free Android Games and apps.
Loading