Women & Gender

ရေငုံနှုတ်ဆိတ်နေသော မကောင်းဆိုးဝါးအား ဖြိုခွင်းခြင်း

Want create site? Find Free WordPress Themes and plugins.

လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု ဖြစ်စဉ်များသည် ယခုနှစ် ကာလများအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားနှုန်း သိသိသာသာ မြင့်တက်လာနေပြီး ထိုဖြစ်စဉ်များ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ အများစုမှာ အရွယ် မရောက်သေးသော
မိန်းကလေးများ ဖြစ်နေသည်ကို ဝမ်းနည်းစွာ တွေ့ရှိရသည်။

ထို့အပြင် နိုင်ငံတော်၏ ရဲမှုခင်း မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် အဓမ္မပြုကျင့့်မှု အစီ၇င်ခံစာပေါင်း ၁၁၀၀ နီးပါး ရှိလာပြီး ၎င်းတို့ထဲမှ အမှု ၆၇၀ ၏ သားကောင်များမှာ အရွယ်မရောက်သေးသူများ ဖြစ်သည်။

၂၀၁၇ ခုနှစ် တွင် အဓမ္မပြုကျင့်မှု ဖြစ်စဉ်များသည် ၁၄၀၅ ခု ထိ တိုးလာပြီး ၁၆ နှစ်အောက် အရေအတွက်မှာ ၈၉၇ ဦး အထိ တိုးပွားလာသည်။

ဤကိန်းဂဏန်း ဆိုင်ရာ အချက်အလက်များသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းကြားတွင် အမျိုးသမီးထုနှင့် အမျိုးသမီးငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဘက်ပေါင်းစုံမှ ဆန့်ကျင်ကြရန် လိုအပ်လာပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။

ဥပဒေနှင့်မူဝါဒ ရေးရာ ဆိုင်ရာ ကိစ္စရပ်များက အဓိက အရေးကြီးသလို အမျိုးသမီးများ၏ အခွင့်အရေး၊ အမျိုးသမီးများ အပေါ် ထားရှိသော လိင်ကိစ္စရပ်ဆိုင် စံနှုန်းများကို လည်း ပြောင်းလဲရန် လိုအပ်သည်။

မြန်မာဘာသာစကားတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဟု ဆိုသောစကားစုကို တိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုရန် မလွယ်ကူသော်လည်း သာမန်အရပ်သုံးစကားအဖြစ် “မုဒိမ်း”ဟု ခေါ်ဝေါ်သုံးစွဲကြသည်။

မြန်မာလူမှုအသိုင်းအဝိုင်းကြားတွင် “မုဒိမ်း”ဆိုသော စကားလုံးသည် အလွန်အမင်း စက်ဆုပ်ဖွယ်ရာ အသုံးအနှုန်း ဖြစ်ရုံသာမက၊ ကြီးငယ်မရွေးသော အမျိုးသမီးထု၏ လွတ်လပ် မျှတစွာ ရှင်သန်နေထိုင်ခွင့်ကို ကန့်သတ်ချုပ်ချယ်လိုက်သော ဆင်ခြေအကြောင်းပြချက်စကားလုံးအနေဖြင့်် အသုံးပြုလေ့ ရှိကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့စည်း(WHO)၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု ဆိုသည်မှာ ခွန်အား အသုံးပြုခြင်းဖြင့် (သို့) အတင်းအကျပ် ကာမရယူခြင်း၊ တနည်းအားဖြင့်ဆိုသော် တစုံတယောက်က အခြားတစ်ယောက်အပေါ် ခွန်အားအသုံးပြုခြင်းဖြင့် သော်လည်းကောင်း၊ အကျပ်ကိုင်ခြင်းအားဖြင့် သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အကျပ်ကိုင်ခြင်းဖြင့် သော်လည်းကောင်း လမ်းအသွယ်သွယ်ဖြင့် ကျုးလွန်မှု အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အလိုမတူဘဲ ကာမ ရယူလိုခြင်းဟု ဖွင့်ဆိုထားသည်။

လက်ရှိဖြစ်ပေါ်နေသည့် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်များအပေါ်၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အကြောင်းအရာ ခေါင်းစဉ်များစွာကို ဆက်စပ်စဉ်းစားရမည်ဖြစ်ပါသည်။

အောက်တွင်ဆက်လက်ဖော်ပြမည့် စာပိုဒ်များတွင် မိမိတို့မြန်မာနိုင်ငံအနေုဖြင့် မြန်မာအမျိုးသမီးများ၏အခွင့်အရေး ရပိုင်ခွင့် များနှင့် လိင်မှုဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်သုံးသပ်ရန် လိုအပ်ပြီး အခုလက်ရှိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ လျှော့ချရန် ကြိုးပမ်းနေမှုများကို ပြန်လည်သုံးသပ်ကာ လိုအပ်ချက်များကို ရှာဖွေရမည်ကို အလေးပေး ရေးသားထားပါသည်။

နစ်နာသူများအပေါ် အပြစ်ဖို့တတ်သော စိတ်နေသဘောထား

မြန်မာနိုင်ငံသည် ရှေးရိုးစွဲဆန်ပြီး ယောက်ျားကြီးစိုးခြင်းကသာ အမြစ်တွယ်နေသည့် တိုင်းပြည်ဖြစ်သည့်အတွက် အဓမ္မပြုကျင့့်ခံရပြီး ရှင်သန်ကျန်ရစ်သူများနှင့် ထိုသူတို့၏ မိသားစုများက ၎င်းတို့၏နာကျင်ရမှုများအတွက် ဖြစ်သင့်ဖြစ်ထိုက်သော တရားမျှတမှုကို အကူညီတောင်းခံရန်ကိုပင် တွေဝေတွန့့်ဆုတ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းသည် ဤကဲ့သို့်ရှေးရိုးဆန် ရှက်ရွံ့တတ်သော မြန်မာ့ လူမှု့ အသိုင်းအဝိုင်းကြားတွင် ထိုမိန်းကလေးငယ် များအဖို့ ဖျက်မရနိုင်သော အမည်းစက်အဖြစ် ဂုဏ်သိက္ခာညိုးနွမ်းမှုများ ဖြစ်လာနိုင်ဖွယ်သော အလားအလာများစွာ ရှိနေသောကြောင့်ပင်ဖြစ်သည်။

လူအများစုက ဤကဲ့သို့ အဓမ္မပြုကျင့်မှုများဖြစ်ပေါ်လာရခြင်း၏ တစိတ်တပိုင်းသော အကြောင်းအရင်းများမှာ ပြုကျင့့်ခံရသူတို့၏ အနေအထိုင် ပြုမူလုပ်ရှားမှု အမှားများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု အပြစ်ဖို့ကြသောကြောင့်ဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်ပြုလုပ်သူသည် သူ၏လုပ်ရပ်အတွက် တာဝန်ယူရမည်ဟု လူအများက နားလည် လက်ခံထားပြီး ဖြစ်သော်လည်း အဓမ္မပြုကျင့်ခံရသူဆိုသည့် အသုံးအနှုန်းသည် လူမှုအသိုင်းဝိုင်းကြားတွင် ကြီးစွာသော ညှိုးငယ်သိမ်ငယ်ခြင်းကို ဖြစ်စေသည်။

ထို့အပြင် ရှေ့လျှောက်လှမ်းရမည့် အနာဂတ်တွင် သေရာပါအမာရွတ်တခုအဖြစ် စွဲထင်စေနိုင်ပါသည်။

ထိုကဲ့သို့ အရှက်ကွဲမှုများ၊ သိမ်ငယ်မှုများကို ကြုံတွေ့ရနိုင်သည့် အတွက် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုများကို ထုတ်ဖော်မပြောကြသည့် အမှုကိစ္စများသည် ယခုထုတ်ပြန်ထားသည့် အကြမ်းဖက်ခံရမှုများထက် အဆမတန်များပြားနေမည်ဟု လူအများစုက ယုံကြည်နေကြသည်။

လိင်အသိပညာပေးမှုများနှင် မိတ်ဆက်ခြင်း

မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ယခုအချိန်ထိ လိင်ကိစ္စ ပြောဆိုခြင်းသည် လူ့အလွှာကြားတွင် မပြောအပ်သော ကိစ္စဖြစ်နေပြီး စာသင်ကျောင်းများတွင် လိင်ပညာပေး သင်ခန်းစာ ထည့်သွင်းခြင်းသည် မသင့်တော်ဆိုကာ အငြင်းပွားစရာ ဖြစ်နေသည်။ မိဘများက ငယ်ရွယ်သော ကလေးငယ်များကို လိင်ပညာပေးခြင်းများ လုပ်ဆောင်ရန်မသင့်ဟု ထင်နေကြသည်။

တချို့ ရှေးရိုးစွဲမဆန်သူများက မြန်မာနိုင်ငံ၏ ရှေးရိုးစွဲအတွေးအခေါ်များသည် မိန်းကလေးငယ်တို့အား ခြိမ်းခြောက်လာနေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို မသိကျိုးကျွံ ပြုရာရောက်နေပြီဟု ယုံကြည်လာကြသည်။

သာဓကပြပါဆိုလျှင် မကြာသေးမီက ဧရာဝတီတိုင်းတွင် ဖြစ်ပွားခဲ့သည့် ၂၈ နှစ်အရွယ် ကျောင်းဆရာမှ ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် တပည့်မိန်းကလေး ၂ ဦးအား လိင်အဓမ္မပြုကျင့်မှုကိစ္စသည် ကျောင်းများတွင် လိင်ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဟု အချက်ပြ ခေါင်းလောင်းထိုးလိုက်ခြင်းပင်ဖြစ်သည်။

ကျူးလွန်သူတရားခံများ အား ညီမျှသော ပြစ်ဒဏ်ပေးခြင်း

လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူ တရားခံသည် ၎င်းကျူးလွန်ထားသောပြစ်မှုအတွက် ဧကန်မုချ တာဝန်ယူ ပြစ်ဒဏ်ခတ်ခံရမည် ဖြစ်ပြီး ပြုမူခဲ့သည့်အတိုင်း အပြစ်ကြွေး တန်ဖိုးပြန်ပေးဆပ်ရမည် ဖြစ်သည်။ သို့ရာတွင် လက်ရှိအချိန်တွင် အမျိုးသမီးငယ်များကသာ ကိုယ်ကျိုးနည်း အရှက်ကွဲခြင်းများ ကြုံနေရသည်။

၂၀၁၃ နှင့် ၂၀၁၅ နှစ်များတွင် ပါလီမန်အဖွဲ့ဝင်တဦးဖြစ်သော ဦးသိန်းညွှန့်သည် အသက် ၁၆ နှစ်အောက် အရွယ်မရောက်သူများအား အဓမ္မပြုကျင့်မှု ဖြစ်စဉ်များအပေါ်၌ တရားခံအား သေဒဏ်ချမှတ်ပေးရန် အဆိုပြုတင်သွင်းခဲ့သည်။

သို့သော်လည်း ဦးသိန်းညွှန့့်၏ နှစ်ကြိမ်တိုင်ကြိုးစားအားထုတ်မှုသည် ပါလီမန် အများစု၏ ထောက်ခံခြင်းကိုမရဘဲ အဆိုရှုံးနိမ့်ခဲ့သည်။

များပြားလာသော လိင်အကြမ်းဖက်ကိစ္စရပ်များကြောင့် ၂၀၁၆ နိုဝင်ဘာလတွင်လည်း အဓမ္မပြုကျင့်မှုကျူးလွန်သူများကို သေဒဏ်အပြစ်ပေးရန် လူထုလှုပ်ရှားမှု တခုကို ရန်ကုန်မြို့တွင်စုရုံးကာ ၎င်းတို့၏ မကျေနပ်မှုများကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


လက်ရှိ တရားစီရင်ရေး မဏ္ဍိုင်အား အယုံအကြည် မရှိခြင်း

မြန်မာနိုင်ငံ၏ တရားရေးမဏ္ဍိုင်သည် စစ်အစိုးရ၏ အုပ်ချုပ်မှု စနစ်လက်အောက်တွင် ယိုယွင်းနေခဲ့သည်မှာ နှစ်ပေါင်းအတော် ကြာညောင်းခဲ့လေပြီဖြစ်သည်။

ထို့ပြင် စစ်အစိုးရ၏ ဥပဒေသများအောက်တွင် လွတ်လပ်မျှတသော တရား စီရင်မှုကင်းမဲ့ခြင်းကြောင့် ပြစ်ဒဏ်အပြည့့်အ၀ မကျခံရဘဲ အပြစ်ဒဏ်မှ လွတ်မြောက်သွားသည့်ဓလေ့တခုကို နှစ်ပေါင်း များစွာကြာကြာ အသက်သွင်း မွေးဖွားပေးလိုက်သကဲ့ပင်ဖြစ်သည်။

ထို့ကြောင့့် အဓမ္မပြုကျင့်မှုဖြစ်စဉ်မှ နစ်နာသူများနှင့် ၎င်းတို့မိသားစုများသည် တရားစီရင်မှုနှင့် ကြီးမားထွေပြားသောစနစ်အပေါ် အယုံအကြည်ကင်းမဲ့ကြောင်း ဖွင့်ဟထုတ်ဖော်လာကြသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တရားခွင်တွင် ရှည်လျားနှောင့်နှေးသော တရားစွဲဆိုမှုများ သာမက တရားစီရင်မှုစနစ်၏ အကျင့်ပျက်ခြစားမှုများနှင့်ပါ ရင်ဆိုင်ကြုံတွေ့ရခြင်းကြောင့်ဖြစ်သည်။

ဤကဲ့သို့ တရားစီရင်ရေး စနစ်များက နစ်နာသူများနှင့့် ထိုသူတို့၏မိသားစုများအား အကာအကွယ် တံတိုင်းသဖွယ် ရပ်တည်ပေးရမည့့်အစား နစ်နာမှု အတွက်ဖြစ်သင့်သော တရားမျှတမှုကို ရှာဖွေရန်ကိုပင် စိတ်ပျက်အားလျော့စေပါသည်။

တရားစီရင်ရေး စနစ်ကို မယုံကြည်ခြင်းက အဓမ္မပြုကျင့်မှုဖြစ်စဉ်များကို တိုင်ကြားလိုသော စိတ်ဆန္ဒများ ယုတ်လျော့ခြင်းကို ဖြစ်စေသည်ဟု အမျိုးသမီး အခွင့်အရေးဆိုင်ရာ လေ့လာစာတမ်းတစောင်ကလည်း ထုတ်နုတ်ဖော်ပြထားသည်။

ကလေးသူငယ်များဆိုင်ရာ ဥပဒေ ပြန်လည်ဖွဲ့စည်းခြင်း

၁၉၉၃ ခုနှစ် ကလေးသူငယ်များဆိုင်ရာ ဥပဒေတွင် ကလေးသူငယ်များအပေါ် အဓမ္မပြုကျင့်မှုအား ထည့်သွင်းမဖော်ပြခဲ့ပေ။

သို့သော်လည်း ကလေးသူငယ်များအား အဓမ္မပြုကျင့့်သူများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ ၇ နှစ်မှ ၁၀ နှစ်အထိ ထောင်ဒဏ်ကျခံနိုင်ဖွယ် ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရသည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ပြစ်ဒဏ်ခတ်မှုများကို ထောင်ဒဏ်ဆယ်နှစ်မှ ထောင်ဒဏ်တသက်တကျွန်းနှင့် ငွေဒဏ်ကိုပါ တိုးမြှင့်ခဲ့ပြီး ဥပဒေကို ပြန်လည်သုံးသပ်ခဲ့သည်။

သို့ရာတွင် လက်တွေ့တွင်မူ ပြစ်မှုအတွက် အကျဉ်းချခံရခြင်းသည် ဥပဒေအရ ထောင်ဒဏ်ဆယ်နှစ်မှ ထောင်ဒဏ်တသက်ထိဖြစ်သော်လည်း ပြစ်ဒဏ်ချမှတ်မှုများသည် အနည်းဆုံးထောင်ဒဏ်ဆယ်နှစ်ထက်ပင် အမြဲတမ်း လျော့နည်းနေသည်ဟု တရားရေး ဆိုင်ရာ ရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။

သို့သော်လည်း လက်ရှိ ၁၉၉၃ ခုနှစ်ကလေးသူငယ်များဆိုင်ရာ ဥပဒေသည် ကလေးသူငယ်များ စောင့်ရှောက်ရေး၊ ပညာရေးနှင့်ကာကွယ်ရေးစသည့် ယေဘုယျကိစ္စရပ်များ အတွက်သာ ဖြစ်နေသောကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ဖြေရှင်းသည့် ဥပဒေ အတိအကျ လိုအပ်လျက်ရှိသည်။

သုတေသနများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် လိုခြင်း

၂၀၁၅-၂၀၁၆ ခုနှစ် အတောအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ဆက်စပ်သက်ဆိုင်သော မေးခွန်းများပါဝင်သည့် လူဦးရေစာရင်း အချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ စစ်တမ်းတခုကို နယ်ပယ်၊ ပြည်နယ်အသီးသီး၌ ကောက်ယူမှုများ ပြုလုပ်ခဲ့သည်။

ဤကဲ့သို့ စစ်တမ်းကောက်ယူရာတွင် အသက် ၁၅-၁၉ နှစ်ကြား မိန်းကလေးငယ်ပေါင်း ၆၃၂ ဦးအား လူတွေ့မေးမြန်းခဲ့ရာ ထိုသူများထဲမှ ၆ ယောက်သည် သူတို့ဘဝတလျှောက်တွင် လိင်အကြမ်းဖက်မှုကို ကြုံခဲ့ကြရသည်။

ထိုအကြမ်းဖက်မှုတို့သည် လွန်ခဲ့သော ၁၂ လအတွင်းတွင် ဖြစ်ပေါ်ခဲ့သည်ဟု ဝ.၇ ရာခိုင်နှုန်းသော အမျိုးသမီးတို့က ပြောခဲ့သည်။ ထို့အပြင် ကျားမတန်းတူညီမျှရေး ကွန်ရက်မှ ၂၀၁၄ ခုနှစ်တွင် ဦးဆောင်ပြုလုပ်ခဲ့သော သုတေသနတွင် ၎င်းနမူနာ ရွေးချယ်ထားသော အမျိုးသမီး ၄၀ ဦးထဲမှ တဝက်ခန့်မှာ အတိတ်တွင် အဓမ္မပြုကျင့်ခံရခြင်း သော်လည်းကောင်း၊ ကာအိနြေ္ဒအရှက်ရ နှောင့်ယှက်မှုများသော်လည်းကောင်း ရင်ဆိုင်ကြုံတွေ့ခဲ့ ရဖူးသည်ဟု ပြောသည်။

သို့သော် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို သီးသန့်လေ့လာကာ ယခုကာလတွင် များပြားလာရခြင်း အကြောင်းရင်းကို လေ့လာသည့် လူထု စစ်တမ်းတခု တပြည်လုံး အတိုင်းအတာဖြင့် အဆောတလျင်ပြုလုပ်ရန် လိုအပ်နေသည်။

ပိုမိုထိရောက်သော စိတ်ပိုင်းဆိုင်ရာ အကူအညီများပေးခြင်း

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ နောက်ဆက်တွဲများဖြစ်သော မလိုလားအပ်သော ကိုယ်ဝန်ရရှှိခြင်းများ လိင်ပိုင်းဆိုင်ရာ၊ ကူးစက်ရောဂါများ ဖြစ်ပွားခြင်းစသော ရုပ်ပိုင်းဆိုင်ရာ ကုသပေးမှုများကဲ့သို့ပင် အကြမ်းဖက်မှုမှ ရှင်သန်ရုန်းထွက်ခဲ့ရသူ၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ရှင်သန်စေရန်အတွက် အကူအညီပေးရေးသာ အသက်တမျှ အရေးကြီးသည်။

သို့သော်လည်း ဤသို့အကြမ်းဖက်ခံရမှုမှ ပြန်လည်ရုန်းထလာသူများအတွက် ရေရှည်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး သက်ရောက်မှု ဂရုစိုက်ပေးခြင်းများ ယခုတိုင်အားနည်းနေဆဲဖြစ်သည်။

ကျားမတန်းတူညီမျှရေး ကွန်ရက်၏ လေ့လာချက်အရ နစ်နာသူများသည် အကူအညီတောင်းခံရေးကိစ္စရပ်များကို ပြုလုပ်မည်ဆိုလျှင် သူတို့၏ အရှက်ဂုဏ်သိက္ခာများနှင့် ရင်းရနိုင်ဖွယ်ရှိနေသည်။

ထို့ကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်များအပေါ်၌ သုတေသနများ ပိုမိုပြုလုပ်ပေးခြင်း၊ အကြမ်းဖက်ခံရသူများ၏ ဝေဒနာကုစားမှု နည်းလမ်းများကို ဖော်ထုတ်ခြင်းနှင့် သူတို့အတွက် ရှိနေသော ဝန်ဆောင်မှုများကို ရှာဖွေဖော်ထုတ်ပေးရန် လိုအပ်သည်။

ခြုံငုံပြောဆိုရမည်ဆိုလှျှင် တရားဥပဒေ၊ တရားရုံး စီရင်ရေး ပုံစံများကို တိုးတက်အောင်လုပ်ရုံဖြင့် ပြသနာကို ဖြေရှင်းမရနိုင်သေးဟု ပြောရမည်ဖြစ်သည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းမွန်၏ ဆိုသောစကားအတိုင်း စာရေးသူတို့၏ နောင်မျိုးဆက်များအား ကျား၊မ မခွဲခြားဘဲ တန်းတူညီမျှ လေးစားသမှုပြုရန်နှင့်တရားမျှတမှု မရှိသော အလေ့အထ အပြုအမူများကို ငြင်းပယ်ရှောင်ရှားရန် ကြိုတင်အသိပညာပေး သင်ကြားမှုများ ဆောင်ရွက်ထားရမည်ဖြစ်သည်။ ဤသည်မှာ ပိုမိုကောင်းမွန်သောလူမှုအသိုင်းအဝိုင်း တခုကိုဖန်တီးရန် ခြေလှမ်းအစ တခုပင်ဖြစ်သည်။

လူအများ သတိပြုနားလည်လာအောင် ရိုးရှင်းစွာ ပညာပေးဆောင်ရွက်မှုများနှင့် မလုံလောက်တော့ပေ။ မြန်မာပြည်မှာရှိနေသော ပြည်သူလူထုအားလုံးသည် နစ်နာသူများ အပေါ် အပြစ်ဖို့တတ်သော စိတ်နေသဘောထားများ၊ နှင့် အမျိုးသမီးများဆိုလျှင် ပိုပြီး တင်းကျပ်ထားသော စံနှုန်းများကို ပြောင်းလဲရမည်ဖြစ်သည်။

(အေးသီရိကျော်သည် ကျားမရေးရာ၊ အမျိုးသမီးအခွင့်အရေး၊ ကျန်းမာရေးနှင့်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအား သုတေသနပြုလုပ်သူဖြစ်သည်။ ထိုင်းနိုင်ငံတွင် မဟီဒေါလ်တက္ကသိုလ်မှ မဟာဘွဲ့ ရရှိခဲ့သည်။ ယခုဆောင်းပါးသည် Tea Circle Oxford တွင် English ဘာသာဖြင့် ဖော်ပြခဲ့သည်။ ခိုင်ခိုင်ဇံမှ ဘာသာပြန်ဆိုသော ယခု ဆောင်းပါးကို အင်္ဂလိပ် ဘာသာဖြင့် Breaking the Devil’s Silence: Sexual Violence in Myanmar  တွင် ဖတ်ပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading