မြန်မာ့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လိင်အကြမ်းဖက်မှုတွေ မရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
တပ်မတော်သားအချို့ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပေါ် စွပ်စွဲပြောဆိုမှုတွေ၊ မှတ်တမ်းပြုစုထောက်ပြမှုတွေ စဉ်ဆက်မပြတ် ထွက်ပေါ်နေတဲ့အပြင် ပြစ်ဒဏ်ချမှုတွေလည်း ရှိနေတဲ့အခြေအနေမှာ ဒီလိုပြောကြားမှု ထွက်ပေါ်လာတာဟာ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အချက်အလက် အပြည့်အစုံတွေ အထက်ကိုတင်ပြမှု အားနည်းနေတာကြောင့်လား ဆိုတာ လူ့အခွင့်အရေး ချိုးဖောက်မှုကို မှတ်တမ်းတင်နေသူတွေကြား မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
တပ်မတော်သားတွေကို စစ်တပ်ကိုယ်တိုင် အရေးယူမှု ပြုလုပ်ခဲ့တဲ့ အမှုတွေရှိပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ထောင်ကျလာခဲ့တဲ့ တပ်မတော်သားတွေကိုလည်း ကြုံတွေ့ဖူးကြောင်း လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်အဖွဲ့ရဲ့ စီမံအဖွဲ့ဝင် ဦးတိတ်နိုင်က ဆိုပါတယ်။
“ဥပဒေအရတော့ တိကျစွာ တားမြစ်ထားတာပါ။ သို့သော်လည်း အထက်ကို တက်လာတဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး ပြောဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအစီရင်ခံစာတွေက အဖြစ်မှန်တွေကို ချန်လှပ်ထားတဲ့ အစီရင်ခံစာတွေ ရှိနေမှာပါ” လို့ သူကဆိုပါတယ်။
စစ်ပွဲ ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားနယ်မြေတွေအတွင်းမှာ မြန်မာ့တပ်မတော်အနေနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်ဆိုပြီး အမျိုးသမီးအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အစီရင်ခံစာတွေ၊ စာတမ်းတွေနဲ့ ထုတ်ပြန်ကြေညာချက်တွေ ထုတ်ပြီး စွပ်စွဲပြောဆိုမှုတွေဟာ စစ်အာဏာရှင် လက်ထက်ကတည်းကနေ ယနေ့အရပ်သား အစိုးရပြောင်းလဲချိန်အထိ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။
“တိုင်းရင်းသားဒေသမှာ တပ်မတော်က ကျူးလွန်ထားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက မှတ်တမ်းတွေနဲ့တကွ သက်သေတွေ ရှိပါတယ်။ အသက်ရှင်နေသေးတဲ့ အသက်ရှင်ကျန်ရစ်သူတွေလည်း အများကြီးရှိပါတယ်။ သူတို့တွေက လုံး၀ သက်သေတွေကြီးပဲ ဖြစ်တယ်။ သူတို့တွေက အခုချိန်ထိ တရားမျှတမှုနဲ့ အမှန်တရားကို မရရှိသေးပါဘူး” လို့ တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ရဲ့ အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ်က ဆိုပါတယ်။
WLB က ၂၀၁၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “အရေးယူမှု ကင်းလွတ်ခြင်းနှင့် မပြောင်းလဲသေးသည့် စနစ်” အစီရင်ခံစာမှာ မြန်မာ့တပ်မတော်က မုဒိမ်းမှုကျူးလွန်မှုကို ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်ပေါင်း ၁၀၀ ကျော်၏ အချက်အလက်များကို ထည့်သွင်း မှတ်တမ်းတင်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် ဖလှယ်ပူးပေါင်းရေးအဖွဲ့ (SWAN) မှ မှတ်တမ်း ပြုစုခဲ့သည့် “မုဒိမ်းကျင့်ခွင့်လိုင်စင်” ဆိုသည့် အစီရင်ခံစာတွင်လည်း တပ်မတော်မှ ကျူးလွန်ခဲ့သော လိင်အကြမ်းဖက်မှု ၁၇၃ မှုကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။
ထို့အပြင် အခြား အမျိုးသမီးအဖွဲ့ အစည်းများနှင့် Refugee International အဖွဲ့၊ လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်အဖွဲ့တို့လို လူ့အခွင့်အရေးအဖွဲ့တွေရဲ့ မှတ်တမ်းအစီရင်ခံစာတွေမှာလည်း အလားတူအမှုတွေကို အသေးစိတ် ထည့်သွင်းဖော်ပြမှုတွေ ရှိခဲ့ပါတယ်။
ဒီလိုအစီရင်ခံစာမှာ တင်ပြတဲ့အချက် အလက်တွေက ဘယ်လောက်ထိ ခိုင်လုံမှု၊ မှန်ကန်မှုရှိမလဲဆိုတာကတော့ အစွပ်စွဲခံရသူ မြန်မာ့တပ်မတော်နဲ့ စွပ်စွဲထောက်ပြသူ လူ့အခွင့်အရေးအဖွဲ့တွေကြား ခုချိန်ထိတော့ အငြင်းပွားဖွယ် ရှိနေတဲ့ အမှုတွေလည်း အများကြီး ရှိနေပါတယ်။
“ND-Burma က ကောက်ခံထားတဲ့ လူ့အခွင့်အခွင့်အရေး ချိုးဖောက်မှုထဲမှာ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေကတော့ အတော်များများရှိပါတယ်။ ၂၀၁၇ ခုနှစ် ထဲမှာတော့ စစ်တပ်က ကျူးလွန်ခဲ့တဲ့ အထောက်အထားခိုင်လုံတဲ့ ဖြစ်စဉ် ၂ ခုရှိပါတယ်။ ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ဒါကိုလည်း အစီရင်ခံစာထဲမှာ ဖော်ပြပြီး ဖြစ်ပါတယ်” လု့ိ လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်အဖွဲ့ (ND-Burma) ရဲ့ စီမံအဖွဲ့ဝင် ဦးတိတ်နိုင်က ပြောပါတယ်။
လွန်ခဲ့တဲ့၂၀၁၄ ခုနှစ် ဧပြီလမှာ ကချင်ပြည်နယ် ဗန်းမော်မြို့က ကျေးရွာတရွာမှာ တပ်မတော်သား ၂ ဦးရဲ့ ဖမ်းဆီးခံခဲ့ရပြီး မုဒိမ်းပြုကျင့် ခံခဲ့ရသူအသက် ၂၁ နှစ်အရွယ် အမျိုးသမီးကတော့ အမှုကို ဗန်းမော်ရဲစခန်းကို တိုင်ကြားခဲ့ပြီး အမှုစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ကျူးလွန်တဲ့တပ်သား ၂ ဦးက ထွက်ပြေးသွားတာကြောင့် အခုချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။
“သူတို့တပ်က ဆိုတာတော့ ဝန်ခံပြီးပြီ။ ကျမကိုစစ်ပြီး ဒီအမှု ၃-၄- ၅ ရက်တပတ်လောက်ကြာတော့ ကျမအဖေကို ကျူးလွန်သွားတဲ့သူက ဘယ်တပ်က ဘယ်တပ်ကဆိုတာ သူတို့ပြောခဲ့တယ်။ အခုချိန်ထိ သူတို့ မဖမ်းမိသေးဘူး။ ဒီအတိုင်းပဲပြီးသွားတာ” လို့ပြောပြပါတယ်။
သူမ ကျူးလွန်ခံရချိန်မှာ အသက် ၁၇ နှစ်အရွယ် သာရှိသေးပြီး ကချင်အမျိုးသမီး အစည်းအရုံးရဲ့ ကူညီမှုကြောင့် စိတ်ဒဏ်ရာ သက်သာခဲ့ပြီး အခုချိန်မှာတော့ လူထုအခြေပြု အဖွဲ့အစည်း တခုမှာလည်း ဝင်ရောက် လုပ်ကိုင်နေပြီလို့ သူကပြောပါတယ်။
စစ်တပ်က ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ဥပဒေအရ ကင်းလွတ်ခွင့်ရနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အမျိုးသမီးအဖွဲ့တွေက စွပ်စွဲပြောဆိုနေတဲ့ တချိန်တည်းမှာလည်း မြန်မာတပ်မတော်အနေနဲ့ ကျူးလွန်သူ တပ်မတော်သားတွေကို ပြစ်ဒဏ်ချမှတ်မှု အချို့ကိုလည်း ထင်ထင်ရှားရှား တွေ့မြင်လာရပါတယ်။
ဒီလို မြန်မာ့တပ်မတော်အနေနဲ့ ကျူးလွန်မှုတွေအပေါ် ဝန်ခံမှုတွေ အပြစ်ဒဏ်ပေးမှုတွေ ရှိလာတာဟာ အပြုသဘော ဆောင်လာတယ်လို့ ပြောလို့ရကြောင်း လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်အဖွဲ့ ဦးတိတ်နိုင်က မှတ်ချက်ပေးပါတယ်။
“၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ စစ်တပ်ဖက်က ကျူးလွန်မှုတွေကို ဝန်ခံလာတာ၊ ပြစ်ဒဏ်ပေးလာတာတွေ ရှိလာပါတယ်။ ဒါကတော့ အပြုသဘော ဆောင်တယ်လို့ ပြောရမှာပါ။ သို့သော်လည်း ကျူးလွန်တဲ့ ဖြစ်စဉ်တွေနဲ့ စာရင် မပြောပလောက်သေးပါဘူး” လို့ ဦးတိတ်နိုင်က ပြောပါတယ်။
အပြစ်ပေးမှုတွေ အနည်းအကျဉ်း ရှိပေမယ့် ဒီလိုဖြစ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ချဉ်းကပ်ရာမှာ အခက်အခဲတွေ ရှိနေတာကြောင့် ကျူးလွန်ခံရသူ အမျိုးသမီးတွေ အတွက် တရားမျှတမှု ရရှိဖို့ခက်ခဲနေသေးကြောင်း အမျိုးသမီးအဖွဲ့တွေက ဆိုပါတယ်။
“ကျမတို့ အတွေ့အကြုံအရဆိုရင် ဥပဒေကြောင်းအရ ချဉ်းကပ်တာလည်း အများကြီး လုပ်ခဲ့ပြီးပြီ။ ဒါပေမယ့် များသောအားဖြင့် စစ်တပ်က ကျူးလွန်တယ်ဆိုရင် တရားရုံးကလည်း မကိုင်တွယ်ပေးချင်ဘူး။ ကြောက်တယ်” လို့ ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ဧပြီလ ၂၅ ရက်နေ့မှာလည်း WLB ကစစ်ပွဲ ပဋိပက္ခ ဖြစ်ပွားရာ တိုင်းရင်းသား နယ်မြေများအတွင်း မြန်မာတပ်မတော်မှ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ကျူးလွန်သူတွေကို နိုင်ငံတကာ ဥပဒေနဲ့ အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
“ပြည်တွင်း ဥပဒေကကာကွယ်မှု မပေးနိုင်ဘူးဆိုရင် နိုင်ငံတကာဥပဒေကနေ ကာကွယ်မှု လုပ်ရလိမ့်မယ်။ အဲလိုပြောတဲ့နေရာမှာ ကျမတို့မြန်မာပြည်က CEDAW ကိုလည်း လက်မှတ်ထိုးထားတယ်၊ အဲဒီထဲမှာပါတဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်ပြီး တကယ်လိုက်နာမှု ရှိမရှိဆိုတာကို ကျမတို့နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း တွန်းအားပေးရမှာ ဖြစ်သလို လူထုအခြေပြုအဖွဲ့ အစည်းတွေကလည်း ဒီဟာတွေကို အမြဲတမ်းထုတ်ဖော်ပြောဆိုဖို့ တွန်းအားပေးရမှာဖြစ်ပါတယ်။” လို့ WLB ရဲ့ အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ်က ပြောပါတယ်။
မြန်မာတပ်မတော်ဘက်မှာလည်း ပြောင်းလဲမှုအချို့တွေကိုလည်း တွေ့မြင်လာရတာရှိပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တပ်မတော်နေ့ မိန့်ခွန်းမှာလည်း မြန်မာ့တပ်မတော်အနေနဲ့ နယ်ဘက်ဆိုင်ရာဥပဒေ၊ စစ်ဘက်ဆိုင်ရာ ဥပဒေနှင့် စစ်ပွဲဆိုင်ရာဥပဒေများအပြင် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) ကိုလည်း လိုက်နာကြရန် အသေးစိတ် ထည့်သွင်းပြောကြားခဲ့တာကို သတိထားမိပါတယ်။
ပြင်ဦးလွင်တပ်နယ်၊ တပ်မတော်အုပ်ချုပ်မှုကျောင်းမှာ တက်ရောက်နေတဲ့ တပ်မတော်အရာရှိကြီးတွေနဲ့ ဧပြီလ ၁၈ ရက်နေ့ က တွေ့ဆုံရာမှာလည်း တပ်မတော်အနေဖြင့် ဥပဒေနှင့် ပတ်သက်လျှင် ပုဂ္ဂိုလ်စွဲ ဆန္ဒစွဲကင်းစွာ၊ တရားမျှတစွာ ဆောင်ရွက်ရမည့် အကြောင်းကိုလည်း သတိပေးပြောကြားသွားတာတွေ့ရပါတယ်။
တပ်ချုပ်အနေနဲ့ ဒီလိုပြောလာမှုတွေဟာ ကောင်းမွန်တဲ့ လက္ခဏာလို့ ပြောရမှာ ဖြစ်သလို၊ အသိအမှတ်ပြု ကြိုဆိုကြရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တပ်ချုပ်ရဲ့ စကားဟာ နောက်တန်းမှာရှိတဲ့ တပ်တွေရော၊ ရှေ့တန်းမှာ ရှိတဲ့ တပ်တွေ အပါအဝင် တပ်မတော် တခုလုံး အတွက် အရေးပါပါတယ်။
တပ်ချုပ်ရဲ့ သတိပေးစကားကြောင့် တပ်မတော်သားတွေအနေနဲ့ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မိစေမယ့် အခြေအနေတွေကို သတိထားလာနိုင်ကြမယ်လို့ ယုံကြည်ရပါတယ်။ တပ်မတော်သားတွေ အနေနဲ့ ပြစ်မှု ကျူးလွန်မိခဲ့ရင် ကျောသား၊ ရင်သား မခွဲခြားဘဲ တပ်မတော်အနေနဲ့ လက်တွေ့ကျကျ အရေးယူပြဖို့ လိုအပ်ပါတယ်။
ဒါမှသာလျှင် တပ်ချုပ် ရဲ့ မိန့်ခွန်းတွေမှာ မကြာခဏ ကြားကြားနေရတဲ့ Standard Army ဆိုတဲ့ အတိုင်း ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ အတွက် အောက်ခြေ တပ်တွေကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကို သတင်းမှတ်ပေးပို့ဖို့ လိုအပ်သလို တပ်မတော် အနေနဲ့လည်း အပြောချည်းသက်သက်မဟုတ်ဘူးဆိုတာ ပြဖို့လိုအပ်ပါတယ်။ ဒီအပေါ်မှာ ပြည်သူကလည်း မလွဲမသွေ ထောက်ခံမှာ အသေအချာပါပဲ။
ဝေဖန်မှုခံနေရတဲ့ မြန်မာနိုင်ငံရဲ့ တရားရေး မဏ္ဍိုင်နဲ့ ပတ်သက်ပြီး ပြန်လည် တည့်မတ်သွားမယ်လို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ကလည်း မြန်မာနှစ်သစ်ကူး မိန့်ခွန်းမှာ အသေးစိတ် ထည့်သွင်းပြောသွားပေမယ့် တပ်မတော် အာဏာရှိနေသေးတဲ့ အခြေအနေမှာ တပ်က ကျူးလွန်ထားတဲ့ အမှုတွေကို ဘယ်လောက် ထိထိထိ ရောက်ရောက် ကိုင်တွယ် သွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမယ်လို့ အမျိုးသမီး အဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုကြပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး လွှတ်တော် လမ်းကြောင်း ကနေ လုပ်ဆောင်နေမှုတွေလည်း ရှိတယ်လို့ အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာ ကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ လွှတ်တော်အမတ် နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။
“စစ်တပ်နဲ့ ဆိုင်တဲ့အမှုတွေကျတော့ လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိတယ်။ တပ်မတော်သား ကိုယ်စားလှယ်ရဲ့ ခေါင်းဆောင်တွေ ရှိတယ်။ အန်တီတို့ အနေနဲ့ သူတို့ကို တိုက်ရိုက် မေးလို့ရသလို စာနဲ့ပေနဲ့ပေးပြီးတော့လည်း ဖြေရှင်းခိုင်းလို့ရတယ်” လို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသက်တမ်းမှာ လွှတ်တော်ရဲ့ အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာ ကော်မတီကနေ စစ်တပ်က ကျူးလွန်တဲ့အမှု ၂ ခုကို တင်သွင်းခဲ့တာ ရှိတယ်လို့လည်း ဆိုပါတယ်။
“အန်တီတို့ ကော်မတီကို ရောက်လာတဲ့ အမှု ၂ မှုဆိုရင် တပ်မတော်က ကျူးလွန်လိုက်တဲ့ အမှု။ လူလည်း သတ်တယ်၊ မုဒိမ်းလည်းကျင့်တယ်၊ ပစ္စည်းလည်းယူတယ်ပေါ့။ အဲဒီအမှုကို တင်ပေးလိုက်တယ်။ တင်ပေးလိုက်တော့ နောက် ၁ ရက်မှာပဲ အဲဒီလူကို ဘယ်ရဲစခန်းမှာ ဘယ်လို ဖမ်းပြီးတော့ ဘယ်လိုပြစ်ဒဏ်တွေ ချမှတ်ထားပါတယ် ဆိုပြီးတော့ အဲဒီလိုမျိုး အန်တီတို့လည်း ကာယကံရှင်ကို အကြောင်းကြားပေးလို့ရတာပေါ့” လို့ နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။
ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ဒီလိုအမှုတွေနဲ့ ပတ်သက်ပြီး အတိအကျ စာနဲ့ပေနဲ့ တင်ပေးရင် လွှတ်တော်ရဲ့ အမျိုးသမီးနဲ့ ကလေး အခွင့်အရေးဆိုင်ရာ ကော်မတီကလည်းပဲ တတ်နိုင်သလောက် ကူညီပေးနေကြောင်း အမတ်က ပြောပါတယ်။ ဒါပေမယ့် သက်သေ အထောက်အထား ခိုင်မာဖို့ကတော့ အရေးကြီးတဲ့ အကြောင်း သူကပဲ ထောက်ပြပါတယ်။
“အခုလောလောဆယ် ကျူးလွန်တဲ့သူဟာ စစ်တပ်မှာ တကယ်ရှိနေတုန်းပဲ၊ သက်သေကလည်း အခိုင်အမာရှိနေတုန်းပဲ ဆိုရင်တော့ အန်တီထင်တယ်လေ။ အဲဒီဟာကို ပြန်ပြီးတော့ စွဲတင်လို့ ရပါလိမ့်မယ်။ တအားကြာတဲ့ဟာတွေ၊ သက်သေတွေ ဘာတွေလည်း မခိုင်မာဘူးဆိုရင်တော့ စွဲတင်မယ့်သူဘက်တော့ အားနည်းတာပေါ့” လို့ ပြောပါတယ်။
တပ်မတော်သား ၂ ဦးရဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတယ် ဆိုတဲ့ ကချင်အမျိုးသမီးကတော့ အခု သူ့ရဲ့ အသက်ဟာ ၂၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူကတော့ ဒီအဖြစ်အပျက်တွေကို ပြန်စဉ်းစားတိုင်း စိတ်အနှောင့်အယှက် ဖြစ်ရတာကြောင့် နောက်တခါ တရားပြန်စွဲဖို့ အခြေအနေမျိုးကို မလုပ်ချင်တော့ဘူးလို့ဆိုပါတယ်။
“အမျိုးသမီးတွေ ဒီလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အထူးသဖြင့် စစ်ဖြစ်နေတဲ့နေရာတွေမှာ ပိုပြီးအမျိုးသမီးတွေ ခံစားနေရတာဟာ စစ်ဖြစ်တာကနေစတာပဲ။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို ဆွေးနွေးစေချင်တယ်။ စစ်ပွဲတွေကို ကျမရပ်ခိုင်းစေချင်တယ်” လို့ သူ့မရဲ့ ဆန္ဒကို ပြောပါတယ်။
အစိုးရအနေနဲ့ ဥပဒေ အထောက်အကူ ပေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး လုပ်ဆောင်မှုတွေ လုပ်နေပြီဖြစ်တဲ့ အတွက် ပြည်သူတွေ အနေနဲ့လည်း ဒီယန္တရားတွေကို ကောင်းကောင်း အသုံးချပြီး အစိုးရကိုလည်း အမြဲတမ်း ထိန်းညှိပေးဖို့ တာဝန်ရှိကြောင်း နော်ဆူဇန်နာလှလှစိုးက ဆိုပါတယ်။
“သူတို့လည်းတိုင်ရမယ်။ မတိုင်တော့ဘူး၊ ဒါကအလကားပါပဲ တရားမျှတမှုလည်း ရှိမှာမဟုတ်ဘူးဆိုပြီးတော့ အဲဒီလိုမျိုး ထားလိုက်လို့ရှိရင်တော့ ပိုပိုဆိုးမှာပဲ။ အဲဒါကြောင့် တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်အောင် အားလုံးမှာတာဝန်ရှိတယ်” လို့ ဆိုပါတယ်။