Women & Gender

လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများကို #MeToo လို့ပြောရဲပြီလား

Want create site? Find Free WordPress Themes and plugins.

metoo – ငါလည်း အတူတူပါပဲ ဆိုတဲ့ စကားကို ကျမတို့ မိန်းကလေးတွေ ဆုံကြတဲ့အခါ တိုးတိုးတိတ်တိတ်ပြောဖြစ်ကြပါတယ်။ သူ့အတွေ့အကြုံ ၊ ကိုယ့်အတွေ့အကြုံ ဖလှယ်ကြတိုင်း မကြုံဖူးသူ မရှိကြတဲ့ ထိပါးစော်ကားမှုကို တွေ့ရပါတယ်။ ဘယ်သူမှ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်မပြောကြဘူ။ ဘယ်သူမှ အရေးတယူ တားမြစ်ဖို့ မကြိုးစားကြဘူး။ ဒါဆို ခွင့်လွှတ်နိုင်လား။ မေ့ပျောက်နိုင်လား လို့မေးကြည့်ပါ။

နှစ်ပေါင်းများစွာ ကြာသွားမယ် မမေ့မလျော့ ပြောပြနိုင်ကြပါတယ်။ မိန်းကလေး ဆန်ဆန် အလှပြင်ဖို့ တွန့်ဆုတ်ကုန်ကြတဲ့ မိန်းကလေးတွေ၊ အလုပ်အကိုင်ပြောင်းသွားတဲ့ မိန်းကလေးတွေ၊ စိတ်ဒဏ်ရာတွေဟာ မျက်နှာလှလှလေးတွေအောက်မှာ ဖုံးကွယ်ထားပါတယ်။ ဒါတွေကို မြင်ရ ကြားရတိုင်း ဘာမှ မလုပ်နိုင်တဲ့ အဖြစ်ကို နာကျင်ရတဲ့ ဆူးတွေ ရင်ထဲမှာ ရှိပါတယ်။

#MeToo လှုပ်ရှားမှု ကမ္ဘာမှာ ကျယ်ပြန့်လာတော့ ဒီဆူးတွေ ခေါင်းထောင်ထလာပါတယ်။ #MeToo ဆိုတာ ဘာလဲလို့ ရှင်းပြပါရစေ။

metoo ဆိုတဲ့ လှုပ်ရှားမှုကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ စတင်လုပ်ဆောင်ခဲ့သူကတော့ တာရနာဘာ့ခ် အမည်ရတဲ့ လူမှုဝန်ထမ်း တက်ကြွလှုပ်ရှားသူ အမျိုးသမီးတယောက်ဖြစ်ပါတယ်။ မျက်နှာမွဲဆင်းရဲသား အမျိုးသမီးလေးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ထိပါးစော်ကားခံရခြင်းကို ကူညီဖို့ ၊ အသိပညာပေးဖို့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တဲ့ လှုပ်ရှားမှုပါ။

၁၃ နှစ်အရွယ် လူမည်းကလေးမလေးက သူ့ကို ယုံကြည်စွာနဲ့ ရင်ဖွင့်ခဲ့စဉ်က သူ့ရင်ထဲမှာ ငါလည်း မင်းလိုခံစားခဲ့ဖူးပါတယ် ကလေးရယ်လို့ ပြောချင်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် မပြောဖြစ်ခဲ့ပါဘူး။ အဲဒီ ဆူးဟာ သူ့ရင်ထဲမှာ နစ်ဝင်နေခဲ့ပြီး လူမည်း အမျိုးသမီးကလေးများ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခြင်း ၊ အကြမ်းဖက်ခြင်း ခံရတာကို လူအများသိပြီး ကူညီထောက်ပံ့လာစေဖို့ metoo ဆိုတဲ့ လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။

#MeToo ဆိုပြီး ဟတ်ရှ်တဂ်ခံပြီး စတင်လူသိများလာခဲ့တာကတော့ ၂၀၁၇ ခုနှစ်အောက်တိုဘာလမှာဖြစ်ပါတယ်။ ဟောလိဝုဒ် ရုပ်ရှင်လောကက နာမည်ကြီး ထုတ်ဝေသူ ဟာဗေးဝိန်စတိန်းဟာ တက်သစ်စ မင်းသမီးပေါင်းများစွာကို အမိဖမ်း ခဲ့သူ ကြီးပေါ့။ သူ့ရဲ့ အပုပ်နံ့ကို သိကြပေမယ့် အရေးတယူ မရှိခဲ့ကြဘူး။ စားနေကြ ကြောင်ဖားကြီး ဟာဗေးဝိန်စတိန်းရဲ့ အကြောင်းကို ပထမဆုံး လူသိထင်ရှား ဖွင့်ချခဲ့သူကတော့ နယူးယော့ခ်တိုင်းမ် သတင်းစာ ပဲဖြစ်ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့မှာ ဝိန်စတိန်းရဲ့ ထိကပါး ရိကပါးပြုခြင်း၊ အဓမ္မကျင့်ခြင်းကို ခံခဲ့ရသူ သရုပ်ဆောင်တွေရဲ့အကြောင်းကို ပထမဆုံး စတင်ရေးသားခဲ့ပါတယ်။ အဲ့ဒီဆောင်းပါးကို ထုတ်ဝေအပြီးမှာ အခြားသော မင်းသမီးများ ၊ သရုပ်ဆောင်များကလည်း သူတို့လဲ ကြုံခဲ့ရတယ်ဆိုတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဝိန်စတိန်းကို သူထူထောင်ခဲ့တဲ့ ရုပ်ရှင်ကုမ္ပဏီနဲ့ အသင်းအဖွဲ့တွေကနေ ထုတ်ပယ်ခဲ့ပြီး ၊ နိုင်ငံရေးသမားများကလည်း တရားဝင် ထုတ်ဖော်ရှုံ့ချခဲ့ကြသလို အခုအခါမှာ တရားရင်ဆိုင်နေရပြီဖြစ်ပါတယ်။

စွပ်စွဲမှုတွေကို ပြုလုပ်ခဲ့သူတွေကတော့ အနှစ် ၃၀ ကာလအတွင်း သူနဲ့ လက်တွဲအလုပ်လုပ်ခဲ့ရတဲ့ အမျိုးသမီး သရုပ်ဆောင်များဖြစ်ပါတယ်။ တစ်ယောက် နှစ်ယောက်က စတင် ထုတ်ဖော်ပြောဆိုလိုက်တဲ့အခါ၊ အခြားသူများကပါ ထောက်ခံပြောဆိုခဲ့ကြပါတယ်။ ဒီလောက်များပြားတဲ့ အမျိုးသမီးတွေ ၊ ဒီလောက်နှစ်ကာလအတွင်း စော်ကားခံလာရတယ်ဆိုတာ လူသိရှင်ကြား ဖြစ်ပြီး ဟောလိဝုဒ်တွင်သာမက ကမ္ဘာတစ်ဝှမ်းလုံး တုန်လှုပ်သွားခဲ့ပါတယ်။ ဝိန်စတိန်းကတော့ လူမြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့ပြီး နယူးယော့ခ် ၊ လော့အိန်ဂျလိစ် နှင့် လန်ဒန်မြို့တွေမှာ တရားရင်ဆိုင်နေရပါတယ်။

#MeToo ကို အောက်တိုဘာ ၁၃ ရက်မှာ တွစ်တာစာမျက်နှာမှာ မိမိဇာတ်လမ်း အသေးစိတ်ကို ဖော်ပြစရာမလိုဘူး။ ဒါပေမယ့် မိမိ ဘဝမှာ တကြိမ်ကြိမ်တော့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ပြုခြင်း ခံရဖူးရင် #MeToo လို့ရေးပါ။ လူဘယ်လောက်များများက ဒီလိုကြုံတွေ့နေရတယ် ၊ ကြုံတွေ့နေခဲ့ရတယ်ဆိုတာ ထုတ်ဖော်ပြောဆိုလာပြီဆိုရင် ဒီလို လက်ခံနိုင်ဖွယ်ရာမရှိတဲ့ အမူအကျင့်ကို ခွင့်ပြုထားတဲ့ လူနေမှုစနစ်ကို ပြောင်းလဲဖို့ တောင်းဆိုနိုင်ပါလိမ့်မယ်လို့ အမေရိကန် ရုပ်ရှင်သရုပ်ဆောင် အလစ္စာ ဂျိမ်း မလာနိုက စတင်ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သန်းပေါင်းများစွာသော အမျိုးသမီးတွေဟာ #MeToo ကိုထပ်ဆင့် ရေးသားလာကြပြီး မိမိတို့ အတွေ့အကြုံတွေကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားတဲ့ ဒီလှုပ်ရှားမှုကြောင့် နှစ်ပေါင်းများစွာ အမြတ်ထုတ်လာကြတဲ့ ၊ မတော်တရော်ပြုမူလာကြတဲ့ သူတွေကို ဖော်ထုတ်အရေးယူမှုတွေ ၊ လူထုက ရှုံ့ချမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

ဟောလိဝုဒ်ကနေ စတင်ခဲ့တဲ့ #MeToo ဟာ ကနေဒါနိုင်ငံ တော်ရန်တိုမှသည် အစ္စရေးနိုင်ငံ တဲလ်အဗစ်အထိ ရုပ်ရှင်လောကမှ အမျိုးသမီးများသည် မိမိတို့ကိုယ်တွေ့ခံစားခဲ့ရသည့်အတွေ့အကြုံများကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ပြောင်းလဲမှုကို တောင်းဆိုခဲ့ကြသည်။

မိမိနိုင်ငံအလိုက် စကားလုံးများ ဖန်တီး သုံးစွဲလာခဲ့ကြမှုများလဲ ရှိသည်။ ဗြိတိသျှရုပ်ရှင်လောကတွင် #NoPredators ၊ ဆွီဒင်နိုင်ငံတွင် ယင်းတို့ဘာသာစကားဖြင့် ဟတ်ရှ်တဂ်ခံ၍ #tystnadtagning ဟူ၍ဖြစ်သည်။ (ဆွီဒင်ဘာသာစကားဖြင့် တိတ်ဆိတ်သောလှုပ်ရှားမှု ဟုအဓိပ္ပါယ်ရသည်) ပြင်သစ်တွင် #BalanceTonPorc ဟူ၍ဖြစ်ပြီး အဲ့ဒီဝက်ကောင်တွေကို ဖော်ထုတ်ကြဟု အဓိပ္ပါယ်ရသည်။

အမျိုးသမီးများသာမက အမျိုးသားများပါ ၎င်းတို့တွေ့ကြုံခဲ့ရသော လိင်အမြတ်ထုတ်မှုများကို ထုတ်ဖော်ပြောဆိုလာကြသည်။

အီတလီနိုင်ငံတွင် #quellavoltache ဖြစ်ပြီး စပိန်၊ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင်#YoTambien, #Gam Ani and وأنا_كمان# (Me Too ကိုစပိန် ၊ ဟီဘရူးနှင့် အာရဗစ်ဘာသာစကားတို့ဖြင့် ဖလှယ်သုံးစွဲသည်)။ ဟတ်ရှ်တဂ်များမည်သို့ ပြောင်းလဲစေကာမူ သတင်းစကားမှာ အတူတူပင်ဖြစ်သည်။ အမြတ်ထုတ်မှုကို ရပ်တန့်ပြီး ယင်းကို ခွင့်ပြုထားသည့် လူ့ပတ်ဝန်းကျင်ကို ပြောင်းလဲရန်ဖြစ်သည်။ ဘောလိဝုဒ် အမျိုးသမီး သရုပ်ဆောင်များကလည်း အမျိုးသားများကြီးစိုးထားသည့် ဘောလိဝုဒ်မှ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ထုတ်ဖော်ပြောဆိုလာကြသည်။

ယင်းလှုပ်ရှားမှုသည် ရုပ်ရှင်နယ်ပယ်က စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြားသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်နယ်ပယ်များကိုပါ ပျံ့နှံ့ခဲ့သည်။ တောင်ကိုရီးယားတွင် နိုဗယ်ဆုစာရင်းဝင် ကဗျာဆရာ၊ တရုတ်တွင် ကျောင်းဆရာများ၊ ဆေးပညာလောက၊ အားကစား၊ နိုင်ငံရေးပါတီဝင်များ၊ အမတ်များ ၊ စသည့်နယ်ပယ်စုံသို့ ရိုက်ခတ်နေခဲ့သည်။

တရုတ်နိုင်ငံ တက္ကသိုလ်များတွင် ပါမောက္ခများကို စွပ်စွဲမှုများ ရှိလာခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ကျောင်းသားများက ရေးသားခဲ့ကြသော်လည်း အာဏာပိုင်များက ဖျက်ပစ်ခဲ့ကြသည်။ အထက်အောက် ရိုသေလေးစားမှု အားကောင်းသည့် လူမှုပတ်ဝန်းကျင်တွင် အစွပ်စွဲခံရသူ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် အားထုတ်ကြသည်ကို တွေ့ရသည်။

#MeToo လှုပ်ရှားမှုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးမှုမြင့်မားသည့် တိုင်းပြည်များတွင် ပျံ့နှံ့အားကောင်းလာခဲ့သလောက် အာရှနိုင်ငံများသို့ ရောက်လာလေလေ တိုးတိတ်သွားလေ ဖြစ်သည်ကို တွေ့ရသည်။ တရုတ်နိုင်ငံဖြစ်စဉ်တွင် ကျောင်းသူများက နာမည်ဝှက်ဖြင့်သာ ရေးသားရဲကြပြီး ပြည်ပရောက် ကျောင်းသူများကသာ မိမိအမည်ဖြင့် ထုတ်ဖော်ပြောဆိုရဲကြသည်ကို တွေ့ရသည်။ ထိရောက်သော အရေးယူဆောင်ရွက်မှုများ မတွေ့ရသေးပါ။

မြန်မာနိုင်ငံတွင်လည်း #MeToo လှုပ်ရှားမှုကို စတင်ရန် ကြိုးပမ်းနေကြပြီး လူ့အဖွဲ့အစည်းက အဆင်သင့် ဖြစ်ရန် လိုအပ်နေသေးသည်ဟု ဆိုကြသည်။ မိန်းကလေးများ အနေအထိုင်မတတ်လို့သာ ယောက်ျားလေးက စော်ကားရဲတာ ဆိုသည့် အယူအဆ က မိန်းကလေးများကို ထုတ်ဖော်ပြောဆိုရန် အတားအဆီးဖြစ်နေသေးသည်။ ထုတ်ဖော်ပြောဆိုပါကလည်း အပြစ်တင်သည်က များနေသေးသည်။

ယင်းကဲ့သို့ ထိပါးစော်ကားမှုက လက်ခံသင့်သည့် အပြုအမူ ဟုတ်၊ မဟုတ် စောကြောဝေဖန်သည်ထက် ထုတ်ဖော်ပြောဆိုသူကို ဘာလို့ ခုမှပြောတာလဲ၊ သူ ကြိုက်တုန်းက ငြိမ်နေပြီး ခုမှ ဘာလိုချင်လို့ ထပြောတာလဲမှ မသိတာ စသဖြင့် စသဖြင့်သော အပြစ်တင်မှုပေါင်းများစွာကို မရိုးနိုင်အောင် ပြုနေကြဆဲပင်ရှိနေသေးသည်။

သို့သော် #MeToo သည် ရေစီးနေသည်နှင့် တူပါသည်။ လူငယ်လူရွယ်များက အရှိန်အဟုန်ဖြင့် ထုတ်ဖော်ပြောဆိုမှုများက ရှေးရိုးစွဲ အယူအဆဖြစ်သည့် ခံရသူကို ပြစ်တင်ဝေဖန်မှုများကို စတင် ရင်ဆိုင်နေပြီဖြစ်သည်။ ခေတ်၏ တွန်းတိုက်မှု၊ လူငယ်များ၏ တော်လှန်သော အမြင်များက ဘယ်အချိန်တွင် အောင်ပွဲခံမည်နည်း ဆိုသည်ကိုတော့ အချိန်ကသာ အဖြေဖြစ်ပေလိမ့်မည်။

မေးပါရစေ …. ကိုယ်တွေ့ကြုံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုကို ထုတ်ဖော်ပြောဆိုဖို့ အဆင်သင့်ဖြစ်ပါပြီလား။ ကျမတော့ အဆင်သင့်ဖြစ်ပါပြီ။

စာရေးသူ ဇာခြည်ညိမ်းသည် သုတေသနနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading