၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော လုံခြုံရေးကောင်စီ၏ ၅၉၁၆ ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ချက် အမှတ် ၁၈၂၀ အား အတည်ပြုခဲ့သည်။ အဆိုပါစာချုပ်သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများအားလုံး ပပျောက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရများက လိုက်နာကျင့်သုံးရမည့် တာဝန်များကို မီးမောင်းထိုးပြခဲ့သည်။
နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသည့် ဥပဒေများနှင့် နိုင်ငံတကာ လူအခွင့်အရေးဥပဒေများအား လိုက်နာကျင့်သုံးခြင်း၊ စစ်မက်ပဋိပက္ခ ဖြစ်ပွားနေချိန်နှင့် စစ်မက်ပဋိပက္ခဖြစ်ပွားပြီး ကာလများတွင် အပြစ်ရှိသူများ အပြစ်မှ လွတ်ကင်းနေခြင်းများအား ရပ်တန့်စေရန်နှင့် အရပ်သားများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အထူးကာကွယ် စောင့်ရှောက်မှုများ ပြုလုပ်သွားရန် ထပ်မံ အတည်ပြုခြင်း ဖြစ်သည်။
ဆုံးဖြတ်ချက်အမှတ် ၁၈၂၀ မှ စစ်မက်ပဋိပက္ခများ၏ ဆိုးကျိုးကို ခံစားရသူ အများစုမှာ အရပ်သားများ ဖြစ်ခြင်းကို မီးမောင်းထိုးပြခဲ့သည်။ စစ်ပွဲများ ဖြစ်ပွားပါက နှစ်ဖက်လက်နက်ကိုင်တပ်များ၏ ကျဆုံးမှုများနှင့် ဒဏ်ရာရရှိသူများ စာရင်းများကို စနစ်တကျပြုစု ဖော်ထုတ်ပြီး ဆုတံဆိပ်များ ချီးမြှင့်ခြင်း၊ အောင်ပွဲရမှုဟူ၍ ချီးမြှောက်ပြောဆိုခြင်း၊ နစ်နာမှုများအတွက် ကူညီထောက်ပံ့မှုများ ပေးခြင်းတို့ကို ပြုလုပ်လေ့ ရှိကြသော်လည်း၊ ဆိုးကျိုးကို ခံစားရသည့် အရပ်သားပြည်သူများ၏ ဘဝအခြေအနေ၊ ထိခိုက်ခံစားရမှု အခြေအနေ၊ သေဆုံးဒဏ်ရာရ စာရင်း စသည်တို့ကိုတော့ မည်သူမှ ဂရုစိုက်ခြင်း မရှိကြပါ။
စစ်ရှောင်ပြည်သူများ၏ ဘဝများကို သရုပ်ဖော်ပြသလျှင်ပင် အရေးယူခံရသည့် အခြေအနေများကို ရင်ဆိုင်ကြုံတွေ့ကြရသည်။ ဆူးကြားက ဘူးခါးဘဝ၊ မြေဇာပင်ဘဝသို့ ရောက်ကြရသည့် အရပ်သား ပြည်သူများသည် ငြိမ်းချမ်းရေးဆွေးနွေးနေကြလျှင် လက်ခုပ်တီးရင်း ဘဝပြန်လည်ထူထောင်ပေးလာမှုကို မျှော်လင့်ရ၊ စစ်ဖြစ်လာလျှင် အထုပ်လေးပိုက်ပြီး ပြေးရနှင့် ဘဝသံသရာ လည်နေကြရပြီး ရံဖန်ရံခါ တိုက်ပွဲများ အကြား ပိတ်မိနေပါကလည်း ရေတပေါက်၊ ဆန်တစေ့ကို ချွေတာ စားသောက်ကာ ကယ်တင်ရှင်လာမည့် အရေး မျှော်ကိုးနေကြရပြန်သည်။
ဆုံးဖြတ်ချက် အမှတ် (၁၈၂၀) က အဆိုပါ ဘဝများကို လူသားချင်းစာနာမှုဖြင့် ရပ်တည်ဖော်ကျူး ထားခဲ့ပါသည်။
ဆုံးဖြတ်ချက်အမှတ် (၁၈၂၀) သည် အရပ်သားပြည်သူများထဲမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှှုများကိုလည်း ထည့်သွင်းဖော်ပြထားသည်။ စစ်မက်ပဋိပက္ခများ ဖြစ်ပါက အမျိုးသမီးနှင့် မိန်းကလေးငယ်များမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ သားကောင်များ ဘဝသို့ ရောက်ရှိကြရပါသည်။
အရပ်သားဖြစ်ခြင်းကြောင့်ပင် အင်အားပါဝါက နည်းပါးနေပြီဖြစ်ရာ၊ အမျိုးသားများ၏ ပါဝါနယ်ပယ်ဟု သတ်မှတ်ခံထားရသော စစ်ပွဲများအကြား အမျိုးသမီးများနှင့် မိန်းကလေးငယ်များကား နှစ်ထပ်ကွမ်း ပါဝါလျော့ကျနေသူများသာ ဖြစ်လာရပါတော့သည်။ ဒဗလျူသုံးလုံးမူဝါဒ (war, whisky, women) ဟု ဆိုကာ ယောကျ်ားကောင်းတို့၏ ကျွမ်းကျင်သင့်သော မူဝါဒဟု သတ်မှတ်မှုများအကြားတွင် ဘဝပျက် စော်ကားခံခဲ့ရသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များ မည်မျှရှိမည်နည်း။ ယင်းကဲ့သို့သော လုပ်ရပ်များကို အချို့နိုင်ငံများတွင် စစ်ဆင်ရေးနည်းဗျူဟာ အဖြစ်ပင် အသုံးပြုကြပြန်သဖြင့် စစ်ပွဲများသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အရှင်လတ်လတ် ငရဲခန်းသဖွယ် ပြောင်းလဲသွားခဲ့ရပြန်သည်။ သို့ဖြစ်ရာ ဆုံးဖြတ်ချက်အမှတ် (၁၈၂၀) သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဆင်ရေး နည်းဗျူဟာအဖြစ် အသုံးပြုခြင်းကို စစ်ရာဇဝတ်မှုအဖြစ် အတိအလင်း သတ်မှတ်ကြေညာလိုက်ခြင်း ဖြစ်သည်။
ဆုံးဖြတ်ချက်အမှတ် (၁၈၂၀) သည် တိုင်းရင်းသားလူမျိုးများနှင့် လူမှုအသိုင်းအဝိုင်းများအား အတင်း အဓမ္မ နေရာ ရွှေ့ပြောင်းခြင်းကို စစ်ဆင်ရေးနည်းဗျူဟာ အဖြစ် အသုံးပြုခြင်းအား ရပ်တန့်ပေးပါရန် တောင်းဆိုခဲ့သည်။
ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) တွင် ဖော်ပြခဲ့သော ပဋိပက္ခများကို ကြိုတင်ကာကွယ် ဟန့်တားခြင်း၊ ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းများတွင် အမျိုးသမီးများ. အရေး ပါမှုကိုလည်း ထပ်မံအတည်ပြုပေးခဲ့သည်။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်း လုပ်ငန်းများတွင် အမျိုးသမီးများ တန်းတူညီမျှစွာနှင့် အပြည့်အဝ ပါဝင်နိုင်ရေးကိုလည်း တိုက်တွန်း နှိုးဆော်ထားခဲ့ပါသည်။
ပဋိပက္ခများအား ကာကွယ်ရေးနှင့် ဖြေရှင်းဆောင်ရွက်ရေးတို့ကို လုပ်ဆောင်ရာ၌ ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်မှုနှုန်းများ တိုးတက်မြင့်မားလာရေးမှာ လွန်စွာအရေးကြီး ကြောင်းကိုလည်း အလေးအနက်ထား၍ ဖော်ပြခဲ့သည်သာမက၊ ပဋိပက္ခအလွန် ငြိမ်းချမ်းရေး တည်ဆောက်ရေး အပါအဝင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့တွင် မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်ပွားစေနိုင်သည်ကိုလည်း စိုးရိမ်ပူပန်စွာ သတိပေးထားခဲ့ပါသည်။
နိုင်ငံတော်အစိုးရများသည် မိမိတို့တိုင်းပြည်ရှိ တိုင်းရင်းသားပြည်သူများနှင့် တိုင်းပြည်နယ်နိမိတ် အတွင်း ရှိနေသော လူသားများအားလုံး၏ လူ့အခွင့်အရေးများကို လေးစားအသိအမှတ်ပြုခြင်းနှင့် အကာအကွယ် ပေးခြင်းများကို သက်ဆိုင်ရာ နိုင်ငံတကာဥပဒေများ၊ ပြဌာန်းချက်များနှင့်အညီ ပြုလုပ်ပေးရန် အဓိက တာဝန်ရှိကြောင်းကိုလည်း ဆုံးဖြတ်ချက်အမှတ် (၁၈၂၀) က မီးမောင်းထိုး ဖော်ပြခဲ့သည်။ ပဋိပက္ခတွင် ပါဝင်သောအဖွဲ့အစည်းများ အားလုံးက အဆိုပါပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသော အရပ်သားများအား တတ်နိုင်သည့် အတိုင်းအတာနှင့်အညီ အကာအကွယ်ပေးသွားရန် အဓိက တာဝန်ရှိကြောင်းကိုလည်း ထပ်လောင်း အတည်ပြုဖော်ပြထားခဲ့ပါသည်။
ဆုံးဖြတ်ချက်အမှတ် (၁၈၂၀) တွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ကာကွယ်စောင့်ရှောက်ခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍများနှင့် ပဋိပက္ခများအား ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းဆောင်တာများကို အဓိကအချက်ကြီး (၁၆) ချက်ဖြင့် ဖော်ပြထားခဲ့ပါသည်။ အဆိုပါ အချက်များမှာ
၁။ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို စစ်ဆင်ရေးဗျူဟာ အဖြစ်အသုံးပြခြင်း၊ အရပ်သား ပြည်သူလူထုတို့ကို တိုက်ခိုက်ရန် စစ်ဆင်ရေးများတွင် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းသည် စစ်ပွဲ အခြေအနေများကို ပိုမိုဆိုးရွားလာစေနိုင်သည့်အပြင်၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ဖော်ဆောင်ရာတွင် နှောင့်နှေးစေနိုင်သည်ကို သိရှိနားလည်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြိုတင်ဟန့်တား ကာကွယ်ရန်အတွက် ဆောင်ရွက်မှုများ အဆင့်ဆင့် ပြုလုပ်ခြင်းသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဖော်ဆောင်ရာတွင် များစွာ အထောက်အကူပေးသည်ကို အတည်ပြုချက် ပေးခြင်းနှင့် စနစ်တကျ ကျူးလွန်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်သွားရန် လုံခြုံရေးကောင်စီက အဆင်သင့်ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း။
၂။ အရပ်သားပြည်သူလူထု အပေါ် ကျူးလွန်နေသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ရပ်တန့်နိုင်ရေးအတွက် ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့အစည်းများ အားလုံးက ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ ချက်ချင်းပြုလုပ်သွားရန် တောင်းဆိုခြင်း။
၃။ ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံးက အရပ်သားများကို အကာအကွယ် ပေးရေး အတွက် စီစဉ် ဆောင်ရွက်သွားရန်၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရန် အပြင် စစ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချမှတ် ထုတ်ပြန်ခြင်း။
၄။ မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအမျိုးမျိုးကို စစ်ရာဇဝတ်မှု၊ လူသားချင်းစာနာမှုမရှိသော ရာဇဝတ်မှု (သို့) လူမျိုးပြုန်းတီးသွားစေရန် ကျူးလွန်မှုတို့အဖြစ် သတ်မှတ်နိုင်ကြောင်းကို ဖော်ပြခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် ရာဇဝတ်မှုကို ပဋိပက္ခဖြေရှင်းခြင်း ဖြစ်စဉ်တွင် လွတ်ငြိမ်းချမ်းသာခွင့် မရနိုင်သော ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်း။
၅။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် မုဒိမ်းမှုများနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမျိုးမျိုးတို့ကို ကျူးလွန်သော နိုင်ငံအစိုးရများနှင့် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများအား ဖိအားပေးခြင်း၊ ပိတ်ဆို့ခြင်းများ ပြုလုပ်ရာတွင် ယင်းတို့အပေါ် တိုက်ရိုက်ထိခိုက်မည့် နည်းလမ်းများကို အသုံးပြုနိုင်ရေးအတွက် အလေးထား ထည့်သွင်း စဉ်းစားသွားမည့် ရည်ရွယ်ချက်များကို အတည်ပြုခြင်း။
၆။ ကုလသမဂ္ဂမှ ခန့်အပ်ထားသော ငြိမ်းချမ်းရေးထိန်းသိမ်းရေးနှင့် လူသားချင်းစာနာထောက်ထားသည့် လုပ်ငန်းဆောင်ရွက်သူများက အရပ်သားတို့ ကျူးလွန်ခံထားရသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အခြားအကြမ်းဖက်မှု အမျိုးမျိုးတို့ကို ကြိုတင်ကာကွယ်ခြင်း၊ သတိထားမိခြင်းနှင့် အရေးယူဆောင်ရွက်မှုများ ပိုမို ကောင်းမွန်ထိရောက်စွာ ပြုလုပ်နိုင်ရန် လိုအပ်သည့် ပညာပေး အစီအစဉ်များရေးဆွဲချမှတ်ခြင်း၊ လက်တွေ့အကောင်အထည် ဖော်ခြင်းတို့ ပြုလုပ်နိုင်ရေးအတွက် လုံခြုံရေးကောင်စီ၊ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ဆိုင်ရာ အထူးကော်မတီနှင့် ယင်းအလုပ်အဖွဲ့များမှတဆင့် သက်ဆိုင်ရာ နိုင်ငံ အစိုးရများအား သင့်တင့်လျောက်ပတ်သည့် တိုင်ပင် ဆွေးနွေးခြင်းများ ပြုလုပ်သွားရန် အထွေထွေ အတွင်းရေးမှူးအား တောင်းဆိုခြင်း။
၇။ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းများအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းများ၊ ချိုးဖောက်ခြင်းများကို လုံးဝသည်းခံမည်မဟုတ် (Zero tolerance policy) ဆိုသည့် မူဝါဒကို ပိုမို အားကောင်းလာစေရန်နှင့် ဆက်လက်ကျင့်သုံးသွားရန် အထွေထွေအတွင်းရေးမှူးချုပ်အား တောင်းဆိုခြင်း၊ စစ်သားများနှင့် ရဲများကို ပေးပို့သော တိုင်းပြည်များအနေဖြင့်လည်း တာဝန် ထမ်းဆောင်ရန် မပေးပို့ခင်နှင့် တာဝန် ထမ်းဆောင်နေစဉ် အတောအတွင်း ပညာပေးသင်တန်းများ ကျင်းပခြင်း၊ ယင်းတို့ပေးပို့သော ဝန်ထမ်းများက အဆိုပါ ပြစ်မှှုများကို ကျူးလွန်လာခဲ့ပါက အပြည့်အဝ တာဝန်ယူရေး စသည်တို့ပါဝင်သည့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ဆောင်ရွက်သွားရန် တိုက်တွန်းခြင်း။
၈။ စစ်သားများနှင့် ရဲများကို ပေးပို့သော တိုင်းပြည်များအနေဖြင့် စစ်မက်ဖြစ်ပွားလျှက်ရှိသော နယ်မြေ များနှင့် စစ်မက်ပဋိပက္ခလွန် နယ်မြေများအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ထိန်းသိမ်းရေး လုပ်ငန်း များတွင် ပါဝင်သော ဝန်ထမ်းများနှင့် အရပ်သားများကို အကာအကွယ်ပေးရန်နှင့် အထူးသဖြင့် အမျိုးသမီး များနှင့် မိန်းကလေးငယ်များအပေါ် ဖြစ်ပေါ်လာနိုင်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စများအပေါ် တားဆီးနိုင်ရေး အတွက် စည်းရုံးလှုံဆော်မှုများ၊ ပညာပေးရေးများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားရန်နှင့် တတ်နိုင်သလောက် အမျိုးသမီးဝန်ထမ်းများကို ပိုမိုခန့်အပ်ပေးပို့ရန် အထွေထွေအတွင်းရေးမှူးနှင့် တိုင်ပင် ဆွေးနွေး စီစဉ်ဆောင်ရွက်ခြင်းများအပေါ် တိုက်တွန်းအားပေးခြင်း။
၉။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အမျိုးမျိုးမှ အကာအကွယ် ပေးရာတွင် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက် နိုင်ရန် ငြိမ်းချမ်းရေးထိန်းသိမ်းရေး ဝန်ထမ်းများအတွက် အထောက်အကူ ဖြစ်စေသည့် လမ်းညွှန်ချက်များ၊ နည်းဗျူဟာများ ထုတ်ဝေဖြန့်ချိခြင်းနှင့် လုံခြုံရေးကောင်စီသို့ ပေးပို့သော အစီရင်ခံစာထဲတွင် ယင်းအရေး ကိစ္စများကို စနစ်တကျ ထည့်သွင်းဖော်ပြခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ကာကွယ် စောင့်ရှောက်ရာတွင် စိုးရိမ်ပူပန်နေမှုများနှင့် ယင်းတို့ကို ဖြေရှင်းနိုင်ရန် အကြံပေးတင်ပြချက် များကို ပြုလုပ်သွားရန် အထွေထွေအတွင်းရေးမှူးအား တောင်းဆိုခြင်း။
၁၀။ ကုလသမဂ္ဂ အေဂျင်စီများ စီမံခန့်ခွဲမှုအောက်ရှိ ဒုက္ခသည်စခန်းများ၊ ပြည်တွင်းရွှေ့ပြောင်း နေထိုင် သူများ၏ စခန်းများအတွင်းနှင့် ကုလသမဂ္ဂ ပါဝင်ပတ်သက်နေသော လက်နက်လျှော့ချရေး၊ စစ်အင်အား လျှော့ချရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ် အဆင့်ဆင့်များ၊ တရားမျှတရေးနှင့် လုံခြုံ ဘေးကင်းရေး တို့အတွက် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ် များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ အကာအကွယ်ပေးနိုင်မည့် ယန္တရားများကို အမျိုးသမီးများ၊ အမျိုးသမီးများ ဦးဆောင်သည့် အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေး ညှိနှိုှင်းခြင်းများမှတဆင့် ဖော်ဆောင် သွားရန် အထွေထွေအတွင်းရေးမှူးအား တောင်းဆိုခြင်း။
၁၁။ စစ်မက်ပဋိပက္ခ ဖြစ်ပွားနေချိန်နှင့် ဖြစ်ပွားပြီးသွားသော အချိန်ကာလများ အတောအတွင်း ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်းများနှင့် ကျားမဆိုင်ရာ အမြင်သဘောထားများ ပိုမိုကျယ်ပြန့်စွာ ပါဝင်စေရန်အတွက် နိုင်ငံပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် အမျိုးသမီးများထံမှ အကြံဉာဏ် ရယူခြင်းများ၊ အမျိုးသမီးကိုယ်စားလှယ်များ ပိုမိုပါဝင်လာနိုင်ရန် ဆောင်ရွက်ခြင်းများကို စစ်ပွဲအလွန်ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းများအတွက် အကြံဉာဏ်များ၊ အကြံဉာဏ် တင်ပြချက်များတွင် ထည့်သွင်း တင်ပြခြင်း တို့သည် ငြိမ်းချမ်းရေးတည်ဆောက်ရေး ကော်မရှင်၏ အရေးပါသည့် အခန်းကဏ္ဍ ဖြစ်သည်ကို အလေးအနက်ထားခြင်း။
၁၂။ စစ်မက်ပဋိပက္ခများကို ကြိုတင်ကာကွယ်ခြင်းနှင့် ဖြေရှင်းခြင်းများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံဘေးကင်းရေး တို့ကို ထိန်းသိမ်းခြင်းများနှင့် ပဋိပက္ခ အလွန် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းများဆိုင်ရာ ဆွေးနွေးပွဲ များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် ဖိတ်ခေါ်ခြင်းများနှင့် ထိုလုပ်ငန်းများကို ဦးစီး ဆောင်ရွက်သော အဖွဲ့အစည်းများအနေဖြင့်လည်း ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်များတွင် အမျိုးသမီးများ တန်းတူညီမျှစွာနှင့် အပြည့်အဝ ပါဝင်လာနိုင်စေရန် တိုက်တွန်းအားပေးခြင်းများ ပြုလုပ်သွားရန် အထွေထွေအတွင်းရေးမှူးနှင့် အထူးကိုယ်စားလှယ်များကို တိုက်တွန်းတောင်းဆိုခြင်း။
၁၃။ နိုင်ငံအစိုးရ၊ ဌာနဆိုင်ရာများ၊ အထူးသဖြင့် တရားစီရင်ရေးဌာနနှင့် ကျန်းမာရေးစနစ်များ စွမ်းဆောင်နိုင်အား များနှင့် စစ်မက်ပဋိပက္ခ ဖြစ်ပွားနေစဉ်နှင့် ပဋိပက္ခအလွန် ကာလများတွင် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ တွေ့ကြုံခံစားခဲ့ရသူများကို လုံလောက်သည့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် အတွက် ဒေသခံလူထုအခြေပြု အဖွဲ့အစည်းများ၊ ကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခိုင်မာအားကောင်းရေး တိ့ုအတွက် အထောက်အကူပြုရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ဌာနဆိုင်ရာများနှင့် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများတို့ အပါအဝင် အခြားပါဝင်ပတ်သက် နေသော ဌာနဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကို တိုက်တွန်းတောင်းဆိုခြင်း။
၁၄။ စစ်မက်ပဋိပက္ခများ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တွေ့ကြုံခံစားခဲ့ရသော အမျိုးသမီး များနှင့် မိန်းကလေးငယ်များကို အကျိုးရှိစေမည့် မူဝါဒများ၊ လှုပ်ရှားဆောင်ရွက်မှုများ၊ စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းများကို အစီအစဉ် ချမှတ်ခြင်းနှင့် လက်တွေ့အကောင်အထည် ဖော်ခြင်းတို့ကို သက်ဆိုင်ရာ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အထူးသဖြင့် ဒေသခွဲများရှှိ အဖွဲ့အစည်းများမှတဆင့် လုပ်ကိုင် ဆောင်ရွက်သွားရန် တိုက်တွန်းတောင်းဆိုခြင်း။
၁၅။ လုံခြုံရေးကောင်စီက အနီးကပ် စောင့်ကြည့်နေသော အရေးကိစ္စများနှင့်ပတ်သက်သည့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဇွန်လ ၃၀ ရက်နေ့၊ ၂၀၀၉ ခုနှစ် နောက်ဆုံးထား၍ အစီရင်ခံစာ တင်သွင်းခြင်းများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား စနစ်တကျ သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသော စစ်မက်ပဋိပက္ခ ဖြစ်ပွားနေသည့် နယ်မြေများမှ အခြေအနေများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေသည့် ဌာနများ၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းများနှင့် အခြား ကုလသမဂ္ဂ ဝန်ထမ်းများအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂရုံးမှ ရရှိနိုင်သော အချက်အလက်များကို အသုံးပြုခြင်း။
၁၆။ အထက်ပါကိစ္စရပ်များ အားလုံးကို တက်ကြွစွာ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခြင်း စသည်တို့ပါဝင်ပါသည်။
ဆုံးဖြတ်ချက်အမှတ် (၁၈၂၀) အား ချမှတ်သည့် ၂၀၀၈ ခုနှစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပြည်တွင်းစစ်ပွဲများတွင် စစ်ရာဇဝတ်မှှုများ အကြီးအကျယ် ဖြစ်ပွားနေသည့် ကာလဖြစ်ပါသည်။ အမျိုးသမီးနှင့် မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဆင်ရေးနည်းဗျူဟာများ အဖြစ် အချို့နိုင်ငံများရှိ စစ်တပ်များက အသုံးပြုနေခဲ့ကြသည်ကို ဖော်ထုတ်တွေ့ရှိကြသည့် ကာလတခုလည်း ဖြစ်ပါသည်။
စစ်ပွဲများအကြားမှ အရပ်သား ပြည်သူများ၏ ဘဝကို ကမ္ဘာတဝှမ်းရှိ ပြည်သူများက လူသားချင်းစာနာစိတ်ဖြင့် ကြည့်ရှုလာကြသည့် ကာလဖြစ်ပြီး စစ်ပွဲအောင်နိုင်ခြင်းကို ဂုဏ်ယူဖွယ်ရာအဖြစ် လူအများက မရှုမြင်ကြတော့ဘဲ၊ စားပွဲဝိုင်းယဉ်ကျေးမှုက ပေါ်ထွက်လာသော ရလဒ်များကိုသာ အသိအမှတ်ပြု လာကြတော့သည့် ကာလလည်း ဖြစ်ပါသည်။
မည်သို့ဆိုစေ၊ ယခု ဇွန်လ ၁၉ ရက်နေ့ဆိုလျှင် ဆုံးဖြတ်ချက် အမှတ် (၁၈၂၀) ပေါ်ထွက်လာသည်မှာ ဆယ်နှစ်ပြည့်တော့မည်။ ဆယ်နှစ်တာ မွေးနေ့အချိန်ကာလသို့တိုင်ခဲ့ပြီ ဖြစ်သော်လည်း၊
အရပ်သား ပြည်သူများမှာ စစ်ပွဲများအတွင်း ပိတ်မိနေကြဆဲ ….။
အမျိုးသမီးနှင့် မိန်းကလေးငယ်များမှာ ပဋိပက္ခများအကြားတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခံနေကြရဆဲ …။
မည်သူ့တွင် တာဝန်ရှိပါသနည်း။
နိုင်ငံအစိုးရများ၊ စစ်တပ်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးတွင် ကြိုတင်ကာကွယ်ရန်နှင့် အချိန်နှင့် တပြေးညီ အရေးယူဖော်ထုတ်ရန်၊ တာဝန်ခံရန် အဓိက တာဝန်ရှိပါသည်။
ကျွန်ုပ်တို့ နိုင်ငံသားအားလုံးတွင်လည်း ပညာပေးရန်၊ အရေးဆိုရန်၊ ကြိုတင်ကာကွယ်ရန်နှင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိပါသည်။