လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ဇာတိမြေနဲ့ မိုင်ပေါင်း ၄၀၀ နီးပါးလောက် ဝေးကွာတဲ့ ရန်ကုန်မြို့တော်ကို ယောင်ချာချာနဲ့ ခြေချခဲ့တဲ့ အညာကျေးလက်ဒေသက အမျိုးသမီးလူငယ်တဦးဟာ အခုအချိန်မှာတော့ ခေသူတယောက် မဟုတ်တော့ပါဘူး။
သူ့ရဲ့ ပထမဆုံးလက်ရာ ဇာတိမြေ အညာကျေးလက်ဒေသက ထန်းချက်လုပ်ငန်းကို သရုပ်ဖော်ရိုက်ကူးထားတဲ့ “Sugar & Spice” မှတ်တမ်းရုပ်ရှင် (Documentary) ဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာပြသခဲ့ပြီး အောင်မြင်မှုတွေ ဆွတ်ခူးရရှိနေ ပြီ ဖြစ်ပါတယ်။
‘Sugar & Spice’ မြန်မာလို ‘တမိုးအောက်’ လို့အမည်ပေးထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို ဖန်တီးပုံဖော်ခဲ့သူကတော့ အသက် ၂၆ နှစ်အရွယ် ဒါရိုက်တာမီမီလွင်ပဲ ဖြစ်ပါတယ်။
အညာဒေသမှာ လူငယ်တွေ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်တာကြောင့် ထန်းတောတွေမှာ အလုပ်လုပ်ကိုင်မယ့်သူမရှိဘဲ ထန်း ပင်တွေ ခုတ်လှဲခံနေရတာကို အခြေခံပြီး ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ကို ဖန်တီးခဲ့တာလို့ မီမီလွင်က ပြောပါတယ်။
အဲဒါအပြင် ထန်းချက်တဲ့အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ကိုင်ရပြီး ထန်းလျက်ရောင်းချရာမှာ မဆိုသလောက် ငွေကြေးလေး ရရှိတာ၊ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး အခြေအနေ စတာတွေကို ခပ်ပါးပါးလေး ထည့်ထားတယ်လို့ ဆိုပါတယ်။
အသက်ကြီးပေမယ့် ထန်းလုပ်ငန်းကို ဒီနေ့ထိ မြတ်မြတ်နိုးနိုး လုပ်ကိုင်နေသေးတဲ့၊ စာဖတ်အရမ်း ဝါသနာပါတဲ့ဖခင်နဲ့ ကျောင်းစာသာ အရေးကြီးဆုံး တခြားဟာတွေက အချိန်ဖြုန်းတာလို့ ယူဆထားတဲ့မိခင်၊ ဒီလို အသွင်မတူဘဲ အိမ်သူဖြစ်နေ ကြတဲ့ မိဘနှစ်ပါးကိုတော့ အဓိကဇာတ်ကောင်တွေအဖြစ် ရွေးချယ်ခဲ့တယ်လို့ သူက ပြောပြပါတယ်။
“ရွာပြန်တော့ ထန်းပင်ခုတ်လှဲထားတွေ မြင်ရာကနေ အဖေနဲ့အမေတော့ ဒီအကြောင်းကောင်းကောင်း ပြောနိုင်မယ်။ သူတို့ မှာလည်း တခြားစိတ်ဝင်စားစရာအချက်တွေလည်း ရှိတယ်။ ဒါနဲ့ ရိုက်ဖြစ်ခဲ့တယ်” လို့ မီမီလွင်က ပြောတယ်။
ဒီမှတ်တမ်းရုပ်ရှင်မှာ နောက်ထပ်ထူးခြားချက်တခုက ၂၀၁၅ မေလက ကျောင်းသားတွေ သပိတ်မှောက်ချီတက်တဲ့အချိန်မှာ ရိုက်ကူးထားတာဖြစ်လို့ နိုင်ငံရေးနောက်ခံကလည်း ရှိနေတယ်လို့ သူက ရှင်းပြတယ်။
တနှစ်နီးပါးကြာ အချိန်ယူခဲ့ရတဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးရေးလုပ်ချိန်နဲ့ တည်းဖြတ်ချိန်တွေမှာ အခက်အခဲတချို့ ကြုံခဲ့ ပေမယ့် ကြိုးစားမှုရလဒ်အဖြစ် တချို့ပြောစကားတွေနဲ့ ရုပ်ကတ်တွေဟာ မှတ်တမ်းရုပ်ရှင်ကို အားကောင်းစေခဲ့တယ်လို့ ဆို ပါတယ်။
‘Sugar & Spice’ ဆိုတဲ့ခေါင်းစဉ်ကို Yangon Film School (YFS) ကျောင်းအုပ်က ပေးခဲ့တာဖြစ်ပြီး မြန်မာလိုကို ဆရာကြီး သုခမိန်လှိုင်ရဲ့ ‘တမိုးတည်းအောက်မှာ’ ဆိုတဲ့ကဗျာခေါင်းစဉ်ကို ကြိုက်တာမို့ ‘တမိုးအောက်’ ဆိုပြီးပေးထားတယ်လို့ သူက ပြောတယ်။
“အဖေနဲ့အမေက ခေါင်းမိုး တခုတည်းအောက်မှာရှိနေပြီး အမြင်မတူဘူး။ ဒါပေမယ့် တယောက်နဲ့တယောက် ကူညီရိုင်းပင်း ပြီးနေတယ်” လို့ ဆိုတယ်။
၁၆ မိနစ်စာ ဒီမှတ်တမ်းရုပ်ရှင်ကို ၂၀၁၆၊ ၂၀၁၇ အတွင်းမှာ နယ်သာလန်၊ စင်ကာပူ၊ အင်္ဂလန်နဲ့ ဂျပန်တို့မှာလုပ်တဲ့ ရုပ်ရှင်ပွဲ တော်တွေမှာပြသခွင့်ရခဲ့သလို သိပ်မကြာသေးခင်ကပဲ တောင်ကိုရီးယားဘူဆန်ရုပ်ရှင်ပွဲတော်မှာ သွားရောက်ပြသခဲ့တာပါ။
ဝဿန်ရုပ်ရှင်ပွဲတော်နဲ့ Yangon Film School က ပေးအပ်တဲ့ ဆုတွေရရှိထားတဲ့ “Sugar & Spice” မှတ်တမ်းရုပ်ရှင်ဟာ အင်္ဂလန်က မှတ်တမ်းရုပ်ရှင်ဆု ၁ ဆုနဲ့ ဂျပန်နိုင်ငံက ၂ ဆု စုစုပေါင်း ဆု ၅ ဆု ချီးမြှင့်ခံထားရတာ ဖြစ်ပါတယ်။
အခုလို နိုင်ငံတကာက ရုပ်ရှင်ပွဲတော်တွေမှာ ပြသခွင့်ရပြီး ဆုတွေရတဲ့အတွက် ဝမ်းသာမိသလို ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ အကြောင်းကို စိတ်ဝင်တစားနဲ့ Google မှာရှာဖွေတာတွေ မြင်ရတဲ့အခါ ကျေနပ်မိတယ်လို့ သူက ပြောပါတယ်။
ဆုရတဲ့နိုင်ငံက ဒိုင်တွေအနေနဲ့လည်း ဒီရုပ်ရှင်မှတ်တမ်းထဲမှာ အလွှာပေါင်းစုံကိုမြင်ရသလို နိုင်ငံရေး၊ စီးပွားရေး၊ မေတ္တာ ရေး၊ ရုန်းကန်လှုပ်ရှားရတဲ့ လူသားဆန်တဲ့အပိုင်းတွေ ပါဝင်နေကြောင်း မှတ်ချက်ပြုတယ်လို့ သူက ပြောပြတယ်။
သူ့ရဲ့မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်လို့ “ကောင်းတဲ့ဖီချာပါ။ ရုပ်သံသမားတွေအတွက် ရိုက်ကွက်ပိုင်းအသံပိုင်း နည်းစနစ်တွေ ရယူနိုင်အောင် လေ့လာစေချင်ပါတယ်” လို့ ပြည်တွင်းက ဝါရင့်ရုပ်သံသတင်းထောက်တဦးကလည်း မှတ်ချက်ပြုပါတယ်။
သူ့အနေနဲ့ ဒီလိုအောင်မြင်မှုတွေကို အလွယ်တကူရရှိခဲ့တာတော့ မဟုတ်ပါဘူး။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ရှေ့ကျေးရွာမှာ ကြီးပြင်းနေထိုင်ခဲ့တဲ့ သူမ ဆယ်တန်းအောင်ပြီးတဲ့အခါ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ကိုကြည့်ရင်း သူနာပြုပဲဖြစ်ချင်တာလိုလို သားဖွားဆရာမလေးပဲဖြစ်ချင်တာလိုလိုနဲ့ နောက်ဆုံးကျ ဘွဲ့ရပြီးတာနဲ့ချက်ချင်း အလုပ်ရနိုင်မယ့် ရေးဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ ဘွဲ့ရခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ချင်မှန်းမသိခဲ့တဲ့ မီမီလွင်ဟာ ၂၀၁၃ လောက်မှာတော့ အရင်က ရွာမှာ မှတ်တမ်းရုပ်ရှင် လာရိုက်ကူးစဉ် ခင်မင်ရင်းနှီးသူတွေရှိတဲ့ ရန်ကုန်ကိုဆင်းလာပြီး သူ့ကိုကူညီပေးတဲ့ မရှင်ဒေဝီအိမ် မှာနေရင်း သင်တန်းတွေ တက်ဖြစ်ခဲ့တယ်လို့ သူက ပြောတယ်။
“ကိုယ်က ဘာလုပ်ချင်တာလဲ။ ဘာဝါသနာပါလဲဆိုတာ တော်တော်နဲ့ မသိခဲ့ဘူး” လို့ ရန်ကုန်ကို ရောက်ကာစ အခြေအနေ ကို ပြန်ပြောပြတယ်။
ရန်ကုန်ရောက်ပြီး ငါးလလောက်ကြာတဲ့အခါ မရှင်ဒေဝီက သူ့ကို ဘာဖြစ်ချင်လဲမေးတိုင်း မသိဘူးလို့ပဲ အမြဲတမ်းဖြေခဲ့သလို တနှစ်ကာလ ရောက်လာတဲ့အချိန်မှာလည်း ဒီအဖြေပဲထွက်ခဲ့တယ်လို့ သူက ပြောပြတယ်။
ဒါပေမယ့် သူ ဖြေနေကျစကားတခွန်းတော့ ရှိခဲ့တယ်။ “ဘာဝါသနာပါလည်း မသိဘူး။ ဒါပေမယ့် ချမ်းသာချင်တယ်” ဘယ် လိုဖြစ်ချင်လဲမေးရင် “ရန်ကုန်မှာ တိုက်နဲ့ကားနဲ့ခြံနဲ့ နေချင်တာ” လို့ ပြန်ပြောပြီး ရယ်နေတယ်။
ရန်ကုန်မှာ ရပ်တည်ရတာ ဘယ်လောက်ခက်ခဲမှန်းမှ မသိတာ။ အခုတော့ သိပြီလို့လည်း သူက ဝန်ခံပြောဆိုတယ်။
ဒီနောက်ပိုင်းမှာတော့ မရှင်ဒေဝီကတဆင့် Yangon Film School နဲ့ ချိတ်ဆက်မိပြီး ၂၀၁၄ ခုနှစ် ၆ လပိုင်းလောက်မှာ ကျောင်းစတက်ဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ ရုပ်ရှင်ရိုက်ကူးတဲ့လောကထဲ ရောက်လာတဲ့ သူ့အတွက် အရာအားလုံးက အစိမ်းသက်သက်ဖြစ်နေတာမို့ ကင် မရာရိုက်ဖို့ကအစ တည်းဖြတ်တာအဆုံး ရုန်းကန်ကြိုးစားခဲ့ရပေမယ့် စိတ်ပျက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကင်မရာကိုင်ရတာလည်းကြိုက်၊ အသံဖမ်းရတာလည်းကြိုက်၊ ဒါရိုက်တာလုပ်ရတာလည်းကြိုက်၊ တည်းဖြတ်ရတာလည်း ကြိုက်တဲ့သူ့ကို သူငယ်ချင်းတွေက “နင်က အကုန်လုံးကို လိုက်ကြိုက်နေတာပဲ” လို့ စနောက်ခံခဲ့ရတယ်လို့ သူက ရယ်ပြီး ပြောပြတယ်။
“အဲဒီမှာ ဝါသနာအစစ်အမှန်ကိုု တွေ့သွားတာ” လို့လည်း သူက ပြောတယ်။
မီမီလွင်ကို အကူညီပေးခဲ့သူ မရှင်ဒေဝီကလည်း “ရန်ကုန်မြို့နဲ့ ရန်ကုန်ရုပ်ရှင်ကျောင်းက သူ့ကို ပြောင်းလဲစေခဲ့တယ်” လို့ မှတ်ချက်ပြုပါတယ်။
ကျောင်းတက်ရင်း လက်တွေ့ဆင်းတဲ့အနေနဲ့ ပထမဦးဆုံး သူ ဒါရိုက်တာလုပ်ပြီး စတိုရီတခု ရိုက်ရချိန်မှာ မေးခွန်းသိပ်မမေး တတ်တာ၊ ဇာတ်နာမှ ဇာတ်ကားကောင်းမှာလို့ တွေးပြီး ဇာတ်နာတာတွေပဲ အမြဲတမ်းစွဲထုတ်ပြီး မေးတာတွေလုပ်ခဲ့တယ်။
ပထမဆုံး ကင်မရာကိုင်ချိန်တုန်းကလည်း တဆိုင်လုံး မှန်အပြည့်ကာထားပြီး မှန်ရဲ့အပြင်ဘက်မှာ အစိမ်းရောင်မိုးကာစ ကာထားတဲ့ အလှပြင်ဆိုင်တခုကို သွားရိုက်ကူးတဲ့အခါ ကင်မရာထဲရိုက်ထားသမျှ ရုပ်ထွက်ဟာ အစိမ်းတွေချည်း ထွက်လာ တာမို့ အတော်လေး တိုင်ပတ်ခဲ့ရတယ်လို့ အတိတ်ဖြစ်ရပ်တွေကို ပြန်ပြောပြတယ်။
၂၀၁၅ မှာတော့ ကျောင်းက သူ့ကို ဒုတိယနှစ်ကျောင်းသားအနေနဲ့ လေ့ကျင့်ခန်းအဖြစ်ရော၊ ကျောင်းပြိုင်ပွဲအတွက်ရော မှတ်တမ်းရုပ်ရှင်တခုကို ရိုက်ကူးခိုင်းခဲ့ရာမှာတော့ “Sugar & Spice” ကို ရိုက်ကူးဖြစ်ခဲ့တယ်လို့ သူက ပြောတယ်။
သူရိုက်ကူးတဲ့မှတ်တမ်းရုပ်ရှင်ကို မိဘတွေကို ပြန်ပြတဲ့အခါ ဖခင်ဖြစ်သူက ချီးကျူးပေမယ့် မိခင်ဖြစ်သူကတော့ ရိုက်သွား တာ အကြာကြီးကို ဒါလေးပဲလားဆိုပြီး မေးတယ်လို့ မီမီလွင်က ပြန်ပြောပြီး ရယ်နေတယ်။
“သူ ထမင်းစားတာတွေပါတော့ ငါက လှလည်း မလှဘူး။ ရုပ်ကဆိုးချက်။ ရွာကလူတွေက ကြည့်ပြီး တဟားဟားနဲ့ရယ်ကြ တော့ ဘယ်သူ့ကိုမှ သူ မပြချင်ဘူး” လို့ သူ့မိခင်အကြောင်းကို ပြောပြတယ်။
ဒီမှတ်တမ်းရုပ်ရှင်နဲ့ သူဆုရတာတွေ၊ နိုင်ငံခြားသွားရတာတွေအတွက်တော့ မိဘနှစ်ပါးစလုံးက ဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ် ကြတယ်လို့ ဆိုတယ်။
တကယ်တော့ မီမီလွင်ဟာ မိဘတွေဖြစ်စေချင်ခဲ့တဲ့ ဘွဲ့ရပညာတတ်တဦး ဖြစ်လာပေမယ့် သူ့မိခင်မျှော်မှန်းထားသလို ပုံစံ မျိုးနဲ့တော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
မွေးချင်းသုံးဦးအနက် တဦးတည်းသော သမီးမိန်းကလေးဖြစ်သူ မီမီလွင်ရဲ့ ဘွဲ့ဓာတ်ပုံကို အိမ်မှာချိတ်ပြီး လူလာတိုင်းဂုဏ် ယူဝင့်ကြွားတတ်တဲ့ မိခင်ဟာ သမီးဖြစ်သူကို အဲကွန်းရုံးခန်းထဲထိုင်ပြီး အိနြေ္ဒရရနဲ့ လစာပုံမှန်ရရှိမယ့် အစိုးရဝန်ထမ်း၊ ရုံး ဝန်ထမ်းဖြစ်စေချင်ခဲ့တာပါ။
နယ်ကိုပြန်ပြီး ရိုက်ကူးရေးလုပ်တဲ့အခါ ရိုက်ကူးရေးပစ္စည်းတွေ သယ်ပိုးပြီး နေပူထဲလျှောက်သွားနေတဲ့ မီမီလွင်ကိုကြည့်ပြီး မိခင်ဖြစ်သူက စိတ်မကောင်းဖြစ်သလို ရွာသူ/သားတချို့ကလည်း သနားစရာအဖြစ် သူ့ကို မြင်နေကြတယ်လို့ ဆိုပါတယ်။
“မိန်းကလေးဖြစ်ပြီး ပစ္စည်းအလေးကြီးတွေကိုင် နေကပူနဲ့။ မိန်းကလေးဆိုတာ အဲဒီလို မလုပ်စေချင်ဘူးပေါ့။ လူကောင်က သေးသေးနဲ့” လို့ သူက ပြောပြတယ်။
သူကတော့ ယောကျ်ားရော မိန်းမရော အားလုံးအတူတူဖြစ်ပြီး လုပ်နိုင်တာ တွေးနိုင်တာချင်းလည်း အတူတူပဲမို့ လူကိုလူ လို့ပဲ မြင်ဖို့လိုတယ်လို့ ဆိုတယ်။
သူ့မိခင်ရဲ့ အယူအစွဲကြီးပုံကိုလည်း မီမီလွင်က ပြောပြပါသေးတယ်။
မှတ်မှတ်ရရ သူ ဓမ္မတာစလာချိန်မှာ မိခင်ဖြစ်သူ ဒေါသအရမ်းထွက်နေခဲ့ပြီး “ငါ စပြီး ပူပင်နေရပြီ။ နင် ဒီလို စဖြစ်တဲ့အတွက်။ အဲဒါကြောင့်ပြောတာ မိန်းကလေးမွေးမိတာ မီးလိုကြီးပဲ ငါ့ကို ပူလောင်တယ်” လို့ မိခင်ဖြစ်သူက မြည်တွန်တောက်တီးနေခဲ့ တယ်။
သူဘာအမှားမှ မလုပ်ပါဘဲ မိန်းကလေးသဘာဝထုံးစံအတိုင်း ဖြစ်လာတဲ့ကိစ္စတခုအပေါ်မှာ မိခင်ဖြစ်သူ ဒေါသထွက်နေတာ မြင်တွေ့ရတဲ့အခါ “ငယ်ငယ်ကဆို အမေ့ကို အရမ်းမုန်းခဲ့တာ” ဆိုတဲ့သူမဟာ အဖေဖြစ်သူကိုပဲ အကြောင်းကြီးငယ်မှန်သမျှ ဖွင့်ဟ တိုင်ပင်ဖြစ်တယ်လို့ သူက ပြောတယ်။
သူ အခက်အခဲတွေ၊ ပြဿနာတွေ ကြုံရတိုင်း ဖခင်ဖြစ်သူ အမြဲပြောလေ့ရှိတဲ့ “ဒါထက်ပိုကောင်းတဲ့အရာတခုဖြစ်လာမှာမို့” ဆိုတဲ့စကားတခွန်းကို သူ့ရင်ထဲ စွဲမြဲနေတယ်လို့ ဆိုတယ်။
အခုတော့လည်း သားယောကျ်ားလေးပဲ လိုချင်ခဲ့တဲ့၊ သမီးမိန်းကလေးဆိုတာ အပူပဲဆိုတာမျိုး တရားသေဆုပ်ကိုင်ထားတဲ့ မိခင်ဖြစ်သူရဲ့အယူအစွဲတွေ ပြောင်းလဲလာသလို သူတို့နှစ်ယောက်ကြားမှာလည်း နားလည်မှုတွေရှိနေပြီလို့ ဆိုပါတယ်။
လခစားဝန်ထမ်းမဟုတ်တဲ့ သူ့အနေနဲ့ အိမ်ကို လစဉ်မထောက်ပံ့နိုင်တဲ့အခါ မိခင်ဖြစ်သူက “အမေတို့ကို တလ တသိန်း လောက်ထောက်ပံ့နိုင်ရင် ကောင်းမှာ” လို့ ပြောတဲ့အချိန်မျိုးဆို စိတ်မကောင်းဖြစ်ရပြီး “ကိုယ်လည်းထောက်ပံ့ချင်တာပေါ့” လို့ သူက ရေရွတ်တယ်။
ကျောင်းအတူပြီးကြတဲ့ သူငယ်ချင်းတွေ ဒု-ဦးစီးမှူး၊ ဦးစီးမှူး စသဖြင့် ရာထူးကိုယ်စီ ဖြစ်နေကြပေမယ့် ဘာရာထူးဂုဏ်မှ တပ်စရာမရှိသေးတဲ့ သမီးဖြစ်သူကိုု အားမလိုအားမရဖြစ်တာကလွဲလို့ သူရွေးချယ်တဲ့လမ်းကြောင်းကို အတင်းဝင်စွက်ဖက် တာမျိုး မလုပ်ဘဲ ဗဟုသုတကြွယ်တဲ့ ဖခင်ဖြစ်သူနဲ့ တိုင်ပင်ဖို့ ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။
“ကိုယ့်အလုပ်က အမြဲတမ်းမရှိတော့ ပိုက်ဆံက လတိုင်းမဝင်ဘူး။ အလုပ်ရှိတဲ့အချိန်မှာ ငါးသိန်းခြောက်သိန်းထောက်ပံ့ လိုက်တယ်။ ဒါပေမယ့် ကိုယ်လည်း တကျပ်မှ မဝင်တဲ့အခါ တကျပ်မှ မထောက်ပံ့နိုင်ဘူး” လို့ သူက ပွင့်ပွင့်လင်းလင်း ပြော ပြတယ်။
Sugar & Spice မှတ်တမ်းရုပ်ရှင် ဆုတွေရတဲ့အထဲက ငွေကျပ် သိန်း ၅၀ တလုံးတခဲတည်း ကန်တော့နိုင်ခဲ့ချိန်ကတော့ သူ့ ဘဝအတွက် အမှတ်တရဖြစ်သလို မိဘတွေလည်း ဝမ်းသာပျော်ရွင်ခဲ့တာမို့ သူ ကျေနပ်မိတယ်လို့ ဆိုတယ်။
ရှေ့ဆက်ပြီး သူ့အနေနဲ့ ရိုက်ကူးရေးအပြင် ပိုမိုစိတ်ဝင်စားတဲ့ တည်းဖြတ် (Editing) ပိုင်းကိုလည်း သင်ယူပြီး Professional Editor ဖြစ်အောင် ကြိုးစားသွားမှာမို့ လက်ရှိလုပ်နေတဲ့ YFS ရဲ့ Student Editor အနေနဲ့ Freelance ဆက်လုပ်နေဖြစ်အုံး မယ်လို့ သူက ပြောပါတယ်။
စိတ်ထဲ အရမ်းအာသီသဖြစ်ပြီး အမှန်တကယ် ရိုက်ကူးချင်တဲ့ အကြောင်းအရာပေါ်လာရင်တော့ မှတ်တမ်းရုပ်ရှင်တွေ၊ ဇာတ်လမ်းတိုတွေ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။
အိမ်ထောင်စပြုကတည်းက သားသမီး ၃ ယောက် အရွယ်ရောက်တဲ့အထိ အိမ်သေးသေးလေးမှာ နေထိုင်ရတဲ့ မိခင်ဖြစ်သူ က သူ မသေခင် တိုက်နဲ့နေချင်တယ်ဆိုတဲ့ မိခင်ဖြစ်သူရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးချင်သလို မပူမပင်ရတဲ့အခြေအနေ မျိုးအထိ မိဘတွေကို ထောက်ပံ့ပေးချင်တယ်လို့ မီမီလွင်က ဖွင့်ဟပြောတယ်။
“အရင်တုန်းကတော့ အလုပ်မရှိဘူးဆို အိမ်ပြန်ပြန်ပြေးတယ်။ အခုတော့ မပြေးတော့ဘူး။ ဒီမှာပဲနေမယ်။ freelance လုပ် မယ်။ အိမ်ကို ထောက်ပံ့ပေးမယ်” လို့ သူ့စိတ်ကူးတွေကို ပြောပြပါတယ်။
ရန်ကုန်မြို့တော်ကို ယောင်လည်လည်နဲ့ ခြေချခဲ့တဲ့ မီမီလွင်တယောက် ခုချိန်မှာတော့ နိုင်ငံတကာက အသိအမှတ်ပြုရတဲ့ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ မီမီလွင် ဖြစ်လို့နေပါပြီ။ ။