“တကယ်တမ်းမှာတော့ နို့တလုံးဖိုး မပြောနဲ့။ မိခင်ရဲ့ နို့ရည်တစက်ကိုတောင် ဒီကမ္ဘာပေါ်မှာ မတီထွင်နိုင်သေး ဘူး။ ဒါဟာ နို့တစက်ရဲ့ တန်ဖိုးပဲရှိသေးတယ်။ ရာသီသွေး၊ သားအိမ်တို့ လူဖြစ်အောင်လုပ်တဲ့ ခွန်အားတွေနဲ့ ဖန်တီး ပြုလုပ်ထားတဲ့ ပုံစံနည်းစနစ်တွေ၊ အမျိုးသမီးတွေရဲ့အင်္ဂါတွေ၊ တကိုယ်လုံးက သူ့စနစ်နဲ့သူ လည်ပတ်နေ တာ တကယ်အံ့မခန်းပဲ”
ခေတ်အဆက်ဆက် လူတွေယူဆထားခဲ့ကြတဲ့ အမျိုးသမီးတွေ သဘာဝအရ လစဉ်လာတဲ့ ဓမ္မတာ၊ ရာသီသွေးဟာ မသန့်ရှင်းဘူး၊ ယုတ်ညံ့တယ်ဆိုတဲ့ အတွေးအခေါ်ကို အချက်အလက် ခိုင်ခိုင်မာမာနဲ့ ဆန့်ကျင်လိုက်သူကတော့ “အခရာ”အမျိုးသမီးအဖွဲ့တည်ထောင်သူ မထားထားပါ။
“တကယ်တော့ ရာသီသွေးသည် အလွန်သန့်ရှင်းသောသွေး၊ အလွန်လတ်ဆတ်သောသွေး၊ ရင်သွေးတွယ်ကပ်ဖို့ အာဟာရများနဲ့ပြည့်စုံတဲ့သွေး၊ နူးညံ့လွန်းလို့ ရင်သွေးလေးတွေ တွယ်ကပ်နေနိုင်တာဖြစ်တယ်” လို့ ဒေါ်ထားထားက သူ့ခံယူချက်အပေါ် အခိုင်အမာရပ်တည်ရင်း ပြောပါတယ်။
လူသားတိုင်း ဘဝအစမှာ မဖြစ်မနေ နေထိုင်ကြရတဲ့ အသက်ရှင်သန်မှုရဲ့အစ၊ မိခင်တို့ရဲ့သားအိမ်ထဲက ရာသီ သွေးဟာ အလွန်သန့်စင်တဲ့ သွေးဖြစ်ပြီး ရာသီသွေးရဲ့ ၇၅ ရာခိုင်နှုန်းဟာ သွေးလွှတ်ကြောကနေလာတာဖြစ်လို့ သွေးပြန်ကြောက လာတဲ့သွေးထက် သွေးလွှတ်ကြောက လာတဲ့သွေးက ပိုသန့်ရှင်းလတ်ဆတ်တယ်လို့ သူမက ဆိုပါတယ်။
မထားထားဟာ ၂၀၀၈ ခုနှစ်မှာစတင်ပြီး အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖြစ်တည်မှုကို လေ့လာဆန်းစစ်ခဲ့သူ ဖြစ်ပါ တယ်။ အခုတော့ အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုပေါ်အခြေခံပြီး အမျိုးသမီးဖြစ်မှုရဲ့တန်ဖိုးကို လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုနဲ့အတူ သင်ကြားပေးနေတဲ့ သင်ရိုးညွှန်းတန်းတခုကို ကိုယ်တိုင်ဖော်ထုတ်ခဲ့ပြီဖြစ်ပါတယ်။
သူဟာ အမျိုးသမီးတွေ သဘာဝအရ ပိုင်ဆိုင်ထားတဲ့ သားအိမ်၊ ရာသီသွေး၊ မိခင်တို့ရဲ့ နို့ရည်တွေဟာ ကမ္ဘာ ပေါ်မှာရှိတဲ့ ယနေ့ခေတ် အတော်ဆုံးသိပ္ပံပညာရှင်တွေတောင် မတီထွင်နိုင်သေးတာမို့ ဒါတွေဟာ အလွန်ထူး ဆန်းတဲ့ အံ့မခန်းအစိတ်အပိုင်းတွေ ဖြစ်တယ်ဆိုတာ နားလည်သိရှိခဲ့ပြီး အယူအဆအမှားတွေကို စတင် တော် လှန်ခဲ့သူပါ။
ကလေးငယ်တယောက်ဟာ မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာရှိစဉ် မိခင်စားသုံးလိုက်တဲ့အစာတွေကို ရာသီသွေးကတဆင့် စုပ်ယူပြီး အသက်ရှင်နေနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါအပြင် ကလေးမွေးပြီးတာနဲ့ ကလေးအတွက် ပြီးပြည့်စုံတဲ့ အာဟာရ ဖြစ်စေတဲ့နို့ရည်ကို နှစ်နာရီခြား တခါလွှတ်ပေးဖို့ သဘာဝတရားက ဖန်တီးပေးထားတာတွေဟာ အင်မတန်မှ စနစ်ကျလွန်းလှပါတယ်။
လူတွေတင်စားပြီး သုံးနှုန်းကြတဲ့ မိခင်ရဲ့ကျေးဇူးကို နို့တလုံးဖိုးကျေအောင်ဆပ်ဖို့ မစဉ်းစားခင်မှာ မိခင်နို့ရည် တစက်ရဲ့တန်ဖိုးကို အရင်သိဖို့လိုတယ်လို့ သူက ထောက်ပြပါတယ်။
ဒါတွေကို သူအသက် ၃၇ နှစ်အရွယ် ကလေးတယောက်မိခင်ဖြစ်လာချိန်မှာ စတင်သိရှိလာပြီး အမျိုးသမီးတွေ ဟာ နိမ့်ကျတယ်ဆိုတဲ့ သိမ်ငယ်စိတ်လည်း ပျောက်သွားလို့ သူ့ဘဝအတွက် ရဲရင့်တဲ့စိတ်ခွန်အားတွေ ဖြစ်စေ ခဲ့ပါတယ်။ ဒါကြောင့် လေ့လာထားချက်တွေကို သူ့အိမ်မှာပဲ အမျိုသမီးတွေ၊ မိခင်တွေကို ပြန်လည် မျှဝေရင်း “အခရာ”ဆိုတဲ့ အမျိုးသမီးအဖွဲ့လေး စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
“အခရာ”အမျိုးသမီးအဖွဲ့ဟာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကို အစိုးရနဲ့အတူ ပူးပေါင်းကာကွယ်ပြီး လိုအပ်တဲ့ ဝန်ဆောင်မှုတွေပေးနေတဲ့ မြန်မာနိုင်ငံက အဖွဲ့အစည်းတခုဖြစ်သလို ကျားမတန်းတူညီမျှမှုအတွက် လိင်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ အသိပညာပေးနေတဲ့အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။
အခုလို ကျားမ မညီမျှမှုတွေ လိင်ပိုင်းဆိုင်ရာအကြောင်းတွေ ပြောကြတဲ့အခါ သူ့အတွက် စိန်ခေါ်မှုကတော့ သူ့ရဲ့ အိမ်(မိသားစု) ပဲဖြစ်တယ်လို့ဆိုပါတယ်။
“အခက်ခဲဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး ကျော်လွှားရတဲ့နေရာက အိမ်ထဲမှာ..။ ကျားမတန်းတူ မညီမှုဆိုတာ ကိုယ့်အိမ် ထဲမှာပဲ ရှိနေတာလေ။ ကိုယ်အိမ်ထဲမှာပဲ စိန်ခေါ်မှုက အရင်ဆုံးစတာ။ အိမ်ထဲမှာ စိန်ခေါ်မှုတွေရှိတဲ့အတွက်၊ အိမ်ထဲမှာ တန်းတူညီမျှမှုကို တကယ်ရသွားတဲ့အတွက် အဲ့ဒါတွေသည် ကျမသင်ရိုးညွှန်းတန်း ထုတ်တဲ့အခါမှာ တကယ့်ကို လက်တွေ့ဘဝကလာတဲ့ သင်ရိုးဖြစ်သွားတယ်။ အခက်ခဲဆုံးစိမ်ခေါ်မှုက မိသားစုအတူနေတဲ့ အိမ်ထဲ မှာပဲ” လို့ သူမကပြောပါတယ်။
နောက်ထပ်စိန်ခေါ်မှုတခုကတော့ လူတွေက ညစ်ညမ်းတယ်လို့ ယူဆထားကြတဲ့ လိင်ပိုင်းဆိုင်ရာအကြောင်း အရာတွေ၊ စကားလုံးအသုံးအနှုန်းတွေကို အမျိုးသမီးတယောက်အနေနဲ့ ပြောပြနေရခြင်းပဲဖြစ်ပါတယ်။
လူမှုပတ်ဝန်းကျင်က လိင်ပညာပေးလိုအပ်တယ်လို့ ပြောနေပေမယ့်လည်း ကျားမတန်းတူညီမျှမှုဆိုတဲ့ ဂျန်ဒါ ခေါင်းစဉ်ကိုသာ ဦးစားပေးလေ့ရှိပြီး လိင်အကြောင်းအရာ ဆွေးနွေးဖို့ကိုတော့ တွန့်ဆုတ်နေတတ်ကြပါတယ်။
“ခေါင်းစဉ်ကြီးကသာ လိင်ပိုင်းဆိုင်ရာဖြစ်နေတာ တကယ်တော့ ကျားမတန်းတူညီမျှမှုရယ် အကြမ်းဖက်မှုရယ် အဲ ဒါတွေပဲ။ အစက အန်ဂျီအိုတွေ၊ အိုင်အန်ဂျီအိုတွေက လက်မခံဘူး။ ဒါကအရေးကြီးတယ်ဆိုပေမယ့် ဂျန်ဒါက ပို အရေးကြီးတယ်။ လိင်က နောက်မှပေါ့။ ၂၀၁၄ ခုနှစ်လောက်မှာတော့ INGO တွေ ဘာတွေက စပြီးတော့ နားထောင်လာတယ်။ သင်တန်းတွေ ပေးခိုင်းလာတယ်။ ၂၀၁၅ – ၁၆ ခုနှစ်လောက်မှာ အစိုးရဝန်ထမ်းနဲ့ ပြည်ပက အဖွဲ့အစည်းတွေကပါ ကျမတို့ကိုခေါ်ပြီးတော့ သင်တန်းပေးခိုင်းတယ်။ လိင်ပိုင်းဆိုင်ရာဆိုတဲ့ ခေါင်းစဉ်တခုကပဲ စိမ်ခေါ်မှုဖြစ်နေတာ”
သူဟာ အသက် ၃၅ နှစ်မှာ အိမ်ထောင်ကျပြီး အခုဆိုရင် သမီးတယောက်နဲ့ သားတယောက် ရရှိနေပါပြီ။ သူ က သားနဲ့သမီးကြားမှာ ဘယ်သူကတော့ မြင့်မြတ်တယ်။ ဘယ်သူကတော့ ဘုန်းရှိတယ်ဆိုတာမျိုးကို ဘယ် တော့မှ မသင်ကြားပဲ သားဖြစ်သူဆိုရင်လည်း မိခင်ရဲ့ ခန္ဓာကိုယ်အကြောင်း နားလည်ပြီး မိခင်ကို တန်ဖိုးထား တတ်ဖို့ အမျိုးသမီးတိုင်းကို တန်ဖိုးထားတတ်ဖို့ သင်ကြားပေးသလို သမီးဖြစ်သူကိုလည်း အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ တန်ဖိုးရှိတဲ့အတွက် သိမ်ငယ်စရာမလိုဘဲ ကိုယ့်ကိုကိုယ်ဂုဏ်ယူတတ်ဖို့ဆိုတာတွေကို သင်ကြား ပေးလေ့ရှိပါတယ်။
“တကယ်တော့ သမီးလေးကြီးလာရင် ကိုယ့်ကိုကိုယ်တန်ဖိုးထားနော်ဆိုပြီး တန်ဖိုးရှိသလိုလိုနဲ့ ပြောနေပေမယ့် အဲဒီကိုယ်ခန္ဓာကို ပတ်ရတဲ့ ထမီကို သားတွေက သွားရုတ်ပေးရတာကအစ မထိသင့်ဘူး၊ မကိုင်သင့်ဘူးဆိုပြီး နိမ့်ကျဆိုတဲ့ပုံစံနဲ့ ပြောကြပြန်ရော။ အခုကျမအိမ်မှာဆိုရင် ယောက်ျားလေး၊ မိန်းကလေး၊ သူ့တန်ဖိုးနဲ့သူပေါ့။ ကျမသားသည် ကျမရဲ့ဘောင်းဘီကို လျှော်ပေးဖို့တို့ ထဘီကိုယူပေးဖို့တို့ဆိုတာ ယုတ်ညံ့တယ်လို့ သူ့ စိတ်ကူးထဲမှာတောင် မရှိဘူး။ အဲဒီတော့ အမျိုးသမီးတွေကိုလည်း ယုတ်ညံတယ်လို့မထင်တော့ဘူး။ တန်ဖိုးထား လေးစားတတ်လာတယ်” လို့ မထားထားက ပြောတယ်။
အမျိုးသမီးတွေကို ယုတ်ညံ့တယ်၊ နိမ့်ကျတယ်ဆိုတဲ့ အတွေးအခေါ်တွေက တဆင့် ကျားမမညီမျှမှုတွေကို ဖြစ်ပေါ် စေတယ်လို့ သူက အခုလိုဆက်ပြောပါတယ်။
“ကျမတို့ကိုနိမ့်ကျတယ်၊ ညစ်ပတ်တယ်ဆိုတဲ့ အယူအဆတွေနဲ့ လှောင်အိမ်ထဲမှာ ထည့်ထားတယ်။ အမျိုးသမီး ထမီက၊ အမျိုးသားလုံချည်နဲ့ တန်းမတူဘူးဆိုတဲ့ အယူအဆတွေကြောင့် အခုလို အတွေးအခေါ်တွေ ဖြစ်လာပါ တယ်။ အဲဒီအတွေးအခေါ်တွေက နိမ့်ကျပါတယ်လို့ဆိုနေမှတော့ နိမ့်ကျတဲ့လူကို မလေးစားတာ ကျမတို့ လူမှု ထုံးစံရဲ့ သဘာဝပဲဖြစ်တယ်။ အဲဒီကနေပြီး နောက်တဆင့် အမျိုးသမီးဖြစ်ခြင်း၊ အမျိုးသားဖြစ်ခြင်းဆိုတာတွေ ကြည့်ပြီး ခွဲခြားမှုတွေဖြစ်လာတယ်”
အဲဒါအပြင် မြန်မာ့လူ့အဖွဲ့အစည်းမှာ ကလေးတယောက်ရဲ့ ဝေယျာဝစ္စတာဝန်တွေဟာ မိခင်တွေနဲ့သာ သက်ဆိုင်တယ်လို့ ယူဆတတ်ကြပြန်ပါတယ်။ ဖခင်တွေရဲ့တာဝန်ကတော့ စီးပွားရှာဖို့တခုတည်းသာဖြစ်နေပြီး ဖခင်ဟာ ကလေးပြုစုစောင့်ရှောက်မှုတွေနဲ့ မသက်ဆိုင်ဘူးလို့ ရှုမြင်ထားကြပါတယ်။
ကလေးနဲ့ ဆော့ကစားတာကအစ ကလေးရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတာတွေဟာ မိခင်တွေအပေါ် မှာပဲ မူတည်နေပြီး ဖခင်ဆိုတာကတော့ ကလေးရှိလို့ ဖခင်အဖြစ် နာမည်သာပြောင်းသွားတာမို့ သူတို့ရဲ့ တာ ဝန်တွေကို ကြည့်ရင် ဖခင်မဖြစ်ဘူးလို့ သူမက ဆိုလိုက်ပါတယ်။
သူဟာ သူ့ခင်ပွန်းဖြစ်သူကို ဖခင်တယောက်ဖြစ်လာစေဖို့ စည်းရုံးခဲ့ရတာကိုလည်း အခုလို ပြောပါတယ်။
“အမျိုးသားကို ကလေးတွေကို အချိန်ပေးဖို့ နည်းပေါင်းစုံနဲ့ စည်းရုံးရတယ်။ ကိုယ်ပိုင်လေ့လာချက်တွေ၊ သုတေ သနစာတမ်းတွေနဲ့ပေါ့။ မြန်မာပြည်မှာ ကလေးတွေကို မိဘနှစ်ပါးစလုံးက အချိန်မပေးတဲ့အတွက် ကလေးတွေရဲ့ တိုးတက်မှုက အရမ်းနည်းတယ်။ တိုးတက်သင့်သလောက် မတိုးတက်ဘူး။ အဖေတွေက မိသားစုအတွက် အလုပ် လုပ်တယ်ဆိုပြီး ပိုက်ဆံတွေရှာပြီးတော့ အဖေက အိမ်ထဲမှာပျောက်နေတယ်။ အဲဒါက ပြီးပြည့်စုံတဲ့ဘ၀ မဟုတ် ဘူး။ အခုဆိုရင် အမျိုးသားက သူကိုယ်တိုင် အမျိုးသမီးရေး နားလည်ယုံကြည်သူ (Feminist) ဖြစ်သွားတဲ့အပြင် သူ့သူငယ်ချင်းတွေကိုလည်း အမျိုးသားတွေ ဖခင်ဖြစ်ဖို့ကို ပြန်ပြီးမျှဝေပေးနေတယ်။ ယောကျ်ားတွေ အဖေ/ ဖခင်ဖြစ်ရေး၊ ယောကျာ်းတွေအနိုင်မကျင့်ရေး၊ စသဖြင့် ယောကျာ်းတွေဖက်ကနေ လုံးဝတက်ကြွလှုပ်ရှားသူဖြစ်လာပြီ” လို့ ဆိုပါတယ်။
သူ့ရဲ့ခံယူချက်ကတော့ ကျားမတန်းတူညီမျှမှု ရရှိဖို့အတွက် ကိုယ့်မိသားစု၊ ကိုယ့်အိမ်ထဲမှာ ပြောင်းလဲမှုကို စတင်ရမယ်ဆိုတာပါ။ အိမ်မှာအပြောင်းအလဲကို လုပ်ဆောင်နေရသလို တဖက်မှာလည်း အဖွဲ့အစည်း လူမှုဝန်း ကျင်ရဲ့ မမှန်ကန်တဲ့ စံသတ်မှတ်ချက်တွေကို ပြောင်းလဲဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ရာသီသွေးဟာ မသန့်ရှင်းဘူး၊ ပုတ်တယ်၊ နံတယ်၊ ညစ်ပတ်တယ်ဆိုရင် အင်မတန်မှ နှုးညံ့ လှတဲ့ သန္ဓေသားလောင်းဟာ မိခင်ရဲ့သားအိမ်ထဲမှာ ကပ်တွယ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကို ပြန်တွေးကြည့်ဖို့ လိုသလို ရာသီသွေးကြောင့် အမျိုးသမီးတွေကို ဖိနှိပ်ခွဲခြားထားတဲ့ အယူအဆ သတ်မှတ်ချက်တွေဟာ မှန်မမှန် မိခင်နဲ့ သန္ဓေသားဖြစ်တည်မှုကို လေ့လာဆန်းစစ်ရင်း အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကို တန်ဖိုးထားလေးစားဖို့ မထားထားက အခုလို တိုက်တွန်းထားပါတယ်။
“အံ့သြဖွယ်ကောင်းလောက်အောင် လူသားတဦးရှင်သန်ဖြစ်တည်လာဖို့ စွမ်းဆောင်ပေးတဲ့ မိခင်တွေရဲ့ ခန္ဓာ ကိုယ်ကို တန်ဖိုးထားပြီး မိခင်ရဲ့သားအိမ်ထဲက ရာသီသွေးဟာ သန့်ရှင်းလတ်ဆတ်တဲ့သွေးဖြစ်တယ်လို့ အမြင် ပြောင်းတွေပြောင်းလို့ မိခင်တွေကို ဂုဏ်ပြုလိုက်ကြရအောင်” လို့ သူက ပြောဆိုလိုက်ပါတယ်။
ဖော်ပြပါဆောင်းပါး ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ် လုပ်ဆောင်သည့် HI (honesty Infromation မှ ကူးယူဖော်ပြခြင်းဖြစ်သည်။