ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) အရ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းဆောင်တာတွေမှာ ကျားမရေးရာရှု့ထောင့်ကို ထည့်သွင်းပေါင်းစပ်ခြင်း ပါဝင်ပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ်ကိုလည်း မြေပြင်ဆောင်ရွက်ချက်များမှာ ကျားမရေးရာ အခန်းကဏ္ဍကို ထည့်သွင်းဖော်ပြဖို့ တိုက်တွန်းထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းဆောင်တာများဆိုင်ရာ High-Level Independent Panel ကလည်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေးဆိုင်ရာ မစ်ရှင်များမှာ အမျိုးသမီးများ ပါဝင်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းများ မြင့်တက်လာရေးတို့အတွက် အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးထိန်းသိမ်းရေးလုပ်ငန်းဆောင်တာများမှာ တွေ့ရှိချက်များအရ ယူနီဖောင်းဝတ်အမျိုးသမီး ဝန်ထမ်းများဟာ ဒေသခံအမျိုးသမီးများနဲ့ မိန်းကလေးငယ်များရဲ့ ယုံကြည်မှုကို ရရှိကြခြင်း၊ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးလုပ်ငန်းများမှ လိုအပ်ချက်များကို တုန့်ပြန်ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို တွေ့ရှိရပါတယ်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအား ငြိမ်းချမ်းရေး ထိန်းသိမ်းရေးမစ်ရှင်များတွင် ထည့်သွင်းသော တိုင်းပြည်များ အနေဖြင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံအဆင့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ အဆိုပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ခြင်းနှင့် အမျိုးသား လုံခြုံရေးကဏ္ဍတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေခြင်း တို့ အတွက် ဆောင်ရွက်သင့်ပြီး၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး အနေဖြင့် ကျားမရေးရာ ထည့်သွင်းစဉ်းစားသော တပ်နှင့် ရဲတပ်ဖွဲ့ မျိုးဆက်သစ် မဟာဗျူဟာများအား ဖော်ထုတ်သင့်ကြောင်း အကြံပြုထားကြပါတယ်။
အမျိုးသမီးယူနီဖောင်းဝတ် ဝန်ထမ်းများအား အလုပ်ခေါ်ယူခြင်း၊ ခန့်ထားခြင်း၊ ဝန်ထမ်းမြဲစေရန် ဆောင်ရွက်ခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းများ လုပ်ဆောင်သင့်ကြောင်းကိုလည်း ဖော်ပြထားကြပါတယ်။
လက်ရှိ ငြိမ်းချမ်းရေး မစ်ရှင်များမှာ အမျိုးသမီး စစ်ဘက်ဝန်ထမ်းများရဲ့ တာဝန်ထမ်းဆောင်မှုက အလွန် နိမ့်ပါးနေပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်များမှာ အမျိုးသမီး စစ်ဘက်ဝန်ထမ်း ၃ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး၊ အများစုကတော့ အထောက်အကူပြုသူများသာ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ၁ ရာခိုင်နှုန်းသာ ရှိတာမို့ အနည်းငယ်တော့ တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို နည်းပါးရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ စစ်သည်များ ပို့ဆောင်တဲ့ နိုင်ငံတွေရဲ့ စစ်တပ်တွေမှာ အမျိုးသမီးစစ်ဘက်ဝန်ထမ်းများ နည်းပါးလို့ပဲ ဖြစ်ပါတယ်။
သက်ဆိုင်ရာ တိုင်းပြည်အလိုက် အမျိုးသမီးစစ်ဘက်ဝန်ထမ်း များပြားတဲ့ နိုင်ငံတွေကျတော့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်တွေမှာ စစ်ဘက်ဝန်ထမ်း အနည်းအကျဉ်းသာ ပို့တဲ့ နိုင်ငံများ ဖြစ်နေပါတယ်။ ဥရောပနဲ့ အမေရိကမြောက်ပိုင်းက တိုင်းပြည်တွေက အမျိုးသမီး စစ်ဘက်ဝန်ထမ်း ၈ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ဥရောပသမဂ္ဂ၊ အိုအက်စ်စီအီးနဲ့ နေတိုးအဖွဲ့များထံမှာ တာဝန်ပေးလေ့ရှိတတ်ပါတယ်။ ဇင်ဘာဘွေနဲ့ ဘဲလ်လရတ်စ်တိုင်းပြည်များကတော့ အမျိုးသမီး ကိုယ်စားပြုမှုကို လေးဆယ်ရာခိုင်နှုန်းအထိ တာဝန်ပေးတတ်ပါတယ်။ အချို့တိုင်းပြည်များကလည်း ကျားမရေးရာ ညီမျှမှု (gender balance) ဖြစ်အောင် လုပ်ဆောင်နေကြပါတယ်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှုမှာ အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍကို ကုလသမဂ္ဂရဲ့ မူဘောင်များမှာသာမက မြေပြင်မှာရှိတဲ့ တပ်မှူးများကပါ မစ်ရှင်အောင်မြင်ရေးအတွက် အရေးကြီးကြောင်း အသိအမှတ်ပြုကြ ပါတယ်။ အမျိုးသမီး ငြိမ်းချမ်းရေး ထိန်းသိမ်းသူများက စွမ်းရည်များနဲ့ အရည်အချင်းများကို ပိုမိုကျယ်ပြန့်စွာ သယ်ဆောင်လာနိုင်ရုံမက လုပ်ငန်းဆောင်တာများ ထိရောက်မှုကိုပါ ဆောင်ရွက်နိုင်ကြောင်း တပ်မှူးများက အသိအမှတ်ပြုထားကြပါတယ်။ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုများမှာ အမျိုးသမီးများ ပါဝင်ခြင်းဖြင့် မစ်ရှင်ရဲ့ ပုံရိပ်ကို တိုးတက်စေခြင်း၊ ဒေသခံပြည်သူများက လက်ခံခြင်း၊ ဒေသခံပြည်သူများက လက်လှမ်းမှီ၍ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရှိကြောင်းကိုလည်း ဖော်ကျူးထားကြပါတယ်။
အမျိုးသမီး ငြိမ်းချမ်းရေးထိန်းသိမ်းသူများဟာ သက်ဆိုင်ရာတိုင်းပြည်အလိုက် အမျိုးသမီး လူမှုအသိုက်အဝန်းကို လက်လှမ်းမှီနိုင်တာကြောင့် အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်နိုင်မယ့် မဟာဗျူဟာများ ဖော်ထုတ်နိုင်ခြင်း၊ ကြိုတင်ကာကွယ် သတိပေးစနစ်အတွက် စွမ်းရည်များ ဖြည့်ဆည်းပေးနိုင်ခြင်း စတဲ့ ရည်မှန်းတာဝန်များကိုလည်း အောင်မြင်စွာ ထမ်းဆောင်နိုင်ပါတယ်။
အမျိုးသမီး စစ်ဘက်ရေးရာ အရာရှိများကို ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ငယ်များနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ငယ်များမှာလည်း ခန့်အပ်ထားရှိလေ့ရှိကြပါတယ်။ အရပ်ဘက်စစ်ဘက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရေးမှာလည်း အမျိုးသမီး အရာရှိများရဲ့ စွမ်းပကားကို အသုံးပြုလေ့ရှိကြပါတယ်။ အမျိုးသမီး အရာရှိများ ပါဝင်ခြင်းဖြင့် အရပ်သားများရဲ့ စိတ်ခံစားမှုမှာ ထိပ်တိုက်တွေ့ဆုံခြင်းနဲ့ ခြိမ်းချောက်မှု လျော့နည်းစေနိုင်ကြောင်း သုတေသနများမှာ ဖော်ပြထားကြပြီး၊ လုံခြုံရေးအရ ခန္ဓာကိုယ်ရှာဖွေခြင်း ပြုလုပ်ရာမှာလည်း အမျိုးသမီးများ ပါဝင်ခြင်းက ပိုမိုအကျိုးရှိကြောင်း လေ့လာတွေ့ရှိထားကြပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ်၊ ငြိမ်းချမ်းရေးထိန်းသိမ်းရေး လုပ်ငန်းဆောင်တာ ဖော်ဆောင်ရေး ဌာနတွေကလည်း စစ်ဘက်ရေးရာ အကြံပေးဌာနမှတဆင့် ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ် စေလွှတ်တဲ့ တိုင်းပြည်တွေအားလုံးကို သက်ဆိုင်ရာ စစ်တပ်တွေရဲ့ အမျိုးသမီးပါဝင်မှုနဲ့ တူညီသော ရာခိုင်နှှုန်းအတိုင်း ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်မှာ ထည့်ဝင်ပေးဖို့ တောင်းဆိုထားကြပါတယ်။ စစ်ဘက်ရေးရာဌာနမှာ အချိန်ပြည့် တာဝန်ထမ်းဆောင်ဖို့အတွက် စစ်ဘက်ဆိုင်ရာ ကျားမရေးရာ အကြံပေး တဦးကိုလည်း ဗိုလ်မှူးကြီးတာဝန်ပေးပြီး ခန့်အပ်ထားခဲ့ပါတယ်။ အဆိုပါဌာနမှတဆင့် အမျိုးသမီးစစ်ဘက်ဆိုင်ရာ ငြိမ်းချမ်းရေးထိန်းသိမ်းသူများ ကွန်ရက်ကို ဖွဲ့စည်းထားရှိပြီး၊ လိုအပ်သော အပြန်အလှန် ထောက်ကူပြုမှုများ၊ သင်တန်းများ၊ အရေးဆိုမှုများတွေ ပြုလုပ်ခဲ့ကြပါတယ်။
UN Women အဖွဲ့ကလည်း အမျိုးသမီး အရာရှိများကို ၂ ပတ်ကြာ သင်တန်းများပေးခဲ့ပြီး၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။ လုံခြုံရေးကောင်စီရဲ့ မစ်ရှင်ခွင့်ပြုချက်များ မှာလည်း စစ်ဘက်ရေးရာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ ပို့ဆောင်ပါက အမျိုးသမီး ကိုယ်စားပြုမှုပါဝင်ရန် အကြံပြုထားခဲ့ပါတယ်။ အကြံပြုချက်များသာ ဖြစ်တဲ့အတွက် မဖြစ်မနေ ဖော်ဆောင်ရေး ယန္တရားတော့ မဟုတ်သေးပါဘူး။
ငြိမ်းချမ်းရေး ထိန်းသိမ်းရေးမစ်ရှင်တွေမှာ စစ်ဘက်ရေးရာ အရာရှိများသာမက ရဲတပ်ဖွဲ့အရာရှိများလည်း ပါဝင်ပါတယ်။ ၂၀၀၀ ခုနှစ်မှာ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ ကို ချမှတ်နေချိန်မှာပဲ Lyn Holland ဆိုတဲ့ အမေရိကန်အမျိုးသမီးတဦးဟာ ငြိမ်းချမ်းရေးမစ်ရှင်မှာ ရဲဘက်ဆိုင်ရာကို တာဝန်ထမ်းဆောင်တဲ့ ပထမဆုံး အမေရိကန်အမျိုးသမီး ဖြစ်ပြီး၊ ကိုဆိုဗိုမှာ အခြေစိုက်တဲ့ ငြိမ်းချမ်းရေးမစ်ရှင်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက တာဝန်ကလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများကို ကူညီစောင့်ရှောက်ပေးဖို့ ဖြစ်ပါတယ်။
ကိုဆိုဗိုငြိမ်းချမ်းရေးမစ်ရှင်မှာပဲ ပါကစ်စတန်က အမျိုးသမီးရဲအရာရှိ Shahzadi Gulfam ဆိုသူ ပါဝင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးမစ်ရှင်မှာ တာဝန်ထမ်းဆောင်တဲ့ ပထမဆုံး အမျိုးသမီးရဲအရာရှိဖြစ်ပြီး၊ ကိုဆိုဗိုရဲတပ်ဖွဲ့မှာ အမျိုးသမီး ရဲဝန်ထမ်းများ ပါဝင်ဖို့ တာဝန်ယူခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်၊ လိုင်ဘေးရီးယားမစ်ရှင်မှာလည်း အိန္ဒိယက အမျိုးသမီး သီးသန့်ရဲတပ်ဖွဲ့ယူနစ်က တာဝန်လာရောက် ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အခြားနိုင်ငံများမှ ရဲတပ်ဖွဲ့ဝင် အမျိုးသမီးများလည်း ထပ်မံလာရောက်ခဲ့ကြပါတယ်။ ဒီလို အမျိုးသမီးသီးသန့် ရဲတပ်ဖွဲ့အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် လိုင်ဘေးရီးယား အမျိုးသမီးများကလည်း ရဲတပ်ဖွဲ့ထဲဝင်ဖို့ အားတက်ခဲ့ပြီး၊ လိုင်ဘေးရီးယား ရဲတပ်ဖွဲ့အတွင်းမှာ အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု မြင့်တက်လာခဲ့ပါတယ်။
ဟေတီးမှာလည်း အမျိုးသမီးရဲတပ်ဖွဲ့ဝင်များစွာကို နော်ဝေနဲ့ ကနေဒါက အမျိုးသမီးရဲတပ်ဖွဲ့ဝင်များက လေ့ကျင့်သင်ကြားပေးခဲ့ရပါတယ်။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကာကွယ်တားဆီးနိုင်ရေးအတွက် ဖြစ်ပါတယ်။ နော်ဝေနိုင်ငံကနေ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်များကို စေလွှတ်တဲ့ ရဲအရာရှိများမှာလည်း အမျိုးသမီး ၃၅ ရာခိုင်နှှုန်း ပါဝင်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး ထိန်းသိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့ရုံးကလည်း အဖွဲ့ဝင်နိုင်ငံများမှ ရဲတပ်ဖွဲ့ဝင်များ စေလွှတ်ရာမှာ သက်ဆိုင်ရာ နိုင်ငံအလိုက် ရဲတပ်ဖွဲ့များရဲ့ အမျိုးသမီးအချိုးအစား ပါဝင်မှုအတိုင်း စေလွှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်သစ်များအား ခေါ်ယူခြင်းဆိုင်ရာ မူဝါဒများအား ပြန်လည်သုံးသပ်ခြင်း၊ တာဝန်ချထားရာတွင် မတူညီကွဲပြားမှုများနှင့် အတားအဆီးအခက်အခဲများ မရှိစေရန် ဆောင်ရွက်ခြင်း စတာတွေကို သမှတ်မှတ်စံနှှုန်းများနှင့် အညီ ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားထားပါတယ်။
ကုလသမဂ္ဂရဲ့ ရဲတပ်ဖွဲ့အတွင်းမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ သိသာထင်ရှားစွာ ပေါ်လွင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါတယ်။ အမျိုးသမီးရဲတပ်ဖွဲ့ဝင် ငြိမ်းချမ်းရေးထိန်းသိမ်းသူများရဲ့ နိုင်ငံတကာ ကွန်ရက်ကို ထားရှိခဲ့ပြီး၊ ပုံမှန် ကွန်ရက်လုပ်ငန်းတာဝန်များ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေး ဆုပေးအပ်ခြင်းများ၊ သင်တန်းပေးခြင်းများ၊ ကုလသမဂ္ဂ ရဲတပ်ဖွဲ့နဲ့ အဖွဲ့ဝင်တိုင်းပြည်များရဲ့ ရဲတပ်ဖွဲ့များမှာ အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် မဟာဗျူဟာ ချမှတ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အမျိုးသမီးရဲတပ်ဖွဲ့ဝင်များရဲ့ သီးခြားလိုအပ်ချက်များဖြစ်တဲ့ သီးသန့်နေရာထိုင်ခင်းများ စီမံမှု၊ တန်းတူညီမျှ အဆင့်အတန်းရှိစေရန် ဆောင်ရွက်မှု၊ ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး၊ ပြဿနာများအား မှတ်တမ်းတင်ရေး စတာတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။
နိဂုံးချုပ်ဆိုရရင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်များမှာ အမျိုးသမီးများ ပါဝင်ရေး၊ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပပျောက်ရေး၊ လက်နက်ကိုင်ဆောင်ထားခြင်း မရှိသော အရပ်သားများ (အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များ) အား ကာကွယ်စောင့်ရှောက်ရေး၊ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာမှု ကင်းမဲ့ရေး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသော အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ လုပ်ငန်းစဉ်များကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုတွင် စစ်ဘက်ရေးရာနှင့် ရဲတပ်ဖွဲ့ရေးရာ ပါဝင်စေလွှတ် ထားသော တိုင်းပြည်များမှ စုပေါင်းအကောင်အထည် ဖော်ဆောင်နေကြပါကြောင်း ရေးသားတင်ပြ အပ်ပါတယ်။