Women & Gender

အမျိုးသမီးများအတွက် စံပြပုဂ္ဂိုလ်ဖြစ်ရန် မလေးရှား ဒု ဝန်ကြီးချုပ် ရည်ရွယ်

Want create site? Find Free WordPress Themes and plugins.

ဝန် အဇီဇာ အစ္စမေးလ်၏ ငယ်စဉ်ရည်မှန်းချက်မှာ ဆရာဝန်တဦး ဖြစ်လာရေးနှင့် ရောဂါများကို ကုသရေး ဖြစ်သည်။ ယခုအခါ သူသည် မလေးရှာနိုင်ငံတွင် သြဇာအကြီးမားဆုံး အမျိုးသမီး နိုင်ငံရေးသမား ဖြစ်နေပြီး သူ၏ ရည်မှန်းချက်မှာ အမျိုးသမီးအခွင့်အရေး တိုးတက်ရေးဖြစ်သည်ဟု ဆိုသည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သော သူ့ကို မလေးရှားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်း လိုက်သောအခါ သမိုင်းဝင်သွားခဲ့သည်။ သူသည် ထိုရာထူးကို ရရှိသော ပထမဆုံး အမျိုးသမီးဖြစ်ပြီး အရှေ့တောင်အာရှတွင် မြင့်မားသောရာထူးရရှိသည့် လက်တဆုပ်စာသော အမျိုးသမီး နိုင်ငံရေးသမားများတွင် ပါဝင်လာသည်။

ဝန် အဇီဇာသည် အမျိုးသမီးများ၏ ကိုယ်စားပြုမှု ကမ္ဘာ့ အနည်းဆုံး ဖြစ်သော မလေးရှား နိုင်ငံ၏ လွှတ်တော်တွင် ပိုမိုကျယ်ပြန့်သော အမျိုးသမီး အခွင့်အရေး ရနိုင်ရန်အတွက် တွန်းအားပေးမည်ဟု ကတိပြုထားသည်။

“လူတွေက မော့ကြည်ပြီး ဟုတ်တယ်၊ ငါတို့မှာ မျှော်လင့်ချက်ရှိတယ်လို့ ပြောလိမ့်မယ်” ဟု Thomson Reuters Foundation နှင့် တနင်္လာနေ့က တွေ့ဆုံမေးမြန်းရာတွင် ဝန်အဇီဇာက ပြောသည်။ ထို တွေ့ဆုံ မေးမြန်းမှုသည် ၎င်း ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံး တွေ့ဆုံမေးမြန်းမှုဖြစ်သည်။

“အမျိုးသမီးတွေဟာ အတားအဆီးတွေကို ချိုးဖျက်နိုင်တယ်ဆိုတာ အခု မြင်ကြရပြီ။ ဒါဖြစ်နိုင်တယ်။ နည်းနည်းလောက် ဇွဲရှိ၊ စိတ်ပိုင်းဖြတ်မှုနဲ့ ယုံကြည်ချက်ရှိတာနဲ့ လုပ်လို့ ရတယ်” ဟု အုပ်ချုပ်ရေးမြို့တော် ပူထရာ ဂျာယားရှိ သူ၏ ရုံးခန်းတွင် ပြောသည်။

အမျိုးသမီးနှင့် မိသားစုဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ဦးဆောင်ရန်လည်း ဝန် အဇီဇာကို တာဝန်ပေးထားသည်။

မလေးရှား နိုင်ငံသည် အရှေ့တောင်အာရှ၏ တတိယအကြီးမားဆုံး စီးပွားရေးဖြစ်ထွန်းသည့် နိုင်ငံဖြစ်ပြီး အမျိုးသမီးများသည် ခေတ်ပေါ် ပုံစံဖြင့် နေထိုင်ကြသော်လည်း အမျိုးသမီးများ နိုင်ငံရေးလုပ်ပိုင်ခွင့် နိမ့်ကျနေသောကြောင့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ၂၀၁၇ ခုနှစ် ကျား၊ မ တန်းတူမှု ကွာဟချက် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၄၄ နိုင်ငံအနက် ၁၀၄ တွင် ရှိနေသည်။

မျက်စိအထူးကု ဆရာဝန်ဖြစ်ခဲ့သော ဝန်အဇီဇာသည် ၁၉၉၈ ခုနှစ်တွင် သူ၏ ခင်ပွန်းဖြစ်သူ အန်ဝါ အီဘရာဟင် ဒု ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချခံရပြီး ထောင်သွင်း အကျဉ်းချခံထားရသောအခါ နိုင်ငံရေးလောကသို့ တွန်းပို့ ခံခဲ့ရသည်။ သူသည် အတိုက်အခံတပ်ဦးကို ဦးဆောင်ပြီး အန်ဝါအီဘရာဟင် လွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့သည်။

ပြုပြင်ပြောင်းလဲရေးကို အခြေခံမဲဆွယ်ပြီး ဝန် အဇီဇာနှင့် အတိုက်အခံ တပ်ပေါင်းစုသည် မေလ ၉ ရက်နေ့က ကျင်းပသော သမိုင်းဝင် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရကာ ၁၉၅၇ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း မလေးရှားတွင် ပထမဆုံး အစိုးရ အပြောင်းအလဲ ဖြစ်လာခဲ့သည်။

သူ၏ ဦးစားပေးများတွင် အမျိုးသမီးများကို လိင်အရ ထိပါးမှုနှင့် အခွင့်အရေး ချိုးဖောက်မှု များမှ ကာကွယ် ပေးသော ဥပဒေကို ပိုမိုတောင့်တင်း ကြံ့ခိုင်အောင် လုပ်ဆောင်ရေးပါဝင်သည်ဟု စကားကို ညင်သာစွာ ပြောဆိုတတ်သူ ဒုဝန်ကြီးချုပ်က ပြောသည်။ အထူးသဖြင့် နိုင်ငံတကာ #MeToo လှုပ်ရှားမှု အပြီးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြောင်းလဲပစ်ရမယ့် ဥပဒေတွေရှိတယ်။ နှိပ်စက်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင်ရေးတွေဟာ ကျမတို့ လုပ်ရမယ့် ကိစ္စတွေဖြစ်တယ်” ဟု သူက ပြောသည်။

ကလေးသူငယ် စောင့်ရှောက်ရေးဌာန များကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် အမျိုးသမီးများ၊ အထူးသဖြင့် မိခင်များ ပါဝင်သော အမျိုးသမီးများ၏ လုပ်ငန်းခွင် အခြေအနေတိုးတက်ရေးအတွက် မူဝါဒ များကိုလည်း အစိုးရအနေဖြင့် ချမှတ်ရန် လေ့လာရမည်ဟုလည်း သူက ဆိုသည်။

ဝန်အဇစ်ဇာ၏ ကတိကဝတ်များ ရှိသော်လည်း အစိုးရသစ်သည် ၎င်းတို့၏ မဲဆွယ်ပွဲကတိဖြစ်သော ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရဝန်ကြီးနေရာများတွင် အမျိုးသမီး ဝန်ကြီး ၃၀ ရာခိုင်နှုန်း ပါဝင်စေရမည် ဆိုသော ကတိကို ပျက်ကွက်သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြသည်။

“ဒါက ရာထူးခွဲတမ်းမဟုတ်ဘူး။ ရာထူးနေရာတွေမှာ အရည်အချင်းရှိသူတွေကို ခန့်နေရတယ်” ဟု အဇီဇာက ပြောပြီး အစိုးရသည် ထိုရည်မှန်းချက်ကို ဖြည့်ဆည်းရန် ဆုံးဖြတ်ထားဆဲ ဖြစ်သည်ဟုပြောသည်။

အဖွဲ့ဝင် ၁၄ ဦးပါဝင်သော ဖက်ဒရယ်အစိုးရတွင် ဝန် အဇီဇာ အပါအဝင် အမျိုးသမီး ၃ ဦးရှိသည်။ ဂျိုဟောပြည်နယ် ကဲ့သို့သော ပြည်နယ်များတွင် အမျိုသမီးများကို ဘေးဖယ်ထားကြောင်း လှုပ်ရှားသူ များက ပြောသည်။ ထိုပြည်နယ်တွင် ပြည်နယ် ဝန်ကြီး ၁၁ နေရာတွင် အမျိုးသမီး တဦးသာ ပါဝင်သည်။

လွှတ်တော်တွင် အမျိုးသမီးများကိုယ်စားပြုမှုအရ မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ၎င်းထက် ဖွံ့ဖြိုးမှုနည်းသော အရှေ့တီမော၊ ဗိယက်နမ်နှင့် လာအိုတို့ထက် နိမ့်ကျနေပြီး နိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် ၁၅၅ နေရာတွင်ရှိနေသည်ဟု နိုင်ငံတကာ ပါလီမန်များ သမဂ္ဂက သတ်မှတ်ထားသည်။

ရွေးကောက်ပွဲအပြီးတွင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရခဲ့သော အန်ဝါအီဘရာဟင်သည် နိုင်ငံရေး လောကသို့ ပြန်လည် ဝင်ရောက်လာမည်ဟု မျှော်လင့်ရသည်။ ဝန်အဇီဇာသည် ခင်ပွန်းသည်အတွက် ရာထူးကို ခေတ္တ ယူထားသည်ဟူသော အယူအဆမျိုးကို ၎င်း လက်မခံပေ။

ယဉ်ကျေးမှု အတားအဆီးများကို ဆက်လက်တိုက်ဖျက်ရေးနှင့် ကျား၊ မ တန်းတူရေးအတွက် ဆက်လက် လုပ်ဆောင်မည်ဟု သူက ကတိပြုသည်။

“ဒါက ဖြည်းဖြည်းချင်း လုပ်ရမှာလေ။ ဥပဒေတွေ၊ ပညာပေးတာတွေနဲ့ အချိန်ယူရမှာပေါ့” ဟု သူက ရှင်းပြသည်။

(Thomas Reuters Foundation ၏ Malaysia’s New Deputy PM Aims to be a Role Model for Women ကို ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading