“ခြေထောက်တဖက်ကို အရင်ခွကျော်ပြီး သေချာပြီဆိုမှ နောက်တဖက်ကို ပြန်ကျော်တယ်။ အဲဒီအချိန် နေရာမှားပြီး နင်းမိ မှာကြောက်လွန်းလို့ မျက်စိကိုတအားမှိတ်ထားတာ၊ အသက်တောင် မရှုနိုင်ဘူး။ အရမ်းကြောက်နေလို့ ဘယ်လိုကျော် ဖြတ် လိုက်သလဲဆိုတာ ပြောတောင် မပြောတတ်တော့ဘူး။ မှားနင်းမိလိုက်ရင် ကျမသေပြီဆိုပြီး အရမ်းကြောက်ခဲ့ရပါတယ်”လို့ တိုက်ပွဲတွေကြားထဲ ပုန်းရှောင်ခဲ့ရတဲ့လမ်းခရီးမှာ မိုင်းရှိတယ်ဆိုတဲ့နေရာ ဖြတ်ကျော်ခဲ့ရပုံကို ဒေါ်ဂျီးနန် က ပြောပြခဲ့တာပါ။
အဲဒီအချိန်တုန်းက သူ့မှာ ကိုယ်ဝန်အရင့်အမာနဲ့ ဖြစ်ပြီး တိုက်ပွဲကြားမှာ ပြေးလွှားခဲ့ရတာပါ။
ဧပြီလ ၁၃ရက်နေ့မှာ ၇ လကျော် ကိုယ်ဝန်ကို လွယ်ထားရတဲ့ အသက် ၄၀ အရွယ် ဒေါ်ဂျီးနန်နဲ့ ကလေး ၄ ယောက်၊ ခင်ပွန်းသည်တို့အပါအဝင် မိသားစု ၆ ဦးဟာ လိုင်နောင်ခူး၊ မံဝယ်ကျေးရွာကနေ အခြားရွာသားတွေနဲ့အတူ တောထဲကို ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။
“ကျမအမျိုးသားက အစားအသောက်တွေ၊ အိပ်ယာတွေသယ်တယ်။ ကျမက ၁ နှစ်ကျော်ကလေးကို ရှေ့မှာလွယ်ပြီးချီ၊ အနောက်မှာ ကလေးတွေရဲ့ အဝတ်အစားတွေထည့်တဲ့ပလိုင်းလွယ်ထားတယ်” လို့ ဒေါ်ဂျီးနန်က ပြောပါတယ်။
နောက်တရက်မှာ လုံခြုံတဲ့မြို့ပေါ်ကို တိမ်းရှောင်ဖို့ သူတို့ကျေးရွာကို ပြန်လှည့်လာတဲ့အချိန် တပ်မတော်စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တပ်မတော်နဲ့အတူ မိုင်းတွေရှိတဲ့ လမ်းခရီးကို လျှောက်ခဲ့ရပါတယ်လို့ ဒေါ်ဂျီးနန်က ပြောပါတယ်။
“စစ်တပ်နဲ့တွေ့ပြီး ဆက်သွားတဲ့အချိန်မှာ တနေကုန်လျှောက်ပြီး လမ်းမှာကျမတို့ ရွာသားတယောက် မိုင်းနင်းမိတော့ မိုင်း ရှာဖွေတဲ့ ကိရိယာနဲ့ရှာတယ်။ အဲဒီအချိန်မှာ ဒီနေရာမှာ မိုင်းရှိတယ်ဆိုပြီး ကျော်ရမယ်ပြောတယ်။ ကျမက ကလေးကို လည်း ပိုးထားပြီး ပလိုင်းကိုလည်း လွယ်ထားတယ်။ ဓာတ်မီးလည်းကိုင်ထားပြီး မိုင်းကို ခွကျော်ခဲ့ရတယ်” လို့ ဒေါ်ဂျီးနန်က ပြောပါတယ်။
သူဟာ ကြာရှည်လမ်းလျှောက်ရခဲ့ရတာနဲ့ ကြမ်းတမ်းတဲ့လမ်းခရီးမှာ ကားစီးခဲ့ရလို့ ဗိုက်ထဲက ကလေးအနေအထား လွဲခဲ့ရပြီး နာကျင်မှုဝေဒနာတွေ ခံစားခဲ့ရပေမယ့် အားတင်းပြီး ရောက်အောင်လျှောက်ခဲ့သူပါ။ ချောင်းဝရောက်တဲ့အချိန်မှာ ဆရာဝန်တွေက ဗိုက်ကို ပြန်ပြင်ပေးခဲ့လို့ အခုတော့ ပုံမှန်အနေအထားရှိနေပြီလို့ ဒေါ်ဂျီးနန်က ပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လိုင်နောင်ခူး/ မံဝယ်ကျေးရွာအနီးမှာ ဧပြီလ ၁၁ ရက်နေ့မှစပြီး တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဧပြီလ ၁၃ ရက်နေ့ကစပြီး ရွာသားတွေဟာ ကျေးရွာကနေ တောထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရွာမှာ လာကြိုမယ်ဆိုတဲ့ သတင်းပြန်ရရှိလို့ မိမိတို့ရွာဆီကို ခက်ခက်ခဲခဲ ပြန်လှည့်လာချိန်မှာ တပ်မတော်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရတာကို ပြန်ပြောပြနေတာပါ။
တပ်မတော်က သူတို့ကို ချောင်းဝရောက်အောင် ခေါ်သွားဖို့ မနက်အစောကြီးကနေ ညမိုးချုပ်တဲ့အထိ လမ်းလျှောက်ခဲ့ရ ပြီး လမ်းခရီးမှာ ရွာသားတွေ ယူလာတဲ့ ပစ္စည်းတွေကို စစ်ဆေးတာနဲ့ ဖုန်းတွေကို သိမ်းယူထားတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အမျိုးသမီးနဲ့ အမျိုးသားတွေကို ခွဲပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ချိန်မှာ စိုးရိမ်စိတ်တွေဖြစ်ပေါ်ခဲ့ပြီး အဲဒီညမှာဘဲ လမ်းခရီးတနေရာမှာ ရွာသားတယောက် မိုင်းနင်းမိခဲ့တယ်လို့ ပြောပါတယ်။
နောက်တော့ ရွာသားတွေကို ချောင်းဝကို ဆက်မခေါ်တော့ဘဲ သူတို့ကျေးရွာဖြစ်တဲ့ လိုင်နောင်ခူးကိုပြန်ဖို့ လမ်းတဝက်မှာ ချန်ထားခဲ့လို့ လမ်းမှာတညအိပ်ခဲ့ပြီး ရွာကိုပြန်ရောက်ခဲ့တယ်လို့ ဒေါ်ဂျီးနန်က ပြောပါတယ်။
“အဲဒီညမှာ ကျမတို့ကို လုံခြုံရေးယူပေးတယ်ဆိုပြီး ကျမတို့အမျိုးသမီးတွေအိပ်တဲ့နေရာနဲ့ အနီးအနားမှာ စစ်တပ်ကရှိနေ တော့ ကျမတို့ကြောက်ကြောက်နဲ့ အိပ်ခဲ့ရတယ်”လို့ သူက ပြောပါတယ်။
ရွာသားတွေဟာ သီတင်းပတ် ၃ ပတ်ခန့် ကျေးရွာကနေ ဘယ်မှသွားလို့မရဘဲ ပိတ်မိနေခဲ့ကြပါတယ်။
ဧပြီလ ၃၀ ရက်နေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့လို့ မေလ ၇ ရက်နေ့မှာ လိုင်နောင်ခူး ကျေးရွာသား ၁၈၀ ကျော်ကို တပ်မတော်က ခွင့်ပြုချက်နဲ့ ကချင်ပြည်နယ်အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက တရားဝင် သွားရောက်ခေါ်ယူပြီး အခုတော့ ကားမိုင်းမြို့ ကက်သလစ်ဘုရားကျောင်းနဲ့ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ ဘုရား ကျောင်းတွေမှာ ခိုလှုံနေကြပါတယ်လို့ဆိုပါတယ်။
တနိုင်းမြို့နယ်၊ အောင်လောဒ်ကျေးရွာသား ၂၀၀၀ ခန့်ရှိတဲ့အထဲက တောတောင်တွေကြား ပိတ်မိနေခဲ့ပြီး ၁ လအကြာ မှာ လူ ၅၀၀ လောက်ဟာ မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာရှိ ဂျော်မဆတ်နှစ်ခြင်းဘုရားကျောင်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးမွေးကာနီး ကိုယ်ဝန်သည်အချို့နဲ့ ရွာသားတချို့ တောတောင်တွေထဲမှာ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ကိုယ်ဝန် ၆ လလွယ်ထားရသူ ဒေါ်မနမ်ဂျာအိန်ကလည်း ကလေး ၅ ယောက်နဲ့ သူမရဲ့ခင်ပွန်းတို့နဲ့ လူစုကွဲသွားပြီး တော ထဲရောက်လို့ ၂ ရက်အကြာမှ မိသားစု ပြန်လည်ဆုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
“ကျမကလေးက ၅ ယောက်၊ ကလေးငယ်လည်းပိုး၊ ပလိုင်းလည်းလွယ်ထားတယ်။ ကိုယ်ဝန်ကလည်း ၆ လ၊ ပိုခက်တာက ရွာကနေထွက်၊ ၂ ညအိပ်ပြီး၊ တောင်ကို ၂ နာရီလောက် အကြာကြီးတက်ရတာ၊ ရင်ဘတ်ထိရောက်တဲ့ မြစ်ချောင်းကို ဖြတ်၊ သစ်တုံးကြီးတွေလည်း ကျော်ရတယ်။ နောက်ရက်လည်း တောင်တွေတက်ရတယ်။ ကလေးတွေက လမ်းမလျှောက် နိုင်၊ ခက်ခဲတာတွေက ပြောမကုန်တော့ဘူး။ ညအိပ်ရင်လည်း ဗိုက်ကတခါတလေနာတယ်။ ခြေထောက်လည်း ရောင်လာတယ်” လို့ ဒေါ်မနမ်ဂျာအိမ်က ပြောပြပါတယ်။
အခုရောက်နေတဲ့ ဒုက္ခသည်စခန်းမှာ အခြားမိသားစုတွေနဲ့အတူ စုပေါင်းအိပ်ရတာဖြစ်ပြီး သူကလေးမွေးလာတဲ့အခါ ဘယ်လိုနေထိုင်ရမလဲဆိုတာကို စိုးရိမ်နေတယ်လို့ ဒေါ်မနမ်ဂျာအိန်က ပြောပါတယ်။
အောင်လောဒ်ရွာသားတွေဟာ ထူထပ်တဲ့ သစ်တောတွေကို ဖြတ်ကျော်ပြီး လုံခြုံရာကို ခြေလျင်လျှောက်လာခဲ့ကြတဲ့ လမ်းခရီးမှာ မျက်မမြင်သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ လမ်းမလျှောက်နိုင်တဲ့ နာမကျန်းဖြစ်သူတွေ မြစ်ကိုဖြတ်ကျော်ဖို့ ဒေသခံဆင်ပိုင်ရှင်တချို့က ကူညီခဲ့ကြပါတယ်။
အောင်လောဒ်ရွာက အသက် ၄၆ နှစ်အရွယ် ဒေါ်တန်ဘောင်ထုလွမ်ဟာ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ သေနတ်သံတွေ၊ လေယာဉ်သံနဲ့ ပစ်ခတ်သံတွေကြားလို့ ကြိုတင်ပြင်ဆင်ထားတာ မရှိဘဲ နေအိမ်မှာရှိတဲ့ ကလေးတွေကို ခေါ်ပြီး ထွက်ပြေးခဲ့ရပါတယ်။ အချို့ရွာသားတွေဆိုရင် မိသားစုတကွဲတပြားဖြစ်ပြီး ၁၃ ရက်နေ့ညနေမှ မိဘနဲ့သားသမီး တွေ ပြန်လည်ဆုံတွေ့တွေ့ခဲ့ ကြတာရှိတယ်လို့ ပြောပြပါတယ်။
အိမ်ကနေ တနိုင်တပိုင်သယ်လာတဲ့ ဆား၊ ငရုပ်သီး၊ စွန်တန်(မုန်ညှင်းချဉ်ခြောက်)၊ ဆီတိုဖူးတွေက ကုန်သွားပြီဖြစ်လို့ ငှက်ပျောဖူးကိုထောင်း၊ ဟင်းပြင်းရွက် အရည်ကျဲကဲျနဲ့ စုပေါင်းစားသောက်ခဲ့ရပါတယ်။ ကိုယ်ဝန်သည်တွေ၊ နို့တိုက်မိခင် တွေလည်း အဲဒီဟင်းတွေဘဲ စားသောက်ခဲ့ရတယ်လို့ ဒေါ်တန်ဘောင်ထုလွမ်က ပြောပါတယ်။
ရွာသားတွေက တောနက်တွေဖြတ်၊ တောင်တွေကိုသုံးနာရီ၊ လေးနာရီကြာ တက်ခဲ့ရပြီး၊ လမ်းခရီးမှာ ၁ လခန့်ကြာလာတော့ သယ်လာတဲ့ စားနပ်ရိက္ခာတွေလည်း ကုန်သွားတဲ့အတွက် တောထဲက တွေ့တဲ့ဟင်းသီးဟင်းရွက်တွေ ရှာဖွေစား သောက်ခဲ့ရတယ်လို့ မြစ်ကြီးနားမြို့ကို ရောက်လာတဲ့ အောင်လောဒ်ရွာမှ ဒေါ်တန်ဘောင်ထုလွမ်က ပြောပြပါ တယ်။
“လမ်းမှာ တောင်က ၃ နာရီ၊ ၄ နာရီတက်တယ်။ အဆင်းမှာ ၁ နာရီကျော်ကြာတယ်။ ညနေ ၇ နာရီကျော်လောက်မှာ အိပ်မယ့်နေရာရောက်တယ်။ အဲဒီတောင်တက်တဲ့အချိန်မှာလည်း ကိုယ်ဝန်သည်တွေ၊ မျက်မမြင်နဲ့ သက်ကြီးရွယ်အိုတွေကို ဆင်နဲ့တင်ခေါ်သွားတယ်။ လမ်းလျှောက်နိုင်တဲ့ အသက်ကြီးသူတွေလည်း တုတ်ကောက်နဲ့ လျှောက်ရတယ်။ အဲဒီနေရာ မှာလည်း မလုံခြုံတော့ဘူး၊ ပြန်ပြောင်းရမယ်ဆိုတော့ ရင်ဘတ်လောက်ထိနက်တဲ့မြစ်ကို ကလေးလူကြီး အားလုံးကူးကြတယ်” လိုု့ ဒေါ်တန်ဘောင်ထုလွမ်က ပြောပါတယ်။
အသက် ၅၆ နှစ်အရွယ် ဒေါ်လဂွေယိန်းဝေါမ်ကလည်း “ တောင်တက်လိုက်ဆင်းလိုက် ရင်ဘတ်အထိနက်တဲ့ မြစ်တွေ ကူးရတာ၊ တောင်မတက်နိုင်လို့ ငိုတဲ့လူကငို၊ လမ်းမလျှောက်နိုင်လို့ ကျောပိုးရတာလည်း ရှိသေးတယ်။ ကိုယ်ဝန်သည်တွေ ဆို သစ်တုံးတွေ မကျော်နိုင်တော့ တွားသွားပြီးဖြတ်ရတာလည်းရှိတယ်”လို့ သူက ပြောပါတယ်။
အဲဒီမြစ်ကို ကူးပြီးတဲ့အချိန်မှာ ဖုန်းလိုင်းမိတဲ့ တောင်မြင့်တနေရာကနေ အဆက်အသွယ်လုပ်နိုင်ခဲ့လို့ မြစ်ကြီးနားမြို့ပေါ်က လူတွေက ကယ်ထုတ်နိုင်ဖို့ ဆန္ဒပြတောင်းဆိုတာတွေ လုပ်နေတယ်ဆိုတာကို သိခဲ့ရပါတယ်။ စားနပ်ရိက္ခာတွေ ကုန်လာပြီ ဖြစ်လို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြို့ပေါ်ရောက်ဖို့ ထွက်လာခဲ့တဲ့လမ်းမှာ တရက်နဲ့ရောက်ရမဲ့ခရီးမှာ လမ်းမှားပြီး ၂ ရက်ကြာ ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်းနဲ့ တောနက်ကြီးကို ဖြတ်သန်းခဲ့ရတယ်လို့လည်း ပြောပြပါတယ်။
“ခါတိုင်းဆို စက်လှေရှိတယ်။ အဲဒီအချိန် စက်လှေလည်းမရှိတော့ ခြေလျင်လမ်းလျှောက်တာ လမ်းမှားပြီး တရက်လုံး မိုး ထဲ၊ ကျွတ်တွေနဲ့ စမတ်(ဖက်ယား)တွေနဲ့ ဖြတ်ရတယ်။ လမ်းသိတဲ့လူကို ပိုက်ဆံပေးပြီး လမ်းပြခိုင်းခဲ့ရတယ်” လို့ပြောပါ တယ်။
ဒေါ်တန်ဘောင်ထုလွမ်အပါအဝင် လွတ်မြောက်လာတဲ့ အမျိုးသမီးတွေကတော့ သေနတ်သံ၊ ဗုံးသံတွေကြားကနေ ဖြတ်သန်းခဲ့ရလို့ အခုချိန်အထိ ကြောက်လန့်စိတ်တွေ မပြေနိုင်သေးလို့ အိမ်ကိုလည်း မပြန်ရဲသေးဘူးလို့ဆိုပါတယ်။
ကချင်ပြည်နယ်မြောက်ဖျားပိုင်း အင်ဂျန်းယန်မြို့နယ်အတွင်းမှာလည်း တပ်မတော်နဲ့ ကေအိုင်အေတို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော်က လေယာဉ်နဲ့ပစ်ခတ်ခဲ့လို့ တန်ဖရဲမြစ်ဆုံကနေ မိုင် ၃၀ ဝေးတဲ့ ကောင်ရာကျေးရွာအနီး ကျည်တွေ ကျရောက်ခဲ့တဲ့အတွက် တရွာလုံးထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၃ ပတ်ကြာအထိ တောထဲတိမ်းရှောင်နေခဲ့ရတယ်လို့ ကိုယ်ဝန် ၈ လလွယ်ထားရသူ အသက် ၂၃ နှစ်အရွယ် ဒေါ်မရိပ်နန်မွန်းက ပြောပါတယ်။
ဒေါ်မရိပ်နန်မွန်းဟာ ၁ နှစ် ၈ လအရွယ်ရှိတဲ့ ကလေးကိုပိုး၊ အဝတ်အစားသယ်လာတဲ့ ပလိုင်းကိုလွယ်ပြီး တောထဲ ထွက်ပြေးလာခဲ့ရကာ မေလ ၁၇ ရက်နေ့မှာ မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို ရောက်ရှိခဲ့ပါတယ်။ သူတို့နဲ့အတူ စစ်ရှောင် ၉၀၀ ကျော်ရှိနေပြီး ကက်သလစ်ဘုရားကျောင်းမှာ လူ ၁၀၀၀ ကျော် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော် ရောက်ရှိနေပြီလို့သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လိုင်နောင်ခူး၊ မံဝယ်ကျေးရွာက စစ်ဘေးရှောင် ၁၈၀ ကျော်၊ တနိုင်းမြို့ ဒုက္ခသည်စခန်းမှာ လူ ၄၀၀၊ မြစ်ကြီးနားမြို့ ဂျော်မဆတ်ဘုရားကျောင်းမှာ ၄၈၈ ဦး၊ အင်ဂျန်းယန်မြို့နယ်က စစ်ရှောင် ၂၀၀၀ ကျော် မြို့ပေါ်ဒုက္ခသည်စခန်းများကို ရောက်ရှိနေပြီဖြစ်ပေမယ့် တောထဲကျန်ရှိနေသူများလည်း ရှိနေသေးတဲ့အတွက် စစ်ရှောင်စုစုပေါင်း ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောဆိုနေကြပါတယ်။
တနိုုင်းမြို့နယ် အောင်လောတ်ကျေးရွာသား ၃၀၀ခန့်ဟာ တောတောင်များတွင် ရှိနေဆဲဖြစ်ပြီး အင်ဂျန်းယန်မြို့နယ်အ တွင်း စစ်ရှောင် ၆၀၀ ခန့် ရှိနေသေးတယ်လို့လည်း သိရပါတယ်။