Women & Gender

ဒုက္ခသည် စခန်းများတွင် ပဋိသန္ဓေတားရန် ဘင်္ဂလားဒေ့ရှ်နှင့် ကုလသမဂ္ဂ ညှိနှိုင်းမည်

Want create site? Find Free WordPress Themes and plugins.

ဒုက္ခသည် စခန်းများမှ လူဦးရေ တသန်းကျော်လာသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ (UNFPA) တို့သည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များအား ပဋိသန္ဓေတား ဝန်ဆောင်မှုများ ပေးဝေရာတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် မိသားစု စီမံကိန်း ညွှန်ကြားရေးဌာန (DGFP) နှင့် UNFPA တို့အကြား ဧပြီလ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်တွင် သားဆက်ခြား ကျန်းမာရေးနှင့် မိသားစုစီမံကိန်းဆိုင်ရာ သတင်း အချက်အလက်များ ပေးခြင်း၊ ဒုက္ခသည်များနှင့် ကော့စ်ဘဇား ဒေသခံများအား ခွဲခြား ဆက်ဆံခြင်းမရှိဘဲ ဂုဏ်သိက္ခာရှိစွာ လေးစားမှုဖြင့် ဝန်ဆောင်မှုများပေးခြင်း စသည်ဖြင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ် ၁၃ ခုပါဝင်သည်။

ဧရာဝတီ သတင်းဌာနက တွေ့ရှိခဲ့သည် သဘောတူညီချက် မိတ္တူအရ အထက်ပါဌာနများသည် ပဋိသန္ဓေ ပြန်လည်ရရှိလိုက ရရှိနိုင်စေသည့် ရေတိုနှင့် ရေရှည် ပဋိသန္ဓေတား ဝန်ဆောင်မှုပေးခြင်း၊ မိခင်ကျန်းမာရေး ဝန်ဆောင်မှုများ ပေးခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ သတင်းပို့ခြင်းဆိုင်ရာ မူဝါဒနှင့် လမ်းညွှန်ချက်များ ချမှတ်မည်ဖြစ်သည်။

ထို့အပြင် ယဉ်ကျေးမှုနှင့် သက်ဆိုင်သော အရည်အသွေးမီ ကျန်းမာရေးစောင့်ရှောက်မှု သတင်း အချက်အလက်များနှင့် ဝန်ဆောင်မှုများကို ခွဲခြားဆက်ဆံမှုမရှိဘဲ ဂုဏ်သိက္ခာရှိရှိ လေးစားမှု ရှိရှိ ပံ့ပိုးနိုင်ရန် ကော့ဗဇားရှိ ဒေသခံများနှင့် ဒုက္ခသည်များ အတူတွဲ၍ ညှိနှိုင်းဆောင်ရွက်ကာ ပူးပေါင်းဆောင်ရွက်မှု ပိုမို တောင့်တင်းကြံ့ခိုင်အောင် ပြုလုပ်မည်ဖြစ်သည်။

ထိုနှစ်ဖက် သဘောတူညီချက်အရ UNFPA သည် ဒုက္ခသည်များ၏ လိုအပ်ချက်များအရ Intrauterine devices (IUDs) အပါအဝင် ပဋိသန္ဓေပြန်လည်ရရှိလိုက ရရှိနိုင်စေသည့် ရေရှည်တား ကိရိယာများနှင့် ပဋိသန္ဓေတားရန် ထည့်သွင်းပစ္စည်းများကို DGFP သို့ ဝယ်ယူပေးပို့ရမည် ဖြစ်သည်။

“သဘောတူညီမှုရပြီးနောက်ပိုင်းမှာ ပဋိသန္ဓေတား ထည့်သွင်းပစ္စည်း ၈၆၀၀ နဲ့ တခြား IUD ၆၀၀ ဝယ်ထားပြီးပြီ” ဟု UNFPA မှ မိသားစုစီမံကိန်း ကျွမ်းကျင်သူ အဘူဆေယက် ဟက်ဆန်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ကွန်ဒုံးနှင့် သောက်ဆေးကဲ့သို့သော ရေတိုနည်းလမ်းများသုံးရာတွင် ပျက်ကွက်မှုနှုန်း မြင့်မားသောကြောင့် ရေရှည် ပဋိသန္ဓေတားနည်းများကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သူက ရှင်းပြသည်။

ဒုက္ခသည်အများအပြားသည် ကွန်ဒုံးနှင့် ဆေးများကို မသုံးလိုကြကြောင်းနှင့် ဝန်ထမ်းများက ၎င်းတို့ကို ထိုပစ္စည်းများပေးလျှင် လွှင့်ပစ်ကြကြောင်း DGFP အကြီးအကဲ ကာဇီ မတ်စ်တာဖာ ဆာဝါက ပြောသည်။

“သူတို့ တော်တော်များများကို ၃ လခံတဲ့ ရေတို ပဋိသန္ဓေတား ထိုးဆေးတွေ ပေးဖူးတယ်။ ဒါပေမယ့် ကျနော်တို့က ၃ နှစ်ကနေ ၁၀ နှစ်အထိခံတဲ့ ရေရှည်နည်းလမ်းတွေ သုံးချင်နေတာ” ဟုလည်း သူက ဆိုသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလမှ မေလလယ်အတွင်း ရိုဟင်ဂျာများကို ရေတို ပဋိသန္ဓေတား ထိုးဆေး ၁၅၅၀၀ ထိုးပေးခဲ့သော်လည်း ကွန်ဒုံး ၃၂၂၃ ခုသာ ပေးခဲ့ကြောင်း ကော့ဗဇားရှိ မိသားစု စီမံကိန်းအရာရှိများက နှိုင်းယှဉ် ပြောပြသည်။

ပဋိသန္ဓေတား သောက်ဆေး ၁၉၄၅၆ ကတ်ကိုလည်း ဖြန့်ချိခဲ့သည်ဟု ခရိုင် မိသားစုစီမံကိန်း အရာရှိများ ထံမှ သိရသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ လများအတွင်း ကွန်ဒုံး ၁၀၀၀ နှင့် သောက်ဆေး ၃၀၀၀ ကတ်ကို ဖြန့်ချိခဲ့ပြီး အမျိုးသမီး ၃၉၀၀ ကို ထိုးဆေးထိုးပေးခဲ့သည်။

ကြိုတင်ခွင့်ပြုချက်ရရှိသော ရေရှည်တားနည်း ဝန်ဆောင်မှုပေးရန် လေ့ကျင့်ထားသော ဝန်ထမ်းများရှိသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများကိုလည်း DGFP က ခွင့်ပြုပေးနေကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိများက ပြောသည်။

UNFPA ၏ ထောက်ပံ့မှုဖြင့် DGFP သည် ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းများတွင် သားဆက်ခြား ကျန်းမာရေး ဝန်ဆောင်မှုများပေးရန် ဆရာဝန် ၂ ဦးကို အချိန်ပြည့် ခန့်ထားရေး စီစဉ်နေသည်။ ထိုဆရာဝန် နှစ်ဦးကို ခန့်အပ်ပြီးနောက် DGFP သည် ၎င်း၏ ရွေ့လျား ဆေးအဖွဲ့ ၇ ဖွဲ့ကို ဒုက္ခသည် စခန်းများမှ ပြန်လည်ရုပ်သိမ်းရန် စီစဉ်ထားသည်။

ထိုလုပ်ငန်းများအတွက် ရန်ပုံငွေကို UNFPA က ပေးကြောင်းနှင့် ကမ္ဘာ့ဘဏ်ကလည်း ထပ်မံ ထောက်ပံ့မည် ဖြစ်ကြောင်း DGFP အကြီးအကဲက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နှစ်စဉ် ကိုယ်ဝန်နှင့်ပတ်သတ်သော အမျိုးသမီး သေဆုံးမှုနှုန်း (ကလေး ၁၀၀၀၀၀ အရှင်မွေးတိုင်း ကိုယ်ဝန်နှင့် ပတ်သက်သော သေဆုံးသည့် အမျိုးသမီး အရေအတွက်) မှာ ၂၀၀၁ ခုနှစ်တွင် ၃၂၂ ဦး ရှိရာမှ ၂၀၁၀ ပြည့်နှစ်တွင် ၁၉၄ ဦးသို့ ကျဆင်းသွားကြောင်း ဘင်္ဂလားဒေ့ရှ်နိုုင်ငံ လူဦးရေ သုတေသနနှင့် လေ့ကျင့်ရေးဌာန (National Institute of Population Research and Training – NIPORT) ၏ အဆိုအရ သိရသည်။

၎င်းတို့၏ နောက်ဆုံးစာရင်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စုစုပေါင်း ကလေးမွေးဖွားနှုန်း (Total fertility rate – TFR) မှာလည်း ၂၀၀၇ ခုနှစ်တွင် ၂. ၇ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၂.၃ သို့ ကျဆင်းသွားသည်ဟု သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ စုစုပေါင်း ကလေးမွေးဖွားနှုန်းဆိုသည်မှာ အမျိုးသမီး တဦး ၎င်း၏ ဘဝတလျှောက်တွင် မွေးဖွားသည့် သို့မဟုတ် အမျိုးသမီးတဦးသည် အသက်အရွယ်အလိုက် ပုံမှန် မျိုးပွားနှုန်းရှိလျှင် မွေးဖွားနိုင်ခြေရှိသည့် ကလေးအရေအတွက် ဖြစ်သည်။

“ရိုဟင်ဂျာစခန်းတွေမှာ ကျနော်တို့ စစ်တမ်းကောက်တော့ သူတို့ရဲ့ စုစုပေါင်း ကလေးမွေးဖွားနှုန်းက ဒီက အမျိုးသမီးတွေထက် မြင့်မားနေတာ တွေ့ရတယ်” ဟု မိသားစု စီမံကိန်း ကျွမ်းကျင်သူ ဟက်ဆန်ကပြောသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း ဒုက္ခသည် ၇ သိန်းနီးပါး မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။ လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကော့ဗဇားတွင်း ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်နေသူများ အပါအဝင် ရိုဟင်ဂျာ စုစုပေါင်း ၁.၁ သန်းကို မှတ်ပုံတင်နိုင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မရှင် (Bangladesh Refugee Relief and Repatriation Commission) ၏ အဆိုအရ ကော့ဗဇားခရိုင်ရှိ တရားဝင် ဒုက္ခသည် စခန်း ၂ ခုတွင် ၂၀၁၄ ခုနှစ် ဇွန်လအထိ ရိုဟင်ဂျာ ၃၅၃၅၅ ဦးကို မှတ်ပုံတင်ထားပြီး ၂၀၁၇ ခုနှစ် သြဂုတ်လသို့ ရောက်သောအခါ ဒုက္ခသည် အရေအတွက်မှာ ၃၈၄၅၅ ဦးသို့ မြင့်တက်သွားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပဋိသန္ဓေတားနှုန်းမှာ ၂၀၀၇ ခုနှစ်က ၅၆ ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၆၂ ရာခိုင်နှုန်းသို့ မြင့်တက်လာပြီး ခေတ်မီ ပဋိသန္ဓေတားနည်း အသုံးပြုသူ အရေအတွက်မှာလည်း ထိုကာလ အတွင်း ၄၈ ရာခိုင်နှုန်းမှ ၅၄ ရာခိုင်နှုန်းသို့ တက်လာသည်ဟု NIPORT ၏ စာရင်းများအရ သိရသည်။

လွန်ခဲ့သော ၉ လအတွင်း ကော့ဗဇားရှိ စခန်းများနှင့် ယာယီအခြေချ နေထိုင်ရာများတွင် ရိုဟင်ဂျာ ကလေးငယ် ၁၆၀၀၀ မွေးဖွားခဲ့သည်ဟု ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) က မေလ လယ်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

၂၀၁၈ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည် ကလေး ၁၀၀၀၀၀ မွေးဖွားမည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက်အရ သိရသည်။

ဘာသာရေးယုံကြည်မှုက အခက်အခဲဖြစ်နေ

မိသားစုစီမံကိန်းသည် မွတ်စလင် ဒုက္ခသည် အသိုင်းအဝန်းတွင် ထိခိုက်လွယ်သော အကြောင်းအရာ ဖြစ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နှင့် UNFPA အရာရှိများထံမှ သိရသည်။

ပဋိသန္ဓေတားရန် ရိုဟင်ဂျာ ဒုက္ခသည်များကို အားပေးရခြင်းသည် စိန်ခေါ်မှုကြီး ဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မိသားစု စီမံကိန်း ဌာန အကြီးအကဲ ကာဇီ မတ်စ်တာဖာ ဆာဝါက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“မိသားစု စီမံကိန်း ဝန်ဆောင်မှုတွေရဲ့ အကျိုးကျေးဇူးတွေကို ယုံကြည်အောင် ပညာပေးနိုင်တဲ့ စကားပြန် ၈ ယောက်ကို ကျနော်တို့ငှားဖို့ စီစဉ်ထားတယ်။ ဒီအကျိုးကျေးဇူးတွေကို သူတို့ ယုံကြည်လာအောင် မလုပ်နိုင် သေးတော့ ဒါက ကျနော်တို့ အတွက် အဓိက စိန်ခေါ်မှုပဲ။ သူတို့အထဲက တော်တော်များများက မြန်မာနိုင်ငံမှာ မိသားစုစီမံကိန်း ဆိုတာ မကြားဖူးဘူး” ဟုလည်း သူက ရှင်းပြသည်။

ဒုက္ခသည်များ၏ ယုံကြည်မှုနှင့်ပတ်သက်ပြီး သူက “သူတို့ရဲ့ ဘာသာရေးယုံကြည်မှုက ရှေးရိုးဆန်တယ်။ သူတို့ တော်တော်များများက ဘာသာရေး စာသင်ကျောင်းတွေမှာပဲ စာသင်ခဲ့တာ” ဟု သူက ဆက်ပြောသည်။

စခန်းများအတွင်းတွင် ပဋိသန္ဓေတားခြင်းနှင့် ပတ်သက်သော အမြင်များမှာ ဘာသာရေး၊ ယဉ်ကျေးမှု အမြင်မျိုးစုံဖြင့် ရောထွေးနေသည်။

အမျိုးသမီးများ၏ ကျန်းမာရေးကို ကာကွယ်သော မည်သည့် ယာယီ ပဋိသန္ဓေတားနည်း မဆိုကို လက်ခံ နိုင်သော်လည်း အမြဲတမ်း မွေးဖွားမှု ထိန်းချုပ်ခြင်းသည် ဘာသာရေးယုံကြည်မှုနှင့် ဆန့်ကျင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရပ်ဂျ်ရှာဟီ ခရိုင်မှ ဘာသာရေးဆရာ တဦးဖြစ်သူ အမင်နယ် အစ္စလမ်က ပြောသည်။

အသက် ၄၃ နှစ်အရွယ် ဟာဖက် အဗ္ဗဒူ ဝါဟတ်သည် လွန်ခဲ့သော ၂၇ နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်လာပြီး ကုတုပလောင် စခန်းတွင် ဒုက္ခသည် မှတ်ပုံတင်ထားသည်။ သူနှင့် သူ၏ ဇနီးတွင် ကလေး ၁၁ ယောက်ရှိသည်။

ယခင်က မွေးဖွားခြင်းကို ထိန်းချုပ်ခြင်းသည် ခက်ခဲသောကြောင့် အသုံးပြုရန် စိတ်မပါကြောင်း ဝါဟတ်က ဆိုသည်။ သို့သော် သူသည် ယခု ကျန်းမာရေး မကောင်းသောကြောင့် အစိုးရသို့မဟုတ် အေဂျင်စီတခုခုက ကူညီပါက မိသားစုစီမံကိန်း နည်လမ်းများကို လိုက်နာလိုသည်ဟု ဆိုသည်။

“ဟုတ်တယ်၊ ဘာသာရေးအယူအဆကလည်း ပြဿနာတခုပဲ။ သူတို့ ဆက်လက်ရှင်သန်ဖို့ မိသားစု အကြီးကြီးတွေ လိုတယ်လို့ တချို့ရိုဟင်ဂျာတွေက ထင်ကြတယ်” ဟု အမည်မဖော်လိုသော ဒါကာမှ မိသားစုစီမံကိန်း အရာရှိတဦးက ပြောသည်။

စခန်းများရှိ ပျမ်းမျှမိသားစုဝင် အရေအတွက်မှာ ၅ ဦးမှ ၆ ဦးအထိရှိသည်ဟု ကုလသမဂ္ဂ မိသားစုစီမံကိန်း ကျွမ်းကျင်သူ ဟက်ဆန်က ရှင်းပြသည်။

UNFPA သည် နောက်ထပ်သားဖွားဆရာမ ၄၀ ကို ခန့်ထားပြီး ဆေးဝန်ထမ်း ၁၀ ဦးထားရှိရန် စီစဉ်နေသဖြင့် ရိုဟင်ဂျာများနေထိုင်ရာ ကော့စ်ဘဇားရှိ ယူခီးယားနှင့် တက်ခ်နက် ခရိုင်ခွဲများတွင် စုစုပေါင်း ဆေးဝန်ထမ်း ၁၀၀ ရှိလာမည်ဖြစ်သည်။ ထို့အပြင် UNFPA သည် ဒုက္ခသည်များ မိသားစုစီမံကိန်း၊ မိခင်များကျန်းမာရေး၊ ဘေးကင်းစွာ ဖွားမြင်နိုင်ရေးတို့အတွက် ပညာပေးရန် ရပ်ရွာအသိုင်းအဝန်းမှ စေတနာ့ဝန်ထမ်း ၁၀၀ ကိုလည်း အခြား အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းခန့်အပ်မည်ဖြစ်သည်။

ကုလသမဂ္ဂနှင့် ဒါကာတို့အကြား သဘောတူညီချက်အရ ကော့စ်ဘဇားခရိုင် မိသားစု စီမံကိန်းအကြီးအကဲ ပင်တူ ကန်တီ ဘက်တာချာဂျီသည် ဘင်္ဂလားဒေ့ရှ် အစိုးရကိုယ်စား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို ကြီးကြပ် ညှိနှိုင်းမည်ဖြစ်သည်။

ထိုဒေသတွင် လုပ်ကိုင်နေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများသည် မွေးဖွားမှုထိန်းချုပ်ရေးကို လျစ်လျူရှုပြီး ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အအုံ အကူအညီကို လွန်စွာ အာရုံစိုက်နေသည်ဟု ပင်တူက ဝေဖန်သည်။

သူ၏ ရုံးသည် စခန်းရှိ လူဦးရေကို ထိန်းချုပ်ရန်နှင့် ပိုမိုညှိနှိုင်း ဆောင်ရွက်ရန် အလှူရှင်များနှင့် ဆွေးနွေးမှု အများအပြား လုပ်ခဲ့သည်ဟု သူက ပြောသည်။

“အခု တိုးတက်မှုကို ကျနော်တို့ မျှော်လင့်လို့ ရပြီ” ဟုပြောပြီး ဆန္ဒအလျောက် သားကြောဖြတ်ခြင်း စီမံချက်ကို ဒုက္ခသည်များ မွေးဖွားမှုမြင့်မားခြင်းအား ကိုင်တွယ်ရန် နည်းလမ်းအဖြစ် စဉ်းစားကြောင်း သူက ရှင်းပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးနှင့် မိသားစု သာယာဝပြောရေး ဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အရ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) သည် မတ်လ ၂၅ ရက်နေ့က သန္ဓေတား ထိုးဆေး ၆၂၂၈၀၀ ကို ပေးပို့သဖြင့် စုစုပေါင်း အဆိုပါ ထိုးဆေး တသန်းနီးပါး ပေးပို့ပြီးဖြစ်ကြောင်း ဒါကာရှိ အမေရိကန် သံရုံးက မတ်လ ၂၈ ရက်နေ့တွင် ကြေညာသည်။

“USAID ဟာ ထိခိုက်လွယ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အရေးပါပြီး အသက်ကယ်နိုင်တဲ့ အကူအညီတွေ ရဖို့ ကူညီမယ်လို့ ဆုံးဖြတ်ထားတယ်” ဟု USAID ၏ ကိုယ်စားလှယ်ရုံး မန်နေဂျာ ဂျနင်နာ ဂျာဒူဇယ်လ်စကီးက ပြောသည်။

စခန်းများတွင် ဆန္ဒအလျောက် သားကြောဖြတ်သည့် အစီအစဉ် စတင်နိုင်ခြင်းနှင့် ပတ်သက်သော AFP သတင်း တပုဒ်သည် ရေရှည် ပဋိသန္ဓေတားသည့် နည်းလမ်းများအတွက် နှောင့်နှေးမှုဖြစ်စေသည်ဟု ဒါကာမှ မိသားစု စီမံကိန်းအရာရှိ တဦးက ပြောသည်။ ထိုသတင်းကြောင့် ဒုက္ခသည်များအပေါ် ပေးသည့် အကူအညီ များနှင့် ပတ်သက်၍ အစိုးရက အဆိုးမြင်မည်ကို စိုးရိမ်နေသည်ဟု သူက ရှင်းပြသည်။

မွေးဖွားမှု ထိန်းချုပ်ရေး အားထုတ်မှုများ မအောင်မမြင် ဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူပြည့် ကျပ်နေသော ဒုက္ခသည်စခန်းများတွင် ဆန္ဒအလျောက် သားကြောဖြတ်သောစနစ် ကျင့်သုံးရန် စီစဉ်နေသည်ဟု AFP က အောက်တိုဘာလတွင် သတင်းဖော်ပြခဲ့သည်။

အစားအစာနှင့် ရေရရှိရေးမှာ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး ကလေးများကို အစားအစာယူရန် စေခိုင်းရသော ထိုစခန်းများတွင် မိသားစုများများ ရှိနေခြင်းသည် ရှင်သန်ရေးကို အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း အထက်ပါ AFP သတင်းအတွက် တွေ့ဆုံမေးမြန်းသူများက ပြောခဲ့သည်။ အခြားသူများက ပဋိသန္ဓေ တားခြင်းသည် အစ္စလမ် ဘာသာရေးနှင့် ဆန့်ကျင်သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် သားကြောဖြတ်ရန် သဘောတူသူများကို ၂၈ ဒေါ်လာနှင့် ရိုးရာလုံချည် ပေးခြင်းဖြင့် ယင်း အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ နယ်စပ်မြို့ဖြစ်သော ကော့စ်ဘဇားတွင် လစဉ် လူ ၂၅၀ သားကြောဖြတ်ကြသည်။

သို့သော် ထိုသို့ အပြီးအပိုင် သားကြောဖြတ်ခြင်းကို နိုင်ငံသားမဟုတ်သူများ အတွက် လုပ်ဆောင်ရန် ကျန်းမာရေး ဝန်ကြီး၏ အတည်ပြုချက်ရယူရန် လိုသည်ဟု AFP သတင်းက ဆိုသည်။

“နောက်ဆုံးကျတော့ ခွင့်ပြုချက်ရတယ်” ဟု ဒါကာရှိ မိသားစုစီမံကိန်း အရာရှိက ပြောသည်။ အမျိုးသား တယောက်တွင် ဇနီးမည်မျှပင် ရှိစေကာမူ သူ၏ မျိုးပွားစွမ်းရည်ကို အပြီးအပိုင် ဖယ်ရှားလိုက်ခြင်းက လူဦးရေ ထိန်းချုပ်ရန် အကောင်းဆုံးနည်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် အရာရှိများက ယုံကြည်ကြသည်။

ရိုဟင်ဂျာ အမျိုးသားများသည် စခန်းအများအပြားတွင် ဇနီးအများအပြားရှိနေပြီး ဇနီးတဦး ကိုယ်ဝန်ရှိသည်နှင့် လိင်ကိစ္စအတွက် အခြား ဇနီးတဦးထံ သွားရောက်နေထိုင်ကြောင်း ယူခီးယားမှ လိင်အရ အကြမ်းဖက်မှုများ အတွက် လုပ်ဆောင်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုမှ အရာရှိ တဦးက ပြောသည်။

(ဒါကာရှိ ဧရာဝတီ သတင်းထောက် Muktadir Rashid ပေးပို့သော Dhaka, UN to Coordinate Contraception Campaign in Rohingya Campsကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading