Women & Gender

တီကျစ်ဒေသဖွံ့ဖြိုးမှုနောက်ကွယ်က မမြင်ရတဲ့အန္တရာယ်

Want create site? Find Free WordPress Themes and plugins.

“ ကလေးတယောက်က ၃ ပေါင်ခွဲ၊ တယောက်က ၄ ပေါင်မွေးတယ်။ ပြီးတော့ဆုံးသွားတယ်။ လနဲ့ချီလွယ် ထားရပြီး အသက်လုမွေးရ၊ ပြီးတော့ အသက်မရှင်တော့ နှမြောတာပေါ့” လို့ သူကပြောပါတယ်။

ဒါကတော့ ပအိုဝ်းလူငယ်အစည်းအရုံးကထုတ်ဝေခဲ့တဲ့ ၂၀၁၇ ဇန်နဝါရီလထုတ် “ တီကျစ်မြေမှ ခေါင်းလောင်းသံ” ဆိုတဲ့ အစီရင်ခံစာပါ တီကျစ်ဒေသခံ အမျိုးသမီးတဦးရဲ့ ပြောဆိုချက်ပါ။

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာရှိတဲ့ တီကျစ်ကျောက်မီးသွေးစက်ရုံနဲ့ သတ္တုတွင်းက ထွက်လာတဲ့ စွန့်ပစ်အညစ်အကြေးများ၊ အနံ့ဆိုးများကြောင့် တီကျစ်ဒေသပတ်ဝန်းကျင် အနီးတဝိုက်မှာ ကိုယ်ဝန်ပျက်ကျမှု၊ လမစေ့ပေါင်မပြည့်တဲ့ ကလေးမွေးဖွားမှုနှုန်းဟာ တနှစ်ထက်တနှစ်ပိုများလာတယ်လို့ တီကျစ်ဒေသခံ အမျိုး သမီးများက ပြောဆိုနေကြပါတယ်။

ကျောက်မီးသွေးစက်ရုံမှ ထွက်တဲ့ အနံ့ဆိုးများ၊ မီးခိုးပြာများကို နေ့စဉ်နေ့တိုင်း ရှုရှိုက်နေရလို့ တီကျစ်မြို့ အနီး တဝိုက်မှာရှိတဲ့ ကျေးရွာပေါင်း ၁၅ ရွာမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေးဆိုင်ရာ အခက်အခဲ တွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ကြားသိနေရပါတယ်။

“ကျောက်မီးသွေးစက်ရုံကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်များဟာ ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ် ဖြစ်စေနိုင်ပါတယ်၊ လက်ရှိ တီကျစ်ဒေသအနီးတဝိုက်မှာ နေထိုင်ကြတဲ့အမျိုးသမီးတွေ လက်တွေ့ခံစားနေရပါ တယ်” လို့ တီကျစ်ဒေသခံ ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာဒေါ်ကြည်ကြည်စန်းက ပြောပါတယ်။

“ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကိုယ်ဝန် ၂ ကြိမ်ကနေ ၃ ကြိမ်အထိ ပျက်ကျတာတွေ၊ ပေါင်မပြည့်ဘဲမွေးပြီး ရက်ပိုင်းကလေးငယ်တွေ သေဆုံးတာတွေ၊ လမစေ့ဘဲမွေးတာတွေ တနှစ်ထက်တနှစ် ပိုများလာတယ်” လို့ ဒေါက်တာဒေါ်ကြည်ကြည်စန်းက ဆိုပါတယ်။

ကိုယ်ဝန်ပျက်ကျတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း “ ၂ ခါ ၃ ခါ သားပျက်ကျဖူးတယ်ဆိုရင်တော့ အသက်အန္တ ရာယ်နဲ့ နီးစပ်တာပေါ့။ အသက်အန္တရာယ် မဖြစ်ရင်တောင် အားနည်းပြီး ဘာအလုပ်မှ မလုပ်ကိုင်နိုင်လောက် အောင်ဖြစ်သွားနိုင်ပါတယ်” လို့ သားပျက်သားလျှောဆေးပညာရှုဒေါင့်က သတိပေးပြောဆိုပါတယ်။

ကျောက်မီးသွေးစက်ရုံနဲ့သတ္တုတွင်းကနေ ထွက်လာတဲ့ အညစ်အကြေးအနံ့ဆိုးများဟာ အမျိုးသမီးများအတွက် အန္တရာယ်ရှိပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်များအတွက် ကိုယ်ဝန်ဆိပ်တက်ပြီး မူးမေ့ခြင်း၊ အော့အန်ခြင်းတွေ ဖြစ်နိုင်ပါတယ်လို့လည်း သူက ဆက်လက်ပြောပြပါတယ်။

၂၀၁၅-၂၀၁၆ ခုနှစ်များအတွင်းက ဒီဒေသက မိခင်လောင်းအများစုဟာ ကိုယ်ဝန်ပျက်ကျမှုတွေနဲ့ ကြုံတွေ့ခဲ့ရ တယ်လို့ တီကျစ်ဒေသခံ အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်ခင်သန်းကြည်က ပြောပါတယ်။

အခုနောက်ပိုင်းမှာလည်း တီကျစ်ဒေသ ပတ်ဝန်းကျင်က ကျေးရွာအားလုံးမှာ တလအတွင်း သားပျက်တာ ၄၃ ဦးရှိနေတယ်လို့ သိရပါတယ်။

“ တချို့အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ဆက်တိုက်ပျက်ကျတာတွေရှိတယ်။ ကိုယ်ဝန်မမြဲတော့သလို ဖြစ်နေတာပေါ့” လို့ ဒေါ်ခင်သန်းကြည်က ဆက်ပြောပါတယ်။

ဆက်လက်ပြီး သူက “ လမစေ့ဘဲမွေးတာနဲ့ ပေါင်မပြည့်ဘဲမွေးတာတွေလည်း ရှိတယ်။ အရင်က ကြာကြာနေမှ သတိထားမိတာ။ အခုက တလထဲ ၄၃ ဦးဆိုတော့ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး အံ့သြတကြီးဖြစ်ရတယ်” လို့ပြောပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံအား ဒေသခံများ ဆန္ဒပြနေပုံ

တလအတွင်း ကိုယ်ဝန်ပျက်ကျသူများနဲ့ ပေါင်မပြည့်ဘဲ မွေးဖွားကာ ရက်ပိုင်းအတွင်း သေဆုံးတဲ့ ကလေးငယ် ၄၃ ဦးဟာ တီကျစ်ပတ်ဝန်းကျင် အနီးတဝိုက် ရွာပေါင်း ၁၅ ရွာမှ ကလေးငယ်များဖြစ်ကြပါတယ်။

ကျောက်မီးသွေးစက်ရုံဟာ ကျေးရွာတွေနဲ့အလွန်နီးကပ်တဲ့အတွက် စက်ရုံ ၂၄ နာရီလည်ပတ်တဲ့အခါ ဆူညံသံ များကလည်း သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနဲ့ မွေးဖွားကာစ ကလေးငယ်များအတွက် အန္တရာယ် ဖြစ်စေတယ်လို့ တီကျစ်ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်နေတဲ့ ဒေသခံများက ဆိုကြပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ အမျိုးသမီးအများစုဟာ ကျန်းမာရေး အသိပညာ ဗဟုသုတနည်းပါးသလို အတန်းပညာလည်း ချို့တဲ့ကြတယ်လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့က အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နေတဲ့ နန်းခမ်းမို့ ကပြောပြပါတယ်။

“တီကျစ်မှာတော့ အနှစ်ချုပ်လိုက်ရင် တနှစ်ကို အမျိုးသမီး ၁၀၀ ကျော် ကိုယ်ဝန်ပျက်ကျတယ်။ အမျိုးသမီးအများစုက ကိုယ်ဝန်ပျက်ကျတာကို သာမန်လို့သဘောထားပြီး အလေးအနက်မထားကြဘူး” လို့ နန်းခမ်းမို့ က ပြောပါတယ်။

ဒီဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးများဟာ ကိုယ်ဝန်စဆောင်တဲ့ အချိန်ကစပြီး ရိုးရာအစဉ်အလာ လုပ်ငန်းများဖြစ်တဲ့ အလေးအပင် မ,ခြင်းနဲ့ အခြားပင်ပန်းတဲ့အလုပ်များကို မလုပ်ကြပေမယ့် မကြာခဏ ကိုယ်ဝန်ပျက် ကျနေကြလို့ ကိုယ်ဝန်ဆောင်ဖို့ စိုးရိမ်ပူပန်နေကြတယ်လို့ နန်းခမ်းမို့က ဆက်လက်ပြောပြပါတယ်။

တီကျစ် ကျောက်မီးသွေးစက်ရုံ

အခုချိန်အထိ တီကျစ်မြို့ ကျောက်မီးသွေးစက်ရုံနဲ့ သတ္တုတွင်းတို့က ထွက်လာတဲ့ အညစ်အကြေးနဲ့ အနံ့အသက်တွေကို စမ်းသပ်တာ၊ သုတေသန ုပြုလုပ်တာတွေလည်း မရှိသေးဘူးလို့ ကျောက်မီးသွေးစက်ရုံ လည် ပတ်ခြင်းကို ကန့်ကွက်နေတဲ့ တီကျစ်ဒေသခံ စိုင်းထူးက ပြောပါတယ်။

တီကျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို တရုတ်နိုင်ငံ (China National Heavy Machinery Corporation Company) နဲ့ မြန်မာနိုင်ငံက ဧဒင်အုပ်စုကုမ္ပဏီတို့က စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်မှာ ၂၀၀၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ စတင်လည်ပတ်ခဲ့ပါတယ်။

ကျောက်မီးသွေးစက်ရုံ၊ မီးခိုးခေါင်းတိုင်ကို ပေ ၄၀၀ အမြင့်မှာ တည်ဆောက်ရမယ်လို့ သတ်မှတ်ထားပေမယ့် ပေ ၂၀၀ သာရှိတဲ့အတွက် စက်ရုံက ထွက်လာသည့် မီးခိုးငွေ့တွေနဲ့ ပြာတွေဟာ စက်ရုံဝန်းကျင်အနီးမှာရှိတဲ့ ကျေးရွာတွေကို ဖုံးလွှမ်းနေတယ်လို့ “တီကျစ်မြေမှ ခေါင်းလောင်းသံ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးကလည်း တီကျစ်ကျောက်မီးသွေးစက်ရုံဟာ နည်းပညာနိမ့်ပြီး ဒေသခံများအပေါ်ထိခိုက်မှုရှိတယ်လို့ ပြောဆိုခဲ့ကာ ခေတ ရပ်ဆိုင်းခဲ့ပါသေးတယ်။

ဒါပေမယ့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျောက်မီးသွေးစက်ရုံကို ပြန်လည်ပြင်ဆင်ဖို့နဲ့ ဓာတ်အားပေးစက်ရုံ ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် တရုတ်နိုင်ငံက ( Wuxi Huaggaung Electric Power Engineering) ကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ ၅ ကြိမ်ခန့်အထိ စက်များစမ်းသပ်လည်ပတ်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ ကျောက်မီးသွေးစက်ရုံကို ၂၄ နာရီ ပြန်လည်စမ်းသပ်လည်ပတ်နေတယ်လို့ သိရပါတယ်။

ကျောက်မီးသွေးစက်ရုံကို ပြန်လည်စမ်းသပ်လည်ပတ်နေတာကို တီကျစ်ဒေသခံတွေက ကန့်ကွက်ထားပေမယ့် အခုချိန်အထိ ဆက်လက်လည်ပတ်နေတာပါ။

“ အရင်က စက်ရုံလည်ပတ်ခဲ့လို့ ဒေသခံအမျိုးသမီးတွေ ကိုယ်ဝန်ပျက်ကျမှု နှုန်းများခဲ့ပြီးပြီ။ အခု ပြန်လည်ပတ်aတာ့ တီကျစ်ဒေသခံတွေကို မျိုးသုဉ်းအောင်လုပ်နေတာနဲ့ အတူအတူပါပဲ” လို့ တီကျစ်ဒေသခံ ဒေါ်ခင်သန်း ကြည်က ထောက်ပြပါတယ်။

စက်ရုံပြန်လည်ပတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် အမျိုးသမီးတွေကို ပိုမိုထိခိုက်စေမှာဖြစ်ပြီး လယ်ယာ တွေကိုလည်း ထိခိုက်တဲ့အတွက် စီးပွားရေးပါ ကျဆင်းလာနိုင်တယ်လို့ တီကျစ်ဒေသခံတွေက စိတ်ပူနေကြ တာ ဖြစ်ပါတယ်။

“ စက်ရုံတည်ရင် အမျိုးသမီးတွေ ဘယ်လောက်ထိခိုက်နိုင်လဲ။ အမျိုးသမီးတွေနဲ့ကလေးတွေရဲ့ ထိခိုက်မှုကို စစ်တမ်းတခုအနေနဲ့ ကောက်ခံတာနည်းတယ်။ မရှိသလောက်ပါပဲ။ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက အိမ် တအိမ်မှာ အဓိကကျတယ်။ ဒါကြောင့် ဒီလိုအချက်အလက်တွေ ကောက်ယူစစ်တမ်းလုပ်ဖို့လိုပါတယ်” လို့ နန်းခမ်းမို့ကဆိုပါတယ်။

တီကျစ်မြို့ ဒေသခံအမျိုးသမီးများ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ကလေးများမွေးဖွားခြင်းနဲ့ ပေါင်မပြည့် မွေးဖွား သေဆုံးမှုနှုန်းတွေကို အခုအချိန်အထိ တိကျစွာ စစ်တမ်းကောက်ထားတာတွေ မရှိသေးဘူးလို့ တီကျစ်ဒေသခံ အမျိုးသမီးများက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒေသဖွံ့ဖြိုးရေးအတွက် စက်ရုံများတည်ဆောက်မယ်ဆိုရင် အမျိုးသမီးကဏ္ဍအတွက် သီးသန့် စစ်တမ်းကောက်ယူမှုတွေ လိုအပ်ပြီး စက်ရုံများ၊ အဆင့်မြင့်စီမံကိန်းများ လုပ်ကိုင်တဲ့အခါ အမျိုးသားများထက် အမျိုးသမီးများကို ထိခိုက်မှု ပိုများနေတယ်ဆိုတာကို တီကျစ်စီမံကိန်းက နမူနာပြနေပါတယ်လို့လည်း နန်းခမ်းမို့က ပြောဆိုပါတယ်။

“တီကျစ်ကျောက်မီးသွေးစက်ရုံ လည်ပတ်နေသရွေ့တော့ တီကျစ်ဒေသခံ ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ပျက် ကျမှုနှုန်းလည်း ပိုတိုးလာနိုင်တယ်။ ကိုယ်ဝန်ဆောင်တွေအတွက် အသက်အန္တရာယ်အထိဖြစ်လာနိုင်တယ်” လိ့ု ဒေါက်တာဒေါ်ကြည်ကြည်စန်းကလည်း သတိပေးလိုက်ပါတယ်။

ဖွံ့ဖြိုးမှု နိမ့်ကျနေသေးတဲ့ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများအပါအဝင် စက်ရုံ အလုပ်ရုံများ လိုအပ်နေပေမယ့် ဒေသခံပြည်သူများကို အလေးထားပြီး မျက်နှာမူသင့်တယ်ဆိုတာ တီကျစ်စီမံ ကိန်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက သက်သေပြလျက်ရှိနေပါတယ်။

ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ စီစဉ်လုပ်ဆောင်သည့် HI (Honest Information) မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading