Women & Gender

ဘာသာရေးပဋိပက္ခ ဘယ်လိုကာကွယ်မလဲ

Want create site? Find Free WordPress Themes and plugins.

ပဋိပက္ခဖြစ်ပွားမှုတွေတိုင်းမှာ ကွဲပြားမှု တစုံတရာ ရှိနေတတ်ပါတယ်။ ဒီလို ကွဲပြားမှုတွေဟာ လူမျိုးရေး၊ နိုင်ငံရေး အတွေးအခေါ်၊ လူတန်းစား စတာတွေအပြင် ဘာသာရေးကွဲပြားမှုတွေလည်း ဖြစ်နိုင်ပါတယ်။ ဘာသာရေးပဋိပက္ခဟာ အခြားပဋိပက္ခများထက်လည်း ပိုမိုပြင်းထန်လေ့ရှိပြီး၊ ဖြေရှင်းရအခက်ဆုံး ပဋိပက္ခလဲ ဖြစ်ပါတယ်။ အခြားပဋိပက္ခများမှာ ကြားနေသူများ ပိုမိုများပြားတတ်ပေမယ့်၊ ဘာသာရေးပဋိပက္ခများမှာတော့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို ထိပါးစော်ကားခံရခြင်းဆိုတဲ့ အယူအဆနဲ့ ခံစားချက်တွေ တိုးပွားလာပြီး၊ မိမိဘာသာပင် မသိလိုက်ပဲ ပဋိပက္ခဖြစ်စဉ်တွေမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ ပေါ်ထွန်းလာတတ်ပါတယ်။

ဒါကြောင့်လည်း နိုင်ငံရေးသိပ္ပံပညာရှင် Reychler ဆိုသူက ဘာသာရေးအခြေခံ ပဋိပက္ခဟာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ဆိုးဝါးလှတဲ့ ရက်စက်မှုတွေ၊ စစ်ပွဲတွေကို ဦးတည် သွားတတ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ သဘာဝသယံဇာတပေါ်မှာ အခြေပြုတဲ့ စစ်ပွဲတွေကို ခွဲဝေအသုံးပြုခြင်းအားဖြင့် ရပ်စဲလို့ရပေမယ့်၊ ဘာသာရေးအခြေပြု စစ်ပွဲတွေမှာကျတော့ ကိုယ်မှန်တယ်၊ သူမှားတယ် ဆိုတဲ့ သုံးသပ်ချက်ကို ကနဦးချပြီးမှ တိုက်ခိုက်ကြတာဖြစ်တဲ့အတွက် လူတွေရဲ့ အမြင်တွေ၊ သဘောထားတွေကို ပိုမိုပွင့်လင်းမှု ရှိလာအောင်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို လက်ခံလာအောင် မလုပ်ဆောင်ဘဲ ဘာသာရေး ပဋိပက္ခများကို ဖြေရှင်းရန် ခက်ခဲကြောင်း နိုင်ငံရေးပညာရှင်များက တညီတညွတ်တည်း လက်ခံထားခဲ့ကြပါတယ်။

ယေဘုယျအားဖြင့် ဘာသာရေးခေါင်းဆောင်များဟာ လူ့အဖွဲ့အစည်း အတွင်းမှာ လူအများစုရဲ့ ယုံကြည်ကိုးစားမှု အခံရဆုံး ပုဂ္ဂိုလ်များဖြစ်တဲ့အတွက် ဒီခေါင်းဆောင်များက စုပေါင်းပြီး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အကြမ်းဖက်မှုများအား ဆန့်ကျင်ရေး၊ ကွဲပြားမှုများအပေါ် အခြေတည်သော ပဋိပက္ခများတွင် အားပေးလှုံ့ဆော်ပါဝင်သူများကို မိမိတို့ဘာသာအလိုက် ရှုံ့ချရေး စတာတွေကို ပြုလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာဖြစ်ကြောင်း နိုင်ငံရေးပညာရှင် Douglas ဆိုသူက ရေးသားဖော်ပြခဲ့ပါတယ်။

ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေးအတွက် ဘာသာရေးခေါင်းဆောင်များရဲ့ အခန်းကဏ္ဍကို သိမြင် လာကြတာနဲ့အမျှ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးခြင်း (Interfaith Dialogue) သဘောတရား ကလည်း ပေါက်ထွက်လာပါတယ်။

နိုင်ငံရေးပညာရှင် မွန်ဂျစ်က ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးခြင်း ဆိုတာကို ကွဲပြားခြားနားတဲ့ ဘာသာရေးယုံကြည်မှုများအကြား အပြန်အလှန် နားလည်မှုများ ရှိလာစေရေးအတွက် ဆွေးနွေးခြင်း လို့ အဓိပ္ပာယ်ဖွင့်ဆိုထားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်တဲ့အခါ တူညီမှုများနဲ့ ကွဲပြားခြားနားမှုများကို လူအများက သိမြင်သွားလေ့ရှိပါတယ်။ ဒီအခါမှာ ကွဲပြားခြားနားမှုများကို ရှေ့တန်းမတင်ပဲ မည်သို့မည်ပုံ ဆက်ဆံရေး တည်ဆောက်ရမယ်ဆိုတာကို စဉ်းစားလာလေ့ရှိပါတယ်။ ဒီအချက်က နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများအတွက်လည်း အကျုံးဝင်ပါတယ်။

ဒီလိုစဉ်းစားပြီး ဆက်ဆံရေးကောင်းမွန်လာတာနဲ့အမျှ နားလည်မှု လွဲမှားမှုတွေကိုလည်း ငြိမ်းချမ်းစွာ မေးမြန်းဆွေးနွေးခြင်းများ ရှိလာပါတယ်။ အပြန်အလှန် ဆွေးနွေးချက်တွေကနေ နားလည်မှု လွဲမှားချက် များကို ဖြေရှင်းနိုင်တာနဲ့အမျှ ဆက်ဆံရေး ပိုမို ကောင်းမွန်လာပြီး၊ ပဋိပက္ခဖြစ်နိုင်ချေလည်း လျော့နည်းလာ တတ်ပါတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးခြင်းဟာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး ကဏ္ဍအားလုံးအတွက် အခရာကျတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။

ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးခြင်းဆိုင်ရာ ရည်မှန်းချက် ပန်းတိုင်များကို ပညာရှင် Braybrooke ဆိုသူက လေ့လာဆန်းစစ်ခဲ့ရာမှာ မိမိဘာသာကို ပိုမိုသိနားလည်လာခြင်း၊ အခြားဘာသာများကို သိနားလည်လာခြင်း၊ ဘုံတူညီချက်များကို ရှာဖွေနိုင်လာခြင်း၊ ကွဲပြားမှုများကိုလည်း သိမြင်လာပြီး အဆိုပါ ကွဲပြားမှုများကို ရှေ့တန်းမတင်ပဲ မည်သို့မည်ပုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများကို ရှာဖွေလာခြင်း စတာတွေကို တွေ့ရှိခဲ့ပါတယ်။

ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးခြင်း ဆိုတဲ့ သဘောတရားကို နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ ရှုထောင့်မှ လေ့လာကြည့်မယ်ဆိုရင် ဒီသဘောတရားဟာ အများပူးပေါင်းပါဝင်မှုအပေါ်မှာ အခြေခံသော Pluralism နဲ့ ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။

Pluralists များက ကွဲပြားခြားနားတဲ့ လူ့အဖွဲ့အစည်းများမှ ကွဲပြားခြားနားသော ဘာသာတရား ကိုးကွယ်သူများဟာ အပြန်အလှန် ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်မှုကို တည်ဆောက်ခြင်းဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အယူအဆကို လက်ခံထားလေ့ ရှိကြပါတယ်။

ဒီအယူအဆကို ဆန့်ကျင်သူများကတော့ သီးခြားခွဲထွက်မှု အပေါ်မှာ အခြေခံသော exclusivity ဝါဒကို လက်ခံသူများဖြစ်တဲ့ totalitarians (exclusivists) များပဲ ဖြစ်ပါတယ်။ ဒီအခါမှာ မိမိတို့သက်ဆိုင်ရာ အစုအဖွဲ့ကိုသာ ဦးစားပေးကာကွယ်ပြီး၊ အခြားမတူညီသော အဖွဲ့များကို ခွဲခြားဆက်ဆံလိုသော အုပ်စုနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လိုသော အုပ်စုဆိုပြီး၊ အစုအဖွဲ့တခုချင်းဆီမှာ အုပ်စု ၂ စု ထပ်မံကွဲထွက် လာတတ်ပြန်ပါတယ်။ ဒီလိုအခြေအနေတွေကို တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းများနဲ့ အလျင်အမြန် မဖြေရှင်းပေးနိုင်ဘူးဆိုရင် ပဋိပက္ခတွေက ပိုပြီး ဆိုးဝါးသွားတတ်ပြီး၊ နိုင်ငံရေးအရ ‘clash of civilizations’ ဖြစ်သွားတတ်ပါတယ်။

ဒါတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်တာကတော့ ဘာသာပေါင်းစုံမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို လိုလားသော ဘာသာရေးခေါင်းဆောင်များနဲ့ pluralists များ လက်တွဲပြီး၊ ပဋိပက္ခ ပိုမိုပြန့်ပွားလာခြင်း (conflict escalation) နှင့် ဆန့်ကျင်ဘက်လုပ်ငန်းစဉ်များဖြစ်တဲ့ ပဋိပက္ခလျော့ကျရေး (conflict de-escalation) လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

ကွဲပြားခြားနားပြီး သီးခြားရပ်တည်နေသော အုပ်စုများ (isolated groups) များကို ဘာသာပေါင်းစုံ လှုပ်ရှားမှုများ (Interfaith Movements) များနဲ့ ညီညွတ်ရေး တည်ဆောက်ပေးခြင်းအားဖြင့် ပဋိပက္ခများကို လျော့ကျစေနိုင်ပါတယ်။ ဖြစ်ပွားခဲ့သော ပဋိပက္ခများအား ပြန်လည်သုံးသပ်ခြင်း၊ မိမိဘက် တဖက်တည်းတင် သာမကပဲ အခြားဘက်တွင်ပါ နစ်နာဆုံးရှုံးမှုများ ရှိခဲ့သည်ကို သိမြင်နားလည်လာခြင်း၊ နှစ်ဘက် ပဋိပက္ခများ ဆက်လက်ရှိနေခြင်းအားဖြင့် လူ့အဖွဲ့အစည်း တခုလုံးအား အကျိုးယုတ်စေနိုင်သည်ကို သိမြင်လာခြင်း၊ ပဋိပက္ခများကြားမှာ နေရခြင်းထက် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းက တန်ဖိုးပိုမိုကြီးမားသည်ကို နားလည်လာခြင်း၊ နှစ်ဘက်စလုံးမှ ပဋိပက္ခအား ပိုမိုကြီးမားစေရန် လှုံ့ဆော်နေသူများကို လူ့ဘောင်၏ သာယာငြိမ်းချမ်းမှုအား ဖျက်ဆီးနေသူများအဖြစ် တွေ့မြင်လာခြင်း စတဲ့ ဖြစ်စဉ်အဆင့်ဆင့်ကို ဦးတည်သော လုပ်ငန်းစဉ်များ ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။

ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးခြင်းနဲ့ ပတ်သက်တဲ့ ကမ္ဘာ့အဆင့်ဆွေးနွေးပွဲတရပ်ကို ၁၈၉၃ ခုနှစ်မှာ ချီကာဂိုမှာ စတင်ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲအမည်ကတော့ ပထမအကြိမ် ကမ္ဘာ့ဘာသာကြီးများ ကွန်ဂရက် ဖြစ်ပါတယ်။ ဒီကွန်ဂရက်ရဲ့ အဆုံးမှာ ဘာသာပေါင်းစုံရဲ့ အခြေခံသဘောတရားများကို လူအများ ပိုမိုနားလည်စေရေး၊ ဘာသာအချင်းချင်း တိုက်ခိုက်မှုများ မပြုလုပ်ပဲ လူ့အဖွဲ့အစည်းကို ဘေးအန္တရာယ် ပြုနေသော အရာများကိုသာ စုပေါင်းတိုက်ဖျက်ရေး စတာတွေကို သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးခြင်းနဲ့ ပတ်သက်တဲ့ ရှေးအကျဆုံး လှုပ်ရှားမှုကတော့ ၁၉၇၀ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ စတင်ခဲ့တဲ့ Religions for Peace ဆိုတဲ့ အဖွဲ့အစည်း ပေါ်ထွက်လာမှုပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကတော့ ကွန်ရက်ပြုမှု အပေါ်တွင် အခြေခံသော ကမ္ဘာ့ညွန့်ပေါင်းအဖွဲ့ကြီး ပေါ်ထွက်လာရေး၊ သတင်းအချက်အလက်များအား ဖလှယ်ရေး၊ inter-religious councils များအကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးရေး စတာတွေပဲ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတကာ အတွင်းဝန်ရုံးက နယူးယောက်မှာ အခြေစိုက်ပြီး၊ ဘာသာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲနဲ့ ကွန်ဖရင့်များကို ဥရောပနဲ့ အာရှနိုင်ငံများမှာ ကျင်းပခဲ့ကြပါတယ်။

ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးခြင်းဆိုင်ရာ ပညာပေး လုပ်ငန်းစဉ်များကိုလည်း ပညာရှင်များက လေ့လာ ဖော်ထုတ် ထားခဲ့ရာမှာ ကဏ္ဍ ၆ ခုကို တွေ့ရှိရပါတယ်။ ဒီကဏ္ဍ ၆ ခုကတော့ ပဋိပက္ခနှင့် ကွဲပြားမှု အခြေပြုယဉ်ကျေးမှုအား ဖယ်ရှား၍ ငြိမ်းချမ်းရေး ယဉ်ကျေးမှု တည်ဆောက်နိုင်ရန် ပညာပေးခြင်း၊ လူ့အခွင့်အရေးနှင့် တာဝန်များအား ပညာပေးခြင်း၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးရာ ကွဲပြားမှုများကို နားလည်လက်ခံမှုရှိစေရန် ပညာပေးခြင်း၊ သဘာဝတရားနှင့်အညီ သဟဇာတဖြစ်စွာ နေထိုင်တတ်စေရန် ပညာပေးခြင်း၊ တရားမျှတမှုနှင့် ကိုယ်ချင်းစာနာမှုအား တန်ဖိုးထားတတ်စေရန် ပညာပေးခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုရှိစေရန် ပညာပေးခြင်း စတာတွေ ဖြစ်ပါတယ်။

ဘာသာပေါင်းစုံတွေ့ဆုံ ဆွေးနွေးခြင်းဟာ ယနေ့ခေတ်ကမ္ဘာအတွက် အလွန်အရေးကြီးတဲ့ လုပ်ငန်း ဆောင်တာ တရပ်ဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခအလွန် တည်ဆောက်ရေးကာလလို့ ဆိုနိုင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းကာလတွေမှာ ဘာသာရေးပဋိပက္ခများ ပေါ်ထွက်လာလေ့ရှိတာကြောင့် သတိကြီးကြီးထားပြီး ဖော်ဆောင်သင့်တဲ့ လုပ်ငန်းတရပ်ဖြစ်ပါတယ်။

ဒီလိုဖော်ဆောင်မှုတွေကို နိုင်ငံတော် အစိုးရများမှ ဦးဆောင်၍ ဖြစ်စေ၊ ဘာသာရေးခေါင်းဆောင်များမှ ဦးဆောင်၍ ဖြစ်စေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ စည်းရုံးလှုံဆော်၍ဖြစ်စေ လုပ်ဆောင်ခြင်းအားဖြင့်၊ ပဋိပက္ခအလွန် တည်ဆောက်ရေး ကာလများမှာ ဘာသာရေးပဋိပက္ခများ အသွင်သဏ္ဍာန်တမျိုးနဲ့ ထပ်မံပေါ်ထွက်လာပြီး၊ တိုင်းပြည် တည်ဆောက်ရေး ထိခိုက်စေနိုင်မှုအား ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးခြင်းရဲ့ အကျိုးကျေးဇူးများကို နိုင်ငံရေးပညာရှင်များက လေ့လာဆန်းစစ် ခဲ့ရာမှာ အကြောင်းရင်း ခုနစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။

(၁) ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေး

ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ပြီးချိန်မှာ လူအများဟာ ကိုယ်ယုံကြည်သက်ဝင် ကိုးကွယ်တဲ့ ဘာသာတရားကိုသာမကပဲ အခြားဘာသာများရဲ့ အခြေခံသဘောတရားများကိုလည်း နားလည်မှု ရှိလာ ပါတယ်။ ဒီလိုနားလည်လာတဲ့အခါ အခြားဘာသာဝင်တယောက်အပေါ် ကြိုတင်ထင်မြင်ယူဆထားချက်တွေ လျော့နည်းလာခြင်း (သို့မဟုတ်) ပျောက်ကွယ်သွားခြင်း ဖြစ်ပေါ်လာပြီး၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

(၂) ပူးပေါင်းဆောင်ရွက်ရေး

နိုင်ငံရေးပညာရှင် Toh အဆိုရှိခဲ့သလိုပဲ ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးရေး လှုပ်ရှားမှုတွေဟာ ကွဲပြား ခြားနားနေတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ကျင့်သုံးသူများအကြားမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းများကို ရှာဖွေနိုင်လာပါတယ်။ ဘုံတူညီချက်၊ ဘုံအကျိုးစီးပွားတွေကို တွေ့မြင်လာကြသူများ အကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပြီဆိုရင် မဖြစ်နိုင်တဲ့ အရာတွေ သိပ်မရှိတော့ပါဘူး။

(၃) ဘာသာရေး လွတ်လပ်ခွင့်

လူအများအကြားမှာ ဘာသာရေး တွေ့ဆုံဆွေးနွေးပွဲတွေ ရှိလာတဲ့အခါ ဘာသာရေးကို ပဋိပက္ခတွေကို အလွဲသုံးစား လုပ်မှုတွေကို ရှောင်ရှားလာနိုင်ပါတယ်။ အချို့သော ဘာသာရေးအစွန်းရောက်တွေက သူတို့ရဲ့ လှုပ်ရှားမှုတွေမှာ ဘာသာရေးအမည်တွေ ပေးထားတတ်ကြပြီး၊ တိုက်ခိုက်ရေးသမားတွေကို ဘာသာရေးသီချင်းတွေနဲ့ စိတ်တက်ကြွအောင် လှုံ့ဆော်ထားလေ့ရှိကြပါတယ်။

ဒီလို ဘာသာရေးဆိုင်ရာ အလွဲသုံးစားပြုမှုတွေကို ဘာသာရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းအားဖြင့် ကာကွယ်တားဆီးနိုင်ပါတယ်။ ဘာသာရေး တွေ့ဆုံဆွေးနွေးပွဲများမှ ပေါ်ထွက်လာသော အမြင်သစ်တွေ၊ အပြန်အလှန် နားလည်မှုတွေကို သက်ဆိုင်ရာ ဘာသာအလိုက် ပြန်လည်ဖြန့်ဝေပြီး၊ ဘာသာရေး အစွန်းရောက်များရဲ့ ဝါဒဖြန့်ချိတဲ့ စကားများကို လူအများ နားမယောင်မိစေရန် ကြိုးပမ်းမှုများ ပြုလုပ်နိုင် ပါတယ်။

(၄) ပဋိပက္ခများအား ကာကွယ်ခြင်းနှင့် အသွင်ပြောင်းခြင်း

ဘာသာရေးယုံကြည်ချက်တခု ရှိလာတဲ့အခါ ဘာသာတူသူ အခြားလူများအပေါ် အတူတူပဲဆိုတဲ့ sense of same identity ဝင်ရောက်လာပါတယ်။ ဒီလိုခံစားလာရတဲ့အခါ လူတယောက်ရဲ့ ရင့်ကျက်မှုနဲ့ အတွေးအမြင်ပေါ်မှာ မူတည်ပြီး၊ အမြင်ကျဉ်းမှုနဲ့ ကျယ်ပြန့်သောအမြင်ရှိမှုတွေလည်း ထပ်မံဖြစ်ထွန်း လာပါတယ်။

အမြင်ကျဉ်းမှုဖြစ်ထွန်းလာတဲ့အခါ မိမိဘာသာဝင်မှလွဲ၍ အခြားဘာသာဝင်များအား မှားယွင်းသူများ၊ ရန်သူများလို့ မြင်လာတတ်ပါတယ်။ ကျယ်ပြန့်သော အမြင်ရှိလာတဲ့အခါ မိမိဘာသာကို ကာကွယ် စောင့်ရှောက်လိုစိတ်က တဖက်က ရှိသကဲ့သို့ အခြားဘာသာဝင်များနဲ့ ကွဲပြားခြားနားတာကိုလည်း အသိအမှတ်ပြုစိတ်တွေ ပေါ်ထွက်လာပါတယ်။

ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲတွေက ကျယ်ပြန့်သောအမြင် ပေါ်ထွက်လာမှုကို ထောက်ကူပြု ပေးနိုင်ပါတယ်။ ဘာသာတရားတခုခုကို သက်ဝင်ယုံကြည်သူများ အချင်းချင်း တွေ့ဆုံမှုတွေမှာ ဦးနှောက်၊ နှလုံးသားနဲ့ လက်တွေကို အသုံးပြုရလေ့ရှိကြောင်း နိုင်ငံရေးပညာရှင် Swidler က ဆိုထားခဲ့ပါတယ်။

အခြားဘာသာဝင်များရဲ့ တွေးခေါ်မှုနဲ့ အမြင်တွေကို ဦးနှောက်နဲ့ စဉ်းစားခြင်း၊ ဘာသာရေးအခြေခံ ပဋိပက္ခများကြောင့် နှစ်ဘက်နစ်နာဆုံးရှုံးရမှုများကို နှလုံးသားမှ သိမြင်ခံစားခြင်း နဲ့ အတူလက်တွဲပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်လာခြင်း စတာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအခါမှာ သူတို့ရဲ့ သဘောတူညီမှုတွေ၊ ဆုံးဖြတ်ချက်တွေက ဦးနှောက်၊ နှလုံးသား၊ လက်တွေ ပါဝင်တာကြောင့် ပိုမိုခိုင်မြဲလာနိုင်ကြောင်းကိုလည်း နိုင်ငံရေးပညာရှင် Smock က သုံးသပ်ထားခဲ့ပါတယ်။

(၅) ဆက်ဆံရေးကောင်းမွန်ခြင်း

ပဋိပက္ခတွေဟာ လူအများကြားက ဆက်ဆံရေးအားနည်းချက်တွေ၊ ဆက်ဆံရေးမရှိပဲ ဝေးကွာနေမှုတွေ အပေါ်မှာလည်း မူတည်ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းဟာ ဒီလို ဆက်ဆံရေးဆိုင်ရာ အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး၊ ဝေးကွာနေသူတွေကို ပေါင်းကူးပေးနိုင်ပါတယ်။

ဒီလို ပေါင်းကူးဖြည့်ဆည်း ပေးမှုတွေက တဆင့် အပြန်အလှန်လေးစားမှုရှိသော ယဉ်ကျေးမှု (Culture of mutual respect) ကို တည်ဆောက်ပေးနိုင်ပါတယ်။ ဒီယဉ်ကျေးမှုဟာ ဘုံတန်ဖိုးများ (Common Values) ကို အားပေးရာရောက်ပြီး၊ ဆက်ဆံရေးသဏ္ဍာန်များအတွက် အခြေခံအုတ်မြစ် ဖြစ်လာနိုပါတယ်။ အထူး သဖြင့် ပဋိပက္ခလွန် အခြေအနေများမှာ ဒီယဉ်ကျေးမှု ပေါ်ထွက်လာဖို့ အလွန် အရေးကြီးပါတယ်။

(၆) Humanity လွတ်မြောက်ရေး

ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲများမှာ လူအများပူးပေါင်းပါဝင်လာရခြင်းရဲ့ အခြားအကြောင်းရင်း တခုကတော့ ကမ္ဘာပေါ်မှာ လူသားတွေရဲ့ ဖြစ်တည်မှုကို ခြိမ်းချောက်နေတဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ၊ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ပြဿနာများကို စုပေါင်းကာကွယ်ရေးအတွက် ဖြစ်ပါတယ်။ ဘာသာပေါင်းစုံမှာ အတိဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရေးအတွက် လမ်းညွှန်ထားမှုတွေ ရှိပါတယ်။ ဘုံအန္တရာယ် ကျရောက်လာချိန်မှာ စုပေါင်းတွန်းလှန်ခြင်းက ရသမျှအားနဲ့ မိမိတို့ဘာသာ တွန်းလှန်နေခြင်းထက် ပိုပြီး ထိရောက်နိုင်ပါတယ်။

(၇) ငြိမ်းချမ်းရေးယဉ်ကျေးမှု တည်ဆောက်ခြင်း

ငြိမ်းချမ်းရေးယဉ်ကျေးမှုရဲ့ အဓိကတန်ဖိုးတွေကတော့ သည်းခံခွင့်လွှတ်မှု၊ သွေးစည်းညီညွတ်မှု၊ မျှဝေခံစားမှုနဲ့ လူ့အခွင့်အရေး များအား လေးစားတန်ဖိုးထားမှု စတာတွေ ဖြစ်ပါတယ်။ ဒီတန်ဖိုးတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ပြဿနာများဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု၊ ခွဲခြားသတ်မှတ်မှု၊ လူမှုတရားမျှတခြင်းမရှိမှု၊ လူသားစိတ် ကင်းမဲ့မှု စတာတွေကို ဖြေရှင်းနိုင်ပါတယ်။

ဒီလိုဖြေရှင်းရာမှာလည်း တွေ့ဆုံဆွေးနွေးခြင်း (Dialogue)၊ စေ့စပ်ညှိနှိုင်းခြင်း (Negotiation) နှင့် ကြားဝင်ဖျန်ဖြေခြင်း (Mediation) စတဲ့ နည်းလမ်းများကို အသုံးပြုပြီး၊ စစ်ပွဲနဲ့ အကြမ်းဖက်မှု နည်းလမ်းများ အသုံးပြုခြင်းကို ရှောင်ရှားနိုင်ရေးဟာ ငြိမ်းချမ်းရေး ယဉ်ကျေးမှုရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲတွေက ငြိမ်းချမ်းရေးယဉ်ကျေးမှု ပေါ်ထွက်လာစေရန် ထောက်ကူပေးနိုင်ပါတယ်။

ဒီလို အကျိုးကျေးဇူးများကို ဆောင်ကျဉ်းပေးနိုင်တဲ့ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးခြင်းတွေမှာ အမျိုးသမီးများ ကလည်း တက်ကြွစွာ လှှုပ်ရှားပါဝင် ဆောင်ရွက်နေကြပါတယ်။ လှုပ်ရှားဆောင်ရွက်မှုများမှာ ထောက်ကူဖြစ်စေရေးအတွက် အမျိုးသမီးများ၏ ဘာသာပေါင်းစုံ အင်စတီကျူးမှ အမျိုးသမီးများရဲ့ အသံများ ပိုမိုကျယ်ပြန့်စွာ ပေါ်ထွက်လာရေးအတွက် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးခြင်းများနဲ့ ပတ်သက်ပြီး ကဏ္ဍ ရှစ်ခုမှာ အားကောင်းလာအောင် ဆောင်ရွက်နေကြပါတယ်။

ကဏ္ဍ (၈) ခုကတော့
(၁) ဘာသာရေးခေါင်းဆောင် အမျိုးသမီးများ၏ ဦးဆောင်မှုအရည်အချင်းများကို မြှင့်တင်ခြင်း
(၂) အမျိုးသမီးများအတွက် ငြိမ်းချမ်းရေးအား ဘဝတသက်တာသို့ သယ်ဆောင်ခြင်း အစီအစဉ်များ ပြုလုပ်ခြင်း
(၃) နိုင်ငံပေါင်းစုံမှ အမျိုးသမီးများအား ချိတ်ဆက်ခြင်း
(၄) ခိုနားရာနေရာများ တည်ဆောက်၍ ဝန်ဆောင်မှုများပေးနေသော အမျိုးသမီးခေါင်းဆောင်များအား ကူညီဆောင်ရွက်ခြင်း
(၅) ကုစားခြင်းတွင် ပါဝင်ဆောင်ရွက်နေသော အမျိုးသမီးများအား ထောက်ပံ့ကူညီခြင်း
(၆) လူငယ်အမျိုးသမီးများ၏ အခန်းကဏ္ဍအား မြှင့်တင်ခြင်း
(၇) အနုပညာရှင် အမျိုးသမီးများ၏ ထောက်ခံအားပေးမှုကို ရယူုခြင်း
(၈) သဘာဝပတ်ဝန်းကျင်အရေးတွင် ဆောင်ရွက်နေသော အမျိုးသမီးများအား ကူညီအားပေးခြင်း စသည်တို့ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲများမှာ ပါဝင်တဲ့ အမျိုးသမီးများရဲ့ အသံများကို လူအများကြားစေနိုင်ပြီး၊ ဘာသာရေးပဋိပက္ခများ ဖြစ်ပွားခြင်း မရှိအောင် ကာကွယ်တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။

ဘာသာရေးတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းအားဖြင့် လူသားတွေရဲ့ စိတ်သဘောသဘာ၀ အခြေခံဖြစ်တဲ့ စာနာစိတ်ကို မီးမောင်းထိုးမြှင့်တင်ပေးနိုင်ပါတယ်။ လူသားတွေရဲ့ အချိန်အများစုကို egocentrism က လုယူထားတာ ဖြစ်တဲ့အတွက်၊ တရားမျှတမှုကို လိုလားစိတ်၊ စာနာစိတ်တွေက မီးခဲပြာဖုံး ဖြစ်နေတတ် တာတွေ ရှိပါတယ်။ ဘာသာရေးခေါင်းဆောင်များဟာ လူသားတွေရဲ့ hearts and minds တွေကို ဆက်သွယ်ပေါင်းကူးပေးနေရသူများ ဖြစ်တဲ့အတွက် ဒီလိုမီးခဲပြာဖုံး အခြေအနေတွေကို ဖယ်ရှားပစ်နိုင် ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ စာနာစိတ်ထားရှိနိုင်မှုနဲ့ တဘက်သားအပေါ် ထည့်သွင်းစဉ်းစားလေ့ရှိသော အမျိုးသမီးများ ပါဝင်ခြင်းအားဖြင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းကို ဆောင်ကျဉ်းနိုင်မှာ ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading