“အမေကြီးတို့ ငယ်ငယ်က ဓာတ်မြေဩဇာ အိတ်ကို လည်ပင်း ရယ် ချိုင်းရယ် အပေါက်ဖောက်ပြီး အကျႌလုပ်ဝတ်ရတာပေါ့” လို့ အမေကြီး (ကျမအမေရဲ့အမေ)က ပြောသည့်အခါ “ဘာဖြစ်လို့လဲဟင်…. အမေကြီး။ အကျႌမဝယ်နိုင်လို့လား” ဟု မေးမိသည်။
“မဟုတ်ပါဘူးအေ…. ဂျပန်ရန်ကြောက်ရတာတမျိုး ၊ အလိုတော်ရိ ကြောက်ရတာတမျိုးနဲ့ ဂျပန်များ ရွာထဲဝင်ရင် ရွာပြင်ကောက်ရိုးပုံထဲ သွားပုန်းနေရတာ” ဟု အမေကြီးက ပြောသည်။
ကျမ၏ အိပ်ယာဝင် ပုံပြင်များတွင် အမေကြီး၏ ငယ်ဘဝ အတွေ့အကြုံများလည်း ပါဝင်သည်။ အင်္ဂလိပ်အပြေး ၊ ဂျပန်အဝင်ကို အပျိုဖော်ဝင်စ ၁၄ နှစ်သမီးတွင် ကြုံတွေ့ရသည့် အမေကြီး၏ အပျိုဘဝသည် မှုံနံ့သာ ချယ်ကာ မသနိုင်ပါ။ အပျိုပေါက် သမီး၏ အလှအပများကို ဖုံးကွယ်ပစ်ဖို့ ဆံပင်ကို ခေါင်းပေါင်း အမြဲပေါင်းထားရပြီး ပုံမကျ ၊ ပန်းမကျ အဝတ်အစားများကို အသုံးပြုခဲ့ရသည်။
ထို့ထက်မက စိတ်မချရသည့် အခြေအနေ ရောက်သည့်အခါ ကျမတို့ အမေကြီးကို တရွာတည်းသားဖြစ်သည့် အဖေကြီးနှင့် လူကြီးချင်း စပ်ဟပ်ပေးစားခဲ့ကြသည်။ ကံကောင်းထောက်မစွာ သူတို့ အိမ်ထောင်ရေးသည် ရိုးမြေကျ သစ္စာ ရှိပျော်ရွှင်အေးချမ်းစွာ တည်မြဲခဲ့ပါသည်။ အသက်ဘေးအန္တရာယ်ကို ကြောက်ရသည့် ခေတ်ပျက်ကြီးထဲ အချစ် ကိုတိတိပပ မသိရသေးခင် အိမ်ထောင်ကျ ၊ ကလေးတွေ မွေးခဲ့ရသည့် ဘဝမှာ အမေကြီး ပျော်ခဲ့သလား ဟုတော့ မမေးမိခဲ့ပါ။
ကျမ အရွယ်ရောက်တော့ နေတဲ့ရပ်ကွက်ထဲမှာ ဘွဲ့ရပညာတတ် အမတယောက်ရှိသည်။ အပျိုအရွယ်ပေမယ့် လူမမာ အမေ နှင့် လူမမမယ် မောင်ငယ်များကို လုပ်ကျွေးဖို့ သစ်သီးသည် ဖြစ်သွားသည်ကို မြင်ခဲ့ဖူးသည်။ မနက် ၃ နာရီမှာ ကုန်စိမ်းဈေးကို ဈေးကောက်ထွက်ရတော့ ရပ်ကွက်ထဲက သစ်သီးသည် ဦးလေးကြီးကို အဖော်ပြု၍ သွားရသည် ကိုတွေ့ရသည်။
သိပ်မကြာခင်ပင် ဟိုနှစ်ယောက်တော့ ဖြစ်နေကြပြီထင်တယ် ဆိုသည့် အရပ်သတင်းကြားရသည်။ ဘွဲ့ရပညာတတ် အသက် ၂၀ ကျော် မိန်းမငယ် နှင့် အသက် ၄၀ နီးပါး ဈေးရောင်းဖက် ယောင်္ကျားသားတယောက်တို့ အချိန်အခါမဲ့ သွားလာရသည့် အခါ ကဲ့ရဲ့ပြောဆိုသံများက ပတ်ဝန်းကျင်၏ ထုံးစံအတိုင်း ဖြစ်လာသည်။
ယင်းကဲ့ရဲ့သံများ ထွက်လာပြီးနောက် ထိုအမကို မျက်နှာ သနပ်ခါးဘဲကြား ၊ ရှပ်အကျႌဖားဖား နှင့် ဘီးစပတ်ကြီး ပတ်ပြီး အမယ်အို သဖွယ် ဝတ်စားပြင်ဆင်နေသည် ကို တွေ့ရတော့သည်။ ယနေ့အချိန်အထိ အပျိုကြီးဘဝဖြင့် အမည်းတစက်မစွန်းအောင် နေခဲ့သော ထိုအမသည် အရပ်စကားများကို အန်တုဖို့ သူ၏ လှချင်ပချင်စိတ်ကို ချိုးဖျက်ကာ ရုပ်မဆိုးဆိုးအောင် နေခဲ့ပါသည်။
လွန်ခဲ့သည့် တနှစ်လောက်က ကျမ ခင်မင်ရသော မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာ ညီမငယ်တစ်ယောက်နှင့် စကားလက်ဆုံ ကျမိသည်။ သူက အဆီပြန်နေသာ ဘာမှ မလိမ်းမခြယ်သည့် မျက်နှာ ၊ တီရှပ်ပွပွ နှင့် ဂျင်းဘောင်းဘီကိုသာ အမြဲဝတ်သူ ၊ ဆံပင်တိုတိုနှင့် ယောင်္ကျားလေး တယောက်အလား ပြုမူနေထိုင်သူ ဖြစ်သည်။ သူ၏ အလုပ်သဘာဝကိုက အချိန်မရှိ ၊ အချိန်ရှိ ယောင်္ကျားလေးများနှင့် ရင်ဘောင်တန်း လုပ်ကိုင်ရသူဖြစ်သည်။
တနေ့တော့ အလုပ်ကအပြန် ည ၉ နာရီခန့် လုပ်ဖော်ကိုင်ဖက် အမျိုးသား တယောက်နှင့် ဓာတ်လှေကားထဲတွင် ဆုံသည်။ အိမ်ထောင်သည် ထိုအမျိုးသားကို သူက ဆွမျိုးသဖွယ် ရင်းနှီးခင်မင်သည် ဟု ယုံကြည်မိခဲ့သည်။
တနေ့မှာတော့ ထိုလူက သူ့ကို “ဇူး (အမည်လွှဲ) အိမ်လိုက်အိပ်ပါလား ။ ဒီနေ့ မိန်းမ မရှိဘူး။ သူ့အမေအိမ်သွားတယ်။” လို့ စကား စလာသည်။
ထိုလူ၏ ဆိုလိုရင်းကို ရုတ်တရက် နားမလည်ဖြစ်ပေမယ့် နောက်ပိုင်းမှ သူနှင့် အတူလိုက်အိပ်ရန် ခေါ်မှန်း သဘောပေါက်ခဲ့ရသည်။ ခင်မင်ရင်းနှီးမှု ကို မထောက်ထားပဲ ပြောထွက်သည် ဟု တွေးမိကာ ရှက်ကြောက်စိတ်၊ ယုံကြည်မှုများ ပျောက်ဆုံးသည့် စိတ်က သူ့ကို နှိပ်စက်ခဲ့သည်။
ထိုနောက်ပိုင်းတွင် သူသည် အလှမပြင်တော့ပဲ ယောင်္ကျားလေးတယောက်ကဲ့သို့ ပြုမူနေထိုင်တော့သည်။
” ငါ အလှပြင်မိလို့ သူတို့ ပြစ်မှားနိုင်တာ ၊ ငါလှလို့ ခုလို အပြောခံရတာ” ဆိုသည့် မိမိကိုယ်ကိုသာ အပြစ်တင်သည့် စိတ်က သူ၏ ပုံရိပ်ကို ပြောင်းလဲစေခဲ့သည့် အကြီးမားဆုံး အချက်တချက်ဖြစ်ခဲ့သည်။
လှပသော မိန်းကလေး များအနေဖြင့် ယောင်္ကျားများနှင့် ရင်ဘောင်တန်းရသည့် သက်မွေးဝမ်းကျောင်းလောကသို့ ဝင်ရောက်သည့်အခါ အနည်းနှင့် အများ ကဲ့ရဲ့ ဝေဖန် စကားတင်းဆိုမှုကို ခံရသည်မှာ အထင်အရှားဖြစ်ပါသည်ကဲ့ရဲ့ဝေဖန် တီးတိုးပြောခြင်းဖြင့် ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက်အံ့ ဟူသာ ဆိုလိုရမည့် သဘောဖြစ်နေပါသည်။
ဂစ်တာကို အရူးအမူး ဝါသနာပါသော ချစ်သော အမတယောက်ရှိသည်။ သူက ဂစ်တာတီးကောင်းသူဆိုလျှင် လှိုက်လှိုက်လှဲလှဲ ခင်မင်တတ်၍ စကားလက်ဆုံ ပြောမကုန်အောင်ဖြစ်တတ်သည်။ ဂစ်တာတီးကောင်းသူများကလည်း ယောင်္ကျားသားအများစုမို့ သူ့ကို အမျိုးမျိုးပေးစား စကားတင်းဆိုသံများ ကြားဖူးပါသည်။
“မဟုတ်ပါဘူး။ သူက ဂစ်တာတီးကောင်းသူဆိုလျှင် ဝါသနာတူမို့ လှိုက်လှိုက်လှဲလှဲရှိတာပါ၊ အမက အဲဒီလို လင်စိတ် သားစိတ် ရှိတာ မဟုတ်ပါဘူး အန်တီရယ်” ဟု သူ့အကြောင်း အတင်းလာပြောသော အများက လေးစားရသည့် အန်တီကြီးတစ်ယောက်ကို ပြန်ပြောဖူးသည်။
“အမလေး၊ ဂစ်တာတီးဝါသနာပါရင်လည်း ယောင်္ကျားလိုနေလေ၊ ခုတော့ မိတ်ကပ်အဖွေးသား ၊ နှုတ်ခမ်းနီရဲရဲနဲ့ သူ့လောက် လှချင်တာလဲ မရှိဘူး။ ပြီးတော့ ယောင်္ကျားလေးတွေ တရုန်းရုန်းနဲ့ သူ့မှာ အဲဒီစိတ်မရှိဘူး လို့ဘယ်သူယုံမလဲ “ဟု ကိုယ့်တောင် ပြန်ဟောက်သွားသေးသည်။
ကျမစိတ်ထဲကတော့” ဪ၊ ယောင်္ကျားတွေနဲ့ ရင်းရင်းနှီးနှီး ဘော်ဒါလို ပေါင်းချင်ရင် ယောင်္ကျားလို နေမှ အဆင်ပြေမယ်လား” ဟု စိတ်မကောင်းဖြစ်မိသည်။
ထို့နောက်မှာတော့ ယောင်္ကျားလေးလို ဝတ်ဆင်နေထိုင်ကြသော မိန်းမငယ်လေးများ မြင်လျှင် တကယ်ပဲ ယောင်္ကျားလေးလို နေချင်လို့လား ၊ အများကဲ့ရဲ့လွတ်အောင် နေတာလား ဆိုသည့် စူးစမ်းချင်စိတ် ဖြစ်မိသည်။
မကြာသေးခင်က လုပ်ငန်းခွင်တွင် အင်မတန် အတွဲညီသော ဆရာ နှင့် တပည့် ညီမငယ်လေးကိုတွေ့တော့ မေးမိသည်။ သူတို့နှစ်ယောက်ကိုလဲ ညားနေကြပြီ ဟု သတင်းကြီးနေသည်။ ညီမငယ်လေးက ယောင်္ကျားလေးလို နေသည့်အပြင် မလှမပ ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်သို့ ခပ်စိပ်စိပ်တင်တတ်သည်။
သူက အလုပ်လုပ်ရာတွင် အင်မတန် စေ့စပ်ပြီး အားကိုးရသူ၊ သူ၏ဆရာအပေါ်တွင်လည်း ချစ်ခင်လေးစားသူ ၊ သူတို့ အလုပ်ကလည်း သူတို့နှစ်ယောက်ပေါင်း အရည်အချင်းကြောင့် အလွန်အောင်မြင်နေသည်မှာ မျက်မြင်ပင်။ ဆိုလိုသည်မှာ အများက ကဲ့ရဲ့လို့ တွဲမလုပ်တော့ဘူး ဟု ရပ်ပစ်ရန် မဖြစ်နိုင်သည့် အခြေအနေ။ သူ့ပုံစံ ကြည့်တော့လည်း တမင်ပင် ရုပ်ဆိုးဆိုး ပေါတောတော ၊ ယောက်ျားလျာ ပုံစံ လုပ်နေသည်ဟု စိတ်ထဲမှာ ခံစားလာမိသည့်အတွက် ညီမလေး တကယ်ပဲ ယောင်္ကျားလေးလို နေချင်တာလား ၊ ဒါမှမဟုတ် ကဲ့ရဲ့လွတ်အောင်လား ဟုမေးမိသည်။
“မဟုတ်ပါဘူး” ဟု သူက ရယ်ကျဲကျဲဆိုပေမယ့် သူ့မျက်ဝန်းမှ ဒဏ်ရာကို ဖတ်တတ်လောက်အောင် အဖြစ်တူတွေ တွေ့ဖူးနေခဲ့ပြီးပါပြီ။
နောက်တော့မှ သူက လွတ်လွတ်လပ်လပ်နေရတာ ကြိုက်ပါတယ်။ အချိန်မရှိ ၊ အချိန် ရှိ ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းအလုပ်လုပ်ရတဲ့အခါ သူရဲ့ မိန်းကလေးဖြစ်မှု၊ ကိုယ်ခနာ အပေါ်မှာ အစအနောက်ခံရတာ ၊ စကား အတင်းဆိုခံရတာတွေကို စိတ်ပျက်လို့ ဒီလိုပဲ နေဖြစ်တော့တယ် အမရယ် ဟု သူ ဖြေသည့်အခါ ကျွန်မ ရင်မှာ စူးတစ်ချောင်းထပ်ပေါက်ပါသည်။
မိန်းကလေးတွေ လှချင်ပါသည်။
မိန်းကလေးတွေ ပညာတတ်မှ၊ ထက်မြက်မှ လုပ်ငန်းခွင်မှာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်တာ ကျမတို့ နိုင်ငံအတွက်အားပါ။
ဂျပန်ခေတ် ခေတ်ပျက်မှာ ကျမ အဖွားဟာ အလှပြင်ချင်စိတ်ကို တစွန်းတစမှ မပေါ်အောင် မိမိဘဝ လုံခြုံမှုအတွက် နေထိုင်ရင်း ဖြတ်သန်းခဲ့သည်။
မဆလ ခေတ်မှာ ဘွဲ့ရပညာတတ်ဖြစ်သော်လည်း အစိုးရအလုပ်က မိသားစုကို မထောက်ပံ့နိုင်သည့်အတွက် သစ်သီးသည် လုပ်ခဲ့ရတဲ့ အမဟာ လှပခြင်း ၊ လှချင်စိတ်ကို စွန့်လွှတ်ခဲ့သည်။
ဒီမိုကရေစီခေတ်တွင် ခေတ်မီပါသည် ၊ ကျားမ တန်းတူညီမျှ ရှိပါသည်ဆိုသည့် ခေတ်မှာ မိန်းကလေးတွေ လုပ်ငန်းခွင်ထဲ အင်နှင့် အားနှင့် ဝင်ရောက်လာကြသည်။
လုပ်ငန်းခွင်အဆင်ပြေစေရေး အတွက် မိန်းမဆန်မှု ၊ လှပလိုမှုကို စွန့်လွှတ်ရသူတွေ ရှိနေဆဲပါ။
ဒါတွေသည် ခေတ်ကြောင့် မဟုတ်ပါ၊ ဒါတွေသည် စနစ်ကြောင့် မဟုတ်ပါ၊
ဒါတွေသည် လူတွေကြောင့်သာ ဖြစ်ပါသည်။
အလွယ်တကူ သိမ်ဖျင်းသော စိတ်ဖြင့် မိန်းမပျိုလေးများကို ကဲ့ရဲ့စကားတင်းဆိုသော လူများကြောင့်သာ ဖြစ်ပါသည်။
“သူများပြောတာများ ဂရုစိုက်လို့ကွာ … ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ပါဘူး” ဟု ပြောတတ်ကြသည်။
ယင်းအပြောများကြောင့်ပင် မိန်းကလေးများသည် ကိုယ့်လှပမှု နှင့် လှပချင်စိတ်ကိုသာ ဖိနှိပ်အပြစ်တင်ရင်း ရှင်သန်ကြသူများ ရှိနေဆဲပါ။
သူတို့ ကို အရှိအတိုင်း လှပခွင့်၊ ရှင်သန်ခွင့်ပေးကြပါ။
ဘယ်သူနှင့် ဘယ်သူကတော့ အခြေအနေ ဘယ်လိုဟူသည့် လက်လွတ်စပယ် ပြောဆိုမယ် ကြံတိုင်း ခုလို အဖြစ်တွေ ရှိနေတယ် ဆိုတာ သတိရရင်ဖြင့် ရေးရကျိုးနပ်ပြီလို့ ယူဆမိပါတယ်။