Women & Gender

မွန်ရိုးရာဟင်းအရသာ အပြည့်ရစေတဲ့ ဖောင်းမွန်

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် မြို့တော် မော်လမြိုင်ကိုရောက်တဲ့အခါ မွန်ရိုးရာထမင်းဟင်း၊ မြန်မာထမင်းဟင်းတို့ကို စားသုံးနိုင်ဖို့ လွယ်လင့်တကူ ရနိုင်တာက မွန်တို့ရဲ့ မီးဖိုချောင်လို့ အမည်ရတဲ့ ဖောင်းမွန် ရိုးရာစားသောက်ဆိုင်မှာပါ။

တခြားဒေသက အလည်လာသူတို့အတွက် ဒေသခံရိုးရာ အစားအစာထက် အိမ်နီးချင်း ထိုင်း၊ တရုတ်တို့က အစားအသောက်တွေအပြင် အနောက်နိုင်ငံ စားသောက်ဆိုင်တွေ အပြိုင်အဆိုင် နေရာယူနေကြပြီး စားသောက်ဆိုင်ဆိုရင် ရိုးရာထမင်းဟင်းအရသာ ရရှိဖို့ ခက်ခဲခဲ့ရာက အခုတော့ အိမ်ဟင်း၊ အိမ်ထမင်း အရသာမျိုး မော်လမြိုင်မှာ ရနိုင်တာ ၂ နှစ်ကျော်ခဲ့ပါပြီ။

မွန်ရိုးရာ ဟင်းတွေမှာ မပါမဖြစ် မရမ်းပြားခြောက်၊ ငရုပ်သီးစိမ်းတို့နဲ့ ချက်တာကြောင့် ချို၊ ချဉ်၊ စပ်အရသာတွေ ပေါင်းစပ်ရနိုင်တဲ့ ဟင်းအမယ်ကြောင့် စားကောင်းလှပါတယ်။

ပဲတောင့်ရှည်သုပ်

ဖောင်းမွန် စားသောက်ဆိုင်က မွန်အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေးအရ အမှီအခို ကင်းစေရေးအတွက် အလေးထား လုပ်ဆောင်နေတဲ့ မွန်အမျိုးသမီးများအဖွဲ့နဲ့ မိတ်ဖက်ပြုကာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။

ဆိုင်ရဲ့ စားဖိုမှူး ငုဝါ (ခေါ်) မိခမွန်းခေတ်ချမ်းက ငယ်စဉ်ကတည်းက အချက်အပြုတ် ဝါသနာပါခဲ့သူပါ။ မွန် အမျိုးသမီးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကစလို့ ရုံးတွင်း အချက်အပြုတ်တွေမှာ ပါဝင်ပြီး တက်တက်ကြွကြွ ချက်ပြုတ်နေရတာကို နှစ်သက်သူပါ။ ဆိုင်မှာအသုံးပြုတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားငါး တွေက ဒေသထွက်ကုန်တွေ ဖြစ်စေဖို့ အထူး သတိထားတယ်လို့ သူက ဆိုပါတယ်။

မွန်ရိုးရာဟင်းတွေ လူသိများလာအောင် လုပ်ဆောင်ချင်တာကြောင့် အမျိုးသမီးများအဖွဲ့ရဲ့ လုပ်ငန်းကို ပါဝင်အားဖြည့်နေတာလည်း ဖြစ်ပါတယ်လို့ သူက ရှင်းပြပါတယ်။

မွန်ရိုးရာ ငါးဟင်းနှင့် ထမင်းဖြူ

မွန်တို့မီးဖိုချောင်ကနေ မှာယူ စားသောက်တာအပြင် စိတ်ဝင်စားမယ်ဆိုရင် ရိုးရာ အစားအစာ ချက်ပြုတ်နည်း ကိုလည်း စားဖိုမှူးနဲ့အတူ တနေ့တာ သွားရောက်လေ့လာ နိုင်ပါသေးတယ်။

ချက်ပြုတ်နည်း သင်တန်းကြီးတွေ တက်ရောက်သင်ကြားထားခြင်း မရှိပေမယ့် ရိုးရာဟင်းချက်နည်းကို လူကြီးသူမတွေ ဆီကတဆင့် လက်ဆင့်ကမ်းသင်ယူပြီး စားသုံးသူတွေကို စားကောင်းစေချင်တဲ့ စေတနာ ရောထားတာကြောင့် ဟင်းအမယ်တိုင်းက ခံတွင်းတွေ့စေပါတယ်။

ဖောင်းမွန် (ဖဲမန်) ဆိုင်

“ကျမတို့ ရိုးရာအစားအသောက်နဲ့ ပတ်သက်ပြီး ဒီမှာက ဆိုင်သိပ် မရှိသေးဘူးလေ။ ကျမတို့ ရိုးရာ အစားသောက်တွေကို တိုးမြှင့်တာတွေလည်း ပါတယ်။ ကျမတို့ဆိုင်မှာ အချိုမှုန့် အသားမှုန့်တွေ ပေးမသုံးဘူး။ သဘာဝအတိုင်း စားခြင်းအားဖြင့်လည်း သန့်ရှင်းလတ်ဆတ်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာ ရှိတဲ့ အစားအသောက်တွေ ရနိုင်ပါတယ်။ ဒီဆိုင်ကတော့ ကျမတို့ ရေရှည် ရပ်တည်နိုင်အောင် ကြိုးစားကြတာ။ ဒီ Social enterprise ကနေ စီးပွားရေးလုပ်ငန်းတွေကို စလုပ်လာခြင်းအားဖြင့် ရှေ့လာမယ့်ကာလတွေမှာလည်း ကျမတို့ တခြားသူတွေဆီက အထောက်အပံ့ မယူရအောင်ဆိုပြီး ရည်ရွယ်ပြီးလုပ်တယ်” လို့ မွန်အမျိုးသမီးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ မိကွန်ချမ်းနွန်က ရှင်းပြပါတယ်။

မွန်ပြည်နယ်အတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်းကို တနိုင်တပိုင် စတင်လုပ်ဆောင်တဲ့ မွန်အမျိုးသမီးများ အဖွဲ့က လက်ယက္ကန်းရက်တဲ့ အမျိုးသမီးတွေ၊ အချက်အပြုတ်ဝါသနာပါတဲ့ အမျိုးသမီးတွေကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးသလို၊ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးများ ပါဝင်ရေးအတွက်လည်း အသိပညာ မြှင့်တင်ရေးတွေကို လူထုအကြား ဆောင်ရွက်နေပါတယ်။

မွန်ဘာသာနဲ့ ဖဲမန်လို့ ခေါ်တဲ့ မွန်တို့ရဲ့မီးဖိုချောင်က တနင်္လာနေ့က လွဲပြီး မနက် ၁၁ နာရီကနေ ည ၈ နာရီ အထိ ဖွင့်ပါတယ်။ စားချင်တဲ့ ဟင်းမျိုးကို ကြိုတင်မှာယူထားလို့ ရသလို သင်တန်းနဲ့ အလုပ်ရုံဆွေးနွေးပွဲလို ပွဲတွေအတွက် အော်ဒါမှာထားလို့လည်း ရပါတယ်။ ဖောင်းမွန် (ဖဲမန်) ဆိုင်က မော်လမြိုင်မြို့ မြိုင်သာယာ လမ်းမနဲ့ ၃ လမ်းထိပ်မှာရှိပြီး ဖုန်းနံပါတ် ၀၉ ၄၂၅၃၂၉ ၁၇၀ ကို ဆက်သွယ်ကာ ကြိုတင်မှာယူထားလို့လည်း ရပါတယ်။

အချိန်မရလို့ မမှာမိဘူးဆိုရင်လည်း လူ ၃-၄ ဦးစာအတွက် နာရီဝက်လောက်ပဲ စောင့်ရပါတယ်။

အဲဒါအပြင် ဖောင်းမွန်မှာ မွန်အမျိုးသမီးများ ယက်လုပ်တဲ့ ရိုးရာချည်ထည်တွေနဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading