မြန်မာ့အထည်ချုပ်လုပ်ငန်းသည် တရုတ်နိုင်ငံကိုပင် ယှဉ်ပြိုင်ရန် အရှိန်ယူနေသော်လည်း လုပ်ငန်းခွင် လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားမှုနှင့် လိင်အကြမ်းဖက်မှုသည် အမျိုးသမီးများနှင့် အထည်ချုပ်လုပ်ငန်းတို့၏ အလားအလာများကို အတားအဆီး ဖြစ်စေလျှက်ရှိကြောင်း သုတေသနတခုက ဆိုသည်။
အဝတ်အထည်များကို အလုံးအရင်း ထုတ်လုပ်ရန် ပြင်ဆင်ပြီး ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများကဲ့သို့ တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်ရန် လုပ်ဆောင်ရင်း မြန်မာ အထည်နှင့် ဖိနပ်ချုပ်လုပ်ငန်းသည် မှန်မှန် တိုးတက်လာခဲ့သည်။ ရန်ကုန်ပတ်ဝန်းကျင်ရှိ စက်မှုဇုန်များတွင် စက်ရုံသစ် အများအပြား ပေါ်ထွက်လာပြီး နှစ်စဉ် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၃ ဘီလျံ အထိ ရလာသည်။
အသင့် ချုပ်ပြီး အဝတ်အထည်များကို အနောက်နိုင်ငံများ၏ ဝယ်လိုအားကို ဖြည့်ဆည်းသည့် တခြားသော နိုင်ငံ အများအပြာကဲ့သို့ပင် မြန်မာအထည်ချုပ်လုပ်ငန်း သည်လည်း အလုပ်သမားအခွင့်အရေး ရှောင်ရှား ချိုးဖောက်မှု သတင်း များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် အထည်ချုပ်လုပ်ငန်းမှ လုပ်သား အင်အားစု၏ ၉၀ ရာခိုင်နှုန်း ဖြစ်သော အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ ထိပါးမှုများနှင့် ခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်နေကြရသည်။
အထည်ချုပ်စက်ရုံများမှ နိမ့်ကျသော လုပ်ငန်းခွင် အခြေအနေကြောင့် ပေးဆပ်ရသော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးများ အပြင် အမျိုးသမီးများနှင့် အထည်ချုပ်လုပ်ငန်း နှစ်ဖက်စလုံးအတွက် ကြီးမားသော ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုများလည်း ရှိလာနိုင်သည်ဟု သုတေသနက ပြသနေသည်။ မြန်မာ အထည်ချုပ် လုပ်သားများ၏ စီးပွားရေး အခြေအနေ ကောင်းမွန်ရေး အတွက် လုပ်ငန်းခွင်တွင် လူပုဂ္ဂိုလ် လုံခြုံမှုနှင့် ကျား၊ မ တန်းတူမှု ရှိရေးကို အလုပ်ရှင်များနှင့် အစိုးရ များက ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် ကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုလျှက်ရှိသည်။
နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ နည်းပညာပိုင်းဆိုင်ရာ အကြံပေး အရာရှိချုပ် ကက်သရင်း ဗေလန်ကုတ် လာဖလိမ်းသည် မြန်မာနိုင်ငံလုပ်ငန်းခွင်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ထိပါးမှုများကို အကောင်းဆုံး အဆုံးသတ် နိုင်ရေးအတွက် လေ့လာမှုတခုကို ဦးဆောင်ခဲ့သည်။ ၁၀၇ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမား ညီလာခံကျင်းပချိန်နှင့် တိုက်ဆိုင် ထုတ်ဝေသည့် ထိုလေ့လာမှုတွင် သုတေသီများသည် နိုင်ငံခြားသားပိုင် စက်ရုံ ၁၆ ရုံမှ အလုပ်သမားများကို တွေ့ဆုံ မေးမြန်းခဲ့သည်။
အလုပ်ချိန်အတွင်း ထိကပါးရိကပါး လုပ်ခြင်းမှသည် စက်ရုံပြင်ပတွင် ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်း၊ အမျိုးသမီးများ၏ အိမ်ထောင်ရေး အခြေအနေကို မေးမြန်းခြင်းနှင့် နှုတ်ဖြင့်စော်ကားမှု ပုံစံ အမျိုးမျိုးတို့အထိ ပါဝင်သော ဇာတ်လမ်းများကို သုတေသီများ ကြားသိကြရသည်။
ထိုအစီရင်ခံစာသည် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ထိပါးမှုအကြောင်း ပြောဆိုမှု အများဆုံး အစီရင်ခံစာဖြစ်သည်ဟု လာဖလိမ်းက ပြောသည်။
“လုပ်ငန်းခွင် မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဘက်တွေ အကြား နှစ်ဦးနှစ်ဖက် သဘောတူနိုင်တဲ့ နောက်ပြောင်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးမှု ရောထွေးနားလည်တာ အများအပြား ရှိနေတယ်” ဟု သူက ဆိုသည်။ “လိင်ပိုင်းဆိုင်ရာ ထိပါးမှု၊ အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာတဲ့အခါ ကူညီတုံ့ပြန်ဖို့ နည်းလမ်းတွေ၊ မူဝါဒတွေ စက်ရုံတွေမှာ မရှိကြဘူး” ဟုလည်း သူက ဆက်ပြောသည်။
လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် ခွဲခြားဆက်ဆံခံရခြင်းကြောင့် မြန်မာအထည်ချုပ် လုပ်ငန်းများ မည်မျှ ထိခိုက်ရသည်ကို မည်သူမျှ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခြင်း မရှိသေးသော်လည်း ကမ္ဘောဒီးယားနိုင်ငံတွင်မူ အထည်ချုပ်ကဏ္ဍသည် လိင်ပိုင်းဆိုင်ရာ ထိပါးမှုကြောင့် ကုန်ထုတ်လုပ်မှု ထိခိုက်နစ်နာနေသည်မှာ တနှစ်လျှင် ဒေါ်လာ ၈၉ သန်းရှိသည်ဟု ၂၀၁၇ ခုနှစ်က Care International ၏ အစီရင်ခံစာတစောင်တွင် ခန့်မှန်ထားသည်။
ထိုပမာဏတွင် အန္တရာယ်မကင်းဟု အလုပ်သမားများ ယူဆပြီး အလုပ်ထွက်သွားသောကြောင့် ဆုံးရှုံးမှု ဒေါ်လာ ၈၅၀၀၀၊ အလုပ်ပျက်သောကြောင့် ဆုံးရှုံးမှု ဒေါ်လာ ၅၄၅၀၀၀ နှင့် ကုန်ထုတ်လုပ်မှု ကျဆင်းသောကြောင့် ဆုံးရှုံးမှု ဒေါ်လာ ၈၈ သန်းတို့ ပါဝင်သည်။
ကမ္ဘောဒီးယားနိုင်ငံမှ ကိန်းဂဏန်းများကြောင့် မြန်မာနိုင်ငံ လုပ်ငန်းခွင်တွင် လိင်ပိုင်းဆိုင်ရာထိပါးမှု အတိုင်းအတာကို တိုင်းတာပြီး နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများအတွက် မည်မျှ နစ်နာသည်ကို ပထမဆုံးအကြိမ်လေ့လာရန် စီစဉ်နေသည်ဟု ကမ္ဘာ့ဘဏ် အုပ်စု၏ အစိတ်အပိုင်းဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) မှ ကျား၊ မ တန်းတူရေးဆိုင်ရာ အရာရှိ အယ်လင်း မေနပ်က ပြောသည်။
“လတ်တလော မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာထိပါးမှုနဲ့ အနိုင်ကျင့်မှု ပုံစံအမျိုးအမျိုးနဲ့ ဖြစ်ပွားနေတာကြောင့် စီပွားရေးတွေ၊ ကုမ္ပဏီတွေကို ဘယ်လောက် ထိခိုက်တယ်ဆိုတဲ့ အချက်အလက်က မရှိသလောက် ဖြစ်နေတယ်” ဟု သူက ဆိုသည်။
စက်များတွင် အမျိုးသမီးများသာ ရှိနေ
နှစ်ပေါင်း ၅၀ ကြာ စစ်အုပ်ချုပ်ရေး ပြီးနောက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကြီးထွားမှုအမြန်ဆုံး စီးပွားရေးများအနက် တခုဖြစ်လာခဲ့သည်။ သို့သော် နိုင်ငံ၏ ဥပဒေများသည် ထို အခြေအနေကို အမီလိုက်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။
အလုပ်သမားများ၏ သမဂ္ဂ ဖွဲ့စည်းပိုင်ခွင့်ကို အကာအကွယ်ပေးသော ဥပဒေနှင့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ ကျန်းမားရေးနှင့် ဘေးကင်းလုံခြုံရေး ဥပဒေကဲ့သို့သော အလုပ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေများကို အစိုးရက မူကြမ်းရေးဆွဲ ပြင်ဆင်ခဲ့သည်။ သို့သော် အမျိုးသမီးများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးသော ဥပဒေကို မူကြမ်း ရေးဆွဲရာတွင် အစိုးရသည် အချိန် ၅ နှစ်ခန့် ယူခဲ့ရပြီး ထိုဥပဒေသည် လုပ်ငန်းခွင် လိင်ပိုင်းဆိုင်ရာထိပါးမှု တိုက်ဖျက်ရေး မူဝါဒများအတွက် အခြေခံဖြစ်လာမည်ဟု မျှော်လင့်ရသည်။
လတ်တလောတွင် ထိုဥပဒေကို လွှတ်တော်တွင် ဆွေးနွေးနေသည်။
“အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတရပ် ရှိပါစေလို့ ဆုတောင်းနေတာ။ အဲဒီလို ဆိုရင် အများကြီး ပိုမို ကောင်းမွန်လာမှာ” ဟု ရက်သတ္တပတ်ကုန်တိုင်း လက်ဖက်ရည်ဆိုင်များတွင် တွေ့ဆုံပြီး အထည်ချုပ် အလုပ်သမားများ အခွင့်အရေးကို ပညာပေးနေသည့် BusinessKind အမည်ရှိ အဖွဲ့အစည်းမှ မသန္တာကိုက ပြောသည်။
“ဒါပေမယ့် ဒီလို ဥပဒေ မရှိတော့ အလုပ်သမား တော်တော်များများက လုပ်ငန်းခွင်ထဲက ပြဿနာတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေအကြောင်း ပြောရမှာ ကြောက်နေကြတယ်” ဟုလည်း သူက ရှင်းပြသည်။
အနိမ့်ဆုံး လုပ်အားခကို ၃၆၀၀ ကျပ်မှ ၄၈၀၀ ကျပ်အထိ တိုးမြှင့်ပြီးနောက် မြန်မာနိုင်ငံသည် လုပ်ငန်းခွင် အခြေအနေများ တိုးတက်စေရန် တချို့သော လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ သို့သော် ထို အနိမ့်ဆုံးလုပ်အားခမှာ အရှေ့တောင် အာရှတွင် အနိမ့်ဆုံး ဖြစ်နေသေးပြီး နေ့စဉ် လုပ်အားခအရ ခွဲခြားဆက်ဆံမှုကို ခံစားနေရပြီးဖြစ်သော အမျိုးသမီးများ အတွက် ပိုမိုအကျပ်အတည်း ဖြစ်စေသည်။
ကျွမ်းကျင်မှုနိမ့်သူ သို့မဟုတ် အလယ်အလတ် ကျွမ်းကျင်မှုသာ ရှိသော အမျိုးသမီးများသည် အလားတူ အမျိုးသား များထက် လုပ်အားခ ၇ ရာခိုင်နှုန်း လျော့နည်းရရှိသည်ဟု ပြည်တွင်းပိုင်နှင့် နိုင်ငံခြားသားပိုင် စက်ရုံ ၇၉ ရုံအား ILO က သီးခြားလေ့လာချက်တွင် ဖော်ပြထားသည်။
“ဒါဟာ လုပ်ငန်းခွင်မှာ ဆုံးဖြတ်ချက်ချတဲ့အခါ၊ လုပ်သားအခြေအနေ ထိန်းချုပ်တဲ့နေရာမှာနဲ့ လုပ်သားအင်အားစု ထိန်းချုပ်တဲ့ နေရာမှာ ရိုက်ခတ်မှု ဖြစ်လာနိုင်ခြေရှိတယ်” ဟု လာဖလိမ်းက ပြောသည်။
ကြီးကြပ်ရေးမှူး မမျိုးမြတ်မြတ်မျိုးသည် အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသည်မှာ ၁၄ နှစ်ရှိပြီဖြစ်ပြီး စက်ရုံအတွင်း သူလုပ်ကိုင်နေသော နေ့အများစုတွင် အမျိုးသားများ၏ ကြီးကြပ်မှုအောက်တွင်သာ လုပ်ကိုင်ခဲ့ရသည်ဟု ပြောသည်။
“စက်ရုံထဲကို ဝင်သွားလိုက်ရင် စက်တွေမှာ အမျိုးသမီးတွေချည်းပဲ တွေ့ရပေမယ့် ကြီးကြပ်ရေးမှူးတွေ၊ မန်နေဂျာတွေက အမျိုးသားတွေဖြစ်ပြီး စက်တွေကြားမှာ လျှောက်နေကြတယ်” ဟု သူက ပြောသည်။
“ကျမ အိမ်ပြန်ချင်တယ်”
မြန်မာ အထည်ချုပ်လုပ်ငန်းတွင် လုပ်အားခ မညီမျှမှုသည် အမျိုးသမီး အလုပ်သမားတိုင်းအတွက် ပြဿနာ ဖြစ်သော်လည်း အထည်ချုပ် အလုပ်သမားများ၏ အများစုဖြစ်သော ကျေးလက်ဒေသမှ လာရောက်လုပ်ကိုင်ရသည့် ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးများအတွက် အခြေအနေမှာ ပိုမိုဆိုးရွား အန္တရာယ်များသည်။
၂၀၀၈ ခုနှစ်က နာဂစ် ဆိုင်ကလုန်း မုန်တိုင်းသည် လူပေါင်း ၁၃၈၀၀၀ သေဆုံးစေခဲ့ကာ လူ ၂.၅ သန်းကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပြီးနောက် ထောင်နှင့်ချီသော လူများသည် စားစရာမရှိ၊ အလုပ်အကိုင်မရှိနှင့် ရနု်ကုန်သို့ အုပ်စုလိုက် ရွှေ့ပြောင်း သွားကြရသည်။ မြန်မာအထည်ချုပ် စက်ရုံလုပ်သားများ၏ ၇၆ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများမှ ရန်ကုန်သို့ ပြောင်းရွှေ့ လာသော အမျိုးသမီးငယ်များဖြစ်သည်ဟု ဥရောပ ဖက်ရှင်လုပ်ငန်း C&A ၏ လူမှုဝန်ထမ်းလုပ်ငန်းခွဲ C&A Foundation ၏ ၂၀၁၆ ခုနှစ် အစီရင်ခံစာအရသိရသည်။
ထိုအမျိုးသမီးများသည် ၎င်းတို့ လုပ်အားခ၏ ထက်ဝက်ကို မိသားစုများထံ ပြန်လည် ပို့ဆောင်နေရပြီး ခြိုးခြံ ချွေတာ နေထိုင်ရကာ လုံခြုံသော အိမ်ရာနှင့် သယ်ယူပို့ဆောင်ရေး ရရှိရန် ငွေကြေးမတတ်နိုင်ကြပေ။
“ဒီလို အခြေအနေတွေကြောင့် သူတို့တွေဟာ လူယုတ်မာတွေနဲ့ ရင်ဆိုင်ကြရတယ်။ အကြွေးနွံနစ်ဖို့ အလားအလာ ပိုမို များပြားလာတယ်” ဟု လာဖလိမ်းက ပြောသည်။
အသက် ၁၈ နှစ်အရွယ် မဝေေ၀လင်းသည် အလုပ်ရှာရန်အတွက် လွန်ခဲ့သောနှစ်က ဧရာဝတီတိုင်းမှ ရန်ကုန်သို့ တယောက်တည်း လာခဲ့သည်။ ယခုအခါ ရှပ်အကျႌ စက်ရုံတွင် အလုပ်လုပ်နေပြီး အဆောင်၊ အစားအစာနှင့် ဖုန်းငွေဖြည့်ရန်မျှသာ ငွေကိုသုံး၍ ကျန်ငွေကို မိသားစုထံ ပို့ပေးနေရသည်။
သူသည် ခရီးသွားလာပြီး မိတ်ဆွေသူငယ်ချင်းများဖြင့် အတူ လုပ်ကိုင်ရသည်ကို ပိုမို နှစ်သက်သော်လည်း ကြီးကြပ်ရေးမှူးများက အချိန်ပိုအလုပ်ဆင်းရန် ဖိအားပေးသောကြောင့် ညဘက်တွင် တယောက်တည်း ပြန်ရကာ အပြန်လမ်းတွင် အမျိုးသားများ၏ လိင်ပိုင်ဆိုင်ရာ ထိပါးမှုကို ခံရသည်။
နိုင်ငံရှိ အခြားသော စက်ရုံများနှင့်မတူဘဲ ရှပ်အကျႌ စက်ရုံတွင် လေဝင်လေထွက် စနစ်တခုရှိသော်လည်း အလုပ်သမားများသည် ရေသောက်နားချိန် လုံလုံလောက်လောက် မရဟု သူက ပြောသည်။ ထို့အပြင် နေ့လယ်စာ စားချိန်တွင် အပြင်ထွက်နေရပြီး နွေရာသီ၏ အပူဒဏ်ကို မခံနိုင် ကြောင်းလည်း ရှင်းပြသည်။
ထိုထက် ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်နေရသော အထည်ချုပ် အလုပ်သမား အများအပြားရှိသည်ကို သိသော်လည်း လိုအပ်သော အချိန်အတိုင်းအတာ တခုအထိသာ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ရန် သူရည်ရွယ်သည်။
“ကျမ ဒီမှာ လိုအပ်သလောက်ပဲ၊ မိသားစုအတွက် ငွေ လုံလုံလောက်လောက် စုမိသလောက်ပဲ အလုပ်လုပ်မယ်။ ပြီးရင်တော့ အိမ်ပြန်ချင်တယ်” ဟု သူက ပြောသည်။
(www.pri.org တွင် ပါရှိပြီး Libby Hogan ရေးသည့် The True Cost of Myanmar’s Growing Garment Industry ကို ဆီလျော်အောင် ဘာသာပြန်သည်။ Libby Hogan သည် National Geographic Young Explorers for 2017 ကိုရရှိခဲ့ပြီး ရန်ကုန်အခြေစိုက် မာလ်တီမီဒီယာ သတင်းသမားတဦးဖြစ်သည်။)