ယခုနှစ် ဇွန်လရဲ့ နေ့ရက်တရက်ဟာ စိတ်ရောဂါဝေဒနာရှင်တွေလို့ သတ်မှတ်ခံထားရတဲ့ Transgender (ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူ) တွေအတွက် ဂန္တဝင်နေ့ တနေ့ဖြစ်လာတယ်ဆိုတာ သင်သိပါလား။
ဘာကြောင့် ဂန္တဝင်နေ့ ဖြစ်ခဲ့တာလဲ။ ဂန္တဝင်နေ့လို့ တင်စားလို့လောက်တဲ့ အဓိက အကြောင်းတရားကတော့ WHO ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက Transgender တွေအတွက် ထုတ်ပြန်ကြေညာချက်တစောင်ကို ယခုလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးခဲ့လို့ ဖြစ်ပါတယ်။
အဲဒီ ကြေညာချက်က “ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူများအား စိတ်ရောဂါ ဝေဒနာရှင်များ အဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်သည်” ဆိုတဲ့ အင်တာနက်လူမှုကွန်ရက်ဆိုင်ရာ အတည်ပြုကြေညာချက် ဖြစ်ပါတယ်။
World Health Organization(WHO)- ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက နိုင်ငံတကာရောဂါဆိုင်ရာ ရောဂါဗေဒအမျိုးအစားများ အပိုဒ် (၁၁) မှာ ယခုလို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ နိုင်ငံတကာ လိင်စိတ်ဝိသေသလက္ခဏာကွဲပြားသူများဆိုင်ရာ အဖွဲ့က ကြေညာလိုက်တာဖြစ်ပါတယ်။
Transgender ဆိုတာကတော့ အမျိုးသား အဖြစ်သော်လည်းကောင်း အမျိုးသမီးအဖြစ်သော်လည်းကောင်း မွေးဖွားလာခဲ့ပေမယ့် ကိုယ့်မွေးဖွားလာမှုနဲ့ ဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှု၊ စရိုက်လက္ခဏာတို့နဲ့ ပြုမူနေထိုင်သူတွေကို ဆိုလိုတာပါ။ သူတို့က ခန္ဒာဗေဒအရ လိင်ပြောင်းလဲထားသူတွေ မဟုတ်ပါဘူး။
အဲဒီလို ဖြစ်တည်မှုနဲ့ ဆန့်ကျင်ပြီး ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့အတွက် သူတို့ကို လူမှုအသိုက်အဝန်းက ခွဲခြား ဖိနှိပ်တာတွေ၊ ညှင်းပန်း နှိပ်စက် သတ်ဖြတ်ခံရတာတွေ ကမ္ဘာနဲ့တဝှမ်း ရင်ဆိုင်ခဲ့ကြရသလို၊ စိတ်ရောဂါဝေဒနာရှင်အဖြစ် အမြင်ခံရတွေကလည်း ယနေ့တိုင် ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။
ဒီလို ခွဲခြားဆက်ဆံမှုတွေနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် WHO ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ တကမ္ဘာလုံးက Transgender အပြင် LGBTIQA မိသားစုတွေအတွက် ခွန်အားဖြစ်စေတဲ့ အဖြစ်အပျက်တခု ဖြစ်တယ်လို့ မြန်မာနိုင်ငံလိင်စိတ်ကွဲပြားသူများ၏ မိဘများ၊ မိသားစုများနှင့် မိတ်ဆွေများအဖွဲ့ တည်ထောင်သူနှင့် နာယက၊ C.A.N-MYANMAR ၊ အတိုင်ပင်ခံဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဆည်းဆာညီညီ ကပြောပါတယ်။
“Transgender တွေကို စိတ်ရောဂါစာရင်းကနေ ဖယ်ထုတ်လိုက်တာဟာ သူတို့အပေါ်ကို သူတို့ရဲ့ဖြစ်တည်မှုကြောင့် အမုန်းတရားတွေနဲ့ ညှင်းပန်းနိပ်စက်မှုတွေ ပြုလုပ်တဲ့ ဖြစ်စဉ်တွေ အပေါ်မှာ ကာကွယ်တားဆီးတဲ့ လှုပ်ရှားမှုတွေမှာ အားကောင်းတဲ့ အထောက့်အပံ့ဖြစ်စေမှာပါ” လို့ သူက ပြောတယ်။
Transrespect versus Transphobia Worldwide အဖွဲ့က ၂၀၀၈ ခုနှစ် ဇန်နဝါရီလကစပြီး ၂၀၁၁ ခုနှစ်စက်တင်ဘာအထိ ပြုလုပ်ခဲ့တဲ့ သုတေသန လေ့လာချက်အရ လေးနှစ်တာအတွင်း ကမ္ဘာတလွှာမှာ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူဖြစ်တဲ့အတွက် အသတ်ခံရမှု ၆၈၁ မှုရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထက်ပိုပြီး ဝမ်းနည်းစရာကောင်းတာကတော့ ၂၀၁၁ ခုနှစ်ရဲ့ ပထမကိုးလလောက်အတွင်းမှာ အသတ်ခံရတဲ့ Transgender အရေအတွက် ၁၁၆ ဦးရှိခဲ့တယ်ဆိုတဲ့ TvT ရဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်လဲ LGBT ဖြစ်နေတဲ့အတွက် ညှင်းပန်းနှိပ်စက်မှု ပုံသဏ္ဍာန်မျိုးစုံကို ခံစားနေရပြီး တနိုင်ငံလုံး အတိုင်းအတာအရ တလမှာ အမှုပေါင်း ၄၀ နဲ့ ၅၀ ကြားမှာ ရှိနေတယ်လို့ Colour Rainbow အဖွဲ့က ရှင်းသန့်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်းဖြစ်ပွားခဲ့တဲ့ Transgender တွေရဲ့ အမှုဖြစ်စဉ်တွေကို ပြန်ကြည့်ရမှာပါ။
လူတွေ အားလုံး တုန်လှုပ်ခဲ့ရတဲ့ ထားဝယ်မြို့မှာဖြစ်ခဲ့တဲ့ အရိုးဆွေးကာနီးမှ အသတ်ခံရကြောင်း သိရတဲ့ ဖြစ်စဉ်၊ ပဲခူးမြို့က တကိုယ်လုံးကို ဓားနဲ့မွှန်းပြီး အသတ်ခံရတဲ့ ဖြစ်စဉ်၊ ပခုက္ကူမြို့ အမှိုက်ပုံတခုမှာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ တောင်သာမြို့က Transgender စုံတွဲ တတွဲ အဆိပ်သောက် သတ်သေရလောက်အောင် ဖိအားပေးခံရတဲ့ဖြစ်စဉ်တွေကို မြင်တွေ့နိုင်ပါတယ်။
အဲဒီဖြစ်စဉ်တွေက မြန်မာ LGBT အသိုက်အဝန်းအတွက် ကြီးမားတဲ့ ခြောက်လှန့်မှုတွေ ဖြစ်ခဲ့ပါတယ်။ အခုချိန်ထိ တရားခံ မပေါ်လာသေးတဲ့ ဖြစ်စဉ်တွေလည်း အများအပြားပါ။
၂၀၁၈ ခုနှစ်အတွင်းမှာပဲ လွန်ခဲ့တဲ့ ၂ လက အနီးစပ်ဆုံး ဖြစ်ခဲ့တဲ့ ပခုက္ကူဖြစ်စဉ်မှာဆိုရင် တလမ်းတည်း အတူနေတဲ့ လူငယ်တွေက Transgender ဖြစ်နေတဲ့အတွက် မုန်းတီးမှုနဲ့ ညှင်းပန်း နှိပ်စက်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပေမယ့် ယနေ့ထိ တရားခံ မမိသေးဘူးလို့ မန္တလေး အခြေစိုက် TYR Organization Project Manager ဖြစ်တဲ့ ဂန္တဝင်က ပြောပါတယ်။
၂၀၁၆ မှ ၂၀၁၇ အတွင်း စစ်တမ်းကောက်ယူထားတဲ့ မန္တလေးစစ်တမ်းမှာဆိုရင် တနှစ်တာ ကာလအတွင်း အမှုပေါင်း ၂၂၆ မှုရှိပြီး များသောအားဖြင့် (Transgender Woman) အမျိုးသားအဖြစ် မွေးဖွားလာခဲ့သော်လည်း အမျိုးသမီးအဖြစ် ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေ များတယ်လို့ ပြောပါတယ်။
အဲဒီအမှုတွေထဲမှာ ၃၉ ဦးအဖမ်းခံခဲ့ရပြီး ၂၂ မှုကတော့ ထောင်ချခဲ့ရတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် Transgender တွေအဖမ်းခံရရင် ငွေကြေးအရ အမှုကေေျအးရတာတွေ၊ လိင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခံရတာတွေကို ကြုံတွေ့ကြရတာ များပါတယ်တဲ့။
“LGBT တွေအနဲ့ မှောင်ရိပ်ခိုမှုတွေ၊ အယောင်ဆောင်မှုတွေနဲ့ အဖမ်းခံရပါတယ်။ အယောင်ဆောင်မှုက မိန်းမဖြစ်ပြီး ယောကျ်ားလေးလိုဝတ်ထားတယ်၊ ယောကျ်ားဖြစ်ပြီး မိန်းမလေးလို ဝတ်ထားတယ်။ အဲဒါကြောင့် ထောင်ချခံရတယ်”
Transgender တွေဟာ ဥပဒေရဲ့အကာအကွယ်ကို အပြည့်အဝရရှိမှု မရှိတဲ့အပြင် နိုင်ငံရဲ့ ပြဌာန်းထားတဲ့ တချို့သော ဥပဒေတွေက သူတို့ရဲ့ ဘဝရပ်တည် ရှင်သန်နေထိုင်မှုကို ခြိန်းခြောက်နေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေဆဲပါ။
မြန်မာနိုင်ငံမှာဆိုရင်လည်း ဒေသအလိုက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေမတူညီကြသလို ညှင်းပန်းနှိပ်စက်ခံနေရမှုတွေ မျိုးစုံရှိနေတယ်လို့ Bright Pride-Myanmar Lesbain Organization ရဲ့ဦးဆောင်သူ မစုစုလှိုင် ကပြောပါတယ်။
“အခြားမြို့တွေနဲ့ စာရင် မန္တလေးမြို့က ဗုဒ္ဓဘာသာထွန်းကားတဲ့မြို့၊ ရှေ့ဟောင်းယဉ်ကျေးမှုတွေ ရှိတဲ့မြို့ဖြစ်နေတော့ Transgender တွေအတွက် ပိုပြီး စိန်ခေါ်မှုများတယ်” လို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ၂ လလောက်က မန္တလေးမြို့က ဖြစ်စဉ်တခုက Transgender တွေကို စိတ်ရောဂါဝေဒနာသည်တွေလို့ သတ်မှတ်ခံထားရတဲ့ အမြင်ရဲ့ ဆိုးကျိုးတခုကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။
အသက် ၁၆ နှစ်သာ ရှိသေးတဲ့ (Transgender Man) အမျိုးသမီးအဖြစ်မွေးဖွားလာခဲ့သော်လည်း အမျိုးသားအဖြစ် ပြောင်းလဲဝတ်ဆင်နေထိုင်သူ တဦးရဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ အဖေအရင်းကိုယ်တိုင်က သမီးအရင်းဖြစ်တဲ့ Transgender Man ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပဲဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာကို မိခင်ကို ပြန်လည်တိုင်တန်းတာတောင်မှ မိခင်ဖြစ်သူက “ရူးတူးတူး ပေါတောတောနဲ့ ဘာတွေ လာပြောနေတာလဲ” ဆိုတာမျိုးသာ တုန့်ပြန်ခံခဲ့ရသူပါ။
မွေးဖွားခဲ့တဲ့ မိဘ၊ အတူကြီးပြင်းခဲ့တဲ့ မိသားစုကိုယ်တိုင်ကတောင် ကာကွယ်စောင့်ရှောက်မှု ကင်းမဲ့ခဲ့တဲ့ အဲဒီ ဖြစ်စဉ်ကို ကြည့်လိုက်တာနဲ့ လူမသိ သူမသိနဲ့ ကျူးလွန်ခံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လောက်များနေမလဲ၊ ဘယ်သူ သိနိုင်ပါ့ မလဲ။
ဒါကြောင့် အကြောင်းပြချက် လွယ်လွယ်ပေးပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဟန့်တားနိုင်စေဖို့ WHO ရဲ့ ယခု ထုတ်ပြန်ချက်ဟာ နှစ်ရှည်လများတိုင်အောင် အနှိပ်စက်ခံ၊ အနှိမ်ခံ ဖြစ်နေခဲ့တဲ့ Transgender အတွက် အောက်စီဂျင် အကူထပ်ရလိုက်သလို ဖြစ်လာပြီလို့ သုံးသပ်လို့ရမှာပါ။
အရင်အချိန်တွေက Homosexuality လို့ခေါ်တဲ့ လိင်တူချစ်ကြိုက်ခြင်းကို အမေရိကန် စိတ်ပညာရှင်အသင်း APA က စိတ်ရောဂါစာရင်းကနေ ဖယ်ထုတ်ဖို့ ၁၉၇၃ ခုနှစ်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီ အဆိုကြောင့် ၁၉၈၇ ခုနှစ်မှာ Homosexuality တွေကို စိတ်ဝေဒနာရှင်တွေ အဖြစ်က အတိအလင်းပယ်ဖျက်နိုင်ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းကတော့ Transgender တွေ မပါဝင်ခဲ့ပါဘူး။
Homosexuality ဆိုတာကတော့ လိင်တူချင်း ချစ်မြတ်နိုးသူတွေကို ပြောတာပါ။ ဥပမာ- အမျိုးသားအချင်းချင်း ချစ်မြတ်နိုးသူ Gay၊ အမျိုးသမီး အချင်းချင်း ချစ်မြတ်နိုးသူ Lesbian တွေကို ဆိုလိုတာပါ။
၁၉၉၂ ခုနှစ်မှာတော့ WHO ရဲ့ ICD List ကနေ ဖယ်ရှားနိုင်ခဲ့ပြန်ပါတယ်။ အဲဒီအဖြစ်အပျက်တွေ အပြီး နှစ်ပေါင်း ၂၀ ကြာလာတဲ့ နောက်မှာတော့ ကျန်ရစ်နေသေးတဲ့ Transgender တွေအတွက် WHO ကနေပြီး ထပ်မံ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
“ကာလရှည်ကြာလျှောက်ခဲ့တဲ့ လမ်းကြောင်းတခုရဲ့ အောင်မြင်မှုမှတ်တိုင်တခု ဖြစ်လာခဲ့ပြီ” လို့ ဆည်းဆာညီညီက ဆိုပါတယ်။
စာရေးသူ သဲကို သည် အမျိုးသမီးရေးရာ၊ ကျားမ ရေးရာနှင့် ပတ်သက်ပြီး ရေးသားလေ့ရှိသည့် အလွတ်တန်း သတင်းထောက် ဖြစ်သည်။