အိန္ဒိယ၊ လစ်ဗျားနဲ့ မြန်မာနိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ လူကုန်ကူးသူတွေရဲ့ အမျိုးသမီးများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှု အန္တရာယ် အမြင့်မားဆုံးတိုင်းပြည်တွေ ဖြစ်ကြတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ မဲပေးမှုစစ်တမ်းအရ သိရပါတယ်။
အမျိုးသမီးတွေကို အတင်းအဓမ္မ လက်ထပ်စေခြင်း၊ အလုပ်လုပ် စေခြင်းနဲ့ လိင်ကျေးကျွန်အဖြစ် ရောင်းစား ခြင်းများဟာ အထက်ပါ နိုင်ငံသုံးနိုင်ငံမှာ အများဆုံး ရှိနေတာ ဖြစ်ပါတယ်။
သော်မဆင်ရိုက်တာ ဖောင်ဒေးရှင်းစစ်တမ်းရဲ့ ကျွမ်းကျင်သူ ၅၅၀ တို့က ထုတ်ပြန်တဲ့ အမျိုးသမီးရေးရာမှာ အမျိုးသမီးများအတွက် လူကုန်ကူးခံရမှု အဆိုးဝါးဆုံး တိုင်းပြည်စာရင်းထဲ နိုင်ဂျီးရီးယားနဲ့ ရုရှားတို့က စတုတ္ထနေရာ လိုက်နေပါတယ်။
လစ်ဗျားနိုင်ငံ ထိန်းသိမ်းရေးဌာနနဲ့ နိုင်ဂျီးရီးယားနိုင်ငံက ဘုန်းတော်ကြီးများရဲ့ နှင်ထုတ်ကျိန်စာတိုက်မှု၊ မြန်မာနိုင်ငံ နယ်စပ်တွေကနေ စိမ့်ထွက်နေမှု၊ ရုရှားက ကမ္ဘာ့ဖလားပွဲကာလ ပြည်ဝင်ခွင့်ဗီဇာ အလွဲသုံးစား မှုတွေမှာ အမျိုးသမီးတွေနဲ့မိန်းကလေးတွေကို ပစ်မှတ်ထားမှု တိုးတက်လာနေပြီး လူကုန်ကူးသူတွေက နည်းဗျူဟာ ပေါင်းစုံသုံးကာ ထောင်ချောက်ဆင်နေကြပါတယ်။
လုပ်ငန်းတခုရဲ့ သားကောင်ဖြစ်ရသူ ၁၀ ဦးမှာ အမျိုးသမီးနဲ့မိန်းကလေး ၇ ဦးအရေအတွက်ဟာ ကမ္ဘာ့ လူဦးရေရဲ့ သန်း ၄၀ အပေါ် သက်ရောက်စေတယ်လို့ ခန့်မှန်းပါတယ်။ လူကုန်ကူးသူတွေအတွက် တရားမဝင် အမြတ်ဟာ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ နှစ်စဉ်ရရှိတယ်လို့လည်း ကုလသမဂနဲ့အခွင့်အရေးအုပ်စု Walk Free ဖောင်ဒေးရှင်းတို့က ဆိုပါတယ်။
“စီးပွားရေးအရ၊ လူမှုရေးအရနဲ့ ယဉ်ကျေးမှုအရ သူတို့ရဲ့နိမ့်ကျမှုကြောင့် သူတို့တွေမှာ ထိရှလွယ်တာ ရှိပါတယ်” လို့ နိုင်ငံတကာ တရားမျှတမှုမစ်ရှင် ထောက်ပံ့ရေးအဖွဲ့က ခရစ္စတာဟေးဒန်းရှက်က ပြောပါတယ်။
အိန္ဒိယနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးတွေမှာတော့ လိင်အသုံးချစရာနဲ့ နိုင်ငံသားဖြစ်မှုမှာ ဒုတိယနေရာသာ ရှိတယ်လို့ သဘောထားခြင်း ခံနေရတဲ့အတွက် လူကုန်ကူးသူတွေရဲ့ အကြီးဆုံးခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရ ပါတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
၂၀၁၆ ခုနှစ်က အိန္ဒိယနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ လူကုန်ကူးမှု ၁၅၀၀၀ ရဲ့ နှစ်ချိုးတချိုးလောက်မှာ အမျိုးသမီး သားကောင်တွေ ပါဝင်နေပြီး တဝက်လောက်က အသက် ၁၈ နှစ်အောက်ဖြစ်ကြပါတယ်။ အများစုဟာ လိင် အပျော်အပါးနဲ့ အိမ်တွင်းကျွန်အဖြစ် ရောင်းစားခံနေရပါတယ်။
“လူကုန်ကူးမှုဟာ ကမ္ဘာလုံးဆိုင်ရာကိစ္စဖြစ်ပေမယ့် ကျမမြင်ဖူးတဲ့ လူကုန်ကူးမှု သားကောင်တွေ အားလုံးကတော့ အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံတွေကနေ အများဆုံး လာကြတာဖြစ်ပါတယ်” လို့ အိန္ဒိယ လူကုန်ကူးမှု ဆန့်ကျင်ရေးနဲ့ ကယ်ဆယ်ရေး ပရဟိတ ဖောင်ဒေးရှင်းမှာ လုပ်ဆောင်နေသူ Triveni Acharya က ပြောပါတယ်။
ဆက်လက်ပြီး သူက “မိန်းကလေးတွေဟာ မိဘတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ဆိုပြီး ယောက်ျားလေး တွေထက် နှိမ့်ချရှုမြင်နေတုန်းပါပဲ” ဖြည့်စွက်ပြောဆိုပါတယ်။
ကျေးလက်ဒေသက မိန်းကလေးတွေဟာ မြို့ကြီးပြကြီးမှာ လက်ထပ်ရမယ်၊ အလုပ်ရမယ်ဆိုတဲ့ လူကုန်ကူး သူတွေရဲ့ သွေးဆောင်ဖြားယောင်းမှု ဘယ်လိုရှိတယ်ဆိုတာကိုလည်း သူက ရှင်းပြပါတယ်။
တကယ့်ကြောက်စရာ
စင်ပြိုင်အစိုးရဖြစ်နေတဲ့ လစ်ဗျားနိုင်ငံမှာ လက်နက်ကိုင်အုပ်စုတွေ ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းတွေကနေ စက်လှေပေါ်ကို လူတွေကို ခိုးတင်ပြီး ဥရောပပို့နေပါတယ်။ ရွှေ့ပြောင်းလုပ်သားများစွာဟာ ဖမ်းဆီးခံရ၊ အတင်းအဓမ္မ စေခိုင်းခံရတာတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့က ပြောပါတယ်။
ဖမ်းဆီးရခံရတဲ့ ရွှေ့ပြောင်းလုပ်သားတွေဆီက အစီရင်ခံချက်တွေအရ သူတို့တွေကို ကျွန်ဈေးကွက်ထဲ ခေါ်ဆောင်ပြီး ရောင်းချနေတာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့အဆိုအရ သိရပါတယ်။
“လစ်ဗျားကနေ အမျိုးသမီးနဲ့မိန်းကလေးတွေ ရွှေ့ပြောင်းခံရနေတာဟာ တကယ့်ကြောက်ခမန်းလိလိပါ” လို့ လူ့အခွင့်အရေး စောင့်ကြည့်မှုအတွက် လစ်ဗျားနိုင်ငံမှာ သုတေသနပြုနေတဲ့ ဟာနန်ဆလက်က ပြောပါတယ်။
ဆက်လက်ပြီးသူက “သူတို့ထဲက အများစုဟာ ရက်ရက်စက်စက် ပြုမှုခံရမှုနဲ့ အလွဲသုံးစားမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကျမ ဆိုရပါလိမ့်မယ်” လို့ ဆိုပါတယ်။
စစ်သွေးကြွတွေက လုံခြုံရေးကင်းစခန်းတွေကို ဝင်တိုက်လို့ စစ်တပ်က ရှင်းလင်းပြီး ဘင်္ဂါလီ ၇ သိန်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက အမျိုသမီးတွေဟာလည်း လူကုန်ကူးသူတွေရဲ့ တနည်းတဖုံ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတာတွေ၊ တရုတ်နိုင်ငံကို အပို့ခံရပြီး အတင်းအဓမ္မ လက်ထပ်ခိုင်း တာတွေ ရှိနေပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက လူကုန်ကူးခံရသူတွေအတွက် အများဆုံးဦးတည်ရာအဖြစ် ခုအချိန်ထိ ရှိနေပါတယ်။ ၂၀၁၆ ခုနှစ်က လက်ရှိအစိုးရလက်ထက် လူကုန်ကူး စုံစမ်းစစ်ဆေးမှု ၃၀၇ မှုမှာ သုံးချိုးနှစ်ချိုးဟာ တရုတ်နိုင်ငံ အပို့ခံရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်ခြင်းက ဆင်းရဲနွမ်းပါးတဲ့ မိန်းကလေးများနဲ့ အမျိုးသမီးတွေဟာ လူကုန်ကူးသူတွေရဲ့ လက်အတွင်းကို သက်ဆင်းကြရပါတယ်။ လူကုန်ကူးသူ အများစုဟာလည်း အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ကလေးတယောက်သာ ယူရေးမူဝါဒအရ ကျား/မ အချိုးအစား မမျှတတာကြောင့် အမျိုးသားများအတွက် ယူစရာ အမျိုးသမီးလိုအပ်ချက်အပေါ် လူကုန်ကူးသူတွေက အသုံးချနေတာပါ။
လှည့်စားမှုမှသည် ကမ္ဘာ့ဖလားဆီသို့
လစ်ဗျားနိုင်ငံလိုပဲ နိုင်ဂျီးရီးယားနိုင်ငံက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ ဥရောပနိုင်ငံတွေဆီကို သွေးဆောင် ခေါ်ယူခြင်းခံနေရပါတယ်။
“ဂျူဂျူး” လို့ခေါ်တဲ့ သူတို့ရဲ့ အနက်ရောင်မှော်အတတ်နဲ့ ဖျော်ဖြေလုပ်ကိုင်ရမယ်ဆိုပြီး လူကုန်ကူးသူတွေက နိုင်ဂျီးယားနိုင်ငံသူတွေကို အီတလီနိုင်ငံဆီ လိင်ဖျော်ဖြေရေးအဖြစ် မတင်ပို့မီမှာ လှည့်စား ဖြားယောင်း ကြတယ်လို့ ကုလသမဂ္ဂရဲ့အဆိုအရ သိရပါတယ်။
အဲဒါအပြင် အီဒူးပြည်နယ်မှာ ရိုးရာနတ်ဆရာ အကြီးအကဲက ဗူဒူး မှော်အတတ်ပညာနဲ့ ပြန်နုတ်မယ်ဆိုတဲ့ မကြာသေးခင်က အမိန့်နဲ့ ဘာသာရေးဆရာတွေရဲ့ သတိပေးချက်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ လူကုန်ကူးမှု သဘာဝအဖြစ် ပြောင်းလဲသွားကြတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
“ဒီရှုထောင့်အသစ်ဟာ သူတို့ (လူကုန်ကူး) တွေ အနေနဲ့ ဒူဘိုင်းမှာ သူနာပြု၊ အိမ်အကူ အလုပ်ရမယ်ဆိုပြီး မိန်းကလေးတွေကို စည်းရုံးနေပါတယ်။ ခရီးသွား စာရွက်စာတမ်းတွေနဲ့ တရားဝင်ဖြစ်အောင် လုပ်ထားပါတယ်” လို့ လူကုန်ကူးမှုဆန့်ကျင်ရေး NAPTIP အေဂျင်စီအကြီးအကဲ ဂျူလီအိုကက်ဒွန်လီက ပြောပါတယ်။
ရုရှားနိုင်ငံဟာ အမျိုးသမီး သားကောင်တွေအတွက် အဓိကရင်းမြစ်နဲ့ ဦးတည်ရာတိုင်းပြည် ဖြစ်နေပါတယ်။ ဒေသခံအမျိုးသမီးများဟာ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဆီကို လိင်အပျော်အပါးအတွက် လူကုန်ကူး ခံနေရပါတယ်။ ရောက်လာတဲ့လူတွေက ထိုင်း၊ တရုတ်နဲ့ နိုင်ဂျီးရီးယားကဲ့လို့ တိုင်းပြည်တွေက ဖြစ်တယ်လို့ ရုရှား ကျေးကျွန်ပြုမှု ဆန့်ကျင်ရေးအုပ်စုတခုဖြစ်တဲ့ Alternativa က ဆိုပါတယ်။
ရုရှားနိုင်ငံရဲ့ တင်းကြပ်တဲ့ ဗီဇာလုပ်ငန်းစဉ်ကြောင့် ပြည်တွင်းကို အမျိုးသမီးများ ခိုးသွင်းဖို့ိကိစ္စက ရှည်လျား များမြောင်ပါတယ်။ ခရီးသွားတွေအနေနဲ့ ပွဲကြည့်လက်မှတ်နဲ့ အသင်းပရိသတ် အထောက်အထားပြနိုင်ရင် ဗီဇာကင်းလွတ်ခွင့် ပြုတယ်ဆိုတဲ့ အခွင့်အရေးကို ခုတုံးလုပ်ပြီး လူကုန်ကူးကြတဲ့ ရာဇဝတ်ကောင်တွေဟာ ကမ္ဘာ့ဖလားပွဲကို အမြတ်ထုတ်ဖို့ အကွက်ကျကျ စီစဉ်ထားကြပြီးဖြစ်ပါတယ်။
“အဲဒါက လူကုန်ကူးသမားတွေအတွက် တကယ့် လက်ဆောင်ပါပဲ” ဟု Alternativa က ဂျူလီယာစီလုယန်နိုဗာ က ပြောပါတယ်။
လူကုန်ကူးသူတွေရဲ့ လက်ထဲမှာ အမျိုးသမီးတွေအတွက် အန္တရာယ်အများဆုံး ထိပ်တန်း ၁၀ နိုင်ငံတွေကတော့ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ ထိုင်း၊ နိပေါ၊ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်ပြီး ပါကစ္စတန်ကတော့ ၁၀ နိုင်ငံမြောက်အဖြစ် ရပ်တည်နေပါတယ်။
မတ်လ ၂၆ ရက်ကနေ မေလ ၄ ရက်အထိ ဥရောပ၊ အာဖရိက၊ အမေရိကနိုင်ငံများ၊ အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ ပစိဖိတ်ဒေသတို့မှာ လူကိုယ်တိုင်တနည်း၊ တယ်လီဖုန်းနဲ့ တသွယ်၊ အင်တာနက်အွန်လိုင်းဖြင့် တမျိုး အွန်လိုင်းပေါ်ကနေ လူ ၅၄၈ ယောက်ရဲ့ စစ်တမ်းကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် Thomson Reuters Foundation Agency မှ ကူးယူဖော်ပြခဲ့သည့် Women Most at Risk from Traffickers in India, Libya, Myanmar: Poll ကို ဆီလျော်အောင် ဘာသာပြန်သည်။