• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

ပြည်တွင်းစစ်၊ လူမျိုးစုရေးရာ အမျိုးသမီးတို့ အခန်းကဏ္ဍ

by ခင်မမမျိုး (MIGS)
4 July 2018
in Women & Gender
A A
၂၀၁၇ နှစ်ဆန်းပိုင်းက တွေ့ရသော ကချင် ပြည်နယ်ရှိ ဒုက္ခသည် စခန်းတခု / ဧရာဝတီ

၂၀၁၇ နှစ်ဆန်းပိုင်းက တွေ့ရသော ကချင် ပြည်နယ်ရှိ ဒုက္ခသည် စခန်းတခု / ဧရာဝတီ

11.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံရေးပညာရှင် Collier ဆိုသူက ပြည်တွင်းစစ်ဖြစ်ပွားရခြင်း အကြောင်းရင်းများနဲ့ ပတ်သက်ပြီး လူအများ ရဲ့ ရှုမြင်သုံးသပ်ချက်တွေကို လေ့လာခဲ့ရာမှာ နိုင်ငံရေးအယူအဆ လက်ယာယိမ်းသူများက ပြည်တွင်း စစ် ဖြစ်ပွားရခြင်းဟာ ရေရှည်ကြာမြင့်စွာ အမြစ်တွယ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှု ဆိုင်ရာ အယူ အဆများကြောင့်လို့ ယူဆတတ်ကြောင်း၊ နိုင်ငံရေးအယူအဆ လက်ဝဲယိမ်းသူများကတော့ စီးပွားရေးရာ မတူညီကွဲပြားမှုတွေနဲ့ အမြစ်တွယ်နေတဲ့ ကိုလိုနီစနစ် အမွေဆိုးများကြောင့်လို့ ယူ တတ်ကြောင်းနဲ့ နိုင်ငံ ရေးအယူအဆ အလယ်အလတ်မှာ ရှိနေသူတွေကတော့ ဒီမိုကရေစီစနစ် ကျင့်သုံးမှု အားနည်း ချက်များနဲ့ နိုင်ငံရေးအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ့် အခွင့်အလမ်းများ နည်းပါးခြင်းကြောင့် လို့ ယူဆတတ်ကြကြောင်း လေ့လာတွေ့ရှိ ခဲ့ပါတယ်။

ပြည်တွင်းစစ်နဲ့ပတ်သက်ရင် ဘယ်အရာတွေကို ထည့်သွင်းပြီး အဓိပ္ပာယ်ဖွင့်ဆိုသင့်သလဲဆိုတာ ပညာရှင် တွေ အကြားမှာ ကွဲလွဲနေဆဲပဲ ရှိနေပါသေးတယ်။ ဘယ်လိုပဲ ကွဲပြားပေမယ့် ပြည်တွင်း စစ်ဖြစ်ရခြင်း အကြောင်း တရားတွေထဲမှာ နိုင်ငံရေးဆိုင်ရာ အကြောင်းတရားများ၊ လူမျိုးစုရေးရာ အကြောင်း တရား များနဲ့ နိုင်ငံတကာရေးရာ အကြောင်းတရားများ စတာတွေ ပါဝင်ကြောင်းကိုတော့ အားလုံးက လက်ခံထားကြပါတယ်။

RelatedPosts

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

3 May 2025
803
အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

25 March 2025
9.8k
စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

22 March 2025
31.4k

ပြည်တွင်းစစ်ဖြစ်ပွားစေတဲ့ လူမျိုးစု ရေးရာ အကြောင်းတရား တွေထဲမှာ နိုင်ငံတော် တည်ထောင်မှု (state – formation) ဆိုင်ရာ နိုင်ငံရေး အစီအမံများ (political arrangements) တွေရဲ့ အားနည်းချက်တွေလည်း ပါဝင်ပါတယ်။ လူမျိုးစုများစုပေါင်းနေထိုင်တဲ့ တိုင်းပြည်တွေမှာ များသောအားဖြင့် ပြည်ထောင်စုအသွင် သဏ္ဍာန်နဲ့ နိုင်ငံတော်တည်ထောင်မှု ပြုလုပ်လေ့ရှိကြပါတယ်။ နိုင်ငံတော်တည်ထောင်မှုမှာ ပြည်ထောင်စု အသွင်သဏ္ဍာန်နဲ့ တည်ထောင်မှု ဆိုရင် နိုင်ငံရေးအရ တန်းတူညီမျှမှု (political equality) နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် (self- determination) တွေရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒါတွေ မရှိရင် နိုင်ငံတော်တည်ထောင်မှု ဆိုင်ရာ ပဋိပက္ခ (state – formation conflicts) ဖြစ်ပြီး ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။

နိုင်ငံတော်တည်ထောင်မှုမှာ တပြည်ထောင်စနစ် (unitary state system)၊ ဖယ်ဒရယ် ပြည်ထောင်စုစနစ် (federal state system)၊ သီးခြားခွဲထွက်၍ တိုင်းပြည်တည်ထောင်ရေးစနစ် (separate state system) စသည်ဖြင့် ကွဲပြားပါတယ်။ အခြားသဏ္ဍာန်မူကွဲတွေလည်း ရှိပါသေးတယ်။ တပြည်ထောင်စနစ် (unitary state system) မှာ နိုင်ငံရေး အစီအမံတွေအားလုံးဟာ ဗဟိုမှာပဲ ချုပ်ကိုင်ထားပါတယ်။

အာဏာအပိုင်းအခြား (separation of powers) က အလျားလိုက် သဏ္ဍာန် အနေနဲ့ ရှိပြီး ဒေါင်လိုက် သဏ္ဍာန် မရှိပါဘူး။ အစိုးရတရပ်ပဲ ရှိပါတယ်။ လွှတ်တော် တရပ်ပဲ ရှိပြီး တရားစီရင်ရေး စနစ် ကွဲပြားမှုတွေ မရှိပါဘူး။ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံ တည်ထောင်ထားမှု စနစ်က unitary state system ဖြစ်ပါတယ်။

ဖက်ဒရယ်နိုင်ငံတော်စနစ် (federal state system) မှာ နိုင်ငံရေး အစီအမံတွေက ဗဟိုမှာပဲ ချုပ်ကိုင်ထားခြင်း မရှိပါဘူး။ separation of powers က အလျားလိုက် သဏ္ဍာန်အနေနဲ့ရော၊ ဒေါင်လိုက် သဏ္ဍာန်ပါ ရှိပါတယ်။

ဖယ်ဒရယ် အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ ရှိပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုလွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်များ ရှိပါတယ်။ တရားစီရင်ရေး စနစ်တွေ ကွဲပြားမှု ရှိနိုင်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာ နိုင်ငံရေး အစီအမံများမှာ အိန္ဒိယနိုင်ငံကဲ့သို့ quasi- federal arrangements၊ ဂျာမဏီနိုင်ငံကဲ့သို့သော Unitarian federal arrangements စတာတွေကနေ အမေရိကန် ပြည်ထောင်စုရဲ့ constitutional federal arrangements တွေအထိ သဏ္ဍာန် အမျိုးမျိုး၊ အာဏာ ခွဲဝေမှု (division of powers) အမျိုးမျိုး ကွဲပြားကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုမှာတော့ ဖက်ဒရယ် အစိုးရအတွက် သတ်မှတ်ထားတဲ့ delegated powers (ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို regulate လုပ်ရန်၊ ငွေ စက္ကူ ထုတ်လုပ်မှု စစ်ကြေငြာမှု၊ လက်နက်ကိုင်တပ်များ ထားရှိမှု၊ စာပို့စနစ်၊ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးမှု)၊ ပြည်နယ်အစိုးရများအတွက် သတ်မှတ်ထားတဲ့ reserved powers (ပြည်တွင်းကုန်သွယ်ရေးကို regulate လုပ်ရေး၊ ကျောင်းများ တည်ထောင်ရေး၊ သက်ဆိုင်ရာ ပြည်နယ်အလိုက် ဥပဒေများ ပြဌာန်းရေးနဲ့ ရွေးကောက်ပွဲများ ကျင်းပရေး)၊ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရများက ရှယ်ယာလုပ်ရန် သတ်မှတ်ထားတဲ့ concurrent powers (အခွန်ကောက်ရေး၊ တရားရုံးများ တည်ထောင်ရေးနဲ့ ချေးငွေ ရယူရေး) စတာတွေ ပါဝင်ပါတယ်။

သီးခြားခွဲထွက်သော နိုင်ငံတော်စနစ် (separate state system) ဆိုတာကတော့ လူမျိုးရေး၊ ဝါဒရေး၊ ဘာသာရေး စတာတွေပေါ်မှာ အခြေခံပြီး သီးခြားနိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း ဖြစ်ပါတယ်။ ဥပမာ- အိန္ဒိယ နိုင်ငံမှ လွတ်လပ်သော သီးခြား နိုင်ငံအဖြစ် ပါကစ္စတန်နိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း စတာမျိုး ဖြစ်ပါတယ်။ ဒီလို ကွဲပြားသွားတဲ့ နိုင်ငံတွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ခွဲထွက်ပြီး နိုင်ငံ တည်ထောင်မှု သဏ္ဍာန် ဖြစ်ပါတယ်။

တိုင်းပြည်တပြည်ရဲ့ အသွင်ကူးပြောင်းရေး ကာလတွေ ဖြစ်တဲ့ တိုင်းတပါး လက်အောက်ခံကနေ လွတ်လပ်ရေးရစ ကာလ (ဥပမာ- ကိုလိုနီ နိုင်ငံများ) တွေနဲ့ အင်အားကြီး အာဏာထိန်းချုပ်မှု တစုံတရာ ပျောက်ကွယ်သွားသော ကာလ (ဥပမာ- ဆိုဗီယက်ယူနီယံ၊ ယူဂိုစလားဗီးလား) စတာတွေမှာ ဒီလို separate state ဆိုင်ရာ အရေးတွေ ပေါ်ထွက်တတ်ပါတယ်။

သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ ကွဲပြားမှုတွေ ရှိနေတဲ့ နိုင်ငံတွေမှာ အသွင်ကူးပြောင်းရေးကာလဆိုတာ နိုင်ငံတော် တည်ထောင်မှု (state- formation) လို့ သတ်မှတ်လေ့ရှိကြပါတယ်။ ဒီလို အခြေအနေ၊ အချိန်အခါတွေမှာ တန်းတူညီမျှမှု ဆိုင်ရာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အရေးတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် နိုင်ငံရေး ခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည်မှု၊ ကတိတည်မှု၊ အပြန်အလှန် လေးစားမှု၊ ပဋိပက္ခရေးရာ ကျွမ်းကျင်သူများရှိမှု၊ ယုံကြည်မှုတည်ဆောက်ရေး နည်းလမ်းများ (confidence-building measures) ဖော်ဆောင်ထားမှု စတာတွေကို ကြိုတင်ပြင်ဆင် တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။

နောက်ထပ်ပြည်တွင်းစစ်ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ လူမျိုးစုများအကြားမှာ စည်းလုံးညီညွတ်မှု ပြိုကွဲတာနဲ့ ဆက်နွယ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ စုဝေးနေထိုင်တဲ့ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှု ရှိရေးက အလွန်အရေးကြီးပါတယ်။ နိုင်ငံရေး လေ့လာသူတွေက တိုင်းရင်းသား လူမျိုးစုများအရေးနဲ့ ပတ်သက်ပြီး ကဏ္ဍနှစ်ခု ခွဲခြားလေ့လာကြပါတယ်။ ပထမကဏ္ဍကတော့ တိုင်းရင်းသား လူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများနဲ့ ပဋိပက္ခဖြေရှင်းနည်းများကို လေ့လာခြင်း ဖြစ်ပြီး၊ ဒုတိယကဏ္ဍကတော့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံတွေမှာ တရားမျှတတဲ့ နိုင်ငံရေးစနစ်တွေကို ဖော်ဆောင်မှုတွေကို လေ့လာဖြင်းဖြစ်ပါတယ်။

ပထမကဏ္ဍဟာ နိုင်ငံရေးအဆောက်အုံ (political institutions) ဆိုင်ရာ နိုင်ငံရေးသိပ္ပံပညာက မြစ်ဖျားခံလာပြီး၊ ဒုတိယကဏ္ဍကတော့ လူမျိုးစု၊ တရားမျှတမှုနှင့် ဒီမိုကရေစီ ရေးရာ နိုင်ငံရေး သီအိုရီများ၊ နိုင်ငံရေးဒဿနိက အတွေးအခေါ်များကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများမှာ ရှေးပဝေသဏီ အစဉ်အဆက် ကနေ အမြစ်တွယ် နေခဲ့တဲ့ ဘိုးစဉ်ဘောင်ဆက် အမုန်းတရားတွေ ပါဝင်ပါတယ်။ ကမ္ဘာတဝှမ်းမှာ ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီ ကိုလိုနီနယ်ချဲ့ ဝါဒတွေ မကြီးစိုးခဲ့စဉ်က အင်အားကြီး စစ်ဘုရင်များရဲ့ စစ်အင်အား သုံးပြီး နယ်မြေဒေသ သိမ်းသွင်းမှုတွေ၊ တိုင်းနိုင်ငံ တည်ထောင်ရန် ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။

နယ်မြေဒေသ နီးစပ်ရာမှာ အခြေချနေထိုင်ကြတဲ့ လူမျိုးစုတွေအကြား စစ်ပွဲတွေ ရှိခဲ့ပါတယ်။ ဒီစစ်ပွဲတွေ ကနေ အမုန်းတရားတွေ၊ မယုံကြည်မှုတွေနဲ့ အာဃာတ တရားတွေ ပေါ်ထွက်ခဲ့ပါတယ်။ ဒီလို ဘိုးစဉ် ဘောင်ဆက် အမုန်းတရားတွေဟာ ဖိနှိပ်မှု တစုံတရာအောက်မှာ ခေတ္တပျောက်ကွယ်နေပြီး ဖိနှိပ်မှုကနေ လွတ်လပ်လာစဉ်မှာ အသွင်တမျိုးနဲ့ ပြန်လည်ပေါ်ထွက်လာတတ်ပါတယ်။

ဒါတွေကို အသွင်ကူးပြောင်းကာလတွေမှာ တာဝန်ယူရတဲ့ အစိုးရတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပဋိပက္ခရေးရာ လေ့လာသူတွေက သေချာ နားလည်သိရှိထားဖို့ လိုပါတယ်။ ဒီလိုနားလည်သိရှိမှလည်း ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်မယ့် နည်းလမ်းတွေကို အင်အားသုံးဖြေရှင်းမှု နည်းလမ်းတွေ ထက် ပိုပြီး အလေးထားစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုများအကြား သွေးစည်းမှုမှာ သယံဇာတအရင်းအမြစ်များ၊ လူ့စွမ်းအား အရင်း အမြစ်များနဲ့ ပတ်သက်ပြီး ရိုးသားပွင့်လင်းစွာ သတင်းအချက်အလက် ဖလှယ်မှု၊ စီးပွားရေး ပြိုင်ဆိုင်မှုများ အကြားမှာ တရားမျှတစွာ ပြိုင်ဆိုင်မှု စတာတွေကလည်း အရေးကြီးပါတယ်။ လူမျိုးစု ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ လူမျိုးစုတွေအကြား ဆက်ဆံရေး အားနည်းမှုနဲ့ စီးပွားရေး ပြိုင်ဆိုင်မှုတွေလည်း ပါဝင်ပါတယ်။ စီးပွားရေးအရ အင်အားကြီးပြီး၊ သယံဇာတ အမြောက်အမြား ကို နယ်မြေထဲမှာ ပိုင်ဆိုင်ထား တဲ့ တိုင်းရင်းသားလူမျိုးစုတွေက စီးပွားရေးအရ အင်အားနည်းပြီး၊ သယံဇာတ ပိုင်ဆိုင်မှုနည်းတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းဖြင့် ဘဏ္ဍာရေးအရ ခွဲဝေသုံးစွဲရတာကြောင့် နစ်နာတယ်လို့ ယူဆတာတွေ ရှိတတ် ပါတယ်။ စီးပွားရေးအရ ဈေးကွက်ကို အပြိုင်အဆိုင်လုကြရင်း၊ သယံဇာတတွေ ရှိတဲ့ နယ်မြေတွေကို လုကြရင်း ဖြစ်လာတဲ့ ပဋိပက္ခတွေလည်း ရှိပါတယ်။

ဒီလို စီးပွားရေးအကြောင်းအရာတွေအပြင် လုံခြုံရေးအကြောင်းအရာတွေလည်း ရှိပါတယ်။ နိုင်ငံကို အုပ်ချုပ် နေတဲ့ အစိုးရဟာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိတဲ့အခါ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်အချို့က သူတို့ရဲ့ဒေသ လုံခြုံရေးအတွက် လက်နက်ကို င်ထားဖို့ လိုအပ်တယ်လို့ ယူဆလာပြီး လက်ကိုင်ကိုင်အင်အားစုတွေ ဖွဲ့စည်းလာ ကြပါတယ်။ ဒီအခါမှာ လက်နက်ကိုင်အင်အားစု မရှိတဲ့ တခြားလူမျိုးစုတွေကလည်း လက်နက်ကိုင် အင်အားစုတွေ ထပ်မံ ဖွဲ့စည်းလာကြပါတယ်။

နိုင်ငံအစိုးရကလည်း ဒီလို လက်နက်ကိုင်အင်အားစုတွေ စုဖွဲ့လာမှုအပေါ်တွေမှာ ပုန်ကန်ထကြွဖို့ ပြင်ဆင်တယ်လို့ ယူဆပြီး စစ်အင်အားသုံး နှိမ်နင်းဖို့ ကြိုးပမ်းပြန်ပါတယ်။ ဒီလိုအခြေအနေကို နိုင်ငံရေးလေ့လာသူတွေကတော့ တိုင်းပြည်ရဲ့ security dilemma လို့ သတ်မှတ်ပါတယ်။ ဒီလို တိုင်းပြည်တွေဟာ ပြည်တွင်းစစ်ပြဿနာ၊ ဆင်းရဲနွမ်းပါးမှု ပြဿနာနဲ့ နိုင်ငံရေး မတည်ငြိမ်မှု ပြဿနာတွေအကြားမှာ နွံနစ်နေတတ်ပါတယ်။

နောက်ထပ်အကြောင်းရင်းတခုကတော့ multi-ethnic societies တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘိုးဘွားအမွေ နယ်မြေပိုင်ဆိုင်မှု ဆိုတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေမှာ သူတို့ရဲ့ ethno-symbolism ကို ကာကွယ် စောင့်ရှောက်ဖို့အတွက် ရှေးအစဉ်အဆက်ကနေ သူတို့ရဲ့ နယ်မြေလို့ သတ်မှတ်ထားတဲ့ နယ် မြေ ဒေသတွေ ရှိပါတယ်။ ဒါတွေကို ဘိုးဘွားအမွေ နယ်မြေတွေလို့ သတ်မှတ်ယူဆကြပါတယ်။ ဒီနယ် မြေ တွေဟာ တခါတရံမှာ အခြားလူမျိုးစုတွေက ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားကြတဲ့ နယ်မြေ တွေလည်း ဖြစ်နေ တတ်ပြန်ပါတယ်။ ဒီလို နယ်မြေတွေ သီးခြားသတ်မှတ် ထားနိုင်ခြင်း မရှိတဲ့အခါ နယ်မြေလုရာကနေ ဖြစ်ပွားလာတတ်တဲ့ လူမျိုးစုပဋိပက္ခတွေလည်း ရှိတတ်ပါတယ်။

အချို့သော နိုင်ငံရေးပညာရှင်တွေကတော့ လူမျိုးစု ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ခေါင်း ဆောင် တွေရဲ့ အတွေးအခေါ်၊ အယူအဆတွေကလည်း အကြောင်းရင်းတရပ်အနေနဲ့ ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။ သူတို့ရဲ့အယူအဆ အရ ethnic identity တွေဟာ သူ့ဘာသာသူ ရှိနေပြီးသား ဖြစ်နေတဲ့ အပေါ်မှာ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သမိုင်းဆရာတွေက အမျိုးသားရေးအမြင်တွေနဲ့ ထပ်လောင်းပုံဖော်ပြီး မျက်ကန်းမျိုးချစ်စိတ်တွေ၊ လူမျိုးကြီးဝါဒတွေ၊ လူနည်းစု သိမ်ငယ်စိတ် တွေကို ရိုက်သွင်းရာကနေ လူမျိုးစုပဋိပက္ခတွေ ပေါ်ထွက်လာတာလို့ ရှုမြင်ကြပါတယ်။

ethnic identity တွေကို လိုသလို ဖြည့်ဆည်းထည့်သွင်းသတ်မှတ်လို့တော့ မရနိုင်ပါဘူး။ နိုင်ငံသား (citizenship) နဲ့ လူမျိုးဆိုတာ ကွဲပြားခြားနားပါတယ်။ သို့ပေမယ့် ရှိပြီးသား ethnic identity ကို ထပ်လောင်းပုံဖော်ပြီး နိုင်ငံရေးအရ manipulate လုပ်တာမျိုးတွေ ရှိတတ်ပါတယ်။

ဥပမာ- အသွင် ကူးပြောင်းရေးကာလတွေမှာ တာဝန်ယူရတဲ့ အစိုးရခေါင်းဆောင်တွေက သူတို့ရဲ့ အာဏာ တည်မြဲရေး အတွက် လူမျိုးစုတခုရဲ့ အတိတ်သမိုင်းတွေကို အသုံးချပြီး လူမျိုးကြီးဝါဒကို ရိုက်သွင်း လာတဲ့အခါ၊ အခြားလူမျိုးစုတွေကို အနှိမ်ခံရတယ်ဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်လာအောင် ပြုလုပ်လိုက်သလို ဖြစ်နိုင်ပါတယ်။

ဒီလို အကြောင်းရင်းတွေကြောင့် လူမျိုးစု ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ ကိုင်တွယ် ဖြေရှင်းပုံတွေပေါ် မူ တည်ပြီး ပြည်တွင်းစစ်မီးတောက်တွေ ကြီးထွားလာခြင်း၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက် နိုင်ခြင် းဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ တိုင်းရင်းသား လူမျိုးစု ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ Hegemonic Control နည်းလမ်းကို သုံးပြီး လူမျိုးစုများ နေထိုင်ရာ ဒေသတွေကို အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာမှုကင်းသော လုပ်ရပ်များဖြင့် ခြိမ်းခြောက်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ နယ်မြေ သိမ်းပိုက်ခြင်း၊ ကျေးရွာများနဲ့ မြို့များကို ပြောင်းရွှေ့ နေရာချထားခြင်း၊ အတင်းအဓမ္မ လက်န က်ချခိုင်းခြင်း၊ အတင်းအကြပ် လက်နက်ဖြုတ်သိမ်းခြင်း စတာတွေကို အချို့အစိုးရတွေက ကျင့်သုံး လေ့ရှိကြပါတယ်။ ဒီနည်းလမ်းဟာ လူမျိုးစု ပဋိပက္ခတွေကို မဖြေရှင်းနိုင်ပဲ လူမျိုးစုများအကြား အာဃာတ တရားတွေ၊ အမုန်းတရားတွေ ကိုသာ ဖြစ်စေနိုင်ပါတယ်။

အချို့တိုင်းပြည်တွေမှာ လူမျိုးကြီးဝါဒကို ကျင့်သုံး သူများက စစ်တပ်ကို ကြိုးကိုင်ခြယ်လှယ်ထားခဲ့တာကြောင့် စစ်တပ်ထဲမှာ ပါဝင်တာကလည်း လူမျိုးစုမျိုးစုံ ဖြစ်ပေမယ့် လူမျိုးကြီး တခုရဲ့ လုပ်ရပ်လို့ပဲ ထင်သွားတတ်ပြီး လူမျိုးစုများအကြား စည်းလုံးမှုတွေ ပြိုကွဲတတ်တာတွေလည်း ရှိပါတယ်။

အင်အားသုံး ဖြေရှင်းမှုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မည်သည့်အခါမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ညီအစ်ကိုချင်းမှာတောင် အင်အားသုံးပြီး ပြဿနာဖြေရှင်းမှုတွေ ရှိလာတဲ့အခါ သွေးကွဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ တဖက်ကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားမှုကြောင့် ပြဿနာ ဖြေရှင်းနိုင်မယ်လို့ ယူဆမှုတွေဟာ မှားယွင်းတဲ့ အယူအဆတွေပါပဲ။

ဖိနှိပ်လေ၊ ပြဿနာ ပိုပြီး ကြီးထွားလေ ဖြစ်လာတတ်ပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက ကမ္ဘာတဝှမ်းလုံးကို တုန်လှုပ်ချောက်ချား စေခဲ့တဲ့ ရဝမ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။

လူသန်းပေါင်းများစွာ အချိန်အနည်းငယ်အတွင်းမှာ တဦးနဲ့ တဦးသတ်ဖြတ်မှုတွေ ဖြစ်ပွားစေအောင် ဘာတွေက လှုံ့ဆော်ပေးခဲ့ပါသလဲ။ အဓိကကတော့ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ ဖိနှိပ်မှုပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ Tutsi ဆိုရင် ပါဝါပိုရှိပြီး၊ Hutu ဆိုရင် ဖိနှိပ်ခံ လို့ သတ်မှတ်ရာ ကနေ အမြစ်တွယ်ခဲ့တဲ့ ဖိနှိပ်မှုဟာ ကြောက်မက်ဖွယ်ရာ လူသတ်ပွဲကြီးကို ဖြစ်ပွား စေခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို ပြန်ပြောင်းပြောမိကြတဲ့အခါတိုင်း အချို့ပညာရှင်တွေက When Victims become Killers လို့ စိတ်မကောင်းစွာ မှတ်ချက်ပြုကြပါတယ်။ အင်အားသုံးမှု၊ အကြောက်တရားနဲ့ ဖိနှိပ်မှုတွေဟာ ပဋိပက္ခတွေကို မဖြေရှင်းနိုင်ပါဘူး။ ပဋိပက္ခတွေကိုသာ ပိုပြီး ကြီးထွားစေတတ်ပါတယ်။ Hegemonic Control ဟာ ရေရှည်နိုင်ငံရေးတည်ငြိမ်မှုကို ဘယ်လိုမှ ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။

လူမျိုးရေး ပဋိပက္ခတွေကို transcendent identity တခုကို သတ်မှတ်ပြီး ဖြေရှင်းကြတာတွေလည်း ရှိပါတယ်။ ဒီလို သတ်မှတ်ရာမှာ သက်ဆိုင်ရာ နိုင်ငံတွင်းမှာ ရှိတဲ့ လူမျိုးစုများ တွေ့ဆုံဆွေးနွေးပြီး အားလုံးရဲ့ ethnic identity ကို ရှေ့တန်းမတင်တော့ပဲ နိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူ တရပ်လုံးဟာ လူမျိုး တခုတည်းအဖြစ် လက်ခံ သတ်မှတ်ခြင်း ဖြစ်ပါတယ်။

ဒီလို ပြုလုပ်ရာမှာ လူမျိုးစုများ အားလုံးက တွေ့ဆုံဆွေးနွေးပြီးမှ ညီညီညွတ်ညွတ် စုပေါင်းသတ်မှတ်ကြဖို့ လိုအပ်ပါတယ်။ အစိုးရတရပ်တည်းကပဲ အတင်းအကြပ် အမည်နာမပေး သတ်မှတ်လို့ မရနိုင်ပါဘူး။ ဒီနည်းလမ်းဟာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ဆင်တူတဲ့ လူမျိုးစုများ ရှိနေတဲ့ နိုင်ငံ (သို့မဟုတ်) နေရာဒေသတခုမှာ နိုင်ငံပေါင်းစုံက လူများ အခြေချနေထိုင်လာကြပြီး နိုင်ငံတည်ထောင်မှု ပြုလုပ်တဲ့ အခြေအနေမျိုးတွေ အတွက်သာ ပိုမိုသင့်လျော်ပြီး စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာ ကွဲပြားတဲ့ လူမျိုးစုများ ရှိနေတဲ့ နိုင်ငံတွေမှာတော့ အလွန်သတိထားပြီး စဉ်းစားပြုလုပ်ကြရမယ့် နည်းလမ်းတခု ဖြစ်ပါတယ်။ အတင်းအကြပ်ပြုလုပ်မှုတွေ ရှိလာခဲ့ရင် ပဋိပက္ခကို ပိုမိုကြီးသွားစေတတ်ပါတယ်။

လူမျိုးစု ပဋိပက္ခတွေကို နိုင်ငံတကာအဖွဲ့အစည်းများ (သို့မဟုတ်) အင်အားကြီးနိုင်ငံများက ဝင်ရောက်ပြီး ထိန်းချုပ်ဖြေရှင်းရန် ကြိုးပမ်းမှုတွေလည်း ရှိပါတယ်။ ဒီလို ထိန်းချုပ်ဖြေရှင်းရန် ကြိုးပမ်းမှု တွေမှာ third party ဖြစ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း (သို့မဟုတ်) ဒေသတွင်းအင်အားကြီးနိုင်ငံများဟာ လူမျိုးစုအားလုံးက ယုံကြည်လက်ခံပေးနိုင်တဲ့ အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံ ဖြစ်ဖို့ အရေးကြီးသလို သက်ဆိုင်ရာ အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံကလည်း လူမျိုးစုတွေအကြားမှာ neutral ဖြစ်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ပဲ အကျိုးစီးပွားတွေပါ ပါဝင်လာပြီး ပါဝါဂိမ်းတွေ ကစားလာခဲ့ရင် လူမျိုးစုပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံအတွက် ပိုပြီး ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

လူမျိုးစုပဋိပက္ခနဲ့ ပတ်သက်ပြီး နောက်ထပ်ဖြေရှင်းနည်းတခုကတော့ federal arrangements ပဲ ဖြစ်ပါတယ်။ federal arrangements ဆိုရာမှာ quasi-federal arrangements, constitutional federal arrangements စတာတွေအပြင် autonomy cantonisation စတာတွေပါ ပါဝင်ပါတယ်။ cantonisation ဆိုတာကတော့ အာဏာခွဲဝေမှုကို လူမျိုးစု၊ လူမျိုးစုကနေ မျိုးနွယ်စုလေးတွေအထိ အဆင့်ဆင့် ခွဲခြားပြီး homogeneous units’ လေးတွေအထိ ခွဲခြမ်းစိတ်ဖြာပြီးမှ အာဏာခွဲဝေတာ ဖြစ်ပါတယ်။

ပညာရှင်အများစုကတော့ ဒါဟာ လက်တွေ့မှာ ဖြစ်နိုင်ချေနည်းပါးတဲ့ နိုင်ငံရေး အစီအမံလို့ သတ်မှတ်ထားကြပါတယ်။

Constitutional federal arrangements မှာ ဖယ်ဒရယ် ယူနစ်တွေ အားလုံးဆီမှာ တူညီတဲ့ အာဏာတွေ ရှိပြီး၊ ဖယ်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရကြားမှာ အာဏာခွဲဝေမှုသဏ္ဍန်တွေ စနစ်တကျ ရှိပါတယ်။ အာဏာကို အလွဲသုံးစား ပြုလို့ မရပါဘူး။ သက်ဆိုင်ရာ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့် (self- determination) နဲ့ တန်းတူညီမျှခွင့် ရှိတဲ့အတွက် ရေရှည်နိုင်ငံရေး တည်ငြိမ်မှုအတွက် သင့်လျော်တဲ့ နိုင်ငံရေးအစီအမံ တခုအဖြစ် ပညာရှင်များက သတ်မှတ်ကြပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy) ဆိုတာမှာကျတော့ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (territorial autonomy)နဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (cultural autonomy) ဆိုပြီး ရှိပါတယ်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကတော့ တိုင်းရင်းသားလူမျိုးတွေကို သူ့သက်ဆိုင်ရာ ဒေသအလိုက် နယ်မြေခွဲဝေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ခြင်း ဖြစ်ပြီး၊ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာကတော့ သက်ဆိုင်ရာ ဒေသအလိုက် cultural institutions များကို ကိုယ်ပိုင်ဖန်တီး စီမံခွင့်ပေးအပ်ခြင်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လူနည်းစု အခွင့်အရေးပေးတာနဲ့ မတူပါဘူး။ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုများက သူတို့ဘာသာ cultural institutions များကို တည်ဆောက်ယူခြင်းဖြစ်ပြီး၊ လူနည်းစုအခွင့်အရေး (minority rights) ကို ပေးတာမှာကျတော့ နိုင်ငံတော်က cultural institutions များကို တည်ဆောက်ပေးတာ ဖြစ်ပါတယ်။

လူမျိုးစု ပဋိပက္ခများကို ဖြေရှင်းတဲ့ နောက်ထပ် နည်းလမ်းတခုကတော့ consociationalism ဖြစ်ပါတယ်။ consociationalism ဆိုတာကို ပါဝါရှယ်ယာပြုလုပ်ခြင်းလို့ ဆိုကြပါတယ်။ consociationalism နည်းလမ်းကို အသုံးပြုပြီး ပဋိပက္ခတွေကို ဖြေရှင်းခြင်းမှာ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များအားလုံး ပူးပေါင်းပြီး အာဏာခွဲဝေခြင်း ဖြစ်ပါတယ်။ federalism မှာ အာဏာခွဲဝေမှုက (vertical division between different levels) ဖြစ်ပြီး၊ consociationalism မှာ အာဏာခွဲဝေမှုက (horizontal division between different pillars) ဖြစ်ပါတယ်။

onsociationalism နိုင်ငံရေး အစီအမံမှာ ထင်ရှားတဲ့ နိုင်ငံရေး သွင်ပြင်လက္ခဏာ လေးမျိုး ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ ခေါင်းဆောင်များ အားလုံးဟာ အစိုးရအဖွဲ့မှာ ပါဝင်ပါတယ်။ အစိုးရအဖွဲ့ဟာ ညွန့်ပေါင်းအစိုးရဖြစ်ပြီး၊ လူမျိုးစု ခေါင်းဆောင်များ (သို့မဟုတ်) ကိုယ်စားလှယ်များအားလုံးက အစိုးရအဖွဲ့မှာ ပါဝင်ပါတယ်။

ဒုတိယ သွင်ပြင်လက္ခဏာ ကတော့ လူမျိုးစုအားလုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိခြင်းဖြစ်ပါတယ်။ တတိယ သွင်ပြင်လက္ခဏာကတော့ နိုင်ငံရေးကိုယ်စားပြုမှုဟာ proportionality ပေါ်မှာ မူတည်ပါတယ်။ စတုတ္ထ သွင်ပြင်လက္ခဏာကတော့ လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ အခြေခံ အကျိုးစီးပွားတွေကို ထိခိုက်လာခဲ့ရင် ဗီတို အာဏာ အသုံးပြုခွင့် ရှိပါတယ်။ ဒီ နည်းလမ်းဟာ လူမျိုးစုအရေအတွက် နည်းပါးတဲ့ နိုင်ငံတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတာမှာ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်ပြီး၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒီလို ရှာဖွေရာမှာလဲ ပိုမိုဆိုးဝါးသွားစေနိုင်တဲ့ Hegemonic Control လို နည်းလမ်းတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပြီး၊ transcendent identity, federal arrangements (including autonomy), consociationalism နည်းလမ်းတွေထဲက အသင့်လျော်ဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတွေကို ငြင်းခုန်မှု၊ အပြန်အလှန် စွပ်စွဲမှု မဟုတ်သော အဖြေရှာခြင်း အသွင်နဲ့ ငြိမ်းချမ်းစွာ ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြဖို့ လိုအပ်ပါတယ်။

ဒါမှ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ လူမျိုးစု ပဋိပက္ခများ နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ နိုင်ငံတွေမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်စဉ် (National Reconciliation Process) ဆိုတာ မလွဲမသွေ အကောင်အထည် ဖော်ကြရမယ့် ဖြစ်စဉ်တခုပါ။

ဒီလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရာမှာ တရားမျှတမှု ရှိရေးဟာ စံထားကြရမယ့် တန်ဖိုးတခု ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်းကာလတွေမှာ ကမ္ဘာတဝှမ်းမှာ ကြီးထွားလာခဲ့တဲ့ လူမျိုးရေး အခြေခံ ပဋိပက္ခတွေကြောင့် ethno-cultural justice ဆိုတဲ့ သဘောတရား ပေါ်ထွက်လာခဲ့ပါတယ်။

ဒီသဘောတရားကို ဖော်ထုတ်ခဲ့တဲ့ Kymlicka ဆိုသူက စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဟာ လူမျိုးနဲ့ ယဉ်ကျေး မှု ရေးရာ ကွဲပြားမှုတွေကို မျက်ကွယ်ပြုထားလို့ မရနိုင်ကြောင်း၊ ယဉ်ကျေးမှုဆိုတာ လူတဦးချင်းစီ ရှင်သန် နေထိုင်တဲ့ လူမှုဘ၀ (social life) တွေပေါ်မှာ သက်ရောက်မှုရှိတဲ့ framework တခု ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး civic republicanism နဲ့ liberal multi-culturalism ကို လက်ခံသူ တို့အကြားမှာ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။

civic republicanism ကို လက်ခံသူများက နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ လူ့အဖွဲ့အစည်းရေးရာ အကန့်အသတ်တွေကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ ဆိုကြပြီး၊ liberal multi-culturalism ကို လက်ခံသူများကတော့ နိုင်ငံရေး ပါဝင်ပတ်သက်မှုဟာ ရှိနေပြီးသား လူ့အဖွဲ့အစည်း အပေါ်မှာ အခြေခံတယ်လို့ ဆိုခဲ့ကြပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးမှာ ဘာသာစကားဆိုင်ရာ အခွင့်အရေးများ (language rights) ကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုတွေကို ပြည်သူတွေက အပြည့်အ၀ အသုံးပြုနိုင်ရေးအတွက် သင့်လျော်တဲ့ ဘာသာစကားဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဘာသာစကားဆိုင်ရာ မူဝါဒတွေမှာ linguistic affairs နဲ့ ပတ်သက်ပြီး နိုင်ငံတော်က လုံး၀ ဝင်ရောက်စွက်ဖက်ခြင်း မရှိတဲ့ benign- neglect policy၊ လူအများသုံးတဲ့ ဘာသာစကားကို official language အဖြစ်သတ်မှတ်တဲ့ nation-building policy စသည်ဖြင့် မူဝါဒများစွာ ရှိပြီး၊ ဒီအရေးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများမှာ ထည့်သွင်း ဆွေးနွေးဖို့ လိုအပ်တဲ့ အရေးတခု ဖြစ်ပါတယ်။

Multi-bilingualism ကို အသုံးပြုခြင်းဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာမှာ မည်သို့ အသုံးပြုမည်နည်း စတဲ့ procedures တွေဟာ ညီညွတ်မှု တည်ဆောက်ရေးအတွက် အရေးကြီးပါတယ်။

ပြည်တွင်းစစ်ရဲ့ လူမျိုးစုရေးရာ အကြောင်းတရားများကို မဖြေရှင်းနိုင်ရင် စစ်တွေကို အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်းစစ်ဟာ နောက်ဆက်တွဲ ပြဿနာပေါင်းများစွာကို မွေးဖွားပေးပါတယ်။ နိုင်ငံရေး ပညာရှင် Licklider ဆိုသူက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ပြဿနာဖြစ်တဲ့ ပြည်တွင်းစစ်ဒဏ်ခံရတဲ့ တိုင်းပြည်တခုရဲ့ ပုံရိပ်တွေကို ဖော်ပြထားရာမှာ စီးပွားရေး အဆောက်အအုံပြိုလဲခြင်း၊ ကုန်သွယ်မှုများ ရပ်ဆိုင်းခြင်း၊ ငွေကြေးဖောင်းပွမှု ဖြစ်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ပျက်စီးခြင်း၊ အလုပ်လက်မဲ့ပြဿနာ ကြီးထွားခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ နည်းပါးခြင်း၊ ပြည်ပပို့ကုန်တန်ဖိုးလျော့ခြင်း၊ တိုင်းပြည်ရဲ့ လူ့အဖွဲ့အစည်းအတွင်းတွင် ကွဲပြားသော အဖွဲ့အစည်းများအပေါ် ဘက်လိုက်ပြီး ကွဲပြားမှုများရှိနေခြင်း၊ လက်နက်များ ပျံ့နှံ့ခြင်း၊ အစိုးရ အပေါ်တွင် လူထုက အကြည်ညိုပျက်ခြင်း၊ လူငယ်များမှာ တိုက်ခိုက်ရေး၊ သတ်ဖြတ်ရေး၊ စစ်ရေး စွမ်းရည်များမှလွဲ၍ အခြားလူ့စွမ်းအားများ ကင်းမဲ့နေခြင်း စတဲ့အချက်တွေကို မီးမောင်းထိုးပြထားပါတယ်။

တိုင်းပြည်တခုမှာ ဒီလို အခြေအနေတွေ ဖြစ်လာရင် လူဦးရေရဲ့ တဝက်ကျော်ရှိတဲ့ အမျိုးသမီးများရဲ့ ဘဝတွေအပေါ် ဆိုးဝါးစွာ သက်ရောက်မှု ဖြစ်လာတာပါပဲ။

ဒါကြောင့် စစ်ကို အဆုံးသတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို အဆုံးသတ်နိုင်ရေးအတွက် ပဋိပက္ခဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ တတပ်တအား ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပဋိပက္ခများကို ဖြေရှင်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာစစ်ဖြစ်ရတဲ့ အကြောင်းတရား များကို သေချာ သိနားလည်ဖို့ လိုအပ်လာပါတယ်။ ဘယ်ဖြစ်ရပ်မှာဆို ဖြစ်ပွားရခြင်း အကြောင်းရင်းတွေကို မှန်ကန်စွာဖော်ထုတ်ရေးဟာ အဖြစ်အပျက်တွေ ထပ်မံဖြစ်ပွားလာမှုကို ကာကွယ်နိုင်ရေးအတွက် အရေးပါတဲ့ သော့ချက်ဖြစ်ပါတယ်။

အတွေးအခေါ် ပညာရှင် အရစ္စတယ်တို ဆိုခဲ့သလိုပါပဲ။ ဉာဏ်ပညာဆိုတာ အခြေခံအကြောင်းတရားတွေနဲ့ ဆက်နွယ် နေပါတယ်။ ပြည်တွင်းစစ် ထာဝရရပ်စဲပြီး၊ ရေရှည်ခံငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် ပြည်တွင်းစစ်ဖြစ်ရတဲ့ အကြောင်းတရားများကို ဉာဏ်ပညာနဲ့ သိမြင်နားလည်ပြီး၊ ဖြေရှင်းနိုင်တဲ့ အမျိုးသမီး ခေါင်းဆောင်များရဲ့ အခန်းကဏ္ဍတွေကို မြှင့်တင်ပေးဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

Your Thoughts …
Tags: ပြည်တွင်းစစ်လူမျိုးစုရေးရာ အမျိုးသမီးတို့ အခန်းကဏ္ဍ
ခင်မမမျိုး (MIGS)

ခင်မမမျိုး (MIGS)

Contributor

Similar Picks:

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.2k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

by Bertil Lintner
6 December 2023
20k

မြန်မာစစ်တပ်ပြိုကွဲကာ ခုခံတော်လှန်ရေး၏ နောက်ဆုံးပန်းတိုင် ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီသို့ ဦးတည်စေမည့် လမ်းကြောင်းသို့ နိုင်ငံကို ပို့ဆောင်နိုင်စေမည်လား။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.1k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

by ဧရာဝတီ
21 December 2023
18.5k

နိုဝင်ဘာလရောက်သောအခါ တရုတ်သည် ထိုပဋိပက္ခတွင် ဘက်ပြောင်းလိုက်ပြီး စစ်ကောင်စီအတွက် ရက်များသည် ရေတွက်၍ ရနိုင်တော့မည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်လာသည်။

Next Post
ဗိုလ်ချုပ် ပြောမယ့် စကား

ဗိုလ်ချုပ် ပြောမယ့် စကား

Detox ဖျော်ရည် လုပ်သောက်ခြင်းဟာ အသားအရေနဲ့ ကျန်းမာရေးအတွက် အထူး ကောင်းမွန်စေပါတယ်

ကျန်းမာရေးနဲ့ အလှအပအတွက် Detox ဖျော်ရည် အလွယ်တကူ လုပ်သောက်မယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate