Women & Gender

နားခိုရာအတွင်း လုံခြုံမှု ကင်းမဲ့နေသေးသည့် စစ်ရှောင်အမျိုးသမီးများ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်သည် တိုက်ပွဲမကြာခဏဖြစ်နေသည့် ပဋိပက္ခဒေသတခု ဖြစ်သည်။ ပဋိပက္ခဒေသဖြစ်သည့် အတွက် ကချင်ပြည်နယ်ရှိ အမျိုးသမီးများမှာ လုံခြုံမှုမရှိခြင်းကို ခံစားနေရသည်။ ပဋိပက္ခဒေသများတွင် စစ်ဖြစ်သည့်အခါ ပိုမို၍ လုံခြုံမှုကင်းမဲ့ကာ အခက်အခဲ ဒုက္ခအများဆုံး ကြုံတွေ့ ရသူ၊ စစ်၏အနိဌာရုံကို ခါးစည်းခံနေရသူများက အမျိုးသမီးများသာ ဖြစ်ကြသည်။

တိုက်ပွဲဖြစ်ကြသည့်အခါ အမျိုးသားများက ခွန်အားဖြင့် တုန့်ပြန်ကြသည်များ ရှိသလို၊ အမျိုးသမီးများကို ချန်ရစ်ထားခဲ့ပြီး ထွက်ပြေးကြသည့် အမျိုးသားများလည်း ရှိသည်။ ထို့ကြောင့် စစ်ရှောင်အမျိုးသမီးများ ထွက်ပြေး တိမ်းရှောင်ကြသည့်အခါ ၎င်းတို့၏ သားသမီးများက တဖက်၊ အထုတ်များ၊ အစားအသောက်များတဖက် ပွေ့ပိုက် ဆွဲပြေးကြရသည်။ အိမ်တွင် သက်ကြီးရွယ်အို၊ နာမကျန်းလူနာများ ရှိနေပါကလည်း ဖေးမကူညီ ထမ်းသွားရတာမျိုး ကြောင့် စစ်မြေပြင်ထဲတွင် အပင်ပန်းဆုံးနှင့် အခက်အခဲဆုံး ကြုံတွေ့ရသူများမှာ အမျိုးသမီးများသာ ဖြစ်ကြသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနစ်မှ စတင်ပြီး တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်ရှောင်ဒုက္ခသည်ပေါင်း တသိန်းနှစ်သောင်းကျော် ရှိနေပြီဖြစ်ကြောင်း ကချင် စစ်ဘေးရှောင် စစ်တမ်းများအရ သိရသည်။

စစ်ရှောင်ထွက်ပြေးလာကြ သူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုး သမီးများ၊ ၅ နှစ်အောက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ပါဝင်ပြီး ၎င်းတို့သည် မိသားစုအလိုက်၊ ဆွေမျိုးအလိုက် အုပ်စုခွဲ၍ တောတောင်များအတွင်းသို့ ထွက်ပြေးကြရသည်။

စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ကြသည့် အခါ အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုလည်း များစွာ ကြုံတွေ့ကြရ သောကြောင့် မလုံခြုံမှုအန္တရာယ်က ပိုများလာသည်။ အိုးအိမ်ကို ပစ်ပြီး စစ်ရှောင်လာရသည့် အမျိုးသမီးများသည် လုံခြုံသည့် စစ်ရှောင် စခန်းများကို ရောက်ရှိသည့်တိုင် မလုံခြုံမှုများ ခံစားနေရသေးသည်ဟု စစ်ရှောင်လာသည့် အမျိုးသမီးများက ပြောကြသည်။

တန်ဖရဲကျေးရွာ တွင် စစ်ရှောင်နေသည့် အမျိုးသမီးများ

“ကလေးက ဒီစခန်းကိုရောက်တော့ ခြောက်နှစ်လောက်ပဲ ရှိသေးတာ၊ အခု ၁၃ နှစ်လောက်ရှိပြီဆိုတော့ အပျိုလည်း ဖြစ်လာပြီ။ အဲဒီတော့ သူတို့ ရေချိုးပြီးလို့ အဝတ်လဲတဲ့အခါ အဖေတွေ၊ အစ်ကိုတွေရှိနေရင် အဆင်မပြေဘူး။ သူတို့အတွက် မလုံခြုံဘူးလို့ ခံစားရတယ်။ နောက်၊ အိမ်ခန်းတွေက အရမ်းကပ်နေတော့ ထမင်းချက်တဲ့ နေရာကအစ အဆင်မပြေဘူး” ဟု တန်ဖရဲကျေးရွာတွင် စစ်ရှောင်နေသည့် ဒေါ်မရမ်နူးဒင့်က ပြောသည်။

စစ်ရှောင်စခန်းများရှိ အမျိုးသမီးများသည် စားဝတ်နေရေး အခက်အခဲများ ရှိကြရသလို ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နို့တိုက် မိခင်များတွင်လည်း အခက်အခဲ များစွာရှိနေသည်။ ရင်ခွင်ပိုက်ကလေးငယ် ရှိသည့် အမျိုးသမီးများတွင် အာဟာရပိုင်းဆိုင်ရာ ချို့တဲ့မှုများ ကြုံတွေ့ကြရသည်။

လူသားချင်းစာနာမှု အထောက်အပံ့များ၏ ကူညီမှုက အမျိုးသမီးများအတွက် သီးသန့် လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်သေးဟု Htoi Gender and Development Foundation ၏ ဒါရိုက်တာ ဒေါ်နန်ပူက ပြောသည်။

“လူသားချင်းစာနာ ထောက်ထားတဲ့ NGO တွေက ထမင်းပုံမှန်စားရဖို့ အရေးကိုပဲ သူတို့က ကြိုးစားပြီး စီမံကိန်းတွေ ချပေးရတဲ့ အခါကျတော့ စစ်ရှောင်အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေ အများကြီး ရှိတယ်” ဟု ဒေါ်နန်ပူက ဆက်ပြောသည်။

စစ်ရှောင် အမျိုးသမီးများသည် မိသားစုဝင် များပြားလွန်းသည့်အတွက် ကလေးအတွက် လိုအပ်သည့် ဘောင်းဘီ၊ နို့မှုန့် အစရှိသည့် ပစ္စည်းများ ဝယ်ယူရန် လိုအပ်နေသော်လည်း ကလေးငယ်ရှိသည့် အချိန်၊ ကလေးမီးဖွားသည့် အချိန်များတွင် အပြင်ထွက် အလုပ်လုပ်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်ရှောင် အမျိုးသမီး များသည် များသောအားဖြင့် မြို့ပေါ်ရှိအိမ်များတွင် အဝတ်လျှော်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ပေးခြင်း၊ ဈေးရောင်း ပေးခြင်းများ လုပ်ကိုင်ပေးရကြောင်း သိရသည်။

အမျိုးသမီးများသည် ကလေးငယ်များနှင့် ပတ်သက်သည့် အိမ်မှုကိစ္စများ လုပ်ရသည့်အတွက် အသေးသုံးစရိတ်များ များစွာ လိုအပ်နေသည်။ လူသားချင်းစာနာမှုက တယောက်ကို ကျပ် ၁ သောင်း၊ ၁ သောင်း ၂ ထောင် စသည်ဖြင့်သာ ပေးသည့်အတွက် လိုအပ်ချက် များစွာရှိနေရာ စိုးရိမ်မှုများ ရှိနေကြသည်။

အမျိုးသမီးများသည် စားဝတ်နေရေး၊ ကလေးများကျောင်းကိစ္စ စသည့် အခက်အခဲများကို အမြဲတမ်း ဖြေရှင်းနေရသည့်အခါ ၎င်းတို့တွင် လုံခြုံမှု မရှိဖြစ်နေရကြောင်း အင်ဂျန်းယန်မှ စစ်ရှောင်လာသည့် ဒေါ်ခေါန်တောင်က ပြောသည်။

တချို့သော စစ်ရှောင်များသည် ကိုးပေပတ်လည် အခန်းကျဉ်းတွင် နေထိုင်ကြပြီး တချို့က တန်းလျားပုံစံ အိမ်တဆောင်ထဲတွင် အတူတူ နေထိုင်ကြရသည်။ စစ်ရှောင်များ၏ အိမ်ထောင်စုတစုတွင် များသောအားဖြင့် မိသားစု ဆယ်ဦးအထိ ရှိတတ်ကြသည်။ မိသားစုဦးရေ များပြားပြီး ကျပ်ညပ်နေသည့် နေရာတွင် အတူတကွ နေထိုင်ကြရသည့်အတွက် ကလေးများမှာ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြု ကြသည်။ ငယ်ရွယ်သည့် အိမ်ထောင်သည်များအတွက် မိဘမောင်ဖွားများနှင့် အတူ နေထိုင်ရသည့်အခါ အဆင်မပြေမှုများလည်း များစွာ ရှိနေကြောင်း သိရသည်။

“လူသားဖြစ်လို့ရှိရင် လူသားအဖြစ်နဲ့ ကိုယ့်အခန်းနဲ့ ကိုယ်မိသားစုနဲ့ နေဖို့လိုတယ်။ ဒါပေမဲ့ အခန်းက မရှိဘူး။ အခန်းကျဉ်းလေးထဲမှာပဲ အကုန်လုံး ပြွတ်သိပ်ကျပ်ပြီး နေရတဲ့အခါကျတော့ စိတ်ကျဉ်းကျပ်မှု အခက်အခဲတွေ အမျိုးမျိုးရှိတယ်” ဟု ဒေါ်နန်ပူက ပြောသည်။

တန်ဖရဲကျေးရွာ ရှိ စစ်ရှောင်စခန်းတွင်း တနေရာ

ကချင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် ဝိုင်းမော်၊ ရွှေဂူ၊ မန်စီ၊ ဖားကန့်၊ ပူတာအိုစသည့် နေရာရှိ စစ်ရှောင် ပြည်သူများသည် ၇ နှစ်ကြာ စစ်ရှောင်နေကြသည့် နှစ်ရှည် စစ်ရှောင်များဖြစ်ကြသည်။

ယခုနှစ် ဧပြီ ၂၅ ရက်နေ့မှ စတင်ပြီး တကျော့ပြန် စစ်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် စုစုပေါင်း နှစ်ထောင်ကျော် ထပ်တိုးလာခဲ့သည်။ အရေးပေါ် ရောက်ရှိလာသည့် စစ်ရှောင်များအတွက်လည်း အဆင်မပြေမှုများစွာ ရှိနေသည်။

“စစ်ရှောင် အမျိုးသမီးတယောက် အနေနဲ့ ရေချိုးတာ၊ အဝတ်လျှော်တာ နောက်ပြီး အိမ်သာ မလုံလောက် တာကအစ အမျိုးသမီး တယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ နေဖို့အတွက်ကတော့ ဘယ်လိုမှ အရေးပေါ်အခြေ အနေမှာတော့ ပြည့်စုံနိုင်ဖို့ အနေအထားမရှိဘူး။ ဒါပေမဲ့ စစ်ရှောင်တွေနေတာ ထပ်ပြီး ကြာလာမယ်ဆိုရင်တော့ အစိုးရက အစီ်အစဉ်တရပ် အနေနဲ့ ချရမှာဖြစ်တယ်။ ဘာပဲပြောပြော ဒါက အစိုးရ တရပ်မှာ တာဝန်အရှိဆုံး ဖြစ်တယ်” ဟု အင်ဂျန်းယန် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါရ်က ဧရာဝတီကို ပြောသည်။

၇ နှစ်ကြာ စစ်ရှောင်နေရသည့် ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီအပြင် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးရေး အကူအညီများကို ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် စစ်ရှောင် အိမ်ထောင်စု ခုနစ်ရာ နီးပါးအား ပြန်လည်နေရာချထားရေး (Resettlement) များ ပြုလုပ်ပေးပြီးပြီဖြစ်ကြောင်း ကချင်ပြည်နယ် လူမူရေးဝန်ကြီး ဒေါက်တာသင်းလွင်က ဧရာဝတီကို ရှင်းပြသည်။

စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ (၁၁) ခု ဖွဲ့စည်းထားပြီး ပြောင်းရွှေ့လိုသည့် ဆန္ဒရှိပါက ကား စီစဉ်ပေးခြင်း၊ ဆန်၊ ပဲ၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းအပြင် အိမ်ဆောက်ပစ္စည်းနှင့် ငွေသား ထောက်ပံ့ ပေးခြင်းများကို ကချင်ပြည်နယ်ရှိ ကြက်ခြေနီအဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာန၊ လူမူဝန်ထမ်း ဦးစီးဌာန၊ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများသည် မိမိနေရပ်သို့ ပြန်လိုသော်လည်း လုံခြုံစိတ်ချရသည့် အနေအထား မရှိသေးဘဲ ကြောက်ရွံ့မှုများ ရှိနေခြင်းကြောင့် ဖြစ်သလိုပင် နေထိုင်ကြရသလို၊ ကလေးများ ပညာသင်ကြားမှု အခက်အခဲရှိမည် စိုးသောကြောင့်လည်း နေရပ်ပြန်ရန် မဖြစ်နိုင်သေးဟု စစ်ရှောင် အမျိုးသမီးများက ပြောသည်။

လက်ရှိ အစိုးရက ပြုလုပ်နေသည့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆွေးနွေးပွဲများတွင် စစ်ရှောင် အမျိုးသမီး များ၏ အခြေအနေ၊ စစ်ပြေးဒုက္ခသည်များ၏ အခြေအနေများကို ဆွေးနွေးခြင်းမျိုး မရှိသေးသည်ကိုလည်း တွေ့မြင်နေရသည်။

ထို့ကြောင့် စစ်ရှောင်အမျိုးသမီးများ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ထည့်သွင်းဆွေးနွေးပေးရန် အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသူများက တောင်းဆို ထားကြကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading