သူ့ခန္ဓာကိုယ်က ဝဖြိုးနေပြီး၊ အရပ်ကတော့ ၅ ပေခန့်သာ ရှိပါတယ်။ သူဟာ မုံပေါ်ဘိန်းဖြတ်ဆေးခန်းတခု ဖြစ်တဲ့ Hkam Sha Hpung (ခမ်းရှာဖုန်) မှာ ဆေးလာဖြတ်နေတဲ့ မ ဘောက်ဆန်ပါ။
Hkam Sha Hpung (ခမ်းရှာဖုန်)ဆိုတဲ့ဘိန်းဖြတ်စခန်းဟာ အမျိုးသမီးတွေ ဦးဆောင်ပြီး ဖွင့်လှစ်ထားတဲ့နေရာတခု လည်း ဖြစ်ပါတယ်။
မ ဘောက်ဆန်ဟာ ဒီဆေးဖြတ်တဲ့နေရာကို ရောက်လာခါစက ပိန်ပိန်ပါးပါးအမျိုးသမီးတဦးပါ။ သူဟာ အသက် ၃၂ နှစ်အရွယ်သာရှိပေမယ့် အသက်ငယ်ရွယ်စဉ် ကတည်းက အိမ်ထောင်ပြုခဲ့တဲ့အတွက် ယခုအချိန်မှာ သား ၄ ဦးရဲ့ မိခင်လည်း ဖြစ်ပါတယ်။
ခင်ပွန်းနဲ့ ယောက္ခမတွေ မူးယစ်ဆေးဝါး သုံးစွဲရာကနေ မ ဘောက်ဆန်တယောက် မူးယစ်ဆေးဝါးနဲ့ စတင်ထိတွေ့ရင်းနှီးခဲ့ရ တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အိမ်ထောင်ကျခဲ့တဲ့သူဟာ ယောက္ခမဖြစ်သူကို နေ့စဉ်ဘိန်းမည်းတွေ ကင်ပေးခဲ့ရပါတယ်။
“ ကျမယောကျ်ားနဲ့ ယောက္ခမတွေက မူးယစ်ဆေးသုံးတယ်။ ကျမက ယောက္ခမသောက်ဖို့အတွက် နေ့တိုင်း ဘိန်းမည်းတွေကင်ပေးရတယ်။ ယောက္ခမကို နေ့တိုင်းလုပ်ပေးရင်း ကိုယ့်ကိုယ်ကို စွဲလို့စွဲမှန်းမသိခဲ့ဘူး။ ယောက္ခမ ဆုံး ပြီးတော့မှ ကျမဘိန်းစွဲနေတာသိလာတယ်” လို့ မ ဘောက်ဆန်က ဆိုပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ယောက္ခမဆုံးသွားပြီးနောက်ပိုင်းမှာ ဘိန်းမည်းကို နေ့စဉ်မီးရှို့ပေးနေရတဲ့ဘဝက လွှတ်သွားပေမယ့် နေ့တိုင်းခေါင်းကိုက်တာတွေ၊ အားပြတ်နေတဲ့ပုံစံလိုမျိုးတွေ၊ နေလို့မကောင်းသလိုလို နေ့စဉ်ခံစားခဲ့ရ တာတွေကို မ ဘောက်ဆန်က ပြန်ပြောပြပါတယ်။
“ယောက္ခမဆုံးသွားတော့ ကျမ ဘိန်းမည်းကို မရှို့ရတော့ဘူး။ အဲဒီမှာ နေမကောင်းဖြစ်လာတော့ မူးယစ်ဆေးသုံးစွဲ နေတဲ့အသိတွေက ဆေးသုံးဖို့ ပြောတော့ ကျမ စမ်းပြီးသုံးလိုက်မိတယ်” လို့ သူက ပြောပြပါတယ်။
မူးယစ်ဆေးဝါးသုံးတဲ့အချိန်မှာ တခဏအတွင်း ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ခဲ့ပြီး၊ ဆေးပြေသွားပါက ခေါင်း ပြန်ကိုက်လာတာတွေ၊ ခန္ဓာကိုယ်မအီမသာဖြစ်တာတွေ ဖြစ်လာတယ်” လို့ မ ဘောက်ဆန်က သူခံစားခဲ့ရတွေကို ပြောပါတယ်။
“ ကျမဘိန်းကို မသိမသာ စွဲလမ်းမှုတွေ ဖြစ်လာတယ်။ ယောကျားကလည်း ဆေးသုံးတဲ့သူဆိုတော့ ပြဿနာတော့ မရှိပါဘူး။ ဒါပေမယ့် ကလေး ၄ ယောက်ကို ဂရုမစိုက်နိုင်ဘူး။ ကလေးတွေရဲ့ ပညာရေးလည်း ကျောင်းထုတ် လိုက်ရတဲ့အထိဖြစ်သွားတယ်” လို့ အတိတ်က အကြောင်းတွေကို ရင်ဖွင့်ပါတယ်။
ကလေးပညာရေးနဲ့ စားဝတ်နေရေးက တနေ့တခြား နလံမထူနိုင်တော့တဲ့အဆင့်ရောက်လာပြီး မူးယစ်ဆေးဝါးကို ဖြတ်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
မူးယစ်ဆေးဝါးဖြတ်ဖို့နေရာလည်း မသွားနိုင်လို့ အခက်အခဲဖြစ်နေချိန်မှာ Hkam Sha Hpung (ခမ်းရှာဖုန်) ဆိုတဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့အဖွဲ့က အိမ်ကိုလာရောက်ပြီး ဖမ်းဆီးတဲ့အတွက် မူးယစ်ဆေးဝါးဖြတ်တဲ့နေရာကို ရောက်ရှိလာခဲ့တယ်လို့ လည်း ဆိုပါတယ်။
“ကျမ ဖြတ်ချင်တာ ကြာပြီ။ သောက်လည်း မသောက်ချင်ဘူး။ ဒါပေမယ့် ကျမ ဆေးဖြတ်ဖို့ နေရာ၊ ငွေမရှိဘူး။ အဲဒီအချိန်မှာ ကျမကို ဒီကဆရာမတွေ လာဖမ်းတော့ ကွက်တိဖြစ်သွားတယ်” လို့ (မ)ဘောက်ဆန်က ဆိုပါတယ်။
မူးယစ်ဆေးဝါးဖြတ်တဲ့နေရာ စတင်ရောက်စဉ်က ကြောက်စိတ်တွေလွှမ်းမိုးကာ ဝေဒနာတွေ များစွာခံစားရပါတယ်။ အခုတော့ သူဆေးဖြတ်နိုင်ခဲ့ပါပြီ။
“ ငွေမရှိပေမယ့် ဆေးဖြတ်ပေးတဲ့အပြင်၊ ကလေးတွေကိုပါ ကူညီစောင့်ရှောက်ပေးတာ ကျေးဇူးတော်ပါပဲ” လို့ သူက ပြောပြပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမျိုးသမီးအများစုဟာ ရောဂါကြောင့်၊ ကိုက်ခဲမှုတွေကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ သုံးစွဲတာများကြကြောင်း Hkam Sha Hpung (ခမ်းရှာဖုန်) အတွင်းရေးမှူး ဒေါ်အက်စတာက ပြောပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ရပ်ဆိုင်းထားရတဲ့အတွက် ဆေးဝါးသုံးစွဲသူတွေ ပိုမိုများပြားလာသလို ဒီအထဲမှာ အမျိုးသမီးတွေလည်း ပိုပြီးပါဝင်လာကြတယ်လို့ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့ အမျိုးသမီးအဖွဲ့ က ပြောဆိုလိုက်ပါတယ်။
ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှု အများဆုံးဖြစ်နေပြီး၊ မူးယစ်ဆေးဝါးကို အကြောထိုးသွင်းသုံးစွဲသူတွေအတွင်း အိတ်ချ်အိုင်ဗွီပိုးကူးစက်ပျံ့ပွားမှုကို ကိုယ်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းအား ထုတ်မှုတွေ လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်အထက် မူးယစ်ဆေးဝါးကို အကြောတွင်းထိုး သွင်းသုံးစွဲသူ အရေအတွက် ၈ ထောင်ကျော်ရှိနေကြောင်း UNAIDS အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“ တိုက်ပွဲအတွင်းမှာ မူးယစ်ဆေးဝါးတွေ ပိုများလာတယ်။ အမျိုးသမီးတွေလည်း သုံးလာတာ တွေ့ရတယ်။ လက်ရှိ ကျမတို့ဆီမှာ ဆေးသုံးတဲ့အမျိုးသမီးတွေကို ဆေးဖြတ်ပေးနေတာ ၃ ယောက်လောက်ရှိတယ်” လို့ ဒေါ်အက်စတာက ပြောပါတယ်။
ဆက်လက်ပြီး ဒေါ်အက်စတာက “ ဒီတိုက်ပွဲတွေမဖြစ်ခင်က ကျမတို့အဖွဲ့ကနေ ဆေးဖြတ်ပေးလိုက်တဲ့သူတွေ တောင် အခုပြန်သုံးနေကြတယ်။ အမျိုးသမီးတွေလည်းပါတယ်။ တိုက်ပွဲမဖြစ်ခင်က ကိုယ်ဝန်သည် အမျိုးသမီးတဦး ကျမတို့ဆီ ဆေးလာဖြတ်တယ်။ အခုလည်း သူနောက်တခါ ပြန်ရောက်လာတယ်” လို့ ဝမ်းနည်းစွာနဲ့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကလည်း မူးယစ်ဆေးသုံးစွဲနေတဲ့ ကိုယ်ဝန်သည်တဦး ဖမ်းမိကာ ဆေးဖြတ်ပေးခဲ့ဖူးတယ်လို့ ဒေါ်အက်စတာကပြောပါတယ်
“ ကျမတို့ ဖမ်းမိတဲ့အမျိုးသမီးတယောက်ဆိုရင် ကိုယ်ဝန်ရှိနေတဲ့အချိန်တောင် သူက သောက်နေတယ်။ သူ့အမျိုးသားရော၊ သူရောသောက်နေကြတယ်။ ကျမတို့ သူ့ကိုသွားဖမ်းတဲ့အချိန်မှာ ဆေးပြားတွေကိုလည်း သနပ်ခါးဗူးထဲ မှာ ဝှက်ထားတယ်။ ဝှက်တာတွေကလည်း တော်ကြတယ်။ အမျိုးသမီးတွေက အများစု သနပ်ခါးဗူး ဝါးဗူးတွေမှာ ထည့်ပြီး ဝှက်ကြတယ်” လို့ လည်း ဒေါ်အက်စတာက ပြန်ပြောပြပါတယ်။
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ အမျိုးသမီးဦးရေကို သေချာစွာ ကောက်ခံထားတာ မရှိပေမယ့် အမျိုးသမီးတွေ ဆေးသုံးစွဲမှုများလာတာကိုတော့ သေချာပြောနိုင်တယ်လို့ ဒေါ်အက်စတာက ဆိုပါတယ်။
အမျိုးသမီးအများစုက ယောက္ခမ သောက်သုံးတဲ့အခါ ကူညီပေးရတာ၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမျိုးသားများကို ဆေးပြားသွားဝယ်ပေးရတာတွေကြောင့် အိမ်ထောင်ရေး အဆင်မပြေမှုတွေရှိပြီး နောက်ဆုံးကိုယ်တိုင်သုံးစွဲလာကြတယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ ဒေါ်အက်စတာက ဆိုပါတယ်။
“ မိန်းကလေးတွေကတော့ ရှူတဲ့အဆင့်ပဲ ရှိသေးတယ်။ ဆေးထိုးတဲ့အဆင့် မရောက်သေးဘူး။ ဘိန်းမည်းကတော့ မီးရှို့ပြီး ရှူတဲ့အဆင့်ပါ။ အသက် ၁၈ နှစ်ကနေ အသက် ၇၀ ကျော်အထိ မူးယစ်ဆေးသောက်သုံးတဲ့ အမျိုးသမီး တွေ ရှိနေပါတယ်” လို့လည်း ဒေါ်အက်စတာက ပြောပြပါတယ်။
မြန်မာနိုင်ငံရဲ့မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာတွေကတော့ ဆင်းရဲနွမ်းပါးတာ၊ စားနပ်ရိက္ခာမဖူလုံတာ၊ ဖွံ့ဖြိုးမှု နောက်ကျတာ၊ မြေယာလက်လှမ်းမီသုံးစွဲနိုင်မှု နည်းပါးတာနဲ့ အားနည်းတဲ့ အုပ်ချုပ်စီမံရေးနဲ့ တရားဥပဒေ စိုးမိုးမှု တွေကြောင့် ဖြစ်ပါတယ်လို့ UNAIDS အစီရင်ခံစာမှာ ရေးထားပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲတဲ့အမျိုးသမီးတွေဟာ ကိုယ့်သားသမီးရဲ့ အနာဂတ်ကို အလေးမထားကြပါဘူး။ တချို့ မိဘ တွေဟာ သားသမီးတွေကိုပါ ဆေးပြားသွားဝယ်ခိုင်းပြီး ဆေးပြားကို ဝှက်ယူလာတဲ့ နည်းလမ်းတွေကိုပါ သင်ကြား ပေးနေတာ တွေ့မြင်နေရတယ်လို့ ဒေါ်အက်စတာ က ရှင်းပြပါတယ်။
“ကျနော်ကိုယ်တိုင် မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမျိုးသမီးတွေကို ကူညီပေးဖူးတယ်။ ၄ ဦးလောက်တွေ့ဖူးတယ်။ ဆေးဖြတ်တာလည်း ကူညီပေးခဲ့ဖူးတယ်” လို့ ကျောက်မဲမြို့ အခြေပြု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (MANA) ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲတဲ့ အမျိုးသမီးတွေက လျှို့ဝှက်ပြီး သုံးစွဲကြတဲ့အတွက် ကိန်းဂဏန်းအရ ပြောရခက်ပါတယ် လို့လည်း ဦးတင်မောင်သိန်းက ဆိုပါတယ်။
“ အမျိုးသမီးတွေက သောက်သုံးတာ လျှို့ဝှက်တယ်။ နောက်ပြီး ဆေးစွဲတဲ့ အမျိုးသမီးတွေကို စိတ်ဓာတ်ခွန်အားပေးဖို့ ပြန်လည်ထူထောင်ပေးဖို့ကလည်း ခက်ခဲတယ်” လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။
အမျိုးသမီးတွေအများစုက မူးယစ်ဆေးသုံးစွဲတဲ့အမျိုးသားတွေနဲ့ အိမ်ထောင်ကျပြီး ဆေးလိုက်စွဲသွားတာများတယ် လို့လည်း ဦးတင်မောင်သိန်းက ဆိုပြန်ပါတယ်။
မူယစ်ဆေးဝါးက ပြောရမယ်ဆိုရင် ယောကျ်ား၊ မိန်းမ ခွဲခြားပြီးပြောလို့ မရတော့ဘဲ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ သုံးစွဲနေကြပြီး အမျိုးသမီးသုံးစွဲမှု ပိုများလာပါက ကလေးတွေကို ပိုပြီး ထိခိုက်နိုင်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူ့အခွင့်အရေးကူညီဆောင်ရွက်ပေးနေတဲ့ မိုင်းမိုင်က ပြောပါတယ်။
မူဆယ်မြို့က ဘိန်းစွဲသူကို ဘိန်းဖြတ်ရာမှာ ဘိန်းအစားထိုးဆေးတမျိုးဖြစ်တဲ့ မက်သဒုန်း (Methadone) ဆေးရည် အစားထိုး သောက်သုံးနေကြတဲ့သူတွေထဲမှာ အမျိုးသမီးအသက် ၃၀ ကျော်မှ အသက် ၅၀ အရွယ်ထိ ပါဝင် နေတယ်လို့ မူဆယ်မြို့က ဆရာဝန်တဦးကလည်း ပြောပြပါတယ်။
“ မက်သဒုန်းကို လာသောက်ကြတဲ့သူတွေထဲမှာ အမျိုးသမီးတွေလည်းပါတယ်။ စာရင်းကတော့ ကျမအနေနဲ့ မပြောပြနိုင်ပေမယ့် တော်တော်များပါတယ်” လို့ အဲဒီဆရာဝန်ကပြောပါတယ်။
“အရင်တုန်းက မူးယစ်ဆေးဝါးသုံးလို့ အမျိုးသမီးတွေက ထိခိုက်တယ်လို့ ကျမတို့ ပြောနေကြတယ်။ အခုတော့ မိသားစုတစုလုံးက မူးယစ်ဆေးဝါး နွံထဲမှာနစ်နေတာ ဖြစ်နေတယ်။ အမျိုးသမီးတွေက မူးယစ်ဆေးဝါး သုံးစွဲရင် ပေါ်ပေါ်ထင်ထင် မသုံးစွဲတဲ့အတွက် ကျမတို့ စစ်တမ်းကောက်ဖို့ခက်ခဲတယ်။ အရမ်းဆိုးရွားတဲ့လူတွေမှ အပြင် ထွက်လာတယ်” လို့ မိုင်းမိုင်က ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိဘတွေ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေ အများကြီးရှိနေ တဲ့အကြောင်း မိုင်းမိုင်က ပြောပြပါတယ်။
အမျိုးသမီးတွေ စားဝတ်နေရေး ခက်ခဲလာတဲ့အတွက် မူးယစ်ဆေးဝါးကို ရောင်းဝယ်ဖောက်ကားပြီး သုံးစွဲလာကြသလို တချို့ကျတော့ စီးပွားရေးလုပ်ရင်းနဲ့ အပေါင်းအသင်းကြောင့် သုံးစွဲကြပါတယ်။ တချို့ကတော့ သုံးစွဲနေတဲ့ အမျိုးသားကို ရွဲ့ပြီး အပြိုင်သုံးနေကြတာလည်း ရှိပါတယ်လို့ မိုင်းမိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသမီးများ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အခြေအနေများကို ရှင်းပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေကို အားစိုက်လုပ်ဆောင်သင့်ပြီး နယ်မြေမအေးချမ်းတဲ့ဒေသ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ များပြားတဲ့ ဒေသ ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကလည်း တနှစ်ထက်တနှစ် တိုးပွားလာတယ်လို့ ရှမ်း မြောက် မူးယစ်ဆေးဝါးအရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ဆိုကြပါတယ်။
“ ကျမဆေးသောက်တဲ့အချိန်မှာ ကျမနဲ့အတူသောက်တဲ့အမျိုးသမီးတွေလည်း အခုထက်ထိ သောက်နေတုန်းပဲ။ သူတို့တွေ အခုထိ လာမဖြတ်ကြသေးဘူး။ ကျမနဲ့ အတူသောက်ခဲ့တဲ့ အမျိုးသမီးတွေကို မူးယစ်ဆေးဝါး လာဖြတ်ဖို့ ဖိတ်ခေါ်ချင်တယ်” လို့ မူးယစ်ဆေးဝါးဖြတ်နေတဲ့ (မ)ဘောက်ဆန်က ပြောဆိုလိုက်ပါတယ်။
မဘောက်ဆန်တယောက်ဟာ ကလေးမိခင်တဦးဖြစ်တဲ့အတွက် လက်ရှိမှာ မူးယစ်ဆေးဝါး ကင်းစင်တဲ့ တခြား နယ်မြေတနေရာကို ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
“ကျမတို့နေထိုင်တဲ့ ဒီဒေသက မူးယစ်ဆေးဝါး ရောင်းဝယ်တာရော သုံးစွဲတာရော အရမ်းပေါတဲ့ဒေသဖြစ်နေတယ် ကျမငွေရှာပြီး ကလေးတွေကို ဒီနေရာကနေ ဝေးတဲ့နေရာ၊ မူးယစ်ဆေးဝါးတွေ မရှိတဲ့နေရာ ခေါ်သွားချင်တယ်။ သူတို့တွေ ကျမတို့လို ဖြစ်လာမှာကို အရမ်းစိုးရိမ်မိတယ်” လို့ မိခင်တဦးအနေနဲ့ သား ၄ ယောက်ရဲ့အနာဂတ်ကို တွေးပြီး ပူဆွေးစွာ ရင်ဖွင့်လိုက်ပါတယ်။
ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)မှ စီစဉ်လုပ်ဆောင်သည့် Honest Information (HI news ) မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။