ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယအကြိမ် (၂၁) ရာစု ပင်လုံတွင် ဆွေးနွေးခွင့် ရရှိနိုင်ရေး အကြိုဆွေးနွေးပွဲ ကဏ္ဍတခု ဖြစ်သည့် လူမှုရေး ကဏ္ဍတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်မှုကို တပ်မတော်၏ သဘောတူညီချက်ဖြင့် ရရှိခဲ့ကြောင်း သိရသည်။
တတိယအကြိမ်၂၁ ရာစု ပင်လုံ ညီလာခံ အကြို ဆွေးနွေးပွဲများ ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်၊ လုံခြုံရေး ကဏ္ဍ ဆွေးနွေးပွဲများကို နေပြည်တော်ရှိ MICC – 2 ခန်းမတွင် ယင်းခေါင်းစဉ် ၅ ခုဖြင့် ဇူလိုင် ၄ ရက်မှ စ၍ ၃ ရက်တိုင် ကျင်းပခဲ့ရာ လူမှုရေး ကဏ္ဍတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်မှု အတွက် သဘော တူညီမှုရ ခြင်း ဖြစ်သည်။
လူမှုရေး ကဏ္ဍတွင် လွှတ်တော်အစုအဖွဲ့ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ဇင်မာအောင်က “အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး လူမှုရေးမှာ သဘောတူညီမှု ရတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC ) အတွင်းရေးမှူး အဖွဲ့ကို တင်မယ်။ ကျမတို့ လုပ်ငန်း ကော်မတီမှာတော့ သဘောတူညီမှု ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေးတွင် အမျိုးသမီး ပါဝင်မှု ၃၀ ရာခိုင်နှုန်းနှင့် အထက်ပါရှိနိုင်ရေး မူတခု အနေဖြင့်လည်း ချမှတ်ခဲ့ပြီး ယခု လာမည့် ပင်လုံ တတိယ အကြိမ် အစည်းအဝေးတွင် အမျိုးသမီးများ ပါဝင် ဆွေးနွေးခွင့်ရမည် ဖြစ်ကြောင်း ပါဝင် ဆွေးနွေးမည့် အမျိုးသမီးများမှာ ပါတီဘက် သာမက ဘက်ပေါင်းစုံမှ အမျိုးသမီး ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း ကချင် ဒီမိုကရေစီ ပါတီမှ ဒေါက်တာ တူးဂျာက ပြောသည်။
UPDJC မှ အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်သူ ဒေါက်တာ တူးဂျာက “အမျိုးသမီးတွေ ပါဝင်မှုက အနည်းဆုံး ၃၀ ရာခိုင် နှုန်း ကဏ္ဍတိုင်း မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အစရှိသဖြင့်ပေါ့။ ကဏ္ဍတိုင်းမှာ အဲဒီလို အခွင့်ရေး ရရှိမှာ ဖြစ်ပါတယ်။ ဒီသဘောထား တွေ သဘောတူကြတယ်။ တပ်မတော်ဘက်ကလည်း လက်ခံတယ်” ဟု ပြောသည်။
နိုင်ငံရေး၌ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်မှု သဘောတူညီချက်ကို ဇူလိုင်လ ၇ ရက်၌ နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ပြုလုပ်မည့် UPDJC အစည်းအဝေးသို့ ဆက်လက် တင်သွင်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းနှင့်အထက် ပါဝင်ရေးမူကို အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ် ရှားသူများက အစဉ်တစိုက် တောင်းဆိုလျက်ရှိပြီး အာရှနိုင်ငံတချို့၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အမျိုးသမီးများ၏ ပါဝင်မှု ရာခိုင်နှုန်း ကို ဥပဒေအရ အာမခံချက် ပေးထားခြင်းများ ရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ နိုင်ငံရေးတွင် အမျိုးသမီးပါဝင်မှုကို အချိုးအစားအလိုက် သတ်မှတ်ပေး မှုကို လက်မခံဘဲ အရည်အချင်းအလိုက် ပါဝင်ခွင့် ရှိသင့်သည်ဟု သဘောထား ပေးထားကြောင်း၊ အရည်အချင်း ရှိပါက ၃၀ ရာခိုင်နှုန်း သာမက ဝင်နိုင်သလောက် အခွင့်အရေး ပေးရမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အမျိုးသမီး လုပ်ငန်းကော်မတီ ဥက္ကဌ ဒေါက်တာ မေဝင်းမြင့်က ပြီးခဲ့သည့် ရက်ပိုင်းက သတင်းထောက်များကို ပြောသည်။
“ကိုတာ(အချိုးကျပါဝင်မှု) စနစ်ကို အန်တီတို့ လက်မခံဘူး။ ဒေါ်စုလည်း လက်မခံဘူး။ ပထမဆုံးနေ့က အန်တီတို့ကို ခေါ်တွေ့တယ်။ အမျိုးသမီးတွေကို Skill (ကျွမ်းကျင်မှု) မြှင့်ပေးပါတဲ့။ ဒီကိုတာကို မပြောပါနဲ့တဲ့ အမျိုးသမီးတွေ Skill မြင့်သွားရင် ၃၀ (ရာခိုင်နှုန်း) မဟုတ်ဘူး။ ၆၀ (ရာခိုင်နှုန်း)လည်း ယူမှာပဲ”ဟု ဒေါက်တာ မေဝင်းမြင့်က ပြောဆိုသွားသည်။