မိုင်းယော် တိုက်နယ်ထဲက ပလောင်ရွာလေးတွေမှာ ပွဲလမ်းသဘင်တခုကို သွားတော့မယ့်ပုံစံ ငွေနားတောင်း၊ ငွေလက်ကောက်၊ ငွေခါးပတ်တွေကို ဝတ်ဆင်ပြီး ပလောင်ရိုးရာ ဝတ်စုံတွေနဲ့ အမျိုးသမီးတွေကို နေရာတိုင်းမှာ တွေ့နေရပေမယ့် အမျိုးသားတွေကတော့ ပျောက်ခြင်းမလှ ပျောက်နေကြပါတယ်။
အိမ်ထဲမှာ စပါးထောင်းတာ၊ ကျွဲနွားကျောင်းတာ တောင်ယာစပါးနဲ့ ပြောင်းတွေစိုက်တာ အားလုံး အမျိုးသမီး တွေချည်း အလုပ်လုပ်နေတာကို မြင်တွေ့ရပါတယ်။
ယောက်ျားသားတွေ ဘယ်ရောက်နေလဲလို့ မေးတဲ့အခါ ပြန်ဖြေကြတာကတော့ “သူတို့ အိမ်မှာ မှိန်းနေတယ်။ ဘိန်းရှူနေကြတယ်” ဆိုတဲ့အဖြေပဲ ရပါတယ်။
တချို့ တောင်ယာလုပ်ငန်းတွေမှာ အမျိုးသမီး ၁၀ ယောက်လောက်တွေ့ပြီးမှ အမျိုးသား တယောက် လောက်ကို တွေ့ရတတ်ပါတယ်။ တချို့ ရွာတွေမှာတော့ အမျိုးသားတွေက လူမြင်ကွင်းမှာ လုံးဝပျောက်ဆုံး နေတာပါ။
လွယ်ဆိုရ်ရွာက ကိုယ်ထူကိုယ်ထ ဆေးခန်းက ဆရာမ ဆောက “ဒီဒေသမှာ ယောက်ျားတွေက အလုပ် မလုပ်ကြဘူး။ အိမ်ထဲမှာ ဘိန်းရှူနေတယ်။ မိန်းမတွေပဲ အလုပ်လုပ်ရတယ်။ မိန်းမတွေကပဲ ခိုင်းစားခံရတယ်” လို့ ပြောပါတယ်။
ဆရာမ ဆော ပြောသလိုပဲ မိုင်းယော်ဒေသထဲက ပလောင်ရွာ ၃၂ ရွာလုံးမှာ အမျိုးသားအားလုံး နီးပါးက မိသားစု စားဝတ်နေရေးနဲ့ ဝင်ငွေအတွက် အမျိုးသမီးတွေကိုပဲ မှီခိုနေကြပါတယ်။
အမျိုးသမီးတွေကတော့ မိသားစု တနှစ်ပတ်လုံး စားနပ်ရိက္ခာရဖို့ မိုးရာသီဆို တောင်ယာစပါးနဲ့ ပြောင်းဖူး စိုက်ပြီး ဆောင်းရာသီဆိုရင်တော့ မိသားစုဝင်ငွေရအောင် မိရိုးဖလာ စိုက်ပျိုးလာတဲ့ ဘိန်းပင်တွေ စိုက်ပြီး အလုပ်များ နေတတ်ကြပါတယ်။
အသက် ၄၀ အရွယ် မားအွန်ဆာကတော့ သူ့အမျိုးသား သုံးစွဲစရာ ရာမဆေးပြား ဝယ်ဖို့ ငွေရှာပေးရင်း တောင်ယာ အလုပ်တွေ လုပ်ကိုင်နေတာ နှစ် ၂၀ ကျော်ပါပြီ။
မားအွန်ဆာက “ကျမတို့ စားဖို့ သောက်ဖို့၊ အိမ်မှာ ကလေးတွေ အဆင်ပြေဖို့ အလုပ်ဆိုတာ လူရွေး နေလို့ မဖြစ်ဘူးလေ။ ဘယ်သူလုပ်မှ ဆိုပြီး ပြောနေ ရွေးနေဖို့ ကျမတို့မှာ အချိန်မရဘူး။ ရွေးနေရင် ကျမတို့ ငတ် လိမ့်မယ်” လို့ ပြောပါတယ်။
လွယ်ဆိုရ်ရွာလယ်က တောင်စောင်းလေးမှာ စိုက်ထားတဲ့ ပြောင်းခင်းနဲ့ စပါးခင်းတွေက မားအွန်ဆာရဲ့ အခင်းတွေပါ။
သူနဲ့ အတူ သမီး ၂ ဦးက တောင်ယာ အလုပ်တွေကို ကူပါတယ်။ သူ့အမျိုးသားကတော့ အိမ်မှာ မူးယစ်ဆေး သုံးလိုက်၊ အိပ်လိုက်နဲ့ အချိန်တွေ ကုန်နေတတ်ပါတယ်။
ဆောင်းရာသီဆိုရင်တော့ ပြောင်းခင်းနဲ့ စပါးခင်းတွေ နေရာမှာ ဘိန်းစေ့တွေ ကျဲပြီး ဘိန်းပင်တွေ စိုက်တယ်လို့ သူက ပြောပါတယ်။
တောင်ယာ စပါးနဲ့ ပြောင်းစိုက်ရတာ လွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူး။ တောင်စောင်းတွေမှာ မျိုးစေ့ကျဲ၊ အပင် ပေါက်လေးတွေ ဖြစ်လာရင် မြေကြီးဆွဲပေး၊ ပေါင်းသင်ပေးတဲ့ အလုပ်ကိုလည်း ပေါက်တူးတလက်နဲ့ ရက်ရှည် လုပ်ကြရတာပါ။
ဘိန်းစိုက်တဲ့ အခါလည်း သိမ်းထားတဲ့ ဘိန်းမျိုးစေ့ကို နေပူလှမ်း၊ နွားချေး ၊ ဝက်ချေး၊ မြေကြီးတွေနဲ့ ရောနှယ်ပြီး အသင့် ပေါက်တူးနဲ့ ဆွထားတဲ့ တောင်စောင်းက မြေပြင်မှာ လိုက်ကျဲချပြီး စိုက်ရတာပါ။
ဆောင်းရာသီ နှောင်းပိုင်းရောက်လာရင်တော့ ဘိန်းပင်ရဲ့ ထိပ်မှာ မှည့်ရင့်လာတဲ့ ဘိန်းသီးတွေကို အစေးခြစ်ပြီး အစေး ၁ ပိဿာကို သုံးသိန်းကျပ်နဲ့ လာဝယ်တဲ့ ရှမ်းနဲ့ တရုတ်သူဌေးတွေကို မားအွန်ဆာ ရောင်းလေ့ ရှိပါတယ်။
တနှစ်ပြီး တနှစ် ပေါက်တူးတလက်နဲ့ တောင်စောင်းတွေပေါ်မှာ အချိန်ကုန်နေတတ်တဲ့ မားအွန်ဆာတို့လို ပလောင် အမျိုးသမီးတွေအတွက် ဘိန်းစေး တနှစ်စာ ခြစ်ပြီး ပြန်ရောင်းရတဲ့ ငွေကတော့ ၅ သိန်း၊ ၆သိန်းကနေ ၇ သိန်းဝန်းကျင်ပဲ ရကြတယ်လို့ ဆိုပါတယ်။
ပန်ဆိုင်းကျေးရွာမှာ နေထိုင်တဲ့ လွေးအေးနောင့်က “ဒီမှာ ဘိန်းစားတာ ယောက်ျားလေးတွေပဲ စားကြတာ များတယ်။ အလုပ်က မလုပ်ဘူး။ မိန်းမက အလုပ်လုပ်လို့ ရတဲ့ ဆန်ကို ယောက်ျားက ခိုးရောင်းတယ်။ ပိုက်ဆံ တောင်းလို့ မပေးရင် ရန်ဖြစ်ပြီး မိန်းမကို ရိုက်လို့ ခေါင်းပေါက်တာတွေ ရှိတယ်။ တချို့လူတွေ ကွာရှင်းကြတယ်။ ဒီလိုဖြစ်တာ ဒီမှာ အများကြီးပဲ” လို့ ပြောပါတယ်။
သားဆက်ခြားရေး အသိတွေလည်းမရှိတဲ့အပြင် ဆေးရုံဆေးခန်းတွေလည်း မရှိတဲ့ ဒေသဖြစ်တာကြောင့် အမျိုးသမီးတွေက သားသမီးတွေလည်း ၆ ဦး၊ ၇ ဦးကနေ ၁၀ ဦးကျော်အထိ မွေးကြပါတယ်။
မွေးဖွားလာတဲ့ ကလေးတွေ အသက် ၉ နှစ်၊ ၁၀ နှစ်အရွယ် ရောက်ပြီဆိုရင်တော့ မိခင်တွေက တောင်ယာ အလုပ်တွေမှာ ဝင်ရောက်ကူညီခိုင်းပါတယ်။
လွေးအေးနောင့်က “ကလေးတွေ အများကြီး မွေးတယ်။ ကလေးသေးသေးလေးကနေ အကြီးထိ အများကြီး ဆိုတော့ မကျွေးနိုင်၊ ယောက်ျားက ဘိန်းစားတော့ ပိုက်ဆံလိုချင်ရင် ကလေးတွေကို ရောင်းစား၊ ရတဲ့ ပိုက်ဆံ အကုန် ရာမ ရှူ၊ ဒီမှာ အမျိုးသမီးတွေ ဘဝကို သနားတယ်။ အိမ်ထောင်ရေးလည်း အဆင်မပြေကြဘူး” လို့ ပြောပါတယ်။
မိုင်းယော်ဒေသမှာ ပလောင်ကလေးတွေကို ဘိန်းစားတဲ့ မိဘတွေ ကိုယ်တိုင်က ငွေ ၂ သိန်း၊ ၃ သိန်း၊ ၄ သိန်းကျပ်နဲ့ ရောင်းချနေကြကို တွေ့ခဲ့ရပါတယ်။
မိဘတွေ ကိုယ်တိုင်က ငွေကြေးလိုအပ်တာကြောင့် မိုင်းယော်ဒေသကနေ လားရှိုးမြို့ကို တတ်ပြီး တရုတ် သူဌေးတွေ၊ ရှမ်းသူဌေးတွေဆီမှာ ကလေးတွေကို ရောင်းချနေကြတာပါ။
ငွေကြေး တတ်နိုင်တဲ့ ပလောင်မိသားစုတွေ ကတော့ မိုင်းယော်ဒေသက ကလေးတွေကို ဝယ်ယူပြီး မွေးစား ထားကြတာတွေလည်း ရှိပါတယ်။
ရောင်းချခြင်း မခံရတဲ့ ကလေးတွေထဲမှာတော့ မိန်းကလေးဖြစ်သူတွေက အိမ်ရဲ့ တာဝန်တွေကို ပိုပြီး ထမ်းဆောင်ကြရပါတယ်။
မိန်းကလေးတွေက သိတတ်စ ၉ နှစ်၊ ၁၀ နှစ် အရွယ်ကနေ စပြီး ကိုယ့်ထက် ငယ်တဲ့ မောင်နှမတွေကို ထိန်းကျောင်းတာ၊ ကျွဲနွားကျောင်းတာ မိခင်နဲ့အတူ တောင်ယာလုပ်တာက အစ၊ အိမ်မှာ အိမ်မှုကိစ္စ လုပ်တာကအဆုံး ဝင်ကူကြရပါတယ်။
ဆယ်ကျော်သက် အရွယ် ရောက်လာပြီဆိုရင်လည်း အပျိုပေါက်ဖြစ်တဲ့ အခါ လက်ထပ်ပေးဖို့ ယောက်ျား လေးရှင် မိဘတွေဘက်က ငွေကြေးနဲ့ ကြိုတင် စေ့စပ်ထားကြပါတယ်။ စေ့စပ်ပြီးတာနဲ့ မိန်းကလေးတွေက ယောက္ခမလောင်း အိမ်မှာ အိမ်မှုကိစ္စတွေ၊ တောင်ယာအလုပ်တွေကို နေ့စဉ် သွားလုပ် ပေးရတော့တာပါ။
မိုင်းယော်ဒေသက ပလောင်ရွာလေးတွေမှာ မိန်းကလေးတဦးအတွက် ရှိပြီးသား သတ်မှတ်ချက်တွေ အတိုင်း ဘဝကို ဖြတ်သန်းရပါတယ်။ ကိုယ်ပိုင် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။
လုံတတ်ကျေးရွာမှာ နေထိုင်တဲ့ မားအေးဆောင်က ပလောင်အမျိုးသမီးတဦးဟာ ဆယ်ကျော်သက်အရွယ်မှာ ငွေကြေးနဲ့ တင်တောင်းပြီး စေ့စပ်ကြောင်းလမ်းခံလိုက်ရခြင်းက ဝယ်ယူခံလိုက်ရသလိုပဲလို့ ဆိုပါတယ်။
စေ့စပ် ကြောင်းလမ်းခြင်း ခံလိုက်ရတဲ့ အမျိုးသမီးငယ်လေးက ယောက္ခမလောင်းအိမ်မှာ အိမ်အလုပ်၊ တောင်ယာ အလုပ်တွေ လုပ်ကိုင်ပေးရင်း လက်ထပ်မယ့် အရွယ်ရောက်တဲ့ထိ စောင့်နေကြရပါတယ်။
အရွယ်ရောက်လို့ လက်ထပ်ပြီးရင်လည်း အိမ်ထောင့်တာဝန်အားလုံးကို ဆက်ထမ်းရပါတယ်။
လက်မထပ်ခင်မှာ ခင်ပွန်းလောင်း ဖြစ်သူကို လက်မထပ်နိုင်ကြောင်း ငြင်းဆိုမယ်ဆိုရင် တင်တောင်းထားတဲ့ ငွေကြေး အားလုံးကို အမျိုးသမီးဘက်က လျော်ကြေး ပြန်ပေးရမှာလို့လည်း မားအေးဆောင်က ပြောပါတယ်။
မားအေးဆောင်က “စေ့စပ်ထားတာပဲ၊ ဖြစ်ဖြစ် လက်ထပ်ပြီးလို့ ကလေးရနေတာပဲဖြစ်ဖြစ် အမျိုးသမီးဘက်က ကွာရှင်းချင်တယ် ဆိုရင် တင်တောင်းထားတဲ့ ငွေကို ပြန်လျော်ရတယ်။ အမျိုးသားဘက်က ပြတ်ချင်တာ ဆိုရင်တော့ လျော်စရာ မလိုဘူး။ ဒီအတိုင်း ကိစ္စပြတ်တယ်” လို့ ပြောပြပါတယ်။
မိသားစု အိမ်ထောင့်တာဝန်တွေကို ထမ်းရင်း ယောက်ျားဖြစ်သူ ရိုက်နှက် နှိပ်စက်တာကို မခံနိုင်လို့ လျော်ကြေး ပေးပြီး ကွာရှင်းပြီးတဲ့ အခါမှာ သားသမီးရှိသူတွေ ဖြစ်ရင်တော့ အမျိုးသမီးကပဲ သားသမီးတွေကို တာဝန်ယူကြ ရပြန်ပါတယ်။
မားအေးဆောင်ကတော့ “ဒီဒေသမှာ အမျိုးသမီးဖြစ်ရတာ ကံဆိုးတယ်။ ကျမတော့ ဒီလိုတွေကို သဘော မကျဘူး။ အိမ်ထောင်တခုမှာ အတူတူနေကြရင် အလုပ်အတူတူလုပ်ရမယ်။ ဒါမှ စီးပွားရေး ပြေလည်မှာ” လို့ ပြောပါတယ်။
တအာန်းအမျိုးသမီးအဖွဲ့အစည်း (TWO) ၊ သုတေသနနဲ့ မှတ်တမ်း တာဝန်ခံ လွေးပိုးကမီခေး ကတော့ မိုင်းယော် ဒေသက အမျိုးသားတွေထဲမှာ တရုတ်၊ ထိုင်း နယ်စပ်တွေကို သွားပြီး အလုပ်လုပ်ကြသူတွေ ရှိပေမယ့် ပြန်မလာကြဘဲ မိသားစုကို ပစ်သွားကြတာ များတယ်လို့ ဆိုပါတယ်။
ဒေသထဲက ရွာမှာ ကျန်နေတဲ့ အမျိုးသားတွေကတော့ ဘိန်းစားရင်း အိမ်တွင်းပုန်းလို နေကြတာလို့လည်း လွေးပိုးကမီခေးက ပြောပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကာလတွေက မိုင်းယော်ဒေသက အမျိုးသားတွေက အမျိုးသမီးတွေကို ရှာဖွေ ကျွေးမွေးပြီး “မောင်တထမ်း မယ်တရွက်” နဲ့ နေထိုင်ခဲ့ကြတာလို့ လွေးပိုးကမီခေးက ဆိုပါတယ်။
နောက်ပိုင်းမှာတော့ တိုက်ပွဲတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်သားစုဆောင်းမှုတွေကြောင့် အမျိုးသား တွေက အရွယ်ရောက်ရင် တနယ်တကျေးကို ပြောင်းရွှေ့သွားကြတာတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။
လွေးပိုးကမီခေးက “စစ်ဖြစ်တဲ့ ပြဿနာတွေ မရပ်တော့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အမျိုးသားတွေက အိမ်မှာ မနေဘူး။ အိမ်မှာ ရှိရင် ပေါ်တာ လိုက်ရတယ်။ နောက်တချက်က မူးယစ်ဆေးက ဘယ်နေရာ မဆို ရတော့ အမျိုးသားတွေက ပိုသုံးကြတယ်။ ဒီလိုနဲ့ အမျိုးသမီးတွေကဦးဆောင်ပြီး ရှာဖွေကျွေးမွေးရတာတွေ ဖြစ်လာတာ ကြာလာတော့ ဓလေ့ထုံးတမ်းလို ဖြစ်သွားတယ်” လို့ ပြောပါတယ်။
မိုင်းယော်ဒေသက ပလောင်အမျိုးသမီးတွေကို အပြင်ပန်းကြည့်ရင်တော့ ပန်းရောင်၊ အပြာရောင်၊ အနက်ရောင် အစရှိတဲ့ ချည်ထည် အရောင်တောက်တောက်တွေ၊ ငွေခါးပတ်၊ ငွေနားတောင်း၊ ငွေလက်ကောက်တွေနဲ့ လှပနေတယ်လို့ မြင်ရပေမယ့် တကယ်တမ်းတော့ သူတို့ရဲ့ နေ့စဉ်ဘဝက ကူမယ့်သူ မရှိ ပင်ပန်း ဆင်းရဲ နေကြရသူ တွေပါ။
မိုင်းယော်ဒေသက ပလောင်ရွာလေးတွေ ရှိတဲ့ နယ်မြေဟာ အစိုးရအုပ်ချုပ်ရေး သက်ရောက်မှု မရှိဘဲ မန်ပန် ပြည်သူ့စစ် စိုးမိုးထားတဲ့ ဒေသ တခုပါ။ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP) သွားလာလှုပ်ရှားတဲ့ နယ်မြေတွေ ဖြစ်သလို၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စစ်ကြောင်းတွေ ဝင်ထွက် သွားလာနေတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။