Women & Gender

အမျိုးသမီးများရဲ့ စိတ်ဓာတ်ကို မုဒိမ်းကျင့်မခံရအောင် ကာကွယ်ပါ

Want create site? Find Free WordPress Themes and plugins.

ကျမသည် တောင်ငူမြို့မှ ရန်ကုန်မြို့သို့ ပြန်ရန် ဂန္ထဝင် အဝေးပြေးကားဖြင့် လိုက်ပါလာစဉ်ခါး အနောက်ဖက် တင်ပါးနေရာနားကို လာထိသည်ဟု ခံစားလိုက်ရပါသည်။ မှိတ်ထားသည့် မျက်လုံးတို့ကလည်း အလိုလို ပြူးကျယ်လာသည်။ မိမိထိုင်ခုံကို ပြန်ငုံ့ကြည့်မိတော့ ထိုင်ခုံမှလွဲပြီး ဘာမှ ရှိမနေ။ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။

ထို့နောက် ယာဉ်နောက်လိုက်ပြောသည့် ဖြူးကိုရောက်ပါပြီ၊ ကားဂိတ်မှာ ခဏနားပါမယ်။ အပေါ့အပါး သွားလို့ရပါတယ်” ဆိုသည့်စကားကို ကြားမိသော်လည်း မူးဝေနေသည့်အတွက် အခြားခရီးသည်များနှင့် အတူ လိုက်မဆင်းခဲ့မိဘဲ ကားပေါ်တွင်သာ အနားယူနေခဲ့သည်။

တောင်ငူမှ ရန်ကုန်သို့ နံနက် ၉ နာရီက ထွက်ခွာလာသည့် ဂန္ထဝင် အဝေးပြေးကားက နံနက် ၁၀ နာရီခွဲ ကျော်ကျော်တွင် ဖြူးမြို့သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ခရီးသည်အားလုံးလိုလို ကားပေါ်မှ ဆင်းသွားကြသည်။ ထိုအချိန်တွင် ကျမထိုင်ခုံ၏ အနောက်ဘက်မှ ခရီးသည်က ကျမ၏ ထိုင်ခုံကို ဘာနှင့် ထုခေါက်နေသည်မသိ၊ ကျမလည်း မတော်တဆ ထိမိတာပဲ ဖြစ်မှာပါ အထင်ဖြင့် ထမကြည့်ခဲ့ပေ။

ထိုသို့ ထုခေါက်အပြီး ခဏအကြာမှာတော့ ကျမ ခန္ဓာကိုယ်ကို လာထိခြင်းဖြစ်သည်။ ဒုတိယအကြိမ် အဖြစ် ကျမ ခန္ဓာကိုယ် အနောက်ပိုင်းနေရာကို တခုခုနှင့် တွန်းထိုးနေပြန်သည်။ ထိုတချိန် တွင်တော့ ကျမ စိတ်ထင်နေခြင်းမဟုတ်ဘဲ လူတယောက်ယောက်၏ နှောက်ယှက်နေခြင်းဟု သတိထား မိလိုက်သည်။

ကျမ လှန်ချထားသည့် ခုံကို ထောင်မလိုက်သည်။ သို့နှင့် ကျမ ခန္ဓာကိုယ်ကို အနည်းငယ်မြှင့်လိုက်ပြီး ကျမနှင့် တည့်တည့် အနောက်ဖက်နေရာရှိ ခရီးသည်ကို လှည့်ကြည့်လိုက်သည်။

အသားမဲမဲ ဗိုလ်ကေဆံပင်ပုံစံဖြင့် လူကြီးပိုင်း မရောက်တရောက် အရွယ်၊ အမျိုးသား တယောက်ကို တွေ့ရသည်။ ကျမ ထိုအမျိုးသားမျက်နှာကို တည့်တည့်ကြည့်ပြီး ပုံမှန်အသံထက် မပို၊ မလျော့သော လေသံဖြင့် ကျမကို အနောက်က ဘာလို့ လာထိနေတာလဲ” ဟု မေးလိုက်သည်။

ကျမ မေးလိုက်သည်နှင့် ထိုအမျိုးသားမှာ လူသတ်တော့မည့် မျက်လုံးတို့ဖြင့် ကျမအားပြန်ကြည့်ကာ ကျယ်လောင်သော လေသံမာမာဖြင့် “ငါဘာလုပ်လို့လဲ၊ နင်က ဘာလုပ်ချင်လို့လဲ” ဟုဆိုကာ ပြန်အော်တော့သည်။

ကျမ လုံးဝ အံသြမှင်သက်သွားသည်။ ထိုသို့ ပြန်အော်ရုံတင်မကဘဲ ထပ်ကာ ထပ်ကာ ကြမ်းတမ်းသည့် စကားလုံးများဖြင့် ကျမအား ဆဲဆိုနေပြန်သည်။ ထိုအမျိုးသား ပြောဆိုနေသည်ကို ကားပေါ်သို့ ပြန်လည် ရာက်ရှိလာကြသည့် အခြားခရီးသည်များလည်း မြင်နေ ကြားနေကြသည်။

ကျမလည်း ကျမ၏ မိဘ ညီအကို မောင်နှမပင် မဆက်ဆံ မပြောဆိုဖူးသော ပုံစံဖြင့် ပြောဆိုခံရသဖြင့် ဒေါသ တော်တော်ဖြစ်လာသည်။

ထိုကြောင့် အမျိုးသမီးတဦးကို ဒီလိုလုပ်တာ ရှင့်ကို ရဲတိုင်လို့ရတယ်” ဟု ပြန်ပြောရာ “တိုင်ချင်ရာ တိုင်” ဆိုသည့် စကားဖြင့် ကျမအား စိန်ခေါ်သည့် ပုံသဏ္ဍာန် ပြောဆိုပြန်သည်။

ကျမတို့ ထိုသို့ အခြေအတင်ဖြစ်နေကြသည်ကို ယာဉ်ပေါ်ပါလာသည့် ခရီးသည် ၄၀ လောက်က ဘယ်သူမှ ဝင်ပြောခြင်း မရှိကြပေ။ ကျမ ဘေးတွင် အတူကပ်ထိုင်သည့် အမျိုးသမီးက ကျမ ခုံကြားမှ တွန်းထိုးနေသည်ကို သိမြင်ခဲ့သော်လည်း ဝင်၍ သက်သေခံပေးခြင်း မရှိဘဲ ကျမကို နှုတ်ခမ်းနား လက်ညှိုးတချောင်း ကပ်ပြကာ ဘာမှ ပြန်ပြောတော့ရန် အချက်ပြသည်။

ထိုအမျိုးသားပြောလိုက်သည့် “တိုင်ချင်ရာ တိုင်” ဆိုသည့် စကားက ကျမ စိတ်နှလုံး ကို နာကျင်စေသည်။

မင်းမဲ့စရိုက်ဆန်သည့် အပြုအမူအတွက် မည်သူတဦးတယောက်ကမျှ အလေးမထားကြသည်ကိုလည်း စိတ်ထဲတွင် နာကျင်လှသည်။

တောင်ငူမှ ရန်ကုန်သို့ လိုက်ပါခဲ့သည့် ဂန္တဝင် အဝေးပြေးယာဉ်/ သဲကို/ဧရာဝတီ

ကျမ ထိုင်ခုံမှ ထသွားလိုက်သည်။ ကားရှေ့ခန်းရှိ ယာဉ်မောင်းနေရာသို့ အရောက်တွင် ယာဉ်မောင်းနှင်သူအား အကူအညီတောင်းခံသည်။ အမျိုးသားတယောက် ကျမကို ကာယိန္ဒြေထိပါး စော်ကားနေလို့ ကျမကို ရဲစခန်းကို မောင်းပေးပါရှင့်” ထိုသို့ အကူအညီတောင်းပြီ ကျမ ထိုင်ခုံသို့ ပန်လာကာ ထိုင်မယ် ကြံခါရှိသေး ယာဉ်နောက်လိုက်ဆိုသူူ ရောက်ရှိလာသည်။ သူတို့ ရဲစခန်းကို မောင်းမပေးနိုင်ကြောင်း ပြန်လာပြောတော့သည်။

“အစ်မတို့ပြဿနာဖြစ်ရင် ခင်ဗျားတို့ ဒီမှာဆင်းနေပြီး ကိုယ့်ဘာသာရှင်းကြပါ။ တခြားခရီးသည်တွေကိုလည်း အားနာပါ။ ခင်ဗျား တယောက်အတွက်နဲ့ အားလုံး အနှောင့်အယှက်ဖြစ်တယ်။ ကျနော်တို့ မောင်းပေးလို့ မရဘူး” ယာဉ်နောက်လိုက်၏ ရင့်သီးလှသည့် စကားက ကျမနှင့် တခြားခရီးသည် ၄၀ ကို ရန်တိုက်ပေးလိုက်သည်။ ကျမ အခကြေးငွေပေးပြီး လိုက်ပါစီးနင်းလာသော ကားပေါ်မှ ကျမကို မောင်းချနေသည်။

အမျိုးသမီးတယောက်တည်း ခရီးထွက်လာသည်ကို သိသိဖြင့် ရန်ကုန်မှာနေသည့် အမျိုးသမီးတယောက်ကို လမ်းတွင်ချထားခဲ့ရန် စဉ်းစားနိုင်သည့် စပယ်ယာ၏ လူသားမဆန်မှုကို ကျမ ထပ်မြင်ရသည်။

ကျမ ခရီးသည်တွေဘက် လှမ်းကြည့်သည်။ ကျမအား ပြဿနာ တခုကဲ့သို့ ကြည့်နေကြသည်။ မုန်းတီးသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။ ကျမကြောင့် သူတို့ ခရီးကြန့်ကြာမည်ကို စိုးရိမ်နေကြသည်။ သူတို့ အရေးထက် ကျမ၏ အရေးကို ဂရုမထားကြပါ။

ထိုခရီးသည်များထံ ကျမ ဘက်ကရပ်တည်ပေးကြဖို့ အကူအညီတောင်းသည့် ကျမအကြည့်တို့ကို သူတို့ ဥပေက္ခာ ပြုလိုက်ကြသည်။ ထိုအထဲတွင် အမျိုးသမီးများနှင့် သံဃာတော် ၂ ပါးပင် ပါပါသေးသည်။

ကျမ မျှော်လင့်ချက်တို့ ပျက်စီးသွားသည်။ ကျမ စိတ်ဓာတ်ကျသွားသည်။ ကျမ ရင်ဘတ်ထဲ နာကျင်မှုကို မည်သို့ခိုင်းနှိုင်းပြရန်ပင် မသိတော့။

သို့နှင့် ကျမ ယာဉ်နောက်လိုက် ပြောသည့်အတိုင်း တခြားခရီးသည်တွေကို ကိုယ်ချင်းစာ၍ ကျမဆင်းပြီး ကိုယ့်ဘာသာ ရဲစခန်းသွားမည်။ ကျုးလွန်သူ အမျိုးသားကို ကားပေါ်က ဆင်းရန်ခေါ်တော့ ငါက ဘာလို့ ဆင်းရမှာလဲဆိုကာ ထိုင်ရာက မထပေ။

ဒါဆိုလည်း ကားရပ်ထားပေး၊ ကျမ ရဲစခန်းကိုဖုန်းဆက်မယ် ဆိုတော့ ကားသမားက ဖြူးယာဉ်ရပ်နား စခန်းကနေ ကားကို အတင်းမောင်းထွက်လိုက်သည်။

ဖြူးယာဉ်ရပ်နားစခန်းမှာ ဖြူးမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင်တည်ရှိပြီး ထိုမှ နေ၍ အမြန်လမ်း ပေါ်သို့ တက်ကာ ရန်ကုန်သို့ မောင်းနှင်ခြင်းဖြစ်သည်။

ကျမ ဘာမှ လုပ်မရတော့ပေ။ ကားကထွက်လာပြီ၊ အမြန်လမ်းပေါ်သို့ပင် ခရီးနှင်နေပြီ။ ကျမ အားမတန်တော့ မာန်လျှော့လိုက်ရပြီ။

ယာဉ်နောက်လိုက် ပြောင်းပေးသည့် တခြားခုံ တခုတွင် ကျမဝင်ထိုင်လိုက်သည်။ အပြစ်ကျူးလွန်သူကို နေရာပြောင်း မထိုင်ခိုင်းဘဲ ကျူးလွန်ခံရသူ ကျမက နေရာ ရှောင်ဖယ်ပေးလိုက်ရသည်။

နစ်နာမှု၊ စော်ကားခံရမှုအတွက် ကျမ ခံပြင်းနေသည်။ ကျမ၏ နောက်ဆုံးမျှော်လင့်ချက်အနေဖြင့် ကျမ မိသားစုထံသို့ ဖုန်းခေါ်လိုက်သည်။ ဒီလို ဒီအကြောင်း ဖြစ်စဉ်ကို ပြောပြသည်။

“မိန်းကလေးတယောက်တည်း အန္တရာယ်များတယ်၊ ထားလိုက်တော့” ဆိုသည့် စကားကို ပန်ကြားရသည်။ ပို၍ပင် ကျမ ရင်ဘတ်တို့ နာကျင်လာသည်။

ဘယ်သူ့ဆီကမှ အကာအကွယ် မရနိုင်မှန်း ကျမ သဘောပေါက်လိုက်သည်။ ကျမ နားထဲတွင် မည်သည့် အသံမှ မကြားတော့၊ အမြင်တို့က ဝေဝါးလာသည်။ ကျမ မျက်ရည်တို့ ပါးပြင်ထက် စီးကျလာသည်။

ကျမ စဉ်းစားသည်။ အသက် ၃၀ ကျာ် အမျိုးသမီးတယောက်၊ အမျိုးသားတွေနဲ့ တန်းတူ လှုပ်ရှားရုန်းကန် နေသည့် အမျိုးသမီးတယောက်က ဒီလောက် တံတိုင်းကို မကျော်လွှားနိုင်ဘူးလား။

ကျမ လက်ထဲတွင် ကိုင်ထားသော ဖုန်းကို တချက်ကြည့်လိုက်သည်။ နောက်တကြိမ် ဖုန်းဆက်ပြီး အကူအညီ တောင်းဖို့အတွက် တခြားခရီးသည်တွေရဲ့ အကြည့်တို့ကို ရင်ဆိုင်ဖို့ ကျမ ကြောက်နေခဲ့ပြီ။

ထိုအချိန် ကျမအား အင်တာနက်ပေါ်က လာပြောပြဖူးသည့် ညီမလေး တယောက် ဖြစ်ရပ်ကခေါင်းထဲ ရောက်လာသည်။

“ကျမကို ယောကျ်ားတယောက်က ကိုယ်ထိလက်ရောက်လာ စော်ကားတယ်။ ဒါကို ကျမက ဘာလုပ်တာလဲ ပြောတာကို ကျမကို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောတယ်။ အဲဒီအချိန် ကျမ မိဘက နင် ဒီလို ဝတ်စားလို့ ဒီလို ဖြစ်တာ နောက် ဒီလို မဝတ်ရဘူး” ဆိုပြီး ကျမ ဘက်မှာမိသားစုတောင်မှ ရပ်တည်မပေးခဲ့ဘူး တဲ့။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဖြစ်အပျက်ကို ယနေ့ထိ မမေ့နိုင်သေးဘဲ စိတ်ဒဏ်ရာ ရရှိနေခဲ့သည်။ သူ့မှာ အခုချိန်ထိ ဒဏ်ရာတခုနှင့် ဆက်လက် ရှင်သန်နေရသည်။ ကျမ ခေါင်းထဲ ထိုအကြောင်းအရာ ပြန်ပေါ် လာသည်နှင့် ကျမ ဆုံးဖြတ်ချက်တခု ချလိုက်သည်။

ကျမ အကြောက်တရားတို့ အားလုံးကို ဖယ်ရှားလိုက်သည်။ မျက်ရည်တွေ သုတ်ပစ်လိုက်သည်။

သူ့ကို ဆက်လက်ရင်ဆိုင်မယ်ဆို စရိုက်ဆိုးဖြင့် အမျိုးသားတယောက်က ကျမအား အန္တရာယ်ပြန်ပြုနိုင်သည်ကို တွေးမိသည်။ ကျမ အပါအဝင် ကျမ မိသားစု၊ ဆွေမျိုး အားလုံးအတွက်ပင် စိတ်မအေးနိုင်ဖြစ်ရမည့် အခြေအနေမှန်း ကျမ သဘောပေါက်သည်။

သို့သော် တခြားအမျိုးသမီးတွေ၏ စိတ်ဓာတ်တွေကို အခုလို ဘယ်လောက်တောင် မုဒိမ်းကျင့် ခံခဲ့ကြရမလဲ၊ ဘယ်လောက်တောင် စိတ်ဒဏ်ရာ ရနေကြမလဲ။ ကျမ သတိ ပြန်ဝင်လာသည်။

ကျမ ဖုန်းကို ဖွင့်၊ အင်တာနက်ကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။ ကျမ ဖြစ်စဉ်ကို အင်တာနက်ပေါ်အ တိုချုပ် ရေးခဲ့သည်။ သိပ်မစောင့်လိုက်ရပါ။ ကျမ မိတ်ဆွေ အပေါင်းအသင်းတို့ ဝိုင်းကူညီကြသည်။

ဘယ်သူနှင့်မှ ဖုန်းမပြောဘဲ အသံတိတ် ဆက်သွယ်ပြီး ကျမရောက်ရှိနေသည့် မိုင်တိုင်အမှတ်၊ ကားနံပါတ်တို့ကို တိတ်တဆိတ် စာပေးပို့ရသည်။

ကျမ မိတ်တွေတို့ အကူအညီဖြင့် အမြန်လမ်း မိုင်တိုင် ၅၂ အရောက်တွင် ရဲများက ကားကို တားလိုက်ကြသည်။ ကျမ နာမည်မေးပြီး ရဲတပ်ဖွဲ့က လာခေါ်ချိန်တွင် ခရီးသည် အားလုံးက ဝိုင်းကြည့်ကြသည်။ ကျမ ဓာတ်ပုံကို ရိုက်ယူကြသည်။ တချို့က ဗီဒီယို ရိုက်ကြသည်။

ကျမ ကားပေါ်မှ ဆင်းသွားပြီး ကျူးလွန်သူကို လက်ညှိုးညွှန်ပြသည်။ ထိုသူက သူ့ကိုယ်သူ တပ်မတော်က အရာရှိဟောင်း တဦးဆိုသည့်အသွင်ဖြင့် အကာအကွယ်ယူသည်။သို့သော်လည်း ထိုသူက အထောက်အထား မပြနိုင်သည့်အတွက် ကျမအား ကာယိန္ဒြေပျက်ပြားအောင် ပြုလုပ်ခဲ့သူ ထိုအမျိုးသားကို ရဲများက ခါ်ဆောင် သွားကြသည်။

ကျမလည်း သစ်နီရဲကင်းကို အတူလိုက်ပါရမည်ဟု ဆိုသည်။ ခရီးသည်များ ခရီးစဉ်ကြန့်ကြာနေမည် စိုးရိမ်သဖြင့် ကားကို ခရီးဆက်စေမည်ဟု ရဲတပ်ဖွဲ့က ကျမကို လာပြောပြသည်။ ကျမကို စောင့်ခေါ်နေရင် သူတို့ ကြာနေမည်။ သူတို့နဲ့ ခရီးတူတူဆက်မည် ဆိုလျှင်လည်း သူတို့၏ မလိုမုန်းထား ငြူစူမှုကို ကျမ ရင်ဆိုင်ရဦးမည်။

ထိုကားနှင့်အတူ ရန်ကုန်သို့ မပြန်တော့ဘဲ ကျမ တယောက်တည်း နေခဲ့ရန်သာ ဆုံးဖြတ်လိုက်သည်။

ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ လိုင်စင်များ ကားဝှီးတက်များကို ရဲများက ဓာတ်ပုံရိုက်ယူထားကြသည်။ ကျမကို ဥပေက္ခာပြုခဲ့သည့် ဂန္ထဝင်က သူ့ပုံစံအတိုင်း ဆက်ပြီး ဥပေက္ခာပြုထွက်ခွာရန် ခရီးသည်များကို ကားပေါ် ပြန်တက်စေသည်။

ကားပေါ်မှ ဆင်း၍ အညောင်းဆန့်၊ ကျမအား အကဲခတ်နေကြသည့် ခရီးသည်များ ကားပေါ်ပြန်တက်ကြသည်။ ရဲများ ကားရပ်ခိုင်းပြီး စစ်ဆေးသည့် ၁၅ မိနစ်လောက် အချိန်တွင် ခရီးသည်များ၏ ပြစ်တင်ဝေဖန်မှုကို ကျမ ခံယူရသည်။ “အသားလေး ထိတာများ ပဲ့ပါသွားတာမှတ်လို့” ဟူ၍ လူလတ်ပိုင်းအရွယ် အမျိုးသမီးတယောက်က ကျမပစ္စည်းများ ယူကာ ကားပေါ်မှ ပြန်ဆင်းလာချိန် ကားအတက်အဆင်းနားတွင် ပြောလိုက်သည်။

အမျိုးသမီးအချင်းချင်းတောင် နားလည်မှုမရှိ၊ စည်းလုံးမှုမရှိ၊ ကိုယ်ချင်းစာတရားမရှိသည့် မြန်မာ့လူမှု နယ်ပယ် တခုကို စိတ်ပျက်မိသည်။ ခရီးသည် အမျိုးသားများဆိုလျင်တော့ ကျမအား သတ်ချင်နေကြမလား မသိ။ ကျမ ခလှမ်းတို့ ရပ်တန့်သွားသည်။ လက်ထဲက ခရီးဆောင် ကျောပိုးအိတ်ကို လွှတ်ချလိုက်သည်။ ဂန္ထဝင် ကားပေါ်သို့ နောက်တကြိမ် ထပ်တက်သွားသည်။

ကားအရှေ့ဆုံး လူသွားလမ်းထိပ်နေရာတွင် ကျမနေရာယူလိုက်သည်။ သူ့နေရာသူ ပြန်ထိုင်နေကြပြီ ဖြစ်သည့် ခရီးသွားများနှင့် ကျမ မျက်နှာချင်းဆိုင်လိုက်သည်။

ကျမ၏ စိတ်နှလုံးကို မုဒိမ်းကျင့် စော်ကားခဲ့သည့် အဖြစ်အပျက်ကို လျစ်လျှူရှုခဲ့ကြသည့် ခရီးသည်းအားလုံ၏ မျက်နှာ တခုချင်းကို ကျမ ပြုံးပြုံးလေး လိုက်ကြည့်သည်။ ကျမကို အထင်အမြင်သေးသလိုလို မျက်နှာပေးဖြင့် ဂရုဏာသက်သည့် အငွေ့အသက်မရှိသော သူတို့ မျက်နှာရိပ်ကို မြင်နေရသည်။ ကျမ စကားစလိုက်သည်။

ကျမကြောင့် ခရီးသည်တွေ ခရီးစဉ်နှောင့်နှေးသွားတဲ့အတွက် တာင်ပန်ပါတယ်ရှင်။ ကျမရဲ့ လုပ်ရပ်ဟာ ပုံကြီးချဲ့တယ်လို့ မြင်ချင် မြင်ကြမယ်။ တကယ်တော့ တခြားအမျိုးသမီးတွေကို ဒီလို ထပ်မစော်ကားရဲအောင်၊ အမျိုးသမီးတွေကို တန်ဖိုးထားတတ်အောင် သင်ခန်းစာပေးတာပါ။ ကျမတို့ အမျိုးသမီးတွေကို တန်ဖိုး ထားကြပါ” ဟု ကျမ ပြောခဲ့ပြီး ကားပေါ်က ပြန်ဆင်းလာခဲ့သည်။

ထို ခရီးသည် ၄၀ လောက်ဆီက လူသားဆန်သည့် အပြုအမှုမျိုး မရရှိခဲ့ပေမယ့် ကျမကတော့ လူသားဆန်စွာ ကိုယ့်ကြောင့် အဆင်မပြေခဲ့မှုကို တောင်းပန်ခဲ့သည်။ ကျမ လူပီသခဲ့ပါသည်။

အမျိုးသမီးတယောက်အတွက် လုံခြုံမှုကို ကိုယ်တိုင် ကြိုးစားရှာဖွေခဲ့သည်။ ကျမ စကားအဆုံးတွင် ခရီးသည်များထဲက အမျိုးသားတဦးက ခေါင်းညိတ်ပြုံးပြနေသည်။ ကျမ ကျေနပ်ပြီ။ ကျမ လုပ်ရပ်အတွက် တယောက်ပဲ အားပေးလက်ခံပါစေ၊ လုပ်ဆောင်ရကျိုး နပ်ပြီ။ ကားပေါ်က ကျေနပ်စွာ ထွက်ခွာခဲ့လိုက်သည်။

ကျမ နှလုံးသားထဲမှာ ဒီဖြစ်စဉ်ဟာ သေသည်အထိ စွဲမြဲသွားတော့မည် ဖြစ်သည်။ ဒါပေမယ့် ကျမနောင်တ မရှိသော ရှင်သန်ခြင်းကိုတော့ ရရှိခဲ့ပြီ။

ဒါပေမယ်လို့ ကျမတို့နိုင်ငံမှာ အမျိုးသမီးတယောက်ကို ထိခိုက်စော်ကား လာသည့်တိုင် ထုတ်ဖော်ပြောကြားရန် အခွင့်အရေး မပေးသည့် လူ့အသိုင်းအဝိုင်းကြောင့် ကူညီဖေးမဖို့ထက် ပြစ်တင်ကဲ့ရဲ့ရန်သာ အရင်ဆုံး ပြုမူ တတ်သည့် လူပြိန်း အတွေးအခေါ်များကြောင့် လူမသိ သူမသိနှင့် စိတ်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီး ဘယ်လောက်များ ရှိနေမလဲဆိုတာကိုတော့ ရင်မောနေမိပါတော့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading