• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

ကျားမရေးရာ ကိုတာစနစ် ဆိုရာဝယ်

by ခင်မမမျိုး (MIGS)
12 July 2018
in Women & Gender
A A
အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတခု / ဧရာဝတီ

အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတခု / ဧရာဝတီ

9.2k
VIEWS
Share on FacebookShare on Twitter

ကိုတာစနစ်ကို ကွဲပြားခြားနားတဲ့ လူ့အဖွဲ့အစည်းပေါင်းစုံမှာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ အသုံးပြုခဲ့ကြပါတယ်။ အချို့ တိုင်းပြည်တွေမှာတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရာခိုင်နှုန်း သတ်မှတ်တဲ့ ပုံသဏ္ဍာန်နဲ့ ကျင့်သုံးပြီး အချို့တိုင်းပြည်တွေမှာကျတော့ လွှတ်တော်ထိုင်ခုံနေရာ သတ်မှတ်ချက် ရာခိုင်နှုန်း ထားရှိတဲ့ ပုံသဏ္ဍာန်နဲ့ ကျင့်သုံးကြပါတယ်။

ကိုတာစနစ်ရဲ့ သဘောတရားက အသစ်အဆန်း မဟုတ်လှပေမယ့်၊ လက်တွေ့အသုံးပြုရာမှာတော့ တိုင်းပြည်ရဲ့ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဆိုင်ရာ နောက်ခံအကြောင်းအရာများ ပေါ်မှာ မူတည်ပြီး ကျင့်သုံးမှုပုံစံ ကွာခြားလေ့ ရှိပါတယ်။

RelatedPosts

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
54
ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

23 May 2025
1.2k
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
1.5k

ကျားမရေးရာ ကိုတာစနစ် (Gender quota system) စနစ်ကျင့်သုံးမှုက ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးမှာ အမျိုးသမီး ကိုယ်စားပြုမှုကို တိုးမြှင့်ပေးတဲ့ အောင်မြင်မှုတွေ ရလာချိန်မှာတော့ ဒီစနစ်ကို အမျိုးသမီးအရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးရာလှုပ်ရှားမှုများက ထောက်ခံအားပေးလာခဲ့ပါတယ်။

ကျားမရေးရာ ကိုတာစနစ်ကို ယာယီအထူးလုပ်ဆောင်ချက်အဖြစ် ဖော်ဆောင်လေ့ရှိကြပါတယ်။ အဓိက ရည်မှန်းချက် ကတော့ နိုင်ငံရေးကိစ္စများ ဆောင်ရွက်ရာမှာ အမျိုးသားများနည်းတူ အမျိုးသမီးများလည်း တန်းတူညီမျှ ကိုယ်စားပြုခွင့် ရရှိရေးအတွက် ဖြစ်ပါတယ်။ တန်းတူညီမျှ ကိုယ်စားပြုခွင့် ဆိုတာမှာ အချိုးကျ ကိုယ်စားပြုမှု (ဥပမာ- ၃၀ ရာခိုင်နှုန်း သို့မဟုတ် ရာခိုင်နှုန်းတူ ကိုယ်စားပြုမှု ၅၀-၅၀ ရာခိုင်နှုန်း) စတာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

ကျားမရေးရာ ကိုတာစနစ်ရဲ့ အောင်မြင်နိုင်မှု အတိုင်းအတာက တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု စနစ်များ အပေါ် မူတည်ပါတယ်။

အစကနဦးပိုင်းမှာ တိုင်းပြည်နဲ့ အဖွဲ့အစည်းအသီးသီးက ၂၀ ရာခိုင်နှုန်း (သို့မဟုတ်) ၃၀ ရာခိုင်နှုန်း ကိုယ်စားပြုမှု သဏ္ဍာန်ကို စတင်ကျင့်သုံးလေ့ရှိကြပါတယ်။ ၃၀ ရာခိုင်နှုန်း (သို့မဟုတ်) အစိုးရဝန်ကြီးများနဲ့ လွှတ်တော် ထိုင်ခုံနေရာများရဲ့ သုံးပုံတပုံကို အမျိုးသမီးများ ပါဝင်လာခြင်းအားဖြင့် တရားမျှတစွာ ကိုယ်စားပြုခွင့်နဲ့ အမျိုးသမီးရေးရာ ကိစ္စရပ်များကို ဖော်ထုတ်ဆွေးနွေးနိုင်မှုများ မြင့်တက်လာနိုင်ကြောင်း ယူဆထားကြပါတယ်။

ကျားမရေးရာ ကိုတာစနစ်ဟာ အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှုကို ကန့်သတ်ထားတဲ့ စနစ်ပိုင်းဆိုင်ရာ အတားအဆီးများ၊ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အတားအဆီးများကို ကျော်လွှားနိုင်ရေးနဲ့ ကျားမရေးရာ တန်းတူညီမျှရေးကို မြှင့်တင်ပေးဖို့ ပေါ်ထွက်လာတဲ့ စနစ်တခု ဖြစ်ပါတယ်။

ကျားမရေးရာ ကိုတာစနစ် အမျိုးအစားများ

ကျားမရေးရာ ကိုတာစနစ် အမျိုးအစားတွေ အများအပြား ရှိပါတယ်။ အထင်ရှားဆုံး အမျိုးအစားတွေ ကတော့ နိုင်ငံရေးပါတီ ကိုတာ (Political party quotas)၊ ဥပဒေပြု ကိုတာ (Legislative quotas) နဲ့ ကြိုတင်သတ်မှတ် နေရာထားရှိမှု ကိုတာ (Reserved seats quotas) စတာတွေပဲ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီ ကိုတာစနစ်ကို ၁၉၇၀ ကာလတွေမှာ အနောက်ဥရောပက ဆိုရှယ်လစ်နဲ့ ဆိုရှယ် ဒီမိုကရက်တစ် ပါတီတွေမှာ စတင် အသုံးပြုခဲ့ကြပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ကာလတွေမှာတော့ ဥရောပတိုက်က အစိမ်းရောင်ပါတီများနဲ့ ကွန်ဆာဗေးတစ် (ရှေးရိုးစွဲ) ပါတီများမှာ တွင်တွင်ကျယ်ကျယ် ဆက်လက် အသုံးပြုခဲ့ကြပြီး ကမ္ဘာနဲ့အဝှမ်းကို ပြန့်နှံ့သွားခဲ့ပါတယ်။

နိုင်ငံရေးပါတီကိုတာစနစ်က ဥပဒေအရ ပြဌာန်း စနစ်မဟုတ်ပဲ၊ နိုင်ငံရေးပါတီများက မိမိတို့ဖာသာ သတ်မှတ် ကျင့်သုံးရတဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို တခါတရံမှာ ဥပဒေအရ ကျင့်သုံးတဲ့ တခြားကိုတာ စနစ်များနဲ့လည်း အတူတကွ တွဲဖက်ကျင့်သုံးလေ့ရှိကြပါတယ်။ အစိုးရနဲ့ ဥပဒေရေးရာ သတ်မှတ်ချက် မဟုတ်ဘဲ၊ လွတ်လပ်စွာ ကျင့်သုံးလို့ ရတာကြောင့် ရှုပ်ထွေးမှုများ နည်းပါးပါတယ်။

နိုင်ငံရေးပါတီများက ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီး ဘယ်လောက် ရာခိုင်နှုန်း ပါဝင်သင့်ကြောင်း၊ ကြိုတင်စဉ်းစားသတ်မှတ်ပြီး အဆိုပြု ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ၂၅ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်း အကြားရှိတဲ့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပါဝင်လာရေးကို ဦးတည်ပါတယ်။

နိုင်ငံရေးပါတီ ကိုတာစနစ်ကို သြစတြေးလျ အလုပ်သမား ပါတီ၊ ကနေဒါ ဒီမိုကရက်တစ် ပါတီသစ်နဲ့ လစ်ဘရယ် ပါတီများ၊ ကင်ညာနိုင်ငံ ဒီမိုကရက်တစ် ပါတီတို့မှာ ကျင့်သုံးလျက်ရှိပါတယ်။

ဥပဒေပြု ကိုတာစနစ်ကိုတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုမှာ အသုံးပြုပါတယ်။ နိုင်ငံရေးပါတီ ကိုတာစနစ်နဲ့ ကွာဟချက်ကတော့ ပါတီဆုံးဖြတ်ချက်အပေါ်မှာ မူတည်ခြင်းမရှိဘဲ၊ ဥပဒေအရ ရွေးချယ်သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ လက်တင်အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပ အရှေ့တောင်ပိုင်း ဒေသတွေမှာ ရှိတဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ၁၉၉၀ ကာလတွေတုန်းက ဒီစနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။

ဥပဒေပြုကိုတာစနစ်ကို ရွေးကောက်ပွဲဥပဒေများ ပြုပြင်ပြောင်းလဲခြင်း သဏ္ဍာန်နဲ့ ဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲခြင်း သဏ္ဍာန်နဲ့ ဖြစ်စေ ကျင့်သုံးလေ့ရှိကြပါတယ်။ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ်မှာ ဥပဒေအရ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်စေဖို့ သတ်မှတ်ပြဌာန်းချက် ဖြစ်ပါတယ်။

ဥပဒေပြုကိုတာစနစ်ရဲ့ အောင်မြင်မှုက ဥပဒေပြဌာန်းချက်ရဲ့ ခိုင်မာမှုအပေါ်မှာ မူတည်ပါတယ်။ လိုက်နာ ဆောင်ရွက်ခြင်းမရှိတဲ့ ပါတီများကို ပြင်းထန်စွာ အရေးယူမှု မပြုလုပ်ရင် ဒီစနစ်က အောင်မြင်နိုင်ချေ နည်းပါတယ်။ ဥပဒေပြု ကိုတာစနစ်ကို အာဂျင်တီးနား၊ ပြင်သစ်၊ ဘရာဇီးနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ကျင့်သုံးလျက်ရှိပါတယ်။

ကြိုတင်သတ်မှတ် နေရာထားရှိမှု (Reserved seats quotas) ကတော့ အခြား ကိုတာစနစ် နှစ်မျိုးနဲ့ ကွာခြားပါတယ်။ တခြားကိုတာ နှစ်မျိုးကတော့ ကိုယ်စားလှယ်လောင်းကိုသာ ရွေးချယ်ခြင်းဖြစ်ပြီး ကြိုတင်သတ်မှတ် နေရာထားရှိမှု ကတော့ လွှတ်တော်ကိုယ်စားလှယ် ထိုင်ခုံနေရာကို ရာခိုင်နှုန်းနဲ့ သတ်မှတ် နေရာပေးမှု ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ် မတိုင်မီကာလကတော့ လွှတ်တော် ထိုင်ခုံ သတ်မှတ်ချက်ရဲ့ ၁ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြား သတ်မှတ်ကြပေမယ့် ၂၀၀၀ ပြည့်နှစ် နှောင်းပိုင်း ကာလကစပြီး ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်လာကြပါတယ်။

ကြိုတင်နေရာ သတ်မှတ်ထားရှိမှု ကိုတာစနစ်ကို ရွေးကောက်ပွဲဥပဒေများနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြုပြင် ပြောင်းလဲပြီး ကျင့်သုံးလေ့ရှိကြပါတယ်။ ကြိုတင်နေရာ သတ်မှတ်ထားရှိမှု ကိုတာစနစ်ကို ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ရဝမ်ဒါ၊ အာဖန်ဂန်နစ္စတန်နဲ့ ဂျော်ဒန် စတဲ့ တိုင်းပြည်တွေမှာ ကျင့်သုံးလျက်ရှိပါတယ်။ အမျိုးသမီးကိုယ်စားပြုမှု အားနည်းတဲ့ တိုင်းပြည်တွေမှာ ယာယီအထူး လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ကျင့်သုံးတဲ့ စနစ်တခုဖြစ်ပါတယ်။

ကိုတာစနစ်ရဲ့ သမိုင်းကြောင်းနဲ့ အရေးပါလာမှု

ရှေးခေတ်အခါတုန်းကတည်းက နိုင်ငံရေးဆိုတာကို အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တယ်လို့ သတ်မှတ် ယူဆလေ့ ရှိကြပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ကိုယ်စားပြုမှု နေရာတွေကို အမျိုးသားများကပဲ ကိုင်တွယ် ထားလေ့ရှိကြပြီး နိုင်ငံရေးဆိုတာကို အမျိုးသားများရဲ့ ရှုထောင့်ကနေသာ ကြည့်ရှုနားလည်လေ့ရှိပါတယ်။

အမျိုးသမီးများကို အများပြည်သူရဲ့ အကျိုးစီးပွားရေးရာ ကိစ္စတွေဖြစ်တဲ့ အုပ်ချုပ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှုတွေကနေ ဖယ်ရှားထားလေ့ရှိကြပါတယ်။ ၂၀ ရာစုကာလကျမှသာ ဒီလို ဖယ်ရှားခံထားရမှုနဲ့ တရားမျှတမှုကင်းမဲ့ခြင်း အခြေအနေတွေက စတင်ပြောင်းလဲလာပါတယ်။

၂၀ ရာစုကာလကို နိုင်ငံတကာ ပညာရှင်များက အမျိုးသမီးများရဲ့ ရာစုအဖြစ် သတ်မှတ်ထားကြပါတယ်။ နိုင်ငံသား အခွင့်အရေးဖြစ်တဲ့ မဲပေးခွင့်အတွက် အမျိုးသမီးများရဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ တစတစနဲ့ လူထု လှုပ်ရှားမှုများမှာ အမျိုးသမီးများရဲ့ ပါဝင်မှု မြင့်မားလာပြီး ဦးဆောင်မှု အခန်းကဏ္ဍနဲ့ နိုင်ငံရေးတာဝန်ယူနိုင်မှု အခြေအနေ တွေကပါ စတင်ပေါ်ထွက်လာခဲ့ပါတော့တယ်။

၁၉၉၀ ပြည့်နှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီက ဆုံးဖြတ်ချက်ချမှတ်မှုတွေနဲ့ လွှတ်တော် ထိုင်ခုံများမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေး ရည်မှန်းချက်ကို အတည်ပြု ချမှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများက လေးစားလိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က ဘေးဂျင်းမှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အမျိုးသမီး ကမ္ဘာ့ညီလာခံကြီးကလည်း အမျိုးသမီးများအရေးဆိုင်ရာ လှုပ်ရှားမှု ပလက်ဖောင်းကို ချမှတ်ခဲ့ပြီး အမျိုးသမီးများ ကိုယ်စားပြုမှု မြင့်တက်လာရေးအတွက် အစိုးရက ဆောင်ရွက်တဲ့ နည်းလမ်းများ လိုအပ်ကြောင်း ထည့်သွင်း အရေးဆိုထားပါတယ်။

၁၉၉၀ အလွန်ကာလတွေမှာ ကမ္ဘာနဲ့အဝှမ်းမှာ ကိုတာစနစ် ကျင့်သုံးတဲ့ နိုင်ငံ ၅၀ ရှိလာခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အလွန်ကာလမှတော့ အခြား နိုင်ငံများကပါ ထပ်မံ ကျင့်သုံးလာခဲ့တဲ့အတွက် ကိုတာစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေက ရာနဲ့ချီပြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကိုတာစနစ် ရှိခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

ကိုတာစနစ်ရဲ့ ကောင်းကျိုးတွေကတော့ (၁) ကိုတာစနစ်ကျင့်သုံးခြင်းအားဖြင့် နိုင်ငံရေးရာ ဆုံးဖြတ်မှုများမှာ အမျိုးသမီးများနဲ့ အမျိုးသားများအားလုံး ပါဝင်ခွင့်ရလာပြီး အမျိုးသမီးတွေ ဖယ်ရှားခံထားရခြင်းကို အဆုံးသတ်တာ ဖြစ်တဲ့အတွက် ဒီမိုကရေစီကို မြှင့်တင် ပေးရာ ရောက်ပါတယ်။

(၂) ကိုတာစနစ်ကျင့်သုံးခြင်းအားဖြင့် နိုင်ငံရေးပါတီများက အမျိုးသမီးများ ပါဝင်ခွင့်ကို အလေးပိုထားလာပြီး ဦးဆောင်မှု ကဏ္ဍမှာ အမျိုးသမီးများကို ထည့်သွင်းလာပါတယ်။

(၃) အမျိုးသမီးများဟာ လူဦးရေရဲ့ ထက်ဝက်ကျော် ရှိတဲ့အတွက် ပါလီမန် ထိုင်ခုံ အရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ရယူ ပါဝင်နိုင်ခြင်းဟာ ဒီမိုကရက်တစ် အခွင့်အရေး ဖြစ်ပါတယ်။ ဒါမှလည်း အမျိုးသမီးများရဲ့ အသံကို အချိုးအစားနဲ့ အညီ ကိုယ်စားပြုနိုင်မှာ ဖြစ်ပါတယ်။

(၄) ကိုတာစနစ်ကျင့်သုံးခြင်းအားဖြင့် အဖွဲ့အစည်းအသီးသီးမှာ အမျိုးသမီးများရဲ့ ပါဝင်မှုဟာ အပြုသဘော သက်သက် ပါဝင်ခွင့်ရခြင်း မဟုတ်တော့ဘဲ၊ အဓိပ္ပာယ်ရှိတဲ့ ပါဝင်ခွင့် ဖြစ်လာနိုင်ပါတယ်။

(၅) ကိုတာစနစ်ဟာ အမျိုးသားများကို ခွဲခြားဆက်ဆံခြင်း မဟုတ်ပါဘူး။ အမျိုးသမီးများအပေါ် ရာစုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခဲ့မှုအတွက် ဖြေရှင်းနည်း တခုဖြစ်ပါတယ်။

(၆) ကိုတာစနစ်က ပါတီရဲ့ ပုံရိပ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

ကိုတာစနစ်ရဲ့ ဆိုးကျိုးတွေကတော့ (၁) ကိုတာစနစ်က အရည်အချင်း စည်းမျဉ်းကို ချိုးဖောက်သလို ဖြစ်တာကြောင့်၊ အရည်အချင်းမရှိတဲ့ အမျိုးသမီး တွေက အရည်အချင်းရှိတဲ့ အမျိုးသားတွေကို အစားထိုးလိုက်တာလည်း ဖြစ်သွားနိုင်ပါတယ်။
(၂) ကိုတာစနစ်က နိုင်ငံရေးသမားများရဲ့ ကျားမ ဖြစ်တည်မှုကို အရည်အချင်းများနဲ့ နိုင်ငံရေး ယုံကြည်မှုများထက် ပိုပြီး အာရုံစိုက်လေ့ရှိပါတယ်။
(၃) ကိုတာစနစ်က ရွေးကောက်ပွဲဆိုင်ရာ ရွေးချယ်မှုကို အကန့်အသတ်ဖြစ်စေနိုင်ပါတယ်။
(၄) ကိုတာစနစ်က အမျိုးသားများအပေါ် ခွဲခြားဆက်ဆံမှု ဖြစ်လာစေနိုင်ပါတယ်။
(၅) အမျိုးသမီးဆိုတဲ့ ကိုယ်စားပြုမှုမှာ ကွဲပြားခြားနားတဲ့ အမြင်တွေနဲ့ ကွဲပြားခြားနားတဲ့ အရည်အချင်းတွေ ပါဝင်နေတဲ့အတွက် အမျိုးသမီးကို အုပ်စုတခုအဖြစ် သတ်မှတ်ပြီး ရာခိုင်နှုန်းနဲ့ ကိုယ်စားပြုခိုင်းခြင်းဟာ မသင့်လျော်နိုင်ပါဘူး။

လက်တွေ့ ကျင့်သုံးနေသော တိုင်းပြည်များ (ဆွီဒင်နိုင်ငံနဲ့ ပါတီကိုတာစနစ်)
ပါတီကိုတာစနစ်များကို လက်ဝဲယိမ်းပါတီများ၊ ဆိုရှယ်ဒီမိုကရက်တစ် ပါတီများနဲ့ အစိမ်းရောင်ပါတီများက ကျင့်သုံးလေ့ရှိကြပြီး ရွေးကောက်ပွဲစနစ်တွေမှာ အချိုးကျကိုယ်စားပြု (PR) စနစ် က တွင်ကျယ် လာတာနဲ့အမျှ လက်ျာယိမ်းပါတီများကလည်း ကျင့်သုံးလာကြပါတယ်။

ဆွီဒင်နိုင်ငံက ၁၉၂၁ ခုနှစ်မှာ အမျိုးသမီးများ မဲပေးခွင့် ရရှိခဲ့တဲ့ တိုင်းပြည်တခုပါ။ ဆွီဒင်နိုင်ငံက အမျိုးသမီး အရေး လှုပ်ရှားသူများဟာ နိုင်ငံရေးပါတီတွေထဲမှာ တစထက်တစ ပါဝင်လာကြပြီး ဆိုရှယ်ဒီမိုကရက်တစ် ပါတီထဲမှာတော့ အင်အားထုနဲ့ ပါဝင်လာခဲ့ဲကြပါတယ်။ ဒီလိုပါဝင်လာခဲ့ကြပြီး နောက်ပိုင်းမှာတော့ ကျားမရေးရာ တန်းတူညီမျှမှုကို အရေးဆို လှုပ်ရှားလာကြပါတယ်။

တည်ထောင်ပြီးသား ပါတီများမှာ နိုင်ငံရေးအရ ကျားမရေးရာ တန်းတူညီမျှမှုတွေ မဖော်ဆောင်ရင် အမျိုးသမီးများ သီးသန့် ပါတီတခု တည်ထောင်မယ်လို့ အရေးဆိုခဲ့ကြပါတယ်။ Fredrika Bremer Association (FBF) ဆိုတဲ့ အမျိုးသမီးအဖွဲ့အစည်းက လွှတ်တော်တွင်းမှာ အမျိုးသမီးများရဲ့ ပါဝင်မှု မြင့်မားလာဖို့ အရေးဆိုခဲ့ပြီး အမျိုးသမီးများရဲ့ ကိုယ်စားပြုမှု မြင့်မားလာစေဖို့ ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။

၁၉၆၀ အလွန်ကာလမှာတော့ FBF အဖွဲ့အစည်းဟာ ပါတီတွင်းမှာရှိတဲ့ အမျိုးသမီး အဖွဲ့အစည်းများနဲ့ မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲတွေမှာ အမျိုးသမီးရဲ့ ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မှုကို ၅၀ ရာခိုင်နှုန်း သတ်မှတ်ရေး၊ လွှတ်တော် တွင်းမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း ရှိလာစေရေးအတွက် တောင်းဆိုလှုပ်ရှားခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ်မှာတော့ ဥပဒေအရ သတ်မှတ်တဲ့ ကိုတာစနစ် ကျင့်သုံးရေးကိုပါ တိုးမြှင့် တောင်းဆို ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် အရောက်မှာတော့ လွှတ်တော်တွင်း အမျိုးသမီး ကိုယ်စားပြုမှုက ၃၀ ရာခိုင်နှုန်းကျော် ရှိလာခဲ့ပါတယ်။

၁၉၈၅ ခုနှစ်မှာ အစိုးရက အမျိုးသမီးကိုယ်စားပြုမှုဆိုင်ရာ ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အစိုးရဝန်ကြီးဌာန အဆင့်ဆင့်မှာ ကျားမရေးရာ တန်းတူညီမျှမှု ရှိလာစေရေးအတွက် အဆိုပြုတင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လေ့လာ သုံးသပ်ရေးနဲ့ အကြံဉာဏ်များ ပေးအပ်ရေးအတွက် တာဝန်ပေးအပ်ခဲ့ပါတယ်။

အမျိုးသမီးများရဲ့ ကိုယ်စားပြုမှု အားနည်းချက်ကို ဖြေရှင်းနိုင်ရေးအတွက် ဥပဒေပြုရန် လိုအပ်ကြောင်း ကော်မရှင်က အကြံပေးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ ကိုတာစနစ်များ ကျင့်သုံးဖို့ ဥပဒေကို လွှတ်တော်က အတည်ပြုပြဌာန်း ခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ ဆွီဒင်နိုင်ငံမှာရှိတဲ့ ပါတီများက ကိုတာစနစ်ကို ရာခိုင်နှုန်း အမျိုးမျိုးနဲ့ ကျင့်သုံးနေ ကြပါတယ်။ ဆိုရှယ်ဒီမိုကရက်တစ် ပါတီနဲ့ လက်ဝဲပါတီက ၅၀ ရာခိုင်နှုန်း ကိုတာစနစ်ကို သတ်မှတ်ထားရှိပြီး ခရစ်ယာန်ဒီမိုကရက်တစ် ပါတီက ၄၀ ရာခိုင်နှုန်း သတ်မှတ်ကျင့်သုံးနေပါတယ်။

ဆွီဒင်ရဲ့ ကိုတာစနစ်အောင်မြင်ခြင်း အစကတော့ လက်ဝဲယိမ်းပါတီများ အတွင်းမှာရှိတဲ့ အမျိုးသမီးများရဲ့ ကြိုးပမ်းအားထုတ်မှုပဲ ဖြစ်ပါတယ်။ လက်ဝဲယိမ်းပါတီများအတွင်းက အမျိုးသမီးနိုင်ငံရေးသမားများရဲ့ ရပ်တည်မှုနဲ့ အများပြည်သူ ထောက်ခံအားပေးမှု ရရှိခြင်းတွေဟာ၊ ကိုတာစနစ်ကို ဝေဖန်ကြတဲ့ လက်ျာယိမ်းပါတီများရဲ့ ရပ်တည်ချက်တွေကိုပါ ပြောင်းလဲလာစေခဲ့ပါတယ်။

အမျိုးသမီးများရဲ့ မဲများကို အလေးမထားရင် ပါတီများရဲ့ ရှင်တန်ရပ်တည်မှုကိုပါ ထိခိုက်လာနိုင်စေကြောင်း၊ သိမြင်လာကြတဲ့အတွက် ပါတီများစွာက အမျိုးသမီးများရဲ့ ပါဝင်ကိုယ်စားပြုမှုကို အလေးထားကြောင်းပြသရန် ပါတီကိုတာစနစ်ကို ကျင့်သုံးလာကြရခြင်း ဖြစ်ပါတယ်။

လက်တွေ့ ကျင့်သုံးနေသော တိုင်းပြည်များ

(အာဂျင်တီးနားနိုင်ငံနှင့် ဥပဒေအရ ပြဌာန်းကိုတာစနစ်)

အာဂျင်တီးနားအမျိုးသမီးများက ၁၉၄၇ ခုနှစ်မှာ မဲပေးခွင့်ကို စတင်ရရှိလာခဲ့ကြပါတယ်။ အာဂျင်တီးနားရဲ့ နိုင်ငံရေးကို အမျိုးသားများကသာ အစဉ်အလာအရ လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ၁၉၅၀ ကာလတွေမှာတော့ သမ္မတ ကတော် အီဗာပီရွန်ရဲ့ သြဇာလွှမ်းမိုးမှုကြောင့် ပီရွန်ရဲ့ ပါတီမှာ ၃၀ ရာခိုင်နှုန်း ကိုတာစနစ် စတင်ကျင့်သုံးခဲ့ပါတယ်။ ဒီလိုကျင့်သုံးမှုကြောင့် လွှတ်တော်တွင်းမှာ အမျိုးသမီး ကိုယ်စားပြုမှု ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

ဒါပေမယ့် ၁၉၅၅ စစ်တပ် အာဏာသိမ်းပွဲကြောင့် ပီရွန် အစိုးရပြုတ်ကျသွားခဲ့ပြီး ပါတီကိုတာ စနစ်ကျင့်သုံးမှုလည်း အဆုံးသတ်သွားခဲ့ပါတယ်။ လွှတ်တော်တွင်း အမျိုးသမီး ပါဝင်မှုကလည်း ၂.၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

၁၉၉၀ အလွန်ကာလမှာတော့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်မှု အားကောင်းလာခဲ့ပြီး အာဂျင်တီးနား အမျိုးသမီး လှုပ်ရှားသူများရဲ့ ကိုတာစနစ် တောင်းဆိုမှုများ ပေါ်ထွက်လာခဲ့ပါတယ်။ အမျိုးသမီးလှုပ်ရှားမှုများဟာ လက်ဝဲယိမ်း နိုင်ငံရေးပါတီများအပေါ် လွှမ်းမိုးလာခဲ့ပြီး အမျိုးသမီး ကိုယ်စားပြုမှုများ အားကောင်းရန် ပါတီတွင်း အမျိုးသမီးကော်မတီများရဲ့ တောင်းဆိုမှုများလည်း ပေါ်ထွက်လာ ခဲ့ပါတယ်။

ပါတီများအကြားမှာ အမျိုးသမီးကွန်ရက်ချိတ်ဆက်မှုများ တိုးမြင့်လာခဲ့ပြီး နိုင်ငံတော်အဆင့် ကိုတာဥပဒေ ပြဌာန်း ပေးရန် တောင်းဆိုမှုများလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးများက တင်သွင်းတဲ့ ဥပဒေမူကြမ်း အဆိုပြုချက်များ ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာ လမှာတော့ ကိုတာစနစ် ကျင့်သုံးမှုဆိုင်ရာ ဥပဒေမူကြမ်းကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက ပြဌာန်း နိုင်ခဲ့ပါတယ်။

လက်တွေ့ ကျင့်သုံးနေသော တိုင်းပြည်များ

(ရဝမ်ဒါနိုင်ငံနှင့် ကြိုတင်သတ်မှတ် နေရာထားရှိမှု ကိုတာစနစ်)

လူမျိုးသုဉ်း သတ်ဖြတ်မှုများ အပြီးမှာ ပေါ်ထွက်လာတဲ့ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ အသွင် ကူးပြောင်းအစိုးရရဲ့ လွှတ်တော်မှာ အမျိုးသမီး ၂၅.၇ ရာခိုင်နှုန်းပါဝင်ခဲ့ပါတယ်။ ပါဝင်ခဲ့တဲ့ အမျိုးသမီးများဟာ ကျားမ တန်းတူညီမျှမှုကို အာမခံသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွက်လာရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါတယ်။

ဒါတွေ အပြီးမှာ ရဝမ်ဒါနိုင်ငံရဲ့ လူမှုရေးရာ သွင်ပြင်လက္ခဏာတွေက ပြောင်းလဲ သွားခဲ့ပါတယ်။ အမျိုးသမီးများဟာ အိမ်ထောင်ဦးစီးများ၊ လူ့အဖွဲ့အစည်း ခေါင်းဆောင်များနဲ့ မိသားစု လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရသူများ စတဲ့ အခန်းကဏ္ဍ အသီးသီးကို တာဝန်ယူလာခဲ့ကြရပါတယ်။

တိုင်းပြည် တည်ဆောက်သူများအနေနဲ့ အပြန်အလှန် တိုက်ခိုက်ကြတဲ့ လူမျိုးစုနှစ်ခုအကြားမှာ ပေါင်းကူး တံတား ခင်းပေးသူများ ဖြစ်ခဲ့ကြပါတယ်။ အမျိုးသမီးလှုပ်ရှားမှု ညွန့်ပေါင်းအဖွဲ့ (Pro-Femmes) ဟာ ကျားမရေးရာ တန်းတူညီမျှမှုအတွက် လှုပ်ရှားဆောင်ရွက်ခဲ့ပြီး ဆုံးဖြတ်ချက်ချမှတ်တဲ့ အဖွဲ့အစည်းတိုင်းမှာ အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ကြိုတင်နေရာသတ်မှတ်မှု ထားရှိရေး စံနှုန်းကို ချမှတ်နိုင်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်၊ အောက်တိုဘာလမှာတော့ ရဝမ်ဒါနိုင်ငံမှာ ကျင်းပတဲ့ ဒီမိုကရက်တစ်ပါလီမန် ရွေးကောက်ပွဲက ကမ္ဘာ့ သမိုင်းမှာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ လွှတ်တော်တွင်း အမျိုးသမီးကိုယ်စားပြု ရာခိုင်နှုန်းက ၄၈. ၈ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။ နောင်လေးနှစ်အကြာ ၂၀၀၈ ခုနှစ်မှာတော့ ၅၆.၃ ရာခိုင်နှုန်းအထိ ရှိခဲ့တဲ့အတွက် ကမ္ဘာတဝှမ်းကို မင်သက်မိ သွားစေခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုများရဲ့ အဓိက သော့ချက်ကတော့ ကြိုတင်နေရာသတ်မှတ်မှု ကိုတာစနစ် ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ်။

လွှတ်တော်တွင်း ကိုယ်စားပြုလာကြတဲ့ ရဝမ်ဒါအမျိုးသမီးများဟာ လူမျိုးတုန်းသတ်ဖြတ်မှုများနဲ့ အကြမ်းဖက်မှုများ ကြားကနေ လွတ်မြောက်လာတဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးပမ်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ကိုတာစနစ် ကျင့်သုံးဖို့ ဘာကြောင့်လိုအပ်သလဲ

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းစ တိုင်းပြည်တခုဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အခွင့်အရေးများမှာ မဲပေးခွင့်နဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်တို့မှာ အရေးပါလှပါတယ်။ ဒါပေမယ့် တချို့သော အမျိုးသမီးများမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် အခက်အခဲများစွာ ရင်ဆိုင်ကြရပါတယ်။

အခက်အခဲများမှာ ရွေးကောက်ပွဲစနစ် အမျိုးအစားနှင့် အမျိုးသမီး ကိုယ်စားလှယ် လောင်းများကို ထောက်ခံ အားပေးခြင်း မပြုတဲ့ ပါတီများ ရှိခြင်း စတဲ့ နိုင်ငံရေးအခက်အခဲများ ပါဝင်ပြီး ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ ပညာရေးချို့တဲ့မှုဆိုင်ရာ လူမှုစီးပွား အခက်အခဲများလည်း ပါဝင်ပါတယ်။

အဲဒီအခက်အခဲများအပြင် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာများ၊ ကျားမရေးရာ အခန်းကဏ္ဍ ခွဲခြား သတ်မှတ်မှုများ၊ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့ အမျိုးသမီးများအပေါ် ယုံကြည်မှု အားနည်းခြင်းများ၊ နိုင်ငံရေးလောကက အမျိုးသမီး တွေကို အဆိုးမြင်သဏ္ဍာန် ပုံဖော်တဲ့ မီဒီယာပုံပြင်များနဲ့ ပုံရိပ်များ စတဲ့ ယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများလည်း ရှိပါတယ်။

ဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်စေဖို့ အမျိုးသမီးတွေကို ထောက်ခံအားပေးတဲ့ နည်းမျိုးစုံ ကျင့်သုံးနိုင်ပါတယ်။ ကျင့်သုံးသင့်တဲ့ နည်းလမ်းတွေကတော့ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲခြင်း၊ ကိုတာစနစ် အသုံးပြုခြင်းနဲ့ အမျိုးသမီး အမတ်လောင်းတွေကို လေ့ကျင့်သင်ကြားပေးခြင်း စတာတွေ ဖြစ်ပါတယ်။

ကိုတာစနစ်များကျင့်သုံးခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ အမျိုးသမီးများကို နိုင်ငံရေးအဆင့်နေရာများအထိ ရောက်ရှိစေဖို့ ကူညီပေးပြီး နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမြင့်မားလာစေဖို့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် လက်ရှိမြန်မာနိုင်ငံရေးမှာ ဖြစ်ပွားနေတဲ့ အမျိုးသမီးများရဲ့ ပါဝင်မှု နည်းပါးခြင်း ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုတာစနစ်ကို ဘယ်လို စတင်ပြီး ကျင့်သုံးနိုင်မလဲ

ပထမဦးဆုံးအနေနဲ့ ပါတီ ကိုတာစနစ် ကျင့်သုံးမှု ဖြစ်လာအောင် ဆောင်ရွက်သင့်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ပါတီအသီးသီးက အမျိုးသမီးအုပ်စုတွေကို ကျားမတန်းတူညီမျှရေး သင်တန်းများ ပို့ချခြင်း၊ ပါတီပေါင်းစုံ အမျိုးသမီး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ပါတီအသီးသီးရဲ့ ကျားမရေးရာ ပါဝင်မှု စာရင်းကို ဦးဆောင်မှုနဲ့ ကိုယ်စားပြုမှု ရှုထောင့် ကနေ လေ့လာကြည့်ရှုခြင်း၊ ပါတီအသီးသီးရဲ့ ကျားမရေးရာ လှုပ်ရှားစီမံချက်များ ရေးဆွဲခြင်း၊ ပါတီတွင်း ဒီမိုကရေစီ ကျင့်သုံးခြင်း၊ ရွေးကောက်ပွဲမဟာဗျူဟာ ရေးဆွဲရာမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ စတဲ့ လုပ်ငန်းတွေကို ဖော်ဆောင်ပြီး ပါတီတွင်း ကိုတာစနစ် ကျင့်သုံးရေးအတွက် အရေးဆို ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်သင့် ပါတယ်။

ပါတီကိုတာစနစ်ကို ပါတီတွင်း ဦးဆောင်မှု၊ ကိုယ်စားပြုမှု အဆင့်ဆင့်နဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေမှာ ကျင့်သုံးပြီးချိန်မှာတော့ ဒုတိယအဆင့်အနေနဲ့ ဥပဒေပြု ကိုတာစနစ်ကို ကျင့်သုံးနိုင်စေဖို့ လုပ်ဆောင်သင့်ပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ လွှတ်တော်တွင်းမှာ ရှိတဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်း ကွန်ရက်များ ဖွဲ့စည်းခြင်း၊ ဥပဒေ မူကြမ်းများ ရေးဆွဲ တင်သွင်းခြင်း စတာတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုတာစနစ်ကျင့်သုံးခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

ကိုတာစနစ်က မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု၊ နိုင်ငံရေး ရွေးကောက် တင်မြှောက်ခံရမှု၊ ကိုယ်စားပြုမှုနဲ့ နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်မှု ရာခိုင်နှုန်းများကို မြင့်မားလာစေနိုင်ပါတယ်။ ကိုတာစနစ်ကြောင့် နိုင်ငံရေးဘဝမှာ အမျိုးသမီးများရဲ့ အတွေ့အကြုံများ ပါဝင်လာပြီး အမျိုးသမီးများရဲ့ အမြင်များ၊ အယူအဆများ၊ အရည်အချင်းများကို ဖော်ထုတ်လာနိုင်ပါတယ်။

နိုင်ငံရေးပါတီများရဲ့ ဆုံးဖြတ်ချက်ချမှတ်မှု အဆင့်ဆင့်မှာ အမျိုးသမီးများ ပါဝင်လာခြင်းအားဖြင့် နိုင်ငံရေးပါတီများရဲ့ လူထုပုံရိပ် မြင့်မားလာခြင်း၊ ပါတီပလက်ဖောင်းများ ပိုမိုထင်ရှားလာခြင်း၊ ပါတီများရဲ့ ရွေးကောက်ပွဲ မဟာဗျူဟာ ချမှတ်မှုများမှာ ပိုမိုပြည့်စုံတဲ့ လူထုထိတွေ့ဆက်ဆံမှု ယန္တရားများ တည်ဆောက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ပေါ်ထွက်လာနိုင်ပါတယ်။

လွှတ်တော်အသီးသီးမှာ အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု အားကောင်းလာခြင်းအားဖြင့် အမျိုးသမီးများ အရေးကို ထည့်သွင်းစဉ်းစားတဲ့ ဥပဒေမူကြမ်းများ တင်သွင်းနိုင်ခြင်း၊ ပြည်သူလူထုတွင်းကနေ အမျိုးသမီးများရဲ့ လိုအပ်ချက် များကို လွှတ်တော်များက ပိုမို သိရှိလာခြင်း၊ အများပြည်သူများရဲ့ ယုံကြည်လေးစားမှု တိုးမြင့်လာခြင်း စတဲ့ အကျိုးကျေးဇူးများ ပေါ်ထွက်လာနိုင်ပါတယ်။

နိုင်ငံရေးသိပ္ပံပညာရှင် နော်ဒါလ်ဗာလ် ဆိုခဲ့သလိုပဲ အမျိုးသမီးတွေ နိုင်ငံရေးဇာတ်ခုံမှာ ပါဝင်စေတာဟာ အမျိုးသမီးတွေရဲ့ အမြင်သစ်တွေ၊ အရည်အချင်းတွေနဲ့ စွမ်းဆောင်ရည်တွေကို အသုံးပြုခွင့်ရရှိလာတာပဲ ဖြစ်ပါတယ်။ ဒီလိုကွဲပြားတဲ့ အမြင်တွေကို ဖော်ထုတ်ခွင့်ပေးတာဟာ ကြံဆတီထွင်တာကို အားပေးတဲ့အတွက် တိုးတက်မှုကို ဦးတည်စေတဲ့ လက္ခဏာတရပ်ဖြစ်ပါတယ်။

ဒါတွင်မကဘဲ တခြားသော အမျိုးသမီးတွေရဲ့ စိတ်အင်အားကို တိုးမြှင့်ပေးတာကြောင့် ကြိုးစားချင်စိတ်၊ တိုးတက်ချင် စိတ်တွေ ဖြစ်ပေါ်လာစေ ပါတော့တယ်။ နိုင်ငံတော်ရဲ့ လူဦးရေ တဝက်ကျော်မှာ တိုးတက်အောင် ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ် လာတာဟာ လူ့ဘောင်တခုလုံးရဲ့ တိုးတက်မြင့်မားရေးကို ထောက်ကူပေးခြင်းသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလို အသွင်ကူးပြောင်းစ တိုင်းပြည်တခုရဲ့ ပြန်လည်တည်ဆောက်ရေးမှာ လူဦးရေတဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများ အားလုံး အင်တိုက်အားတိုက် ပါဝင်နိုင်ခွင့်ရရေး၊ တန်းတူညီမျှမှုနဲ့ အပြန်အလှန် လေးစားမှုအပေါ်မှာ အခြေတည်တဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာနိုင်ရေးဟာ အလွန်ပဲ အရေးကြီးတာ ဖြစ်တဲ့အတွက် အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု၊ ဦးဆောင်မှုနဲ့ ကိုယ်စားပြုမှုကို တိုးမြှင့်ပေးနိုင်မယ့် ကိုတာ စနစ်ဟာ ကျင့်သုံးသင့်တဲ့ စနစ်တခုဖြစ်ပါတယ်။

Your Thoughts …
Tags: ကျားမရေးရာ ကိုတာစနစ် ဆိုရာဝယ်
ခင်မမမျိုး (MIGS)

ခင်မမမျိုး (MIGS)

Contributor

Similar Picks:

No Content Available
Next Post
ဇူလိုင် ၁၁ စတင်သည့် တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတွင် တွေ့ရသော နိုင်ငံ့ ခေါင်းဆောင်များ  / မျိုးမင်းစိုး / ဧရာဝတီ

တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ နှင့် သူတို့အမြင်

သတင်းထောက်များ သံတိုင်များ၏ နောက်သို့ ရောက်နေသည်က ဒီမိုကရေစီ အစိုးရအတွက် ရှက်စရာ ဖြစ်သည် / ဧရာဝတီ

သက်သေ မခိုင်လုံဘဲ ရိုက်တာ သတင်းထောက်များကို တရားစွဲခြင်းက ရှက်ဖွယ်

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.5k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate