Women & Gender

ကချင်စစ်ရှောင်စခန်းရှိ အမျိုးသမီးငယ်တချို့ လူကုန်ကူးခံနေရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းတချို့ရှိ အမျိုးသမီးများသည် စားဝတ်နေရေး အခက်အခဲ များကြောင့် အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင်ရင်းဖြင့် လူကုန်ကူးခံရမှုများရှိနေကြောင်း သိရသည်။

မြစ်ကြီးနားအခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူူက “များသောအားဖြင့်ကတော့ IDP Campက လူတွေ လူကုန်ကူး ခံရတာများတယ်။ ဒါပေမယ့် ဘယ်နှယောက် လူကုန်ကူးခံရတယ်ဆိုတာတော့ data အတိအကျပြောဖို့ ခက်တယ်။ ဘာလို့လဲဆိုရင် တချို့ကျတော့လည်း လူကုန်ကူးက ဟိုဘက်မှာ ဖြစ်နေတာ ဒီဘက်မှာကျတော့ သတင်း မရဘူး။ ဒီကနေ ထွက်သွားတာပဲရှိမယ်။ ပြီးရင် ဟိုမှာ လူကုန်ကူးခံရမယ်။ ဆက်သွယ်လို့ ပြန်လာတဲ့ လူကိုတော့ သိတယ်။ ဒါပေမယ့် ဆက်သွယ်ဘူး။ ပြန်မလာဘူး။ တချို့ကျတော့လည်း ဟိုမှာ ထပ်ဆင့်သူတို့ ရောင်းစားလိုက်တယ်။ အဆက်အသွယ်မရတော့ဘူး”ဟု ရှင်းပြသည်။

၂၀၁၆ ခုနစ်မှ စတင်ပြီး စစ်ရှောင်စခန်းများကို ထောက်ပံ့ပေးနေမှုများ လျော့ချလိုက်ခြင်းကြောင့် စစ်ရှောင်အမျိုးသမီးများ၏ စားဝတ်နေရေးမှာ ယခင်ထက်ပိုမိုခက်ခဲလာရခြင်းကြောင့် ပြင်ပထွက်၍ အလုပ်ရှာဖွေကြရာမှ လူကုန်ကူးခံရသည့် အဖြစ်အပျက်များ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“နယ်မြေမအေးချမ်းတဲ့အခြေအနေပေါ်မှာ မူတည်ပြီးမှ လူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ခက်ခဲလာတဲ့အခြေအနေမှာ ဒါကို တွန်းအားတရပ်ဖြစ်စေတယ်။ နောက် တခုကျတော့ နှစ်ဖက်မျိုးနွယ်စုတွေက တူညီကြသလို လွယ်လွယ်နဲ့ ယုံကြည်လွယ်တယ်။ စည်းရုံးတဲ့အခါမှာ လွယ်လွယ်နဲ့ပဲ ယုံကြည်သွားတဲ့ အားနည်းချက်လေးတွေ တွေ့ရတယ်။ဒါကြောင့်မို့ အတတ်နိုင်ဆုံးကတော့ အသိပညာပေးမှုတွေကို အဓိကထားပြီးတော့မှ ဆောင်ရွက်တယ်။တဖက်ကကျတော့ အလုပ်အကိုင်အခွင့် အလမ်းတွေ ပိုမိုပြီးတော့မှ ထွန်းကားလာစေဖို့ကလည်း ဒါလည်း အရေးတကြီး လိုအပ်တယ်”ဟု မြန်မာနိုင်ငံ လူကုန်ကူးမူတားဆီးနိမ်နှင်းရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး(ယာယီ) ရဲမှူးကြီး သက်နောင်ကလည်း ပြောသည်။

ကချင်ပြည်နယ်တွင် လူကုန်ကူးခံရမှု ပြသနာသည် ၂၀၁၁ ခုနှစ် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားချိန်မှ စတင်ပြီးနောက်ပိုင်း ပြဿနာပိုကြီးလာကြောင်း၊ စစ်ရှောင်စခန်းများတွင် လူများအစုလိုက် အပုံလိုက်ရှိနေခြင်းကလည်း လူကုန်ကူးမည့်သူများအတွက် အခွင့်အရေးတရပ်ဖြစ်နေကြောင်းHtoi Gender and Development Foundationမှ ဒါရိုက်တာ ဒေါ်နန်ပူက ပြောကြားသည်။

စားဝတ်နေရးအတွက် အလုပ်လုပ်ကိုင်ရန် အလုပ်ရှာရင်း လူကုန်ကူးခံခဲ့ရသူ အသက် ၁၆ နှစ်အရွယ် မကိုင်ရာ ( အမည်လွဲှ) က တရုတ်ငွေသုံးသောင်းဆိုလားပေးတယ်။သမီးကိုတော့ မပေးပါဘူး။ ဒါပေမယ့်လာပို့တဲ့သူကို ပေးလိုက်တာ။နောက်လာတဲ့လူက ငွေနဲ့အတင်းခေါ်တော့ သူတို့က ထည့်လိုက်တယ်။ သမီးအလုပ်မလုပ်ရင်တော့ ရိုက်တယ်။သူတို့အိမ်က တခါတလေမှ ထမင်းချက်စားတာ။ မုန့်ပဲ စားကြတော့ သမီးက မစားတတ်တော့ အားမရှိရာက နေမကောင်းဖြစ်တယ်။ဖြစ်တော့ ဆေးလည်း မတိုက်ဘူး။ အခန်းထဲမှာပဲ သော့ခတ်ထားတယ်”ဟု ၎င်းက ဆက်ပြောသည်။

“အဲဒီအိမ်ဘေးမှာ နေတဲ့သူကို အကူအညီတောင်းပြီး Wechat ကနေ တဆင့် သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရပြီး ဘာသာရေးကျောင်းကနေ အဆက်အသွယ်တွေနဲ့ ဒီဘက်ပြန်ရောက်လာတာပါ” ဟု ရှင်းပြသည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်ပွားမှု ၇နှစ်အတွင်း ကချင်ပြည်နယ်တွင် စစ်ရှောင်ဒုက္ခသည်ပေါင်း တသိန်းရှိလာသည်။ ဧပြီလက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူ ခြောက်ထောင်ကျော် ထပ်တိုးလာခဲ့သည်။ စစ်ရှောင်ပြည်သူများသည် တောင်ယာလုပ်ကိုင်သူများဖြစ်သည့် အတွက်ကြောင့် စစ်ရှောင်စခန်းကိုရောက်သည့်အခါ စားဝတ်နေရေးအခက်အခဲ များစွာနှင့် ကြုံတွေ့ကြ ရသလို အသေးသုံးစရိတ် များစွာလိုအပ်မှုကြောင့် အမျိုးသမီးများက မိသားစု စားဝတ်နေရေးအတွက် ရရာအလုပ်ကို ထွက်လုပ်ကြရခြင်း ဖြစ်သည်။

လူကုန်ကူးသူများသည် တရုတ်-မြန်မာ နယ်စပ်တွင် ကချင် စစ်ဘေးဒုက္ခသည်စခန်းများမှ အသက် ၁၅ နှစ်၊ ၁၆ နှစ်ဝန်းကျင် အိမ်ထောင်မကျသေးသူ မိန်းကလေးငယ်များအား အဓိက ပစ်မှတ်ထားနေခြင်း ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးခံရမှု အများဆုံး စာရင်းတွင် ပါဝင်သည့် စစ်ဘေးသင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများနှင့်ပတ်သက်ပြီး တိုင်းရင်းသားစာပေဖြင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ အသိပညာပေးဟောပြောမှုစသည့်တို့ကို ပြုလုပ်ပေးနေကြောင်း၊ ကချင်ပြည်နယ်တွင် လူကုန်ကူးခံရမှုမှာ၂ ၀၁၆ ခုနစ်တွင် ၁၃ မှု၊ ၂၀၁၇ ခုနစ်တွင် ၂၆ မှုနှင့် ၂၀၁၈ ခုနစ် ၆လပိုင်း ၁၀ ရက်နေ့အထိ ၆မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနိမ်နှင်းရေးရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

Loading