Women & Gender

ရွေးကောက်ပွဲမဲစာရင်း အမျိုးသမီးများ စိတ်ဝင်စားမှု လျော့နည်း

Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့် ရှိသူများ စာရင်း ကြေညာပြသမှုတွင် အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို စိတ်ဝင်စားမှု လျော့နည်းသည်ကို တွေ့ရှိရကြောင်း ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှု အဖွဲ့ (PACE)၏ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် က ဧရာဝတီကို ပြောသည်။

ရွေးကောက်ပွဲ ဖြစ်စဉ် တခုလုံးကို စောင့်ကြည့်လေ့လာနေသည့် PACE အဖွဲ့က ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ အကြို စစ်တမ်း ကောက်ယူမှု၏ ကနဦး လေ့လာ တွေ့ရှိချက်များနှင့် ပတ်သက်၍ ဇူလိုင် ၁၃ ရက်၌ Park Royal Hotel ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဦးစိုင်းရဲကျော်စွာမြင့် က “အမျိုးသမီးတွေ အများဆုံး စိတ်ဝင်စားမှု အလျော့နည်းဆုံး ဖြစ်နေတာက မဲစာရင်း ကြေညာ တာကို သူတို့မသိဘူး။ သတင်း အချက်အလက် မရဘူး။ သတင်းအရင်း အမြစ်ကို သူတို့ မရဘူး။ ဘာကြောင့်လဲဆိုတာ တော့ ကျနော်တို့ ဆက်မမေးဖြစ်ဘူး။ ဒါပေမယ့် အမျိုးသမီးတွေက အိမ်မှုကိစ္စတွေနဲ့ မအားတာကြောင့်လည်း ဖြစ်နိုင်သလို သတင်းအချက် အလက်တွေက သူတို့နဲ့ နီးစပ်တဲ့ နေရာတွေမှာ ရှိမနေတာမျိုးလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

ထို့ကြောင့် PACE အဖွဲ့ အနေဖြင့်၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း မဲစာရင်း ကြေညာပြသမှုနှင့် ပတ်သက်၍ နိုင်ငံသားများ၏ သိရှိမှုကို တိုင်းတာနိုင်ရန် လေ့လာမှုများ ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ၏ ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံသားများ၏ သိရှိမှုနှင့် ပါဝင်လို စိတ်အတိုင်း အတာတို့ကို သိရှိစေရန် ယခုနှစ် ဇွန် ၂၉ ရက်နှင့် ၃၀ ရက်တို့၌ ရွေးကောက်ပွဲ အကြိုကာလ စစ်တမ်းတခုကို လစ်လပ်မဲ ဆန္ဒနယ် ၁၂ ခု၌ (PACE)အဖွဲ့က စစ်တမ်း ကောက်ယူသူ ၁၂၂ ဦးနှင့် တွေ့ဆုံ မေးမြန်းမှုပေါင်း ၁၂၂၀ ခု တို့ကို ကောက် ယူမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လေ့လာဆန်းစစ်မှုရာ၌ တွေ့ရှိချက်များ အစီရင်ခံစာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လမှာ မဲစာရင်း ကြေညာပြသမှု ပြုလုပ်ရန် ရှိနေပြီး “ယင်းကို ကြားမိပါ သလား” ဟု PACE အဖွဲ့က မေးမြန်းရာတွင် နိုင်ငံသား များ၏ သုံးပုံ တပုံခန့်က “ကြားမိပါသည်” ဟု ဖြေဆိုကြကြောင်း စစ်တမ်းအရ သိရသည်။

မြို့ပြနှင့် ကျေးလက် နှိုင်းယှဉ်ပါက မြို့ပြတွင် နေထိုင်သူများက ကျေးလက် နေထိုင်သူများထက် မဲစာရင်း ကြေညာပြသမှု ကို ပိုမို သိရှိကြကြောင်း၊ အမျိုးသားနှင့် အမျိုးသမီးတွင် အမျိုးသားများက အမျိုးသမီးများထက် ပိုမို သိရှိ ကြပြီး လူကြီးနှင့် လူငယ်တွင် လူကြီးများက လူငယ်များထက် ပိုမိုသိရှိကြသည်ကို တွေ့ရှိရကြောင်း အဆိုပါ စစ်တမ်း၌ ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားတွင် ဦးစိုင်းရဲကျော်စွာမြင့်က “ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတာ သိရှိမှုနဲ့ ပတ်သက်ပြီး ကျေးလက်မှာ ရှိတဲ့ သူတွေက စိတ်ဝင်စားမှု နည်းတယ်။ သတင်း အချက်အလက် ရရှိမှုနည်းတယ်။ အမျိုးသားနဲ့ အမျိုးသမီးမှာ အမျိုး သမီးတွေက သတင်း အချက်အလက် ရရှိမှု နည်းပြီး စိတ်ဝင်စားမှု နည်းတယ်။ လူကြီးနဲ့ လူငယ်မှာလည်း လူငယ်ဖြစ်တဲ့ ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားက စိတ်ဝင်စားမှု နည်းတယ်” ဟု ရှင်းလင်းသွားသည်။

ထို့အတူ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင်လည်း မဲဆန္ဒရှင် စာရင်း ကြေညာပြသမှုကို ပမာဏ အနည်းငယ်ကသာ ကော်မရှင် အဖွဲ့ခွဲ ရုံးများသို့ သွားရောက်ပြီး ၎င်းတို့၏ မဲစာရင်း အချက် အလက်များနှင့် ပတ်သက်၍ ကြည့်ရှု စစ်ဆေးမှု ပြုလုပ်ကြသည်ကို စောင့်ကြည့် လေ့လာမှုများတွင် တွေ့ရကြောင်း သိရ သည်။

ကျားမ တန်းတူညီမျှရေး ဆိုင်ရာ၊ အမျိုးသမီးရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်နေသည့် Trigle Woman အဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်လေး က “အဓိကတော့ နိုင်ငံရေးတို့ လူမျိုးရေးတို့မှာ အမျိုးသမီးတွေက အရင်ကတည်းက အသိ အားနည်းခဲ့တယ်။ အခုလို ရွေးကောက်ပွဲ ဖြစ်စဉ်တွေမှာ အမျိုးသားတွေပဲ လုပ်နိုင်တယ်လို့ ထင်ကြတယ်။ အမျိုးသားတွေရဲ့ ကိစ္စ အမျိုးသား တွေနဲ့သာ သက်ဆိုင်တယ် ဆိုတာဟာ အမျိုးသမီးတွေမှာ အရင်ကတည်းက အမြစ်တွယ်နေတဲ့ အတွေးတွေပဲ ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲ ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ စိတ်ဝင်စားမှု နည်းနေတာ ဖြစ်တယ်” ဟု ဧရာဝတီ သို့ သုံးသပ် ပြောဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်နေသည့် မဲဆန္ဒနယ်များ အတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ ရက်၌ ကျင်းပမည် ဖြစ်ကြောင်း ကြေညာထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading