Women & Gender

ကျားမ တန်းတူညီမျှမှု မူဝါဒ တရပ် ချမှတ်ရန် လိုကြောင်း လှုပ်ရှားသူများ ပြော

Want create site? Find Free WordPress Themes and plugins.

ယနေ့ ဇူလိုင်လ ၁၆ ရက် တနင်္လာနေ့တွင် ကျင်းပပြီးစီးသွားသော ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယအစည်းအဝေး သို့ တက်ရောက်လာသော ကိုယ်စားလှယ်များ အနေဖြင့် ကဏ္ဍ အားလုံးတွင် အမျိုးသမီးများ ကိုယ်စားပြုမှုရရေးဆိုင်ရာ ကျား-မ တန်းတူ ညီမျှမှုမူဝါဒတရပ် ချမှတ်ရန် ဆွေးနွေးသင့်ကြောင်း အမျိုးသမီးရေးလှုပ်ရှားသည့် အဖွဲ့များက အကြံပြုခဲ့သည်။

တိုင်းရင်းသားလူနည်းစုများအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် အခြေခံဥပဒေတို့နှင့် သက်ဆိုင်သည့် အဓိကဖက်ဒရယ် အခြေခံမူအများအပြားမှာ ယခုအကြိမ် ဆွေးနွေးမှုများအတွင်းတွင် ပါဝင်ခြင်းမရှိသည့်အတွက် ဆွေးနွေးမှုများ အဆက်မပြတ်စေရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ကျား-မ တန်းတူ ညီမျှရေးကို ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ် အများအပြားကို တွေ့ဆုံမေး မြန်းခဲ့ရာတွင် အချို့ကိုယ်စားလှယ်များက နိုင်ငံရေး ကဏ္ဍဆွေးနွေးမှုများတွင် ကျား-မ တန်းတူညီမျှရေး ကိစ္စတခုတည်း သာ ပါဝင်သည့် အတွက် စိတ်ပျက်ကြောင်း ပြောခဲ့ကြသော်လည်း အခြားသူများက အဆိုပါ ကိစ္စသည် မရှိမဖြစ် အရေး ကြီးကြောင်း သဘောတူခဲ့ကြသည်။

ကျား-မ တန်းတူညီမျှရေးက အရေးပါသည့် ကိစ္စတခုမဟုတ်ကြောင်း အချို့ အမျိုးသားနိုင်ငံရေးသမားများက ထုတ်ဖော် ပြောခဲ့ကြသည်။ သို့သော်လည်း လက်ရှိငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများနှင့် ဥပဒေပြုရေးတွင် ပါဝင်ပတ်သက်နေသူများ က အဆိုပါ ကိစ္စ၏ အရေးပါမှုကို အသိအမှတ်ပြုခဲ့ကြသည်။

“ဒီအစည်းအဝေး အပြီးမှာ ကျား-မ တန်းတူညီမျှရေး မူဝါဒ တခုကို သဘောတူ အတည်ပြုနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ဖဒိုစောကွယ်ထူးဝင်းက ဧရာဝတီသို့ ပြောသည်။ သို့သော်လည်း တကြိမ်တည်းနှင့် ပြည့်စုံလိမ့်မည် မဟုတ်ဘဲ နောက်ထပ် ဆွေးနွေးမှုများ လိုအပ်လိမ့်မည်ဟု သူက ဆိုသည်။ ဖဒိုစောကွယ်ထူးဝင်းသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား အဖွဲ့တခု ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ ဒုတိယ ဥက္ကဌဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ် ကတည်းက ပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။

“လာမယ့် အခြေခံဥပဒေသစ်မှာ ကျားမတန်းတူ ညီမျှမူဝါဒတရပ် ပါလာနိုင်တယ်လို့ ကျမထင်တယ်” ဟု ရန်ကုန်တိုင်း အစိုးရ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဆိုသည်။ အမျိုးသမီးများက ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးတွင် ညှိနှိုင်းရေး အပါအဝင် ကဏ္ဍအများအပြားတွင် ပါဝင်ဆောင်ရွက်ပေးနိုင်ကြောင်း၊ သို့သော်လည်း ထိုသို့ဖြစ်လာရန်အတွက် လမ်းဖွင့်ပေးသည့် ပတ်ဝန်းကျင် တခုလိုအပ်ကြောင်း သူက ဧရာဝတီသို့ ပြောသည်။

“”အမျိုးသမီးတွေက လုပ်ခွင့် နေရာမရသေးလို့။ နေရာပေးရင် ပိုလုပ်နိုင်တယ်။ အမျိုးသမီးတွေ များလာရင် ငြိမ်းချမ်းရေးက ပိုနီးလာမယ်လို့ ကျမထင် တယ်” ဟု နော်ပန်းသဉ္ဇာမျိုးက ဆိုသည်။

ကျား-မ တန်းတူညီမျှရေး ကို ဆွေးနွေးသင့်သည်မှာ ကြာပြီ ဖြစ်ကြောင်းလည်း အချို့က ပြောသည်။

“ကျားမ တန်းတူရေး ကို ဆွေးနွေးတာ ကျနော်တို့ နိုင်ငံက တအားကို နောက်ကျ နေတယ်။ အဓိက ကျတဲ့ ကဏ္ဍတခု ဖြစ်တယ်” ဟု နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်တဦး အနေဖြင့် ညီလာခံသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဒူဝါခက်ထိန်နန် ကပြောသည်။ သူက စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ ကချင်ပြည်နယ် (စဒက) ၏ ဥက္ကဌဖြစ် သည်။

ဇူလိုင်လ ၁၀ ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တစောင်တွင် ငြိမ်းချမ်းရေးအတွက် ကျား-မ တန်းတူရေး မဟာမိတ်အဖွဲ့(AGIPP) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တွင် ကျား-မ တန်းတူညီမျှမှု မူဝါဒတရပ် ချမှတ်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်နှင် လုံခြုံရေး စသည့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်နှင့် ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ၏ ကိုယ်စားပြုမှု မြင့်မားလာစေရန်၊ အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်လာရေးဆိုင်ရာ မူဝါဒ ချမှတ်ရန်၊ ကျား-မ တန်းတူရေးကို အာမခံသည့် ရွေးကောက်ပွဲစနစ်နှင့် ကိုတာစနစ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းရန်၊ စစ်ပွဲများနှင့် ပဋိပက္ခ ဖြစ်ပွားရာဒေသများအပါအဝင် အခြေအနေ အမျုးိမျိုးရှိ အမျိုးသမီးများနှင့် ကလေးသူငယ်တို့၏ ဘဝလုံခြုံမှု အာမခံချက်ရှိစေရေးအတွက် ကျား-မ ရေးရာ အခြေပြု အကြမ်းဖက်မှုများအား ထိရောက်စွာ ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် ရန် အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

နစ်နာသူအမျိုးသမီးများအတွက် တာဝန်ယူမှု တာဝန်ခံမှုများရှိသော၊ အမှန်တရားနှင့် တရားမျှတမှု ရရှိရေး မူဝါဒချမှတ်ရန် နှင့် လိင်နှင့် လိင်စိတ်ခံယူမှု ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံမှုများ မရှိစေရေး မူဝါဒချမှတ်ရန် လည်း တိုက်တွန်း ခဲ့သည်။

“ကျား-မရေးရာဆိုတဲ့ဟာကို အရေးမကြီးဘူးလို့ ထင်တဲ့သူတွေ ရှိတယ်။ ဘာကြောင့် အရေးကြီးလဲဆိုရင် ကျားမ ရေးရာ မညီမျှမှုတွေ ကျမတို့မှာ အများကြီးရှိတယ်” ဟု AGIPP အဖွဲ့ဝင် တခုဖြစ်သော ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက် မှ ထန်းကိုင်နောင်းက ပြောသည်။

“မြန်မာနိုင်ငံမှာ ဓလေ့ ထုံးတမ်းတွေအရ သော်လည်းကောင်း ဘာသာရေးအရသော်လည်းကောင်း ကျား-မ ကွဲပြားမှုအပေါ် တောက်လျှောက် ခွဲခြား ဆက်ဆံမှုတွေ ရှိတဲ့အခါ ကျမတို့က ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာမှပဲ မူဝါဒတွေ ချမှတ်ခွင့်ရမယ်။ နောက်တခုက ဥပဒေ တွေ၊ အမျိုးသမီးတွေကို အကာအကွယ်ပြုတဲ့ ဥပဒေတွေ ထွက်လာနိုင်မယ်။” ဟု သူက ထပ်ပြောသည်။

လူမှုအဖွဲ့အစည်းတွင် ကျား-မ တန်းတူ ညီမျှမှုကို လက်ခံရန် လိုအပ်ကြောင်းနှင့် အမျိုးသားများကလည်း ကူညီပြောဆိုပေးသင့်ကြောင်း ထန်းကိုင်နောင်းက ထပ်လောင်းပြောဆိုခဲ့သည်။

(အင်္ဂလိပ်ဘာသာဖြင့် Advocacy Groups Seek Gender Equality Policy တွင် ဖတ်ပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading