မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် ပါဝင်သော ကျား/မရေးရာ တန်းတူညီမျှရေး ကွန်ရက် (GEN) အတွင်း လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်မှု ဖြစ်ပွားနေကြောင်း သိရှိရသည်။
GEN သည် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ကျား/မရေးရာ တန်းညီမျှရေးတို့ အတွက် တက်ကြွလှုပ်ရှား ဆောင်ရွက် နေသည့် အဖွဲ့ဖြစ်ပြီး အဖွဲ့အစည်းအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ဖြစ်ပွားနေကြောင်း ဇူလိုင် ၁၆ ရက်တွင် GEN က ထုတ်ပြန်ချက် တစောင် ထုတ်ပြန်လိုက်သည်။
၂၀၀၈ ခုနှစ် မှစတင်၍ လှုပ်ရှား ဆောင်ရွက်ခဲ့သော GEN တွင် ပြည်တွင်းပြည်ပမှ NGO များ၊ CSO များနှင့် နည်းပညာ ဆိုင်ရာ ကျွမ်းကျင်သူများ စသည့် အဖွဲ့ဝင်ပေါင်း ၁၄၀ ကျော် ပါဝင်လျက် ရှိကြောင်း သိရသည်။
GEN ၏ ထုတ်ပြန်ချက်တွင် “ယခုအခါတွင် ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ အဖွဲ့ဝင်ဖြစ်သော အဖွဲ့တဖွဲ့မှ အဓိက တာဝန်ရှိ အကြီးအကဲတဦးသည် ဝန်ထမ်းအချို့နှင့် အဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွယ်သူ အမျိုးသမီးများ အပေါ် တွင် မလျော်သြဇာ အသုံးပြုကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများနှင့် ထိပါးနှောင့်ယှက်မှုများ ကျူးလွန်ကြောင်း၊ ထို့ အပြင် စီမံခန့်ခွဲမှုအတွက် တာဝန်ရှိသူအချို့တို့မှ ထိုသို့ကျူးလွန်မှုများကို မသိကျိုးကျွံပြုကာ တာဝန်ယူ ဖြေရှင်းပေးရန် ပျက်ကွက်မှုများ ရှိနေကြောင်း အသိပေး အကြောင်းကြားစာကို လက်ခံရရှိထားပါသည်”ဟု ဖော်ပြထားသည်။
ယင်းသို့ အသိပေး တိုင်ကြားမှုနှင့်ပတ်သက်၍ ကွန်ရက်အနေဖြင့် အမှန်တရား ပေါ်ပေါက်ရေးနှင့် လိုအပ်သော အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် တွေ့ကြုံခံစားခဲ့ရသူများ၏ သဘောဆန္ဒကို လေးစားကာ ဘက်လိုက်မှုမရှိ ခြွင်းချက်မရှိ ရပ်တည် ပံ့ပိုးဆောင် ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသတွင်း NGO တခုမှ အကြီးအကဲဖြစ်သူ (CEO)က ၎င်း၏ သင်တန်းသားများနှင့် ဝန်ထမ်း အမျိုးသမီးငယ်များ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် ထိပါးနှောင့်ယှက်မှုများ ပြုလုပ်နေကြောင်း နစ်နာသူများကိုယ်တိုင် ဖော်ထုတ် ရေးသား ထား မှုများ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် GEN က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
GEN အနေဖြင့် နစ်နာသူမိန်းကလေးများက အမျိုးသမီးရေး ဆောင်ရွက်ကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း အဖွဲ့များ အားလုံးထံ အီမေးလ်ဖြင့် အကြောင်းစာပေးပို့ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၅ ရက်တွင် လက်ခံရရှိခဲ့ကြောင်း GEN ၏ ဒါရိုက်တာဖြစ်သူ ဒေါ်မေစပယ်ဖြူက ပြောသည်။
“လက်ရှိမှာ စုံစမ်းစစ်ဆေးသွားဖို့ ဥပဒေကို နားလည်သူတွေ၊ ပူးပေါင်းပါဝင်လိုတဲ့ အဖွဲ့အစည်းတွေနဲ့အတူ ပြင်ဆင်နေပါ တယ်” ဟုလည်း ၎င်းက ပြောပြသည်။
ကျူးလွန်သည့် CEO ဆိုသူ၏ အမည်နှင့် အဖွဲ့အစည်းကို နစ်နာသူများဘက်က ယနေ့အချိန်အထိ တရားဝင်ထုတ်ဖော်ပြော ဆိုခြင်းမရှိသေးသကဲ့သို့ GEN ၏ ထုတ်ပြန်ချက်တွင်လည်း ထုတ်ဖော်ထားခြင်း မရှိသေးသည်ကို တွေ့ရသည်။
သို့သော်လည်း တချို့သောအကောင့်ပိုင်ရှင်များက စွပ်စွဲခံရသူ CEO ဆိုသူ၏ အမည်၊ အဖွဲ့အစည်းနှင့် အကောင့်လင့်ခ်များ ကို အဆင့်ဆင့်မျှဝေနေကြသည်ကို တွေ့ရသည်။ ယင်းအကောင့်ပိုင်ရှင်ဘက်ကမူ တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါ။
ယင်း CEO ဆိုသူ၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုခံရခြင်းကို Hnin Pwint ဟူသည့် အကောင့်ပိုင်ရှင်က ပထမဦးဆုံး ဖော် ထုတ်ရေးသားခဲ့ပြီးနောက် Zinmin Thu ဆိုသော အကောင့်ပိုင်ရှင်ကလည်း ၎င်းနှင့်တခြားတယောက်၏ ကိုယ်တွေ့ဖြစ်ရပ် များကို ဖော်ထုတ် ရေးသားခဲ့ကြခြင်း ဖြစ်သည်။
အကောင့်ပိုင်ရှင်များ၏ ဖော်ထုတ်ရေးသားမှုများအရ ယင်း CEO ဆိုသူသည် ၎င်းတည်ထောင်ထားသည့် NGO တွင် အ လုပ် ဝင်လုပ်သည့် ဝန်ထမ်း အမျိုးသမီးငယ်များ၊ သင်တန်းသူများအပေါ်တွင် စနောက်သည့်ပုံစံဖြင့် ဖက်ခြင်း၊ ပွေ့ချီခြင်း၊ ကြမ်းပြင်ပေါ်လှဲချကာ ကလိထိုးခြင်း စသည်ဖြင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နစ်နာသူ အမျိုးသမီးများ အနေဖြင့် ယခုကဲ့သို့ လူမှုကွန်ရက် စာမျက်နှာပေါ် လူသိရှင်ကြား ထုတ်ဖော် ပြရခြင်းသည် ၎င်းတို့ ကဲ့သို့ ရင်နာရသူများ၊ မသိနားမလည်၍ ခံရသူများ၊ အာဏာပါဝါကို အသုံးချပြီး အနိုင်ကျင့်ခံရသူများ ထပ်မံ မပေါ်ပေါက် စေလိုတော့၍ ဖြစ်ကြောင်းလည်း အကောင့်ပိုင်ရှင်များက ရေးသားဖော်ပြထားသည်။
“ကျမ ဒီကနေ ကျမရဲ့ဇာတ်ကြောင်းကို ပြောပါတယ်။ ကျန်တဲ့ညီမတို့ ခံရသူ၊ မြင်ခဲ့သူ၊ ကြားခဲ့သူတွေ ကိုယ့်ဇာတ်ကြောင်း ကို ပြောကြပါ။ ကျမတို့အသံဒီတခါ အလုပ်ဖြစ်မှဖြစ်မယ်။ မဟုတ်ရင် ဟိုအရင် ၅ နှစ်ကလို ဒုံရင်းက ဒုံရင်း ပြန်ဖြစ်သွားပါ လိမ့်မယ်” ဟု Zinmin Thu အကောင့်ပိုင်ရှင်က ရေးသားထားသည်ကို တွေ့ရသည်။
လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ဇာခြည်ညိမ်းက ယင်း CEO ဆိုသူ၏ လုပ်ရပ်သည် အလွန်ဆိုးရွားသည့် ကျင့် ဝတ် မဲ့မှုဖြစ်ပြီး GEN ၏ သတင်း ထုတ်ပြန်မှုကိုလည်း ဆက်လက် တွန်းအားပေးရမည်ဟု ပြောဆိုသည်။
“ဒီကနေ့ NGO လောကက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ဟိုးလေးတကျော် ပြောနေကြပေမယ့် ဘယ်သူလို့ တရားဝင် ထုတ် မပြောရဲကြသေးတာ ပါဝါအစ်ရှုးပဲ (ထင်သလို လုပ်ပိုင်ခွင့် ရထားသည့် ဖြစ်ရပ်)။ သိတဲ့လူတွေကလည်း ဘယ်လို ထုတ်ဖော် ရှုတ်ချ ရမှန်းမသိကြဘဲ အနေရခက်နေတုန်း။ မျက်နှာ နာစရာဖြစ်တာရော။ အမုန်း မခံချင်ကြတာရော။ ထုတ် ဖော် ပြောလိုက်ရင် ဘယ်လို အရေးယူကြမလဲ။ ထိထိ ရောက်ရောက် အရေးမယူနိုင်ဘဲ ထုတ်ပြောလိုက်ရင် တယောက်နဲ့ တယောက် မုန်းတာပဲ အဖတ်တင်မယ်လို့ တွေးကြတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။
GEN အနေဖြင့် တိကျသော သတင်းအချက်အလက် စုဆောင်း ရှာဖွေနေစဉ်အတွင်း လိုက်နာရမည့် ကျင့်ဝတ်တခု အနေဖြင့် ကျူးလွန်သူကို ထုတ်ဖော် မပြောနိုင်သေးခြင်း ဖြစ်ကြောင်း၊ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးသွားပါက နစ်နာ သူများအတွက် လုံခြုံစိတ်ချ၍ ရမည့် အနေအထားတခုကို ရောက်လျှင် ထုတ်ပြန်ပေးမည်ဟုလည်း ဒေါ်မေစပယ်ဖြူက ရှင်းပြသည်။
“ကျူးလွန်သူတွေဟာ ဘယ်သူပဲဖြစ်ဖြစ် ပါဝါဘယ်လောက် ရှိတဲ့သူတွေပဲဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှုဆိုတာ လုံးဝ လက်သင့်ခံလို့မရတဲ့ ကိစ္စပါ။ ဘယ်သူကပဲ ဘယ်သူ့ကို ကျူးလွန် ကျူးလွန် နစ်နာတဲ့ သူတွေကို ဘာအကြောင်းနဲ့မှ အပြစ်တင်စရာမရှိပါဘူး။ အခုလိုမျိုး ကျူးလွန်ခံရတဲ့ နစ်နာသူတွေက လူသိရှင်ကြား ပြောဆို နိုင် လာကြတာ ပြောဆိုရဲလာကြတာကိုပဲ ကျမတို့က အားပေးရမှာ ကူညီရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၇ နှစ်ကုန်ပိုင်းကလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြင့် PEN Myanmar ဒါရိုက်တာ အဖွဲ့ဝင်တဦးအား အရေးယူပေးရန် တိုင်တန်းခဲ့သော်လည်း ရုံးအဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကို ထိရောက်စွာ အရေးမယူနိုင်ခဲ့သည့် PEN Myanmar အနေဖြင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။