ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ၊ တတိယအစည်းအဝေး၏ နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲတွင် ကျားမဆိုင်ရာ တန်းတူညီမျှမှုသဘောတူညီချက် လေးရပ်အား လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အဆိုပါအချက်လေးချက်တွင် ကျား-မဆိုင်ရာအခြေပြုအကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် ဟူသော အချက်တချက်လည်း အပါအဝင်ဖြစ်ပါသည်။ သို့ဖြစ်ရာ ယခုဆောင်းပါးတွင် ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုအကြောင်းကို ဆွေးနွေးတင်ပြသွားပါသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်
၁၉၉၃ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှ “အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး” ကြေညာချက် Article (1)နှင့် (2)အရ ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုဆိုသည်မှာ “လူတဦး၏ လူမှု ဘဝတွင် သို.မဟုတ် ပုဂ္ဂလိကဘဝတွင် ထိုသူသည် အမျိုးသမီးဖြစ်ခြင်းကို အကြောင်းပြု၍ဖြစ်စေ၊ အမျိုးသား ဖြစ်ခြင်းကို အကြောင်းပြု၍ဖြစ်စေ မိမိ၏လွတ်လပ်မှုကို ထိပါးချိုးဖောက်စေရန် ခြိမ်းခြောက်ခံရခြင်း၊ အင်အားသုံး အနိုင်အထက်ပြုကျင့်ခံရခြင်း စသည့်လုပ်ရပ်များကြောင့် ကိုယ်ကာယအားဖြင့်ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အားဖြင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အားဖြင့်ဖြစ်စေ ဒုက္ခဝေဒနာ ခံစားရခြင်းကို ဖြစ်ပေါ်စေသော မည်သည့်အပြုအမူမျိုးကိုမဆို” ဆိုလိုသည်။
အကျုံးဝင်သော အပြုအမူများ
၁။ မိသားစုအတွင်း ကိုယ်ထိလက်ရောက်အားဖြင့် သော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာအားဖြင့် သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း ကျူးလွန်လေ့ရှိသော အကြမ်းဖက်မှုများ (ထုထောင်းရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်း၊ အိမ်ထောင်စုအတွင်း ကလေးသူငယ် များကို လိင်ကိစ္စတွင်အသုံးချခြင်း၊ သတို့သမီးက သတို့သားဘက်သို့ သတို့သားကြေး ပေးအပ်ရခြင်း ဓလေ့ဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်ထောင်ဖက်ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း၊ မလိင်အင်္ဂါ ဖြတ်တောက်ခြင်းနှင့် အခြားသော အမျိုးသမီးများကို ထိခိုက်ခံစားရစေသည့် ဓလေ့ထုံးတမ်း အစဉ်အလာများ၊ အိမ်ထောင်ဖက်မဟုတ်သူ၏ အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်ခြင်းနှင့် ဆက်စပ်နေသော အကြမ်းဖက်မှုများ)
၂။ လူမှုအသိုင်းအဝိုင်းအတွင်း ဖြစ်ပွားလေ့ရှိသော ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှု၊ လိင်ပိုင်း ဆိုင်ရာကျူးလွန်စော်ကားမှုနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ (မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ အလုပ်ခွင်နှင့် ပညာရေးအင်စတီကျူးရှင်းများတွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနှင့် ခြိမ်းခြောက်ခံရမှုများအပြင် အမျိုးသမီးများအား လူမှောင်ခိုကူးခြင်းနှင့် လိင်လုပ်သားအဖြစ် အတင်းအကျပ် စေခိုင်းခံရခြင်း)
၃။ ကိုယ်ကာယအားဖြင့်ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာအားဖြင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်ဖြစ်စေ အကြမ်းဖက်မှုများကို နိုင်ငံနှင့် နိုင်ငံအင်စတီကျူးှရှင်းများက လျစ်လျူရှုထားခြင်း
ထိခိုက်ခံစားရသူများ
ကလေးငယ်များ၊ အထူးသဖြင့် မိဘနှင့် အတူမရှိကြသည့် ကလေးငယ်များ၊ မွေးစားကလေးများ
ယဉ်ကျေးမှုအရ အဆင့်နိမ့် ဒုတိယတန်းစားအဖြစ် သတ်မှတ်ခံကြရသူအမျိုးသမီးများ
အမျိုးသားတို့၏ အကာအကွယ်မရကြသည့် စောင့်ရှောက်သူမဲ့ အမျိုးသမီးများ
အိမ်ထောင်ဦးစီး တာဝန်ယူထားကြသည့် တကိုယ်တည်းနေအမျိုးသမီးများ
စိတ်ပိုင်းအရဖြစ်စေ ၊ ရုပ်ပိုင်းအရဖြစ်စေ မသန်စွမ်းသည့် အမျိုးသား၊ အမျိုးသမီးများ
စီးပွားရေးအရချိနဲ့နွမ်းပါးကြသူများ
အငယ်တန်းဝန်ထမ်းများ၊ ကျောင်းသားများနှင့် အသိုင်းအဝိုင်းတခုအတွင်းရှိ အခွင့်အရေးရရှိမှု နည်းပါးသူများ
ဘာသာရေး၊ လူမျိုးရေး လူနည်းစုအုပ်စုများ
ဒေသတွင်းရွှေ့ပြောင်းခံရသည့် ခိုလှုံခွင့် တောင်းခံသူများ
သုတေသနစစ်တမ်းများ
တောင်အာဖရိကတွင် ခန့်မှန်းခြေ ၈၃ စက္ကန့်မှာ အမျိုးသမီးတဦး မတရားပြုကျင့် ခံနေရပါသည်။ အပြုခံရသူဦးရေ ၂၀ ဦးတွင် တဦးသာ ရဲကိုတိုင်ကြား နိုင်ခဲ့သည့်အတွက် မတရားပြုကျင့်ခံနေရသူ အားလုံး၏ ၅% သာ ဥပဒေ အကာအကွယ်ရယူနိုင်ခဲ့သည်ဟု ယူဆရပါသည်။
ကာရေဘီယန်နိုင်ငံသူ အမျိုးသမီးများကို စစ်တမ်းကောက်ယူလေ့လာချက်များအရ ၄၈% သော အမျိုးသမီးများ၏ ပထမဆုံးအကြိမ် လိင်ဆက်ဆံမှုသည် အနိုင်အထက်ပြုကျင့်ခံရခြင်းဖြစ်သည်ဟု ဖွင့်ဟ ပြောဆိုခဲ့ကြပါသည်။
အာဖရိကတွင် သန်း ၉၀ ကျော်သော အမျိုးသမီးကြီးများနှင့် မိန်းမငယ်များသည် မလိင်အင်္ဂါ ဖြတ်ထုတ်ခြင်း ခံခဲ့ရပါသည်။
ကနေဒါနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ယူကေနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ အစ္စရေးနိုင်ငံ၊ ကင်ညာနိုင်ငံ၊ ယူဂန်ဒါ နိုင်ငံ များတွင် ၁၉၈၆ မှ ၁၉၉၇ အတွင်း လေ့လာချက်အရ အမျိုးသမီးများ၏ ၁၆% မှ ၄၁% သည် အမျိုးသားများ၏ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံခဲ့ကြရပါသည်။
အမေရိကန်နိုင်ငံမှ အရွယ်ရောက်ပြီး အမျိုးသမီးများ၏ပြောကြားချက်အရ ၎င်းတို့ အတွင်းမှ ၁၄.၈% သော အမျိုးသမီးများသည် မုဒိန်းမှုများ၏ သားကောင်များ အဖြစ်ခံခဲ့ရပါသည်။ ၂.၈% သော အမျိုးသမီးများ သည်လည်း အထမမြောက်သော အဓမ္မပြုကျင့်မှုကိုခံခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ စော်ကားရန်ကြံစည်မှုများ၏ သားကောင်များ ဖြစ်ခဲ့ရပါသည်။
ကနေဒါနိုင်ငံ၏ တနိုင်ငံလုံးရှိ အရွယ်ရောက်ပြီး ၁၂၃၀၀ သော အမျိုးသမီးများ၏ ၂၅% သည် ၎င်း တို့လက်ရှိပေါင်းသင်းနေသော အမျိုးသားနှင့် အိမ်ထောင်ဟောင်းများ၏ နိုင်ထက်ပြုကျင့်မှုကို ခံခဲ့ရပါသည်။
ဇင်ဘာဘွေနိုင်ငံ၏ ဟာရေးမြို့တရားရုံးချုပ်တွင် အိမ်တွင်းအကြမ်းဖက်မှုသည် လူသက်မှုထက် ၆၀%ကျော် ပိုမိုများပြားသည်ဟု တွေ့ရှိရပါသည်။
၁၉၇၁ ခုနှစ်တွင် ဖြစ်ပွားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းပဋိပက္ခ၌ အရပ်သားအမျိုးသမီးများ နှင့် အမျိုးသမီးငယ်၂သိန်းကို လိင်ပိုင်းဆိုင်ရာ သားကောင်များအဖြစ် အသုံးပြု၍ ပါကစ္စတန် စစ်သားများမှ စစ်ရေးအရ အသုံးချသည်ကို ခံခဲ့ရပါသည်။
ကျား-မရေးရာအခြေပြု အကြမ်းဖက်မှုဖြစ်ရခြင်းအကြောင်းရင်းများ
အမျိုးသမီးများအား အမျိုးသားများ နှင့် လူ့အစုအဝေးများမှ မလေးစားခြင်း၊ အသိအမှတ် မပြုခြင်း
လူသားအားလုံး၏ လူ့အခွင့်အရေးဆိုင်ရာသာတူညီမျှမှုကို ယုံကြည်မှုမရှိခြင်း
ယဉ်ကျေးမှု/လူမှုစံနှုန်းများမှ ကျား-မ မညီမျှမှုများ
အမျိုးသမီးများနှင့် အမျိုးသမီးများ၏အလုပ်များကိုတန်ဖိုးထားမှုအားနည်းခြင်း
အရက်နှင့် မူးယစ်ဆေးဝါးတလွဲသုံးစွဲခြင်း
ဆင်းရဲမွဲတေခြင်း
အစားအသောက်၊ လောင်စာ၊ ထင်း၊ ပုံမှန်ဝင်ငွေများ ရှာဖွေရခြင်းကအမျိုးသမီးများကို သီးခြား ဖြစ်နေစေခြင်း
ပျင်းရိလေးတွဲခြင်း၊ ဝန်ဆောင်မှုအားနည်းခြင်း၊ လုပ်ဆောင်မှုများ၊ အစီအစဉ်များ။
ရှေးရိုးစွဲလူ့အစုအဝေးကျဆုံးခြင်း နှင့်် မိသားစုအထောက်အပံ့များ
ဘာသာတရား၊ ယဉ်ကျေးမှု၊ မိသားစုယုံကြည်မှုများနှင့် ကျင့်သုံးမှုများ
ပတ်ဝန်းကျင်နှင့် ဒေသဆိုင်ရာ (ရာဇဝတ်မှု များပြားသောနေရာ)
ကျားမရေးရာအခြေပြု အကြမ်းဖက်မှုများအား ဆန့်ကျင်သောဥပဒေများမရှိခြင်း
လုံခြုံရေးမှအကာအကွယ်ပေးမှုအားနည်းခြင်း
တရားစီရင်ရေးနှင့် ဥပဒေများက ကျားမရေးရာအခြေပြုအကြမ်းဖက်မှုများကို အလေးထားမှုမပြုခြင်း
မိသားစုတွင်းနှင့် လူ့အစုအဝေးအတွင်းအမျိုးသားများ၏ အခန်းကဏ္ဍလျော့ကျခြင်း
စစ်ပွဲသုံးလက်နက်များ၊ အာဏာ၊ ထိန်းချုပ်မှုများ၊ ကြောက်ရွ့ွံမှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ စသော နိုင်ငံရေးအကြောင်းပြချက်များ
ကျားမရေးရာအခြေပြုအကြမ်းဖက်မှု၏ နောက်ဆက်တွဲဆိုးကျိုးများ
ထိခိုက်ဒဏ်ရာရမှု၊ ကိုယ်လက်အင်္ဂါချို့ယွင်းမှု၊ အသက်သေဆုံးမှု၊ လိင်ကြောင့်ကူးစက်ရောဂါများခံစားရခြင်း နှင့် ခုခံအားကျဆင်းသည့်ရောဂါ (AIDS)၊ မျိုးပွားအင်္ဂါစနစ် ထိခိုက်ဒဏ်ရာရမှုများတွင် ဓမ္မတာဆိုင်ရာ ရောဂါများ၊ ကလေးမွေးဖွားခြင်းဆိုင်ရာပြသနာများ၊ ကူးစက်ရောဂါများ၊ အချိန်မတန်ဘဲ ကလေးမွေးဖွားခြင်း၊ အလိုမရှိဘဲကိုယ်ဝန်ရရှိခြင်း၊ အသက်အန္တရာယ်ဖြစ်စေနိုင်သော ကိုယ်ဝန်ဖျက်ချခြင်းတို့ ပါဝင်သည်။
မလိင်အင်္ဂါ အစိတ်အပိုင်းဖြတ်တောက်ခြင်းမှတဆင့် ရှော့ခ်ရသွားခြင်း၊ ရောဂါပိုးဝင်ခြင်း၊ သွေးထွက်လွန် ခြင်းနှင့် အသက်သေဆုံးခြင်းအထိ ဖြစ်ပွားနိုင်သည့်အပြင် ရေရှည်ဆိုးကျိုးများအနေဖြင့် ဒေါသကြီးခြင်း၊ အကြောက်လွန်ခြင်း၊ ခါးသီးခြင်း၊ မိမိကိုယ်ကိုရွံမုန်းခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစားရစေနိုင်သည်။
ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ မကျေမချမ်းဖြစ်မှုများနှင့် မိမိကိုယ်ကိုယ်ဖန်းတီးခြင်း အစရှိသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများ။
ရှက်ရွံ့ခြင်း၊ မလုံခြုံမှု၊ နေ့စဉ်လုပ်ငန်းဆောင်တာများကိုဆောင်ရွက်နိုင်စွမ်းမရှိတော့ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် အထီးကျန်မှုခံစားရခြင်း။
မအိပ်နိုင် မစားနိုင်ဖြစ်ခြင်း။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း နှင့် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း။ အတင်းအဖျင်းများ၊ ထိခိုက်ခံစားရသူနှင့်ပတ်သက်၍ ဝေဖန်မှုများပြလုပ်ခြင်း၊ ထိခိုက်ခံစားရသူအား အပြစ်တင်ခြင်း၊ ထိခိုက်ခံစားရသူအား လူမှုအသိုင်းအဝိုင်းမှ ဖယ်ကျဉ်ထားခြင်း။
ဥပဒေဆိုင်ရာစနစ်ကို လက်လှမ်းမမီခြင်း၊ တည်ဆဲဥပဒေများကို မသိ နားမလည်ခြင်း၊ အသင့်တော်ဆုံး ချဉ်းကပ်မှုလမ်းကြောင်းများ (ဥပမာ- ရာဇဝတ်မှု ဆိုင်ရာ၊ ဓလေ့ထုံးတမ်းဆိုင်ရာ စသည်ဖြင့်)နှင့် ပတ်သက်ပြီး ရေရာသေချာမှုမရှိခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုနှင့်ပတ်သက်ပြီး အမည်းစက်စွန်းထင်းခံရမှုများကြောင့် ထိခိုက်ခံစားရသူမှ တိုင်တန်းရန်တွန့်ဆုတ်ခြင်း။ ရဲစခန်း/တရားရုံးပိုင်းဆိုင်ရာ အရင်းအမြစ်များအခက်အခဲနှင့် ဝန်ထုတ်ဝန်ပိုးများ ရှိနေခြင်း။ တရားသူကြီးများမှလည်း စွဲတင်လာသော ပြဿနာအား အလေးထားမှု မရှိခြင်း။ ထိခိုက်ခံစားရသူမှ ကုန်ကျစရိတ်ကျခံရခြင်း။
ထိခိုက်ခံစားရသူ(victim)များသည် ဘေးမကင်းခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ ပူပန်ကြောင့်ကြခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ အမျိူးသမီးထု လွတ်လပ်မှုဆုံးရှုံးခြင်း၊ လူသားလုံခြုံမှု၏ သိမြင်နားလည်မရှိခြင်းတို့ကို ခံစားကြရသည်။ ထို့ပြင် လူမှုဘောင်အတွင်း အမျိူးသမီးများ၏ အသံများနည်းပါးခြင်းမှာလည်း ဖြစ်ပွားလေ့ ရှိသည်။ ကျောင်းသွားရာနှင့်အလုပ်သွားခြင်းတို့၌ စိုးရိမ်စိတ် မြင့်မားခြင်းသည်လည်း အပါအဝင်ဖြစ်သည်။
တုန့်ပြန်ဆောင်ရွက်နိုင်မှု (Response)
တုန်.ပြန်လုပ်ဆောင်မှုဟူသည် ကျား-မရေးရာ အခြေပြုအကြမ်းဖက်မှုများ၏ အန္တရာယ်ရှိသော နောက်ဆက်တွဲဆိုးကျိုးများကိုလျှော့ချရန် ဝန်ဆောင်မှုများနှင့် အထောက်အပံ့များကို ပံ့ပိုးပေးခြင်းဖြစ်သည်။
ဘေးအန္တရာယ်မှ လွန်မြောက်လာသူများကို အကူအညီပေးခြင်း/အထောက်အပံ့ ပေးခြင်း
ပြစ်မှုကျူးလွန်သူများအား သင့်လျော်သောအကျိူးဆက်စီမံပေးရန်
ဘေးအန္တရာယ်မှ လွန်မြောက်လာသူများနှင့် အသိုင်းအဝိုင်းအတွက် လုံခြုံမှုပြန်လည်ရရှိရန်/ထိန်းသိမ်းရန်
တုန့်ပြန်ဆောင်ရွက်မှု အခန်းကဏ္ဍနှင့် နယ်ပယ်များမှာ ကျန်းမာရေးဝန်ဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးမှုများ၊ စိတ်ပိုင်းနှင့်ခံစားမှုပိုင်းဆိုင်ရာထောက်ပံ့ပေးမှုများ၊ လူမှုဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေမှု၊ တရားစီရင်ရေး၊ တရားဝင်ဖြစ်မှုနှင့်ထုံးတမ်းစဉ်လာဖြစ်မှု
နိဂုံး
ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုများသည် လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို အကျည်းတန်စေပါသည်။ ယခုအခါတွင် အဆိုပါအကြမ်းဖက်မှုများအား ကာကွယ်နိုင်ရန် လိုအပ်သည့် မူဝါဒများ ချမှတ်နိုင်ရေးအတွက် ၂၁ ရာစုပင်လုံ၊ တတိယအစည်းအဝေးတွင် ပြည်ထောင်စုမူအစိတ်အပိုင်း ၂ ၏ အချက်တချက်အဖြစ် ပါဝင်လာပြီဖြစ်ရာ ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုများအား ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးမူဝါဒများအား အလျင်အမြန်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။