Women & Gender

သေဆုံး တအန်းစစ်သမီးများကို တပ်မတော်က လိင်ပိုင်းစော်ကားမှုပြုခဲ့ဟု WLB ပြော

မန်တုံမြို့နယ်၊ အွယ်လောကျေးရွာအနီး သတ်ခံခဲ့ရသည့် တအန်းဆေးမှူးအမျိုးသမီး ၆ ဦးမှာ မသေဆုံးခင် တပ်မတော်သားများ၏ လိင်ပိုင်း ဆိုင်ရာ စော်ကားမှုများ ပြုလုပ်သည်ကို ခံခဲ့ရသည်ဟု အမျိုးသမီးများ အဖွ့ဲချုပ် – မြန်မာနိုင်ငံ (WLB) က ပြောသည်။

WLB မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ဖြစ်သည့် နော်ဆဲဆဲက “ ကျမတို့ အနည်းဆုံးတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့တော့ ယူဆလို့ ရတယ်။ ဥပမာ အင်္ကျီတွေ ဘောင်းဘီတွေ ချွတ်ထားတာ။ ခန္ဓာကိုယ်ရဲ့ ရင်သားမှာ သေနတ်တွေနဲ့ ထိုးထားတာတွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်တယ်” ဟုပြောသည်။

တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) မှ ဆေးမှူးစစ်သမီး ၆ ဦးတို့သည် ဇူလိုင်လ ၁၁ ရက်တွင် သတ္တုတူးဖော်ရေးကုမ္ပဏီတခုမှ ကားများကို လမ်းကြုံလိုက်စီးလာရာ လမ်းတွင် တပ်မတော် စစ်ကြောင်း များနှင့် တွေ့ပြီး တိုက်ပွဲများ ဖြစ်ပြီးပွားနောက် ဇူလိုင်လ ၁၄ ရက်တွင် အလောင်းများကို မြေကျင်းတခုတွင် စုပြုံမြှုပ်နှံ ထားသည်ကို ဒေသခံများက ပြန်လည်တူးဖော်ရရှိခြင်း ဖြစ်သည်။

အလောင်းများကို ပြန်တွေ့ရာတွင် အမျိုးသမီး ၆ ဦးအနက် ၂ ဦးမှာ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ၊ သေနတ် ဖြင့် ပစ်ခတ်ခံထားရပြီး ကျန် ၄ ဦးမှာ သေနတ်ဒဏ်ရာများ မတွေ့ရဘဲ ဓားများဖြင့် မွှန်းထားသည့် ဒဏ်ရာများ၊ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများအပြင် ထိုအမျိုးသမီးများ ဝတ်ဆင်ထားသည့် အကျီ၊ ဘောင်းဘီနှင့် ထဘီ များ ချွတ်ထားသည်ကိုလည်း တွေ့ရသည်ဟု ဒေသခံများထံမှ သိရပြီး ဓာတ်ပုံမှတ်တမ်းများတွင်လည်း တွေ့ရသည်။

နော်ဆဲဆဲက “တိုက်ပွဲတော့ နည်းနည်းဖြစ်သွားတယ်။ ဒါပေမယ့် သူတို့ ၂ ရက်ခေါ်သွားတယ်။ နှိပ်စက် ညှင်းပန်းတယ်။ ပြီးမှ မြေမြှုပ်တာ ဖြစ်တယ်။ မုဒိမ်းကျင့်တာလို့လည်း ကျမတို့ ယူဆတယ်။ ဒါပေမယ့် ကျမတို့ စစ်ဆေးမှုတွေ မလုပ်ခဲ့လို့ သေသေချာချာ မဖော်ပြရဲတာပါ”ဟု ဆိုသည်။

WLB သည် အလောင်းများကို ပြန်လည်တူးဖော်ခဲ့သည့် မျက်မြင်သက်သေ ဒေသခံများထံမှ သတင်းအချက် အလက်များ ရယူထားပြီး ဓာတ်ပုံမှတ်တမ်း သက်သေများအရ တိကျခိုင်လုံသည့် အချက်အလက်များအရ ပြောဆိုခြင်း ဖြစ်သည်ဟုလည်း နော်ဆဲဆဲက ဆိုသည်။

ဆက်လက်၍ နော်ဆဲဆဲက “ သူတို့ ရက်ရက်စက်စက် လူမဆန်စွာ မသတ်ခင်မှာ နှိပ်စက်တယ်။ သေနတ်ထိပ် က သေနတ်စွပ်တွေနဲ့ ဗိုက်မှာ ထိုးထားတယ်။ နောက် အကျီဘောင်းဘီ အကုန်ချွတ်ထား တာလည်း တွေ့တယ်။ ပြီးရင် ဒဏ်ရာ တော်တော်များများပဲ။ ခေါင်းဆိုရင် ပိုးစိုးပက်စက် ကွဲတာရှိတယ်။ ခန္ဓာကိုယ် တကိုယ်လုံးမှာ နှိပ်စက်ထားတယ်”ဟု ပြောသည်။

WLB ၏ ပြောဆိုချက်နှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။

တအန်းအမျိုးသမီးအဖွဲ့ (TWO) ၏ သတင်းမှတ်တမ်းနှင့် သုတေသန တာဝန်ခံ လွေးပိုးကမီခေးလ်ကလည်း “ ကျမတို့ အတည်ပြုလို့ ရတာက အမျိုးသမီးဆေးမှူး ၆ ဦးကို တပ်မတော်၊ တပ်မ ၈၈ ဘက်က ဖမ်းပြီး သတ်ဖြတ်ခဲ့တယ်။ အစုလိုက် အပြုံလိုက် မြေမြှုပ်ခဲ့တယ်”ဟု ပြောဆိုထားသည်။

TWO ကလည်း ၎င်းတို့ ရရှိထားသည့် သတင်းအချက်အလက်များအရ ဆေးမှူးအမျိုးသမီး ၆ ဦးသည် အသက်ရှင်လျက် ဖမ်းခံရပြီးမှ သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဇူလိုင်လ ၁၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နမ့်ခမ်းမြို့နယ်၊ နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အပေါ် သတင်းထုတ်ပြန်ခြင်း ဟူသည့် ကြေငြာချက်တခု ထုတ်ပြန်ခဲ့ပြီး ထိုထဲတွင် ဇူလိုင်လ ၁၁ရက်က တိုက်ပွဲ ဖြစ်ပြီးနောက် အကြမ်းဖက်သောင်းကျန်းသူများဘက်မှ ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသားအလောင်း ၃ လောင်းနှင့် အမျိုးသမီး အလောင်း ၅ လောင်းကို M-22 သေနတ် ၂လက်၊ M-21 သေနတ် ၁လက်၊ ကျည်အိမ် ၈ ခု၊ ကျည် ၁၃၂ တောင့်၊ စစ်သားများ တယောက်သုံးလက်နက်ပစ္စည်းများ ထည့်သည့် အီကွေ့မင့် ၈စုံ နှင့် တရုတ် လက်ပစ်ဗုံး ၃လုံးတို့ သိမ်းဆည်းရမိကြောင်း ရေးသားထားသည်။

တိုက်ပွဲဖြစ်ပွားပြီး ညနေ ၅ နာရီတွင် ရုပ်အလောင်းများကို ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့သည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ရေးသားထားသည်။

TNLA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကလည်း ၎င်းတို့၏ ဆေးမှူး အမျိုးသမီး ၆ ဦးမှာ အသက်ရှင်လျက် ဖမ်းဆီးခံရပြီးမှ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။

၎င်းတို့၏ ဆေးမှူး စစ်သမီး ၆ဦး သတ်ဖြတ်ခံရခြင်းမှာ ဂျနီဗာကွန်ဗန်းရှင်း၏ ပြဌာန်းချက် အမှတ် (၃) ပါ အချက်များကိုလည်း ချိုးဖောက်ခြင်း ဖြစ်ပြီး တဖက်တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်နေချိန်လည်း ဖြစ်သဖြင့် အမှုကို စီစစ်ပြီး ဖော်ထုတ် အရေးယူပေးရန်လည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောဆိုထားသည်။

WLB က ဇူလိုင်လ ၂၇ ရက်တွင် ထုတ်ပြန်ချက် တစောင် ထုတ်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်မှာ စုံစမ်းစစ်ဆေးအရေးယူမှုများ ပြုလုပ်ရမည့် တာဝန် ပျက်ကွက်ခြင်းနှင့် လူမဆန်စွာ အသတ်ခံခဲ့ရသည့် အမျိုးသမီး ၆ ဦး၏ တရားဥပဒေ အကာအကွယ် ရပိုင်ခွင့်ကို မျက်ကွယ်ပြုခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

ထိုထုတ်ပြန်ချက်တွင် ဂျနီဗာကွန်ဗန်းရှင်း အပိုဒ် (၃) အရ တိုက်ပွဲတွင် မပါဝင်သည့် ပြည်သူများ၊ စစ်ဆက်မတိုက်သူများ၊ ဖမ်းမိသည့် စစ်သား (သို့) သုံ့ပန်း များကို သတ်ဖြတ် ညှင်းပန်းနှိပ်စက်ခြင်း မပြုလုပ်ရဟူသည့် အချက်ကို တပ်မတော်က ချိုးဖောက် ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅ ) အပိုင်း (၁၁) အရ အမျိုးသမီးများနှင့် ကလေးများအား လိင်အခြေပြု အဓမ္မပြုကျင့်မှု အပါအဝင် တိုက်ပွဲများအတွင်း ပြစ်မှုကျူးလွန်သူများ၊ လူမဆန် စွာ ကျူးလွန်သည့် ပြစ်မှုများ၊ လူမျိုးသုန်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများအတွက် အပြစ်ပေး အရေးယူရန် ဟူသည့် အချက်ကိုလည်း ချိုးဖောက် ကြောင်း WLB က ရေးသားထားသည်။

WLB ၏ သဘောထားထုတ်ပြန်ချက်တွင် တအန်းဆေးမှူးစစ်သမီး ၆ ဦး ညှင်းပန်းနှိပ်စက် ကာ သတ်ဖြတ်ခဲ့သည့် တပ်မတော်၏ လုပ်ရပ်ကို ကန့်ကွက်ရှုံ့ချကြောင်း ပြောဆိုသည်။

WLB က မည့်သည့် အခြေအနေမျိုးတွင်မဆို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အားလုံးကို လုံးဝ လက်သင့်မခံဘဲ ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ မည်သည့် အမျိုးသမီးကို မဆို အကြမ်းဖက်မှု၊ မုဒိမ်းမှုများ ကျူးလွန်ပါက ကျူးလွန်သူတိုင်းကို ဆန့်ကျင် ရှုံ့ချပြီး သက်ဆိုင်ရာ အစိုးရအာဏာပိုင်များမှ ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

လက်ရှိအချိန်သည် ငြိမ်းချမ်းရေးတည်ဆောက်နေဆဲ ကာလဖြစ်ပြီး ၂၁ရာစု ပင်လုံညီလာခံ ကျင်းပနေချိန်တွင် မုဒိမ်းမှု၊ လူသားမဆန် သတ်ဖြတ်မှုများပြုလုပ်ခြင်းက ငြိမ်းချမ်းရေးအကောင်အထည် ဖော်နေမှုများကို နှောင့်နှေးစေသည့်အပြင် တိုင်းရင်းသားလူမျိုးများ၏ ယုံကြည်မှုလည်း ပျက်ပြယ်စေကြောင်း၊ နိုင်ငံတကာမှ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း အစိုးရနှင့်တပ်မတော်ကို အရေးယူပေးရန် တိုက်တွန်းကြောင်း WLB က ဆိုသည်။

နော်ဆဲဆဲက “နိုင်ငံတကာတွေကိုလည်း ကျမတို့ တောင်းဆိုတယ်။ နိုင်ငံတကာတွေက ပိုပြီး ဖိအားပေးဖို့ စစ်ရာဇဝတ်မှုနဲ့ ပတ်သတ်တဲ့ နိုင်ငံတကာစံချိန်စံညွှန်းတွေကို ချိုးဖောက်တဲ့အပေါ်မှာ သေသေချာချာ ထည့်သွင်း စဉ်းစားပြီး အစိုးရတွေကို တပ်မတော်ကိုရော ဖိအားပေးဖို့ လိုပါတယ်”ဟုလည်း ပြောသည်။

WLBသည် ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် စတင် တည်ထောင်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်း တခုဖြစ်ပြီး ဒီမိုကရေစီအရေး၊လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးများ၏ အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့်များတွင် အမျိုးသမီးများ ပါဝင်မှှု မြှင့်တင်ရေး အတွက် ဆောင်ရွက်လျက် ရှိသည်။

WLB တွင် တိုင်းရင်းသားလူမျိုး အမျိုးသမီးအဖွဲ့အစည်း ၁၃ ခုလည်း အဖွဲ့ဝင် အဖြစ် ပါဝင်သည်။

Loading