၁၉၉၄ ခုနှစ်က Central African Republic (CAR) တွင် လူထုအလွှာစုံရှိ အမျိုးသား၊ အမျိုးသမီးများ တူညီသောအခွင့်အရေးရရန် အာမခံချက်ပေးထားပါသည်။ သို့ရာတွင် ဥပဒေအရ မည်သို့ပင် ပြဌာန်းပေမယ့် အမျိုးသမီးများအား ခွဲခြားဆက်ဆံသော ရှေးရိုးရာ အစွဲများကတော့ ကျေးလက်လူထု အများကြားတွင် အမြစ်တွယ်လျက်ရှိသေးသည်။
၁၉၉၆ ခုနှစ်တွင် အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်ခြင်း(Female Genital Mutilation)အား နိုင်ငံတော်ဥပဒေဖြင့် တားမြစ်ထားခဲ့သည်။ FGM အား ထောင်ဒဏ် ၁ လ နှင့် ၁ ရက် မှ ၂ နှစ်အထိနှင့် ငွေဒဏ် ၅,၅၀၁ မှ ၁၀၀,၀၀၀ francs (ငွေကြေးယူနစ်) ထိ ဖြစ်စေ ၊တစ်ခြားသော ပြစ်ဒဏ်များ ချမှတ်နိုင်သည်။ သို့ရာတွင် ၁၉၉၄-၁၉၉၅ ခုနှစ်များ အမျိုးသမီးငယ် ၅,၈၈၄ ဦးနှင့် အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အမျိုးသမီးများအား ကောက်ယူခဲ့သောလူဦးရေ နှင့် ကျန်းမာရေးဆိုင်ရာစစ်တမ်းများအရ ၄၃.၄ % သည် FGM ပြုလုပ်ခြင်းခံခဲ့ရသူများဖြစ်သည်။ အချက်အလက်ကွဲပြားမှုမှာ မြို့ပေါ်ဒေသများတွင် ၄၀ %၊ ကျေးလက်ဒေသတွင် ၄၆ % ရှိပြီးဒေသဆိုင်ရာများတွင် ၁၄ % မှ ၉၁ % ထိရှိသည်။ ဤသည်မှာတိုင်းရင်းသားလူမျိုးစုများကြား FGM ပြုလုပ်ခံရမှု ခြားနားချက်ကို ပြသနေသည်။
Banda နှင့် Mandjiaလူမျိုးစုကြားတွင် ၇၀ % အထက်တွင်ရှိပြီးGbaya, Haoussa နှင့် Sara ကြားတွင် လူဦးရေ တစ်ဝက်အောက်လောက်ကို FGM ပြုလုပ်ခြင်းခံရသည်။ Yakoma-Sango, Mboum, နှင့် Zandeဲ-Nzakaraလူမျိုးများကြားတွင် FGM ပြုလုပ်ခံရမှုမှာ ၅ % အောက်ရှိသည်။
လူဦးရေ နှင့် ကျန်းမာရေးဆိုင်ရာစစ်တမ်းအရ ၂၇ % သောမိန်းကလေးငယ် နှင့် အမျိုးသမီးများမှာ ဖြတ်တောက်ပြီးနောက် နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားခဲ့ရသည်ဟု တင်ပြခဲ့ကြောင်း မှတ်တမ်းရရှိခဲ့သည်။ ၆၅ % မှ သွေးထွက်လွန်ကြောင်း၊ ၄၀ % မှ နာကျင်မှု ခံစားရကြောင်း၊ ၁၇ % မှာဖျားနာခြင်းများရှိခဲ့ကြောင်း တင်ပြခဲ့ကြသည်။ သို့သော်လည်း FGM မှ အကျိုးဆက်အဖြစ် သေဆုံးခြင်းနှင့် နာတာရှည်ရောဂါများ ခံစားခဲ့ရသော မိန်းကလေးငယ်များ နှင့် အမျိုးသမီးများကိုမှတ်တမ်းတင်ထားခြင်းမရှိပေ။
World Health Organisation (WHO) မှ FGM သည် သွေးထွက်လွန်ခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ ကလေးမွေးရာတွင် ဆိုးကျိုးများခံစားရခြင်း၊ အသေမွေးခြင်း နှင့် မျိုးမပွားနိုင်ခြင်းစသည့် ဆိုးကျိုးများ ဖြစ်စေနိုင်သည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် ပြုလုပ်ပုံ အများစုမှာ လွန်စွာသန့်ရှင်းမှုမရှိခြင်း (မေ့ဆေး၊ ထုံဆေးမပါပဲ ပြုလုပ်ခြင်းကိုမဆိုထားနှင့်) ကြောင့် မိန်းကလေးငယ်များသည် ပြင်းထန်သော ကူးစက်ရောဂါများရရှိခဲ့ပြီး၊ တစ်ချို့ ကိစ္စရပ်များတွင် ဆေးကုသမှု မခံယူပါကသေဆုံးနိုင်ပါသည်။
၁၉၉၀ နှစ်လယ်လောက် ကတည်းက CAR တွင် အစိုးရ နှင့် အရပ်ဖက်အဖွဲ့အစည်းများသည် FGM ပပျောက်စေရန် ပူးပေါင်းကြိုးစားခဲ့ကြသည်။ အချက်အလက်များအရ ကြိုးပမ်းမှုများသည် ကောင်းမွန်သောသက်ရောက်မှုများရှိနေကြောင်း ပြသနေသည်။ ၂၀၀၀ ခုနှစ်၊ လူဦးရေ နှင့် ကျန်းမာရေးဆိုင်ရာ စစ်တမ်းပြီး ၅ နှစ်အကြာတွင်ပင် အစိုးရစစ်တမ်းများမှ FGM သည် ၃၆ % ထိ ကျဆင်းသွားကြောင်း မှတ်တမ်းရရှိခဲ့သည်။ နောင်တွင် UNICEF ၏ ၂၀၀၂ မှ ၂၀၀၇ ခုနှစ်အထိ ၁၅ နှစ်မှ ၄၉ နှစ်ကြားမိန်းကလေးငယ် နှင့် အမျိုးသမီးများကြား FGM ပြုလုပ်ခံရမှုမှာ ၂၆ % ထိကျဆင်းသွားကြောင်း ထပ်မံစစ်တမ်းရရှိခဲ့သည်။ အနည်းဆုံး ဖြတ်တောက်ခံရသောသမီးငယ် တစ်ယောက်ရှိသောအသက် ၁၅ မှ ၄၉ ကြားအမျိုးသမီးမှာ ၇ % ရှိခဲ့သည်။
FGM အားတိုက်ထုတ်ရန် အစိုးရ၏ စီမံကိန်းများတွင် သတင်းအချက်အလက်များ စုဆောင်းခြင်း နှင့် တွက်ချက်ခြင်း၊ လုပ်ငန်းအစီအစဉ်များချမှတ် တည်ဆောက်၍ အကောင်အထည်ဖော်ခြင်းတို့ ပါဝင်သည်။ ၁၉၉၆ ခုနှစ်ကတည်းက နိုင်ငံတော်အဆင့် လူဦးရေ နှင့် ကျန်းမာရေးဆိုင်ရာ စစ်တမ်းများတွင် FGM နှင့် ဆက်စပ်သောမေးခွန်းများ ပါဝင်သည့်အတွက် ဖြစ်စဉ်များအားနားလည်မှု အဆင့်အတန်း မြင့်တက်လာခဲ့ပြီး အစိုးရအနေဖြင့် ကူညီဖော်ထုတ်ရန် သင့်လျော်သောခြေလှမ်းများ စတင်နိုင်ခဲ့သည်။ အစိုးရသည် UNICEF နှင့် ချိတ်ဆက်၍ FGM တိုက်ထုတ်ခြင်း၏ ရလဒ်များအား ထင်သာမြင်သာရရှိရန် ညွှန်းကိန်းများစွာပါဝင်သော စစ်တမ်းသုံးခုကို ၁၉၉၄၊ ၂၀၀၀၊ နှင့် ၂၀၀၆ ခုနှစ်များတွင် ပြုလုပ်ခဲ့သည်။
၁၉၉၆ ခုနှစ်တွင် အစိုးရသည် အမျိုးသမီးများ၏ ကျန်းမာရေးကို ထိခိုက်စေသော ရိုးရာပြုလုပ်ချက်များအားဆန့်ကျင်သည့် အမျိုးသားရေးကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် မိန်းကလေးငယ် နှင့် အမျိုးသမီးများအား အန္တရာယ် ဖြစ်စေသော အကြမ်းဖက်ကိစ္စရပ်များအား ဆန့်ကျင်သည့် လုပ်ငန်းအစီအစဉ်များကို ဦးဆောင်သော အမျိုးသမီးများ တိုးမြင့်လာစေရန် အမျိုးသားရေးမူဝါဒ တခုချမှတ်ခဲ့သည်။ ၎င်းအား အကြိမ်ကြိမ် ဆန်းစစ်မှုများပြုလုပ်ခဲ့ကြပြီး ၂၀၀၇ ခုနှစ်တွင် လိင်အင်္ဂါဖြတ်တောက်ခြင်း အပါအဝင် အန္တရာယ်ရှိသောလိင်ပိုင်းဆိုင်ရာ နှင့် ကျား၊ မရေးရာ အကြမ်းဖက်မှုများအား ဆန့်ကျင်သည့် လေးနှစ် စီမံကိန်းအစီအစဉ်ကိုအတည်ပြုပေးခဲ့သည်။
အဓိကစိန်ခေါ်မှုမှာလူထု၏ အယူအဆအမြင်ကိုပြောင်းလဲရန်ဖြစ်သည်။ FGM အားတိုက်ဖျက်ရန် အဓိက အတားအဆီးမှာ ကလေးဘဝမှ အမျိုးသမီးအရွယ်ရောက်ဘဝသို့ကူးပြောင်းမှု မှတ်သားခြင်းဖြစ်ေ သာဘာသာရေးဆိုင်ရာ အထွတ်အမြတ်လုပ်ရိုးလုပ်စဉ် နှင့် အမျိုးသမီးအားယဉ်ကျေးမှုအရ နှင့် လူမှုပတ်ဝန်းကျင်တွင် လက်ခံစေခြင်းတို့ ဖြစ်သည်။ မိန်းကလေးငယ်နှင့် အမျိုးသမီးငယ်တစ်ယောက်သည် FGM ပြုလုပ်ထားခြင်းမရှိ ပါက တခြားမိန်းကလေးများမှ အပေါင်းအသင်းမလုပ်ခြင်း၊ ၎င်းအား ရိုင်းစိုင်းသော အမည်များပေးခြင်း၊ လူထုပတ်ဝန်းကျင်တွင် အရွယ်ရောက်ပြီး၊ အမျိုးသမီးများရရှိနိုင်သည့် အကျိုးရလဒ် အခန်းကဏ္ဍများမှ ပယ်ရှားခြင်းခံရမည်ဖြစ်သည်။ ရိုးရာအနေဖြင့် FGM ပြုလုပ်သော လူထုအသိုင်းအဝိုင်းကြားတွင် FGM မပြုလုပ်ထားသော မိန်းကလေးငယ်တယောက်အား အရည်အချင်းပြည့်မှီသော မည်သည့်ယောကျ်ားမှ မစဉ်းစားပေ။
ထို့ကြောင့် အစိုးရသည် ကျေးလက်ဒေသရှိ FGM နှင့်ပက်သက်သော အယူအဆများအား ပြောင်းလဲရန် အမျိုးသမီးနှင့် လူ့အခွင့်အရေးဆိုင်ရာ NGOs နှင့် ပူးပေါင်း၍ စည်းရုံးလှုံဆော်မှုများလုပ်ဆောင်ခဲ့သည်။ ၎င်းတို့ထဲမှ NGO တစ်ခုမှာအာဖရိကတလွှား ၂၈ နိုင်ငံတွင် လုပ်ငန်းလုပ်ဆောင်သော အာဖရိကနိုင်ငံများကြား ရိုးရာဓလေ့လုပ်ဆောင်ချက်များ ဆိုင်ရာကော်မတီ (Inter-African Committee on Traditional Practices (CIAF) ဖြစ်သည်။ CIAF သည် FGM ဆိုင်ရာ အန္တရာယ်များအား လူထုအသိပညာပေးခြင်းများစတင်ခဲ့သည့် Senegal မှ အမျိုးသမီးအုပ်စုမှ မတည်၍ (၁၉၈၄) ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး သက်ဆိုင်ရာဥပဒေများချမှတ်ရန် တိကျသေချာသောလုပ်ငန်းစဉ်ရှိရန် ဆုံးဖြတ်ချက်ချမှတ်သူများ အားဖိအားပေးခဲ့သည်။
CIAF ၏ လုပ်ငန်းဆောင်တာများမှာ-
• FGM ဆိုင်ရာ အန္တရာယ်များအားထင်သာမြင်သာစေရန် တအိမ်တက် တအိမ်ဆင်းနှင့် စုဝေး၍ အသိပညာပေးခြင်း။
• FGM အပေါ်တွင် ဥပဒေပြုသူများ၊ ကျန်းမာရေးလုပ်သားများ၊ လူငယ်များ၊ ဘာသာရေး နှင့် လူထုခေါင်းဆောင်များအား သင်တန်းပေးခြင်း။
• FGM ဖြစ်စဉ်များအား သင့်လျော်သော ဆိုင်ရာပိုင်ရာများအား တိုင်တန်းပေးခြင်း။
• FGMနှင့် ပက်သက်သော အသက်အပိုင်းအခြားအလိုက် ခံယူချက်များ၊ ဦးတည်ချက်များ၊ အယူအဆ နှင့် လက်တွေ့ လုပ်ဆောင်ချက်များအား သုသေသန ပြုခြင်းတို့ပါဝင်သည်။
CIAF သည် ၎င်းတို့၏ ဖိုရမ်များတွင် အမျိုးသားနှင့် လူငယ်များအား ပါဝင်လာစေရန် သီးခြားကြိုးစားပြီး အယူအဆများ ပြင်ဆင်ရန်နှင့် မကောင်းသောယဉ်ကျေးမှု လုပ်ဆောင်ချက်များအား ဖယ်ထုတ်ရန် ရည်ရွယ်၍ တိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်သည်။
CAR နိုင်ငံ၏လုပ်ငန်းဆောင်တာများတွင်
• Bangui နှင့် စီရင်စုများမှ တရားသူကြီးများ၊ ရှေ့နေများ၊ အရာရှိများ၊ ရဲဝန်ထမ်းများ နှင့် လူ့အခွင့်အရေး ကျွမ်းကျင်သူများ အပါအဝင် ဥပဒေပြုသူများအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပခြင်း။ အခမ်းအနားဖွင့်ပွဲအား မိသားစု နှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တရားရေး ဝန်ကြီးဌာနတို့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ တက်ရောက်သူများမှ ရိုးရာဓလေ့ဆိုင်ရာလုပ်ဆောင်မှုများ၏ အန္တရာယ်ရှိသော အကျိုးဆက်များဆွေးနွေးခဲ့ကြပြီး အစိုးရလုပ်ငန်းစီမံကိန်းများအတွက် အကြံပေးထောက်ခံပြောကြားချက်များပြုလုပ်ခဲ့ကြသည်။
• FGM ဆိုင်ရာ အန္တရာယ် အကျိုးဆက်များ နှင့် သက်ဆိုင်ရာ နိုင်ငံတကာ နှင့် ပြည်တွင်းဥပဒေရေးရာ မူဘောင်များအား NGOs များမှ အမျိုးသမီးများအား သင်တန်းများပေးခြင်း။ FGM အား ကာကွယ်ရန် စီမံကိန်းများအား တက်ရောက်သူများမှ အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ အစီအစဉ်နောက်ပိုင်းတွင် ယင်းအမျိုးသမီး ၁၆ ဦးမှတစ်ဆင့် နောက်ထပ် အမျိုးသမီး ၁၆၈ ဦးအားအလုပ်ရုံးဆွေးနွေးပွဲ ၆ ခုကျင်းပကာလိုအပ်သောပစ္စည်းကိရိယာ နှင့် အသိပညာဗဟုသုတများပေးကာ ၎င်းတို့ကိုယ်ပိုင် လူမှုပတ်ဝန်းကျင်တွင် ပြန်လည်သိရှိနားလည် စေပါသည်။
FGM ဆိုင်ရာသိသာထင်ရှားသော အသိပညာပေးလှုံဆော်မှုများ၊ အောင်မြင်မှုများရှိသော်လည်း ဥပဒေပိုင်းဆိုင်ရာ တွန်းအားပေးမှုမှာလိုအပ်နေသေးသည်။ ၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီမှ CAR အား FGM ပြစ်မှုဆိုင်ရာအရ အရေးယူရန် တွန်းအားများပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအရအရေးယူစေခဲ့သည်။ CAR ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော Marguerite Ramadan ၏ ပြောစကားမှာ “ရေဒီယို၊ TV ၊ သတင်းစာနှင့် လူထုပွဲအားလုံးတို့သည် ယင်းအန္တရာယ် ရှိသောလုပ်ရပ်အား ပိုမိုသိရှိလာစေရန် အကူအညီပေးပါသည်။ သို့သော်လည်းFGMအား လုံးဝပပျောက်သွားစေရန် ဥပဒေအားတွန်းအားပေးရန် ကျွနု်ပ်တို့ဘက်တွင် လုပ်ပိုင်ခွင့်ရှိရန် လိုအပ်ပေသည်။” ဟူ၍ ဖြစ်သည်။
လက်တွေ့လုပ်ငန်းဆောင်တာများတွင် လုပ်ပိုင်ခွင့်အာဏာနှင့် လုပ်နည်းလုပ်ဟန် စွမ်းရည်တို့ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မှုက အလွန်အရေးကြီးပါသည်။