ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ရဲစွမ်းသတ္တိပြောင်မြောက်စွာ ပါဝင်လှုပ်ရှားခဲ့တဲ့၊ အမှန်တရားနဲ့ တရားမျှတမှု အတွက် ရဲရဲတောက် ရပ်တည်နေတဲ့ အမျိုးသမီးခေါင်းဆောင် တဦးဖြစ်သူ မမီးမီးတယောက် သံသရာ ဘဝခရီးလမ်းကနေ စောလျင်စွာ ထွက်ခွာသွားခဲ့ပါပြီ။
မမီးမီးခေါ် မသင်းသင်းအေးဟာ ကဗျာဆရာအောင်ပွင့်ရဲ့ ဇနီးဖြစ်သူ နာရေးကို လိုက်ပါပို့ဆောင်ခဲ့ပြီး အပြန် ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့အနီးမှာ သူတို့စီးလာတဲ့ မော်တော်ယာဉ် မတော်တဆမှုဖြစ်ပွားပြီး သြဂုတ် ၁၃ ရက် ညနေ ၅ နာရီ ၂၀ မိနစ် မှာ ကွယ်လွန်သွားခဲ့တာပါ။
မမီးမီး ကွယ်လွန်ချိန်မှာ အသက် ၄၇ နှစ်ရှိပါပြီ။ ကွယ်လွန်ချိန်မှာ ခင်ပွန်းသည် ကိုလှမိုး၊ သမီးတယောက်၊ သားတယောက် နဲ့ မြေးမလေးနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
အခုလို စောလျင်စွာ ထွက်ခွာသွားတဲ့ မမီးမီးရဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ လက်မခံနိုင်၊ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ကြ သလို၊ အစားထိုးမရတဲ့ ဆုံးရှုံးမှုတခုအဖြစ် မမီးမီးကို ချစ်ခင်ရင်းနှီးသူအားလုံးက ဖြေမဆည်နိုင် ဖြစ်ကြရပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမှာ ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်ခဲ့သူ တယောက် ဆုံးရှုံးရတဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အရပ်ဖက်အဖွဲ့အစည်း အသီးသီးတို့က အထူးဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ထားပါတယ်။
၁၉၈၈ တုန်းက အထက (၄) တာမွေမှာ အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသူဘဝနဲ့ ပညာသင်ယူနေတဲ့ မမီးမီး တယောက် လက်နက်မဲ့ ကျောင်းသား ပြည်သူတွေနဲ့ စစ်အာဏာရှင်တို့ရဲ့ တိုက်ပွဲမြင်ကွင်းတွေကနေ တဆင့် သူ့ဘဝ အချိုး အကွေ့ကြီးတခု ဖြစ်စေခဲ့ပါတယ်။
အဲဒီကစလို့ သူဟာ အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီ လှုပ်ရှားမှု (မကဒ) အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၉ မတ်လ၊ ကိုဖုန်းမော် တနှစ်ပြည့်မှာ ပါဝင် လှုံ့ဆော် လှုပ်ရှားမှုကြောင့် အထက်တန်း ကျောင်းသူဘဝနဲ့ အင်းစိန်ထောင်မှာ လေးလကြာ အထိန်းသိမ်းခံခဲ့ရပါတယ်။
၁၉၉၀ မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုလှမိုးနဲ့ အိမ်ထောင်ကျပြီး သမီးတ ယောက်၊ သားတယောက် ထွန်းကားခဲ့ပါတယ်။
မမီးမီးဟာ ၁၉၉၁ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ဒဂုံတက္ကသိုလ်မှာ သတ္တဗေဒ အဓိက ဘာသာရပ်နဲ့ တက်ရောက် ပညာသင်ယူရင်း စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးအတွက် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရ ပြန်ပါတယ်။
အင်းစိန်ထောင်နဲ့ သာယာဝတီထောင်တို့မှာ အကျဉ်းချခံခဲ့ရပြီး အဲဒီ အချိန်ကစလို့ တတိယနှစ် (ဂုဏ်ထူးတန်း) သတ္တဗေဒ အထူးပြုနဲ့ ပညာရေး အဆုံးသတ်ခဲ့ရပါတယ်။
၂၀၀၂ ခုနှစ် စက်တင်ဘာမှာ သာယာဝတီထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီးနောက် ၂၀၀၅ မှာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။
“အဲဒီတုန်းက သူ ကလေးလေးလည်း ရှိနေပြီ။ မိသားစု စီးပွားရေးလည်း အဆင်မပြေဘူး။ အဆင်မပြေတဲ့ ကြားထဲကပဲ တစိုက်မတ်မတ်နဲ့ ၈၈ မျိုးဆက် ကျောင်းသား အုပ်စုထဲမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်” လို့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း တဦးဖြစ်သူ ကိုမာကီးက ပြန်ပြောပြပါတယ်။
အဲဒီအချိန်က အမျိုးသား အင်အားများတဲ့ ၈၈ မျိုးဆက် ကျောင်းသား အုပ်စုထဲမှာ အစ်ကိုတွေကြား ညီမတွေထဲက တယောက်၊ အမျိုးသမီးတယောက်အဖြစ် ရှားရှားပါးပါး ပါပဲလို့ သူက ပြောတယ်။
မမီးမီးဟာ သူ့ကို အစ်ကိုတယောက်လိုရော၊ အုပ်ထိန်းသူတယောက်လိုပါ ချစ်ခင်အားကိုးပြီး ဘာမဆို ဖွင့်ဟတိုင်ပင်လေ့ ရှိတယ်၊ အခုလိုဖြစ်သွားတဲ့အပေါ်မှာ “အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုလို့ ခံစားရတယ်” လို့ ကိုမာကီးက ဖွင့်ဟပြောဆိုပါတယ်။
၂၀၀၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လောင်စာဆီဈေးနှုန်း ကျဆင်းရေး၊ ရွှေဝါရောင်တော်လှန်ရေး စတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာတော့ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တဲ့ မမီးမီး ရဲ့ ဓာတ်ပုံဟာ ကမ္ဘာ့သတင်းစာနယ်ဇင်းတွေမှာ ပုံနှိပ်ဖော်ပြခံခဲ့ရပြီး သူ့ကို ပြည်တွင်းပြည်ပက မြန်မာ့အရေး စိတ်ဝင်စားသူတွေက သိရှိလာခဲ့ရပါတယ်။
မမီးမီးဟာ အဲဒီနှစ် အောက်တိုဘာလမှာပဲ ထပ်မံ ဖမ်းဆီးခံရပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာမှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ အင်းစိန်ထောင်ကနေ တဆင့် ပုသိမ်ထောင်၊ မန္တလေးထောင်၊ ကသာထောင်၊ ရွှေဘိုထောင်တွေကို အဆင့်ဆင့် ပို့ဆောင်ခြင်း ခံခဲ့ရပြီး ၂၀၁၂ ဇန်နဝါရီမှာ တခြား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့အတူ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
ဆယ်ကျော်သက် အရွယ်ကတည်းက နိုင်ငံရေးမှာ စိတ်ဝင်တစား ပါဝင်လှုပ်ရှားခဲ့တဲ့ မမီးမီးဟာ နိုင်ငံရေးထဲမှာ ယုံကြည် ချက်ရှိရှိ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ သူ့ဘဝတခုလုံးကို မြှုပ်နှံခဲ့သူ တယောက် ဖြစ်ပါတယ်။ အခုချိန် အထိလည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးရေးနဲ့ ကလေးသူငယ်ရေးရာ ဌာန မှာ တွဲဖက်တာဝန်ခံအနေနဲ့ လူကုန်ကူးမှုတွေ၊ အမျိုးသမီးအရေးကိစ္စတွေ၊ အဓမ္မပြုကျင့်ခံရမှုတွေကို ကူညီဖြေရှင်း ပေးနေသူ တဦးပါ။
ဒါ့အပြင် ကြက်ခြေနီအဖွဲ့၊ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းလို ပရဟိတ လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင် လှုပ်ရှား ဆောင်ရွက်လျက် ရှိပါတယ်။
“သူ့ ယုံကြည်မှုအတွက်ဆို သူ့အတ္တအကျိုး၊ သူ့မိသားစု အကျိုးစီးပွားရေးကိုတောင် စွန့်ပြီး အများအကျိုးအတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေတဲ့သူ။ သူ့ကို နိုင်ငံရေးသမားဆိုတာထက် ပရဟိတသမားအနေနဲ့ ပိုပြီး ဂုဏ်ဖော်လို့ရတယ်” လို့ ကိုမာကီးက ဂုဏ်ပြု ပြောဆိုပါတယ်။
ပရဟိတ စံပြသူရဲကောင်း ရုပ်တုတွေ စတင်ထုလုပ်ပြီး မျိုးဆက်သစ်တွေ သိရှိစေဖို့ စံပြအဖြစ် နေရာချထား ရှိနေပြီဖြစ်တဲ့ နာကူ (ရန်ကုန်) မှာ ဦးရဲလွင်၊ မောင်တင်မောင်ထွန်းတို့အပြင် မမီးမီးရုပ်တု တခုပါ နေရာယူလာပြီပေါ့လို့ နာရေးကူညီမှုအ သင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက သူ့ facebook မှာ ရေးသားထားပါတယ်။
“စစ်အစိုးရရဲ့ ပြည်သူအပေါ် ဖိနှိပ်မှုကို မခံစားနိုင်တော့လို့ မိန်းကလေး တဦးဖြစ်ပေမယ့် ယောကျ်ားလေးတွေနဲ့ တန်းတူ တွန်းလှန်ခဲ့တဲ့ အာဂအမျိုးသမီး သူရဲကောင်းတဦးပါ” လို့ သူက ဆိုတယ်။
ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတဲ့ မမီးမီးကို တွေ့မြင်ရတိုင်း သူ့ဘဝရဲ့ အခက်အခဲတွေ၊ စိတ်ညစ်စရာ စိတ်ဆင်း ရဲစရာတွေကို သူ့မျက်နှာမှာ အရိပ်အယောင်တောင် မမြင်ရဘဲ အမြဲပြုံးရွှင်နေတတ်ပြီး သူကိုယ်တိုင်လည်း ပျော်ပျော်နေ တတ်သလို သူများကိုလည်း ပျော်အောင်လုပ်ပေးတတ်သူလို့ သူနဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။
“အစ်မမြင်ဖူးတဲ့ နိုင်ငံရေးသမားထဲမှာ မမီးလောက် ပျော်အောင်နေတတ်တဲ့သူ မရှိဘူး။ ဘယ်လောက်ပဲ ခက်ခဲတဲ့ နေရာ ဖြစ်ဖြစ် မမီးဟာ အလုပ်လုပ်နေရရင် ပျော်နေတတ်တယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
သူ့အနေနဲ့ မမီးကို နောက်ဆုံးတွေ့ခဲ့တာ ရှစ်လေးလုံး နှစ် ၃၀ ပြည့် မဟာဗန္ဓုလ ပန်းခြံမှာလုပ်တဲ့ ညဘက်ဆုတောင်းပွဲမှာ လို့ ဆိုပါတယ်။
အဲဒီမှာ တွေ့တော့ အမြဲပျော်ရွှင်တတ်တဲ့သူက အရမ်းတည်ငြိမ်နေပြီး စိတ်မကောင်းဖြစ်နေတဲ့ ပုံရိပ်ကို သူ့မျက်နှာမှာ ထူးထူးခြားခြား မြင်နေရသလို သူ့မျက်နှာမှာ ကြေကွဲဝမ်းနည်းမှုတွေလည်း ရှိနေတယ်။ ၈၈ တုန်းက အချိန်တွေကို ပြန်သတိရတာ ဖြစ်မယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြန်လည် ပြောပြတယ်။
“သူဆုံးသွားပြီဆိုတော့ ပထမတော့ မယုံနိုင်သေးဘူး။ လူတိုင်းကတော့ သေရမှာပဲ။ ဒါပေမယ့် မမီးဆုံးတာ စောလွန်းတယ်။ နှမြောစရာ ကောင်းတယ်” လို့ သူက ဝမ်းနည်းစွာ ပြောဆိုတယ်။
မမီးမီးဟာ ပြတ်သားတဲ့ ပြောဆိုမှုတွေနဲ့ ယုံကြည်ချက်အပေါ်မှာ နောက်ဆံတင်းတာမျိုးမရှိဘဲနဲ့ ရဲရဲဝံ့ဝံ့ လှုပ်ရှားဆောင်ရွက် တတ်သူ အမျိုးသမီး တဦးလည်းဖြစ်တယ်လို့ သူ့နဲ့ အလုပ်တွဲလုပ်ဖူးသူတွေ အားလုံးက မှတ်ချက်ပြုပါတယ်။
တိုင်းပြည်ကို တကယ့် ဒီမိုကရေစီ တိုင်းပြည်စစ်စစ်၊ ပြည်ထောင်စုစစ်စစ် ပြောင်းလဲချင်တာက မမီးမီးရဲ့ ရင်တွင်း ရည်မှန်းချက်လို့ သူကိုယ်တိုင် ထုတ်ဖော် ပြောဆိုဖူးပါတယ်။
ဒီလိုရည်မှန်းချက်ရှိတဲ့ မမီးမီးက တိုင်းပြည်ပြောင်းလဲရေးအတွက် ဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုနဲ့ အနီးကပ်နေနိုင်ဖို့ဟာ အဓိကကျတယ်လို့ ခံယူထားပြီး ၈၈ မျိုးဆက်အများစု တည်ထောင်တဲ့ ပါတီမှာ ပါဝင်ခြင်း မပြုခဲ့ပါဘူး။
သူ့အနေနဲ့ ကိုယ်လုပ်တဲ့ အလုပ်တခုပေါ်မှာ ယုံကြည်မှု၊ နားလည်မှု၊ တာဝန်ယူနိုင်မှုရှိတဲ့ အမျိုးသမီးတွေ အများကြီး ပေါ်ထွန်း စေချင်တယ်လို့လည်း ပြောဆိုဖူးပါတယ်။
မမီးမီးဟာ အကျဉ်းထောင်အတွင်း ခံစားခဲ့ရတဲ့ လူမမယ်ကလေးတွေနဲ့ ခွဲခွာရတဲ့ဒုက္ခ၊ အရိုးကျီးပေါင်းနဲ့ လေးဘက်နာ ရောဂါဝေဒနာတွေ ခံစားခဲ့ရတဲ့ ဒုက္ခတွေကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့ပေမယ့် ယာဉ် မတော်တဆမှုကြောင့် ကြုံလိုက်ရတဲ့ သေခြင်းတရား ကိုတော့ မလွန်ဆန်နိုင် ခဲ့ပါဘူး။
မမီးမီးဆိုတဲ့ ၈၈ ကြယ်တပွင့် မမျှော်လင့်တဲ့အချိန်မှာ ကြွေလွင့်သွားခဲ့ပေမယ့် မမီးမီးရဲ့ တိုင်းပြည်အတွက် ဒီမိုကရေစီရေး အတွက်၊ ပြည်သူတွေအတွက် မမောနိုင် မပမ်းနိုင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကတော့ သူ့ရဲဘော်ရဲဘက်တွေနဲ့ လှုပ်ရှားတက်ကြွသူ နောက်မျိုးဆက်သစ်တွေက သတိတရ ရှိနေကြဦးမှာပါ။
မမီးမီးရဲ့ ဈာပန အခမ်းအနားကို လာမယ့် ၁၇ ရက်နေ့ ညနေ ၂ နာရီက ၄ နာရီထိ ရေဝေးသုဿန်မှာ ကျင်းပပြီး ဂူသွင်း သဂြိုလ်မယ်လို့ သိရပါတယ်။ ။