Women & Gender

အိမ်အကူတွေအတွက် ဥပဒေ အကာအကွယ်ဘာလဲဘယ်လဲ

Want create site? Find Free WordPress Themes and plugins.

“အိမ်ဖော် မလုပ်တော့ဘူး။ လန့်သွားပြီ” လို့ ပြောလာသူက အသက် ၁၇ နှစ် အရွယ် မချိုပြုံး ဆိုသည့် အမျိုးသမီးငယ် တဦး ဖြစ်သည်။ သူနှင့် တွေ့စဉ်က ဘာမှလိမ်းခြယ်ထားခြင်း မရှိသည့် မျက်နှာ၊ ဆံပင်တိုတိုနှင့် ဖြစ်ပြီး ပန်းရောင်နှင့် အနက်ရောင်စင်းပါဝင်သော အကျီၤနှင့် ဘောင်းဘီ ဒူးဖုံးကို ဝတ်ဆင်ထားသည်။

မချိုပြုံး၏ ဒူးခေါင်းတွင် ညိုမဲဒဏ်ရာအကွက် တကွက် ရှိနေပြီး ခန္ဓာကိုယ်အနှံ့အပြားတွင်လည်း အလားတူ ဒဏ်ရာကွက်များစွာ ရှိနေပြီး အသားဖြူသည့်အတွက် ညိုမဲစွဲဒဏ်ရာများမှာ သိသာထင်ရှားနေသည်။

 

အိမ်ရှင် ရိုက်နှက်ထားသော ဒဏ်ရာများနှင့် မချိုပြုံး

 

မချိုပြုံးသည် ကျန်းမာရေး ချို့ယွင်းနေသည့် မိခင်ဖြစ်သူကို ကျွေးမွေးစောင့်ရှောက်နိုင်ရန် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၆ လမ်းမှာရှိ နေအိမ်တအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရာမှ အိမ်ရှင်ဖြစ်သူ၏ ရိုက်နှက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

“မိုးတွေ လေတွေထဲမှာသွားလုပ်နေရတာတောင် ကိုယ့်မအေမှာပိုက်ဆံမရှိလို့။ ပိုက်ဆံမရှိလို့ သမီးသွားလုပ်ပေး တာ” ဟု မချိုပြုံးက သူ အိမ်အကူလုပ်ဖြစ်ခဲ့သည့် အကြောင်းကို ပြန်လည်ပြောပြသည်။ ပြီးခဲ့သည့်သြဂုတ်လ ၇ ရက်နေ့တွင် အိမ်ရှင်ဖြစ်သူ ကိုကျော်စိုးလင်းက မချိုပြုံးကို တံမြက်စည်းမလှဲတတ်ခြင်း၊ အချက် အပြုတ်မတတ်ခြင်းစသည့် အကြောင်းပြချက်များနှင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

“ကြိုးကို မုန့်ကျိုးလိမ်လို လိမ်ပြီးရိုက်တယ်။ အလုပ်လည်း မလုပ်တတ်လို့တဲ့ အဝတ်လည်း မလျှော်တတ်လို့တဲ့ ပန်းကန်တွေလည်း မဆေးတတ်ဘူး။ မီးပူလည်း မထိုးတတ်ဘူး။ အိမ်လည်း မသုတ်တတ်ဘူး။ တံမြက်စည်း လည်း မလှည်းတတ်ဘူး။ အဲဒီလိုပြောပြီး ရိုက်ရော”ဟု မချိုပြုံးက ပြောသည်။

ဝါယာကြိုးနှင့် လိမ်ပြီး ရိုက်ခံထားသည်ဟု ဆိုသည့် ညိုမဲဒဏ်ရာများမှာ ရက်အနည်းငယ်ကြာနေသည့်တိုင်အောင် မချိုပြုံး၏ လက်မောင်း၊ နောက်ကျောနှင့် ခြေသလုံးများတွင် ရှိနေဆဲဖြစ်သည်။

 

မချိုပြုံး၏ နေအိမ်

 

သို့ဖြစ်ရာ အိမ်ရှင် ဦးကျော်စိုးလင်းကို မချိုပြုံးမိခင်မှ တရားလိုလုပ်ကာ ကျောက်တံတားရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၂၅ (နာကျင်စေမှု) ၊ ၃၄၁ (မတရားတားဆီးကန့်ကွက်မှု) တို့ဖြင့် အမှုဖွင့်လှစ်ထားရှိသော်လည်း ဦးကျော်စိုးလင်းသည် မက္ကာသို့ ဘုရားဖူး ထွက်သွားသဖြင့် ခေါ်ယူစစ်ဆေးမှုများ မပြုလုပ်ရသေးကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့ထံက သိရသည်။

ဦးကျော်စိုးလင်း၏ သူငယ်ချင်းဖြစ်သူကို ကျော်လင်းဦးက “ဒါကိုတော့ ကျိန်းသေပေါက် ဖြေရှင်းမှာပါ။ ဆုံးမတယ်ဆိုပေမယ့်လည်း ဒါမျိုးကျတော့လည်း သူ့စိတ်ခံစားချက် တခုပေါ်မှာလည်း ဖြစ်တာပေါ့။ ဘယ်သူမှ ဒါက လက်ခံလောက်တဲ့ အနေအထားလည်း မဟုတ်ဘူးလေ။ ဒါကြောင့်မို့လို့လည်း အရေးယူဖို့ လုပ်တာကိုး။ ဒါကိုတော့ သူဖြေရှင်းရမှာပေါ့။ ဥပဒေအရဖြေရှင်းရမှာပေါ့” ဟုပြောသည်။

ရိုက်နှက်ခြင်းကိုခံခဲ့ရသူ မချိုပြုံးသည် မိခင်ကို လုပ်ကိုင်ကျွေးမွေးရန်အတွက် ရည်ရွယ်ပြီး အိမ်အကူလုပ်ကိုင်ခြင်း ဖြစ်သော်လည်း သူ၏ တလလ ျှင် ရရှိသည့် လစာငွေမှာ ကျပ် ၃၅၀၀၀ မျှသာ ဖြစ်သည်။

ရသင့်ရထိုက်သော လစာငွေထက်များစွာ လျော့နည်းသော အခကြေးငွေသာ ရရှိခြင်း၊ အလုပ်ချိန်နာရီပေါင်းများစွာ လုပ်ကိုင်နေရခြင်း၊ နှိပ်စက်ညှဉ်းပန်းခံခြင်းတို့ကို အိမ်အကူ အဖြစ် လုပ်ကိုင်သူများ အများဆုံး ရင်ဆိုင်ကြရသည်။

၁၇ နှစ်အရွယ် မချိုပြုံးသည်လည်း ထိုသို့ နှိပ်စက်ညှည်းပန်းခံရသူ ဒါဇင်ပေါင်းများစွာအနက်မှ ၁ ဦးပင်ဖြစ်သည်။

မိသားစုဆင်းရဲနွမ်းပါးမှု ကြောင့် အိမ်အကူအဖြစ်ရပ်တည်ရှင်သန်နေရသည့် အသက် ၁၈ နှစ်မပြည့်သူများထဲတွင် မချိုပြုံးလည်း ပါဝင်ခဲ့သည်။

မချိုပြုံး နေထိုင်ရာအိမ်သည် အိမ်တံခါးပင်မရှိသည့် အိမ်ငယ်တလုံးသာဖြစ်သည်။ ကြမ်းခင်းများ ခပ်ကျဲကျဲခင်းထားပြီး နေအိမ် အကာအရံအဖြစ် ထရံအနည်းငယ်၊ သုံးထပ်သားပြားအနည်းငယ်၊ ပလတ်စတစ်မိုးကာဖြတ်စများ၊ ပိုက်ဖျာတချပ်နှင့် ခြင်ထောင်စုတ်တလုံး စသည်တို့ကို ဆက်စပ်လျက် အိမ်ပတ်ပတ်လည်ကို ကာရံထားသည်။

မချိုပြုံး၏ မိခင် ဒေါ်တင်စီသည် သမီးဖြစ်သူ ပြင်းထန်စွာ ရိုက်နှိပ်နှိပ်စက်ခံနေရခြင်းကို ခံပြင်းဒေါသထွက်ကြောင်း တွင်တွင်ပြောလျက်ရှိသည်။

“ကိုယ့်ကလေး ခံစားနေရတာ ကိုယ်တွေကတော့ လုံးလုံးမကျေနပ်ဘူး။ ဘယ်လောက်တောင်းပန်တောင်းပန် ဘယ်လောက်ပိုက်ဆံတွေ လာပေးပေး မကျေနပ်ဘူး။ အမှုပဲဖွင့်မှာပဲ။ သူတို့ကို သူတို့ ပိုက်ဆံရှိတယ်ဆိုပြီးတော့ ဒီလိုပဲ ငွေများတရားနိုင်ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီလိုပဲ မရှိဆင်းရဲသားတွေကို လိုက်လုပ်လို့ရလား”ဟု ဒေါ်တင်စီက ပြောသည်။

မချိုပြုံး၏ အစ်ကိုကလည်း မချိတင်ကဲနှင့် “ပိုက်ဆံရှိတိုင်းသာ ဒီလိုလိုက်လုပ်ရမယ်ဆို လောကမှာ ဒီအတိုင်းကြီးပဲ လိုက်လုပ်နေကြတော့မယ်လို့ ကျနော်ထင်တာပဲ။ သူတို့ပိုက်ဆံ ဘယ်လောက်ပုံပေးပုံပေး ကျနော်လုံးဝလက်သင့် မခံဘူး”ဟုပြောသည်။

 

အိမ်ရှင် ရိုက်နှက်ထားသော ဒဏ်ရာများနှင့် မချိုပြုံး

 

မြန်မာနိုင်ငံတွင် မချိုပြုံး တဦးတည်း ထိုကဲ့သို့နှိပ်စက်ခံခဲ့ရခြင်း မဟုတ်ခဲ့ပါ။ အိမ်ရှင်အများစုမှာ လစာပေးရမှု နည်းခြင်း၊ အသက်ငယ်ရွယ်သူများကိုသာ ဦးစားပေးပြီး ပြန်လည်တုန့်ပြန်နိုင်စွမ်းနည်းသော ကလေးများကို အကြောင်းတစုံတရာရှိတိုင်း အိမ်ရှင်များက နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် အိမ်ရှင်အိမ်အကူ ပြသနာမှာ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

၂၀၁၇ ခုနှစ်၌ ရန်ကုန်မြို့ အင်းဝ အပ်ချုပ်ဆိုင်မှ နှိပ်စက် ညှဉ်းပန်းသည့် အိမ်အကူမိန်းကလေး ၂ ဦးအမှု၊ ဒဂုံဆိပ်ကမ်း မြို့နယ်မှ မီးပူဖြင့် ကပ်ခံရသည့် အသက် ၁၃ နှစ်အရွယ် အိမ်အကူကလေးငယ်အမှု၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းရှိဆွေညီနောင် စတိုးဆိုင်ပိုင်ရှင်၏ ဆိုင်အလုပ်သမား ကလေးငယ်ကို နှိပ်စက်သည့် အမှုများကလူထုကြားပျံ့နှံ့ခဲ့သည့် ဖြစ်ရပ်တချို့ ဖြစ်သည်။

အသက်အရွယ်မျိုးစုံသော အိမ်အကူများနှင့် အသက်မပြည့်သေးသော အိမ်အကူ ကလေးငယ်များသည် နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းများကို ကြုံတွေ့လျက်ရှိပြီး အကာအကွယ် ကင်းမဲ့လျက်ရှိသည်။

ထိုသို့ ဖြစ်ပွားနေသည့်အတွက် အိမ်ရှင်အိမ်အကူ နှင့် သက်ဆိုင်သော ဥပဒေများ ပြဌာန်းပေးနိုင်ရန် တရားဥပေဒရေးရာ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး လုပ်ရှားသူများက တောင်းဆိုလျက်ရှိသည်။

ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ဒီလိုလုပ်ငန်းတွေမှာ တရားဝင်အေဂျင်စီသဘောမျိုး မဟုတ်ဘဲနဲ့ ကြုံသလို အလုပ်သွင်းပေးတယ်။ ကာကွယ် စောင့်ရှောက်မှု မရှိဘူး နောက်တခါအလုပ်လုပ်မယ့် သူတွေကို ကြုံတွေ့နိုင်မယ့် အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပညာ ပေးတဲ့ လုပ်ငန်းစဉ်က လုံးဝမရှိဘူး။ အဲဒီတော့ တော်တော်များများက ကြုံသလိုပဲ တချို့ ထမင်းစား ကျွန်ခံသဘောမျိုးနဲ့ပဲ နေရတယ်”ဟု ဆိုသည်။

အိမ်အကူူလုပ်ငန်းများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်လည်း တန်ဖိုးနှိမ်ချခံရမှု၊ အများမမြင်ကွယ်ရာတွင် လုပ်ကိုင်နေရမှုများကြောင့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်ရေးများစွာကို ချိုးဖောက်ခံနေရဆဲဖြစ်ပြီး ယင်းဖြစ်ရပ်များကို ရပ်တန့်သွားရန် ၂၀၁၁ ခုနှစ်တွင်မူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့အစည်း ILO က အိမ်အကူလုပ်သားဆိုင်ရာ ပြဋ္ဌာန်းချက် ၂၀၁၁ ကို ပြဋ္ဌာန်းခဲ့သည်။သို့သော်လည်း မြန်မာနိုင်ငံတွင်မူ အဆိုပါပြဋ္ဌာန်းချက်များကို လိုက်နာရန်မှာ များစွာ အားနည်းနေဆဲဖြစ်သည်။

“အစိုးရကိုယ်တိုင်က ဒီလို အိမ်တွင်းအလုပ်သမားနဲ့ ပတ်သက်တဲ့ အေဂျင်စီတွေကို ထိန်းကွပ်နိုင်မှု ရှိရပါလိမ့်မယ်။ အိမ်တအိမ်မှာသွားပြီးတော့ အိမ်အကူအဖြစ် ထားမယ်ဆိုရင် ဘယ်လို အရည်အချင်းမျိုး ရှိရမယ်၊ အသက်ဘယ်လောက် ကန့်သတ်ချက်ရှိရမယ် ပြီးရင် လစာနဲ့ခံစားခွင့်က ဘယ်လောက်ရှိရမယ် ဒါတွေကို ကန့်သတ်နိုင်တဲ့ စနစ်မျိုး ရှိဖို့ လိုအပ်ပါတယ်”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ILO ၏ ၂၀၁၁ ပြဋ္ဌာန်းချက်တွင်လည်း အိမ်အကူလုပ်သားများနှင့် စပ်လျဉ်း၍ ပုဂ္ဂလိက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်သော တိုင်တန်းမှုများ၊ အလွဲသုံးစားပြုမှုများ၊ လိမ်လည်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် လုံလောက်သော နည်းလမ်းယန္တရားများနှင့် လုပ်ထုံးလုပ်နည်းများ ရှိရေး ဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။

အထူးသဖြင့် အိမ်အကူလုပ်ငန်းသည် ကလေးသူငယ်များ အတွက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများ ကြုံတွေ့ရမှု အပါအဝင် အကာအကွယ်မဲ့ ညှဉ်းပန်း နှိပ်စက်ခံရခြင်းများ ကြုံတွေ့ရလေ့ရှိသဖြင့် အန္တရာယ်ရှိသော လုပ်ငန်းအမျိုးအစားအဖြစ် သတ်မှတ်ထားကြောင်း Save The Children မှ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အကြံပေး ဒေါ်သန္တာကျော် က ပြောသည်။

ဒေါ်သန္တာကျော် က “ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ပြဿနာတွေ ကျမတို့ဆီ အများကြီး တက်တယ်။ အိမ်အကူ အလုပ်ကို လုပ်လိုက်ပြီဆိုတာနဲ့ မိန်းကလေးဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံရတယ်။ အင်မတန်ပြင်းထန်တဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှုတွေ ကြုံရတယ်” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “နောက် အိမ်အကူ အလုပ်ကနေ လူကုန်ကူးခံရတဲ့ ကိစ္စတွေ ဖြစ်သွားတယ်။ ကျမတို့မှာဥပမာတွေ အများကြီးရှိပါတယ်။ အများကြီး တွေ့ခဲ့ရတယ်။ အဲဒါကြောင့် ကျမတို့ Save The Children က အိမ်အကူလုပ်ငန်းကို ကလေးငယ်တွေအတွက် အန္တရာယ်ရှိတဲ့ လုပ်ငန်းအနေနဲ့ပဲ သတ်မှတ်ထားပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ အလုပ်လုပ်လုပ်နေသည့် ကလေး ၁ ဒသမ ၂ သန်းကျော်အနက် ၁ ဒသမ ၁ သန်းခန့်သည် ကလေးအလုပ် သမားအဖြစ် ရှိနေပြီး အိမ်အကူနှင့် ဆိုင်သော ဝန်ဆောင်မှု လုပ်ငန်းများတွင် ၀ ဒသမ ၉ ရာခိုင်နှုန်းခန့် အလုပ်လုပ်နေရကြောင်း၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ကလေးလုပ်သား စာရင်း၌ ဖော်ပြထားသည်။

 

မချိုပြုံး၏ နေအိမ်

 

မြန်မာနိုင်ငံ၌ အိမ်အကူလုပ်ငန်းကို အသက် ၇ နှစ်မှ ၁၈ နှစ်အရွယ် ကလေးများလုပ်ကိုင်လျှက်ရှိပြီး တနှစ်ထက် တနှစ်ပိုမို များပြား လာကြကြောင်း Save The Children မှ သုတေသနနှင့် ဆန်းစစ်လေ့လာချက်များအရ တွေ့ရှိရကြောင်း ဒေါ်သန္တာကျော် က ပြောသည်။

အိမ်အကူကလေးငယ်များသည် အရွယ်ရောက်သူများထက် ပိုမိုပြီး ခက်ခဲကြမ်းတမ်းမှုကို ရင်ဆိုင်နေရသည့်တိုင် မိသားစု၏ ဆင်းရဲနွမ်းပါးခြင်း၊ စားဝတ်နေရေးကျပ်တည်းခြင်း၊ ပညာမတတ်ခြင်းတို့က ကလေးငယ်ရာပေါင်းများစွာကို အိမ်အကူဘဝသို့တွန်းပို့နေသည်။

အိမ်အကူလုပ်ငန်းကို လုပ်ကိုင်ရသည့် ကလေးငယ်များသည် ပညာဗဟုသုတများ နိမ့်ပါးကာ အခက်အခဲများကို အဆိုးရွားဆုံးရင်ဆိုင် ကြုံတွေ့နေရသည့် မိသားစုများမှ ဖြစ်ပြီး မိဘများကိုယ်တိုင်က အဆိုပါ အလုပ်ကို စေခိုင်းခြင်းဖြစ်ကြောင်း CTUM မှ ရွှေ့ပြောင်းအလုပ်သမား၊ ကလေး အလုပ်သမားနှင့် အိမ်အကူအလုပ်သမားဆိုင်ရာ ဌာန ညွှန်ကြားရေးမှူး ဒေါ်ထွေးထွေးသိန်း က ပြောသည်။

ဒေါ်ထွေးထွေးသိန်း က “အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်နေရပြီး လုပ်ခလစာကို မိဘတွေက ကြိုပြီးထုတ်သွားကြတဲ့အတွက် အလုပ်ကို မလုပ်ချင်ဘဲ လုပ်ကိုင်နေရတဲ့သူတွေလည်း အများကြီးတွေ့ရပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည် ၂၀၁၈ ခုနှစ် ဇွန်လကလည်း တွံတေးမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အိမ်အကူ မကရင်မသည် အိမ်ရှင်၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့်ဟု ယူဆရသည့် ဒဏ်ရာများစွာဖြင့် သေဆုံးခဲ့ရသည့်အတွက် အိမ်ရှင်ဖြစ်သူ အမျိုးသမီး ကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

အလားတူပင် ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် အဓမ္မကျင့်ရာမှ မအောင်မြင်သဖြင့် အိမ်အကူအမျိုးသမီးကို တွန်းချသည့် အမှု ဖြစ်ပွားသလို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အသက် ၁၇ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်ကို အကြိမ်ကြိမ် မုဒိမ်းကျင့် အခန်းတွင်းပိတ် နှိပ်စက်ရိုက်နှက်မှု ဖြစ်ပွားခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အိမ်အကူများအား လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု အကြမ်းဖက်မှု ဖြစ်စဉ်များအနေနှင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ် အတွင်း ပဲခူးတိုင်းဒေသကြီး တရားသူကြီးဟောင်း၏ ဇနီးက နှိပ်စက်လိုက်သည့် အိမ်အကူအမှု၊ မင်္ဂလာဒုံမြို့နယ်နေဆရာဝန် လင်မယား၏ နှိပ်စက်မှုကိုခံခဲ့ရသည့် အိမ်အကူ မိန်းကလေးအမှု၊ မြောက်ဒဂုံမှ အိမ် အကူကလေးငယ်အမှု၊ မန္တလေးမြို့ရှိ ပန်ဒိုရာအဆီချ လုပ်ငန်းတွင် လုပ်ကိုင်ရင်း နှိပ်စက်ခံရသည့် အမှုစသည့် အမှုများစွာ ဖြစ်ပွားခဲ့ပြီး အမှုအများစုမှာ လူမဆန်စွာ နှိပ်စက်ညှင်းပန်းခဲ့မှုများ ဖြစ်ခဲ့သည်။

ထိုကဲ့သို့ အိမ်အကူများ နှိပ်စက်ညှင်းပန်းခံရပါက ရာဇသတ်ကြီး ဥပဒေများ၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေများ၊ အမျိုးသမီးများကို အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ကျင့်သုံးခြင်းတို့ဖြင့် ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် ဆောင်ရွက်နေသည့်အပြင် ဖြစ်ရပ်တစ်ခုဖြစ်ပွားလာလျှင်လည်း ချက်ခြင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ပြောသည်။

 

မချိုပြုံး၏ မိခင်

 

အိမ်အကူ လုပ်ကိုင်နေရသော ကလေးငယ်များနှင့် ပတ်သက်ပြီးဖြေရှင်းနိုင်ရေး လိုက်လျောညီထွေသည့် ဥပဒေရှိရန်နှင့် အိမ်အကူ ကလေးများ နှင့် သက်ဆိုင်သော အသိပညာဗဟုသုတများ လူတိုင်းဆီရောက်နိုင်ရန် လုပ်ဆောင်ဖို့ လိုကြောင်း ILO က တိုက်တွန်းထားသည်။

ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်းက “အိမ်တွင်းမှာ အလုပ်လုပ်နေကြတဲ့ သူတွေကိုလည်း အလုပ်သမားအဖြစ် သတ်မှတ်ပေးဖို့ အိမ်တွင်းမှာ ဖြစ်တဲ့အတွက် သူတို့မှာ ပိုမိုပြီး တံခါးပိတ်ပြီး အကြမ်းဖက်ခံ စော်ကားခံရတာ ဖြစ်တဲ့အတွက် သူတို့ အရေးကို အလေးထားပေးဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိလာပါပြီ”ဟု ဆိုသည်။

အိမ်အကူများကို အလုပ်သမားအဖြစ် သတ်မှတ်ပြီး အလုပ်သမား အခွင့်အရေး ပေးရန် လှုံ့ဆော်မှုများ ရှိနေပြီ ဖြစ်သော်လည်း ဥပဒေ ပြဋ္ဌာန်းချက်အဖြစ်ရောက်လာရန်ကား အလှမ်းဝေးနေဆဲ ဖြစ်သည်။

အိမ်ရှင်အိမ်အကူများနှင့် ပတ်သက်သည့် ဥပဒေများ၊ လုံလောက်သည့် အကာအကွယ်များ မရသေးသည့်အခြေအနေရှိနေသည့် ကာလတလျောက် မချိုပြုံးကဲ့သို့ နှိပ်စက်ညှည်းပန်းခံရသည့် အိမ်အကူများ ထပ်၍ ထပ်၍သာ ပေါ်ပေါက်လာဦးမည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading