Women & Gender

မိုင်းယော်ဒေသရောက် စေတနာရှင်ဆရာမများ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းမှာရှိတဲ့ မိုင်းယော်တိုက်နယ်က ကျေးရွာတွေဟာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့နေရာဒေသတွေဖြစ်သလို ဘိန်းအဓိကစိုက်ပျိုးရာ ဒေသလည်း ဖြစ်တယ်။
ဝေးလံခေါင်ဖျားတဲ့ အဲဒီနေရာမှာ ရှိနေတဲ့ ကလေးတွေကို စာသင်ပေးဖို့ ရောက်ရှိနေတဲ့ ဆရာမတွေလည်း ရှိကြတယ်။

တိုင်းရင်းသားလက်နက်ကိုင်အများဆုံးရှိတဲ့ ဒီလိုနေရာမှာ အန္တရာယ်အခက်အခဲကြားကနေ ပလောင်ကလေးငယ် တွေ မြန်မာစာ တတ်မြောက်ရေးအတွက် စာလာသင်ပေးနေတဲ့သူကတော့ လွေးအေးနောင် လို့ ခေါ်တဲ့ ဆရာမ တဦးပဲ ဖြစ်ပါတယ်။

“ စာသင်ပေးတဲ့ကျေးရွာကို ရောက်ကာစက အိမ်ကို လွမ်းတဲ့စိတ်ကြောင့် ခဏခဏငိုမိပေမယ့် ကလေးငယ် တွေရဲ့ မျက်နှာကို မြင်ရတဲ့အခါ ဝမ်းနည်းမှုတွေ မရှိတော့ဘူး”လို့ လွေးအေးနောင်က သူ ရောက်လာကာစ အခြေအနေကို ပြောပြပါတယ်။

မိုင်းယော်ဒေသအတွင်းရှိကျေးရွာများတွင် စေတနာဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည့် ဆရာမများ/ လဲ့လဲ့/ဧရာဝတီ

ဆရာမ လွေးအေးနောင်ဟာ မောင်နှမ ၅ ယောက်မှာ ၄ယောက်မြောက်ဖြစ်ပြီး ဆယ်တန်းပြန်ဖြေဖို့ ကြိုးစားနေသူဖြစ်တယ်။ မန်တုံမြို့နယ်၊ မန်ဆယ်ကျေးရွာမှာ မိဘနဲ့ မောင်နှမတွေ ရှိပြီး စာသင်ရတာလည်း ဝါသနာကြောင့်လို့ သိရပါတယ်။ ဝါးထရံကာရံထားတဲ့ ယိုင်နဲ့နေတဲ့ အိမ်တခုမှာ ဆရာမ လွေးအေးနောင် အပါအဝင် ဆရာမ ၃ ဦး အတူတကွ နေထိုင်ကြပါတယ်။

သူ ရောက်ရှိနေတဲ့ ဒေသရဲ့ ကျေးရွာအများစုမှာ အသုံးပြုနေတဲ့ ဆိုင်ကယ်၊ စက်ဘီးဆိုတာ မရှိသလောက်နည်းပါးပြီး အိမ် ၃ အိမ်ခန့် အိမ်ခြေ တစု၊ ၈ အိမ် တစု ပုံစံမျိုးနဲ့ နေထိုင်ကြတယ်။ အိမ်တစုနဲ့ တစုကလည်း ဝေးပြီး လမ်းဆိုး တာကြောင့် တနေရာနဲ့ တနေရာ သွားလာဖို့ ခက်ခဲပါတယ်။

ဆရာမလေး လွေးအေးနောင်လိုပဲ စေတနာ့ဝန်ထမ်းအဖြစ် စာသင်ပေးနေတဲ့ ဆရာမငယ်တွေဟာ မိုင်းယော်တိုက်နယ် တခု ထဲ အတွင်းမှာ လူဦးရေ ၂၀ ခန့်ရှိတယ်လို့ တအာင်းပညာရေးအင်စတီကျူ့ (TEI)ရဲ့ စစ်တမ်းအရ သိရပါတယ်။

မိုင်းယော်ဒေသအတွင်းရှိကျေးရွာများတွင် စေတနာဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည့် ဆရာမများ/ လဲ့လဲ့/ဧရာဝတီ

မိုင်းယော်တိုက်နယ်အတွင်းက ပလောင်ကျေးရွာမှာရှိတဲ့ ဒေသခံရွာသားတွေဟာ မြန်မာစကားတတ်သူ နည်းတာကြောင့် မြန်မာစကားနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ပလောင်ကလေးငယ်တွေကို စာပေသင်ကြားတဲ့ အခါမှာ အခက်အခဲရှိတယ်။

“သူတို့က စာမတတ်ဘူးဆိုတော့ မြန်မာစာသင်ပေးရတာလည်း အရမ်းခက်ခဲတယ်။ ဘယ်လိုပဲ သင်သင် အရမ်း သင်လို့ ခက်တယ်။ အသံလည်း မတူဘူးဆိုတော့ စကားတွေလည်း ဝဲတယ်။ ဘယ်လောက်ပဲ သင်ပေး၊ သင်ပေး မရဘူးဖြစ်နေတယ်။ စကားမတူတော့ ကိုယ်က တမျိုးမေး သူတို့က တမျိုးဖြေ”လို့ လွေးအေးနောင်လိုပဲ ပိန်ချိုကျေးရွာမှာ စေတနာ့ဝန်ထမ်းအဖြစ် စာသင်ပေးနေတဲ့ ဆရာမလေး ဒီးဒေါင်းမြမြဝင်းက ပြောတယ်။

ပလောင်ကျေးရွာက ကလေးတွေကို စာသင်ပေးနေတာ တနှစ်ခန့်ရှိပြီဖြစ်ပေမယ့် အဆင်မပြေတာတွေ၊ လိုအပ်ချက်တွေက ရှိနေဆဲလို့ သိရပါတယ်။ စေတနာ့ဝန်ထမ်းဆရာမလေးတွေရဲ့ နေ့စဉ်စားသောက်မှုကို ဒေသခံရွာသားတွေက ပို့ပေးတာရှိပေမယ့် ရွာသားတွေကိုယ်တိုင် စားသောက်ဖို့ မရှိတဲ့အခါ သူတို့လည်း ငတ်လုနီးပါး အခြေအနေမျိုးတွေနဲ့လည်း ကြုံရဖူးတယ်လို့ ဆရာမတွေက ဆိုတယ်။

မိုင်းယော်တိုက်နယ်အတွင်းက ပလောင်ကျေးရွာအများစုရှိ ဒေသခံတွေဟာ ဘိန်းစိုက်ပျိုးကြသလို ဘိန်းလည်း ရှူကြတယ်။ အိမ်ထောင်ဦးစီးအမျိုးသားအများစုက ဘိန်းရှူတာကြောင့် ကလေးငယ်တွေဟာ စာသင်ကြား ဖို့ အချိန်မရကြပဲ မိခင်နဲ့အတူ လယ်ယာလုပ်ရတယ်။

ပလောင်ကလေးအတော်များများဟာ စာသင်ဖို့ စိတ်အားထက်သန်ကြပေမယ့် မိဘတွေ ကိုယ်တိုင်က ကလေးတွေရဲ့ပညာရေးကို အားပေးတာမျိုး မတွေ့ရပါဘူး။ ၎င်းကလေးငယ်တွေ စာသင်နိုင်ဖို့ စည်းရုံးရေး လုပ်တဲ့အခါမှာ အခက်အခဲ အများကြီးရှိခဲ့တယ်လို့ လွေးအေးနောင်က ပြောတယ်။

“ နင်တို့ကလေးတွေ ပညာမတတ်ရင် ဘိန်းစားတွေပဲဖြစ်မှာပေါ့။ နင်တို့ကလေးတွေအတွက် လုပ်ပေးရ မယ်လေ။ နင်တို့က ဆရာမတွေကို မလိုအပ်တာလား။ မလိုအပ်ဘူးဆိုရင် ပြန်ရမလားမေးတော့ အေး ပြန် လိုက်လို့ ပြောတယ်။တချို့ကလည်း သွားပြောရင် နောက်ကျောပေးထိုင်နေတယ်။ ပြောတာလည်း ဂရုမစိုက် ဘူး။ ရွာကလူကြီးရဲ့မိန်းမကို သွားပြောလို့ ရိုက်လွှတ်လိုက်တယ်”လို့ လွေးအေးနောင်လို စေတနာ့ဝန်ထမ်းလုပ် နေတဲ့ လုံတောင့်ရွာမှ ဆရာမလေး လွေးစောယဉ်က ဆိုတယ်။

မိုင်းယော်တိုက်နယ်အတွင်း ပလောင်(တအာင်း)လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာပေါင်း ၃၂ ရွာရှိပြီး ၎င်းကျေးရွာတွေ အားလုံးမှာ စာသင်ကျောင်းတွေ မရှိသေးတာကို တွေ့ရတယ်။ တချို့သောကျေးရွာတွေမှာ အစိုးရ အသိအမှတ်ပြုကျောင်းတွေရှိသလို တချို့ကျေးရွာတွေမှာတော့ တအာင်းရဟန်းပျိုများအဖွဲ့နဲ့ တအာင်း ပညာရေးအင်စတီကျူ့တို့က ဦးဆောင်ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေလည်း ရှိတယ်။

ကိုယ်ထူကိုယ်ထကျောင်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ ဆရာမလေးတွေရဲ့ လစာကို တအာင်းပညာရေးအင်စတီကျူ့က တယောက်ကို ရှစ်သောင်းနှုန်းပေးထားပေမယ့် ဆရာမလေးတွေက သူတို့ ရတဲ့ လစာတွေထဲကနေ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် ခဲတံ၊စာအုပ်အပြင် အဝတ်အစားတွေက အစ ပြန်ဝယ်ပေးပါတယ်။

“အိမ်ကိုတော့ ပိုက်ဆံတပြားမှ မထောက်ပံ့ပေးနိုင်ဘူး။ အိမ်ကပဲ သွားယူတာ ”လို့ ဆရာမလေး လွေးစောယဉ်က ပြောတယ်။

ပလောင်ကျေးရွာတွေမှာရှိတဲ့ ဒေသခံ အတော်များများဟာ စာမတတ်ကြသလို သူတို့ကလေးတွေရဲ့ မွေးဖွားရက်မသိတာကြောင့် ကလေးတွေ ကျောင်းအပ်ရာမှာ ဆရာမတွေအတွက် အခက်အခဲဖြစ်ကြရတယ်။ ဒေသခံရွာသားတွေမှာ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မရှိကြတာကိုလည်း တွေ့ရပါတယ်။

အဲဒါအပြင် ကျေးရွာများ အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေဖြတ်သန်းသွားလာတာတွေ ရှိနေတဲ့အတွက် ဆရာမလေးတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။

လက်နက်ကိုင်တွေ ရှိနေတဲ့ နေရာမှာ စာသင်ကြားရတာလည်း မလွယ်ပါဘူး။ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ရသလို အခြားပြဿနာ တစုံတခု ဖြစ်လာမှာကိုလည်း သတိထားနေရတဲ့ နယ်မြေတွေပါ။
အဲဒါအပြင် ကျန်းမာရေး တစုံတရာ ရှိခဲ့ရင်လည်း သွားလာရမလွယ်ကူ၊ နေရေးထိုင်ရေးလည်း မလွယ်ကူလှတဲ့ နေရာတွေဖြစ်ပါတယ်။

ဒီလိုနေရာမှာ စေတနာ့ဝန်ထမ်းဘဝနဲ့ ရောက်ရှိနေတာဟာ တော်ရုံ ဝါသနာရှိရုံ၊ စေတနာ ထားနိုင်ရုံနဲ့တော့ မရနိုင်ပါဘူး။ စာသင်ကြားရတာကို ကြိုက်နှစ်သက်တဲ့ ဝါသနာ၊ မြို့ကြီးပြကြီးက မဟုတ်ဘဲ ဝေးလံခေါင် ဖျား ချောင်ကျရာ အရပ်က ပညာလိုလားသူ ကလေးတွေကို စာတတ်မြောက်စေချင်တဲ့စေတနာကြောင့် ဒီလိုနေရာတွေမှာ စာလာရောက်သင်ကြားပေးနေတဲ့ ဆရာမတွေဟာ အခက်အခဲတွေကြားကနေပဲ ပီတီတွေ ရရှိနေဆဲပါပဲ။

Did you find apk for android? You can find new Free Android Games and apps.
Loading