မြန်မာနိုင်ငံက လူကုန်ကူးခံရတဲ့ တိုင်းရင်းသား၊ တိုင်းရင်းသူ တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို အများဆုံး ရောင်းစားမှု ခံနေရတာဖြစ်ပါတယ်။ ဒီလိုလူကုန်ကူးခြင်း ခံရတဲ့ အခြေအနေတွေဟာ နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုနဲ့ ဆင်းရဲမွဲတေမှုတို့ကနေ တွန်းပို့ခံရတဲ့ အခြေအနေက များပါတယ်။ နိုင်ငံရဲ့ နယ်စပ် တိုင်းရင်းသားဒေသတွေမှာဆိုရင် ပဋိပက္ခဖြစ်ပွားမှု၊ ဖွံ့ဖြိုးမှုနိမ့်ကျနေမှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ဆင်းရဲမွဲတေမှု တွေက တွန်းအားတရပ်ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဒေသခံတိုင်းရင်းသားတွေက အဓိက ခံစားကြရတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ မဘော့နာမ် ဟာ တရုတ်နိုင်ငံကို အလုပ်သွားလုပ်ရင်း ဆွေမျိုးတော်စပ်သူတဦးရဲ့ ရောင်းစားခြင်းကို ခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မဘော့နာမ်ကို ဧရာဝတီသတင်းထောက် လဲ့လဲ့ က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ဘာကြောင့် တခြားနိုင်ငံမှာ အလုပ်သွား လုပ်ဖြစ်တာလဲ။
ဖြေ ။ ။ ရွာထဲက ကောင်မလေးတယောက် စင်ကာပူမှာ အလုပ်လုပ်တာ အဆင်ပြေနေပြီလို့ သိရတော့ ကိုယ်လည်း သွားလုပ်ချင်ခဲ့တယ်။ နောက် အဖေနဲ့ အမေကလည်း ကျန်းမာရေး မကောင်းဘူး။ အမေက အဲဒီ အချိန်မှာ အိပ်ယာ ထဲ လဲနေတော့ လယ်သွားလုပ်မယ့် သူကလည်း မရှိ။ ပိုက်ဆံလည်း မရှိ။ ကိုယ်က ကျောင်းပြန် တက်ချင်ပေမယ့် အိမ်က အရမ်းဆင်းရဲတော့ မတတ်နိုင်ဘူး။
ထမင်းဆိုလည်း နပ်မှန်အောင် မစားနိုင်ဘူး။ တခါတလေ တောထဲက ဟင်းရွက်လေး ဘာလေးပဲ စားရတဲ့ အခါများ တယ်။ ကျောင်းကတော့ ၇ တန်း အထိပဲ နေခဲ့ရတယ်။ တခြားနိုင်ငံကို အလုပ်သွားလုပ်တယ် ဆိုတာကလည်း အမေ့ ကို ဆေးကုပေးချင်တာလည်းပါတယ်။ နောက် မောင်လေး ၂ ယောက်အတွက် ရောပေါ့။ တအိမ်လုံး အဆင်ပြေ မယ်ထင်လို့ သွားခဲ့တာပါ။
မေး ။ ။ တရုတ်နိုင်ငံကို သွားတော့ ဘယ်သူ့ အဆက်အသွယ်နဲ့ ရောက်သွားခဲ့တာလဲ။
ဖြေ ။ ။၂၀၁၇ ခုနှစ် ၁၀ လပိုင်းမှာ တရုတ်ပြည်မှာ အလုပ်ရမယ် ဆိုပြီး အဒေါ်က ခေါ်လို့ လိုက်သွားတာ။ တရုတ်ပြည် ရောက်တော့ အဒေါ်ရဲ့ ကလေးကို ထိန်းပေးရတယ်။ အဲဒီတော့ ဒီမှာနေရင် တရုတ်စကား သင်ကြည့်လိုက်။ နည်းနည်း ပါးပါး နားလည်ရင် ပြည်ကြီးကို သွားလို့ရတယ်လို့ ပြောတယ်။ နောက် တရုတ်စကား နည်းနည်းပါးပါး သိလာတဲ့ အချိန် မှာတော့ အဒေါ်က သူရဲ့ယောင်းမဆီမှာ အလုပ် ကောင်းကောင်းလေး ရှာပေးလိုက်ဆိုပြီး အပ်လိုက်တော့ ညီမကို သူ က ဟိုနန်ကို ခေါ်သွားတယ်။ အဒေါ်ဆီမှာတော့ သုံးလ နီးပါး ကြာအောင် နေခဲ့တယ်။
မေး။ ။ တရုတ်နိုင်ငံမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။
ဖြေ။ ။ အဒေါ်ရဲ့ ယောင်းမက ညီမကို ရှန်ဟိုင်းမှာ ရှိတဲ့ စားသောက်ဆိုင် တဆိုင်မှာ စားပွဲထိုး အလုပ်ပေးတယ်။ အဲဒီ မှာ ယွမ်သုံးထောင် ကျော်လောက်တော့ ရတယ်။ စားသောက်ဆိုင် သူဋ္ဌေးက ညီမကို ပေးပေမယ့် သူတို့က ညီမ လက် ထဲကနေ ပြန်ယူသွားတာ။ သိမ်းထားပေးမယ်လို့ ပြောပြီး ယူသွားတာပဲ။ နောက်ကျတော့ သူ့ဘာသာသူ သုံးပစ်လိုက် တာ။
အဲဒီမှာ လေးလလောက်တော့ လုပ်ခဲ့တယ်။ ပိုက်ဆံက တပြားမှ ပြန်မရတော့ဘူး။ နေထိုင်၊စားသောက်တာက သူတို့က အားလုံး စီစဉ်ပေးတာ။ အလုပ်ရှင်ဆီက ပိုက်ဆံရရင် ကိုယ်လည်း လိုအပ်တာလေးတွေ ဝယ်ချင်တယ်။ အဝတ်အစား ဆိုလည်း ၂ စုံ၊ ၃ စုံပဲ ရှိတာ ဆိုတော့ ထမင်းကျွေးတာကလည်း မမှန်ဘူး။ မစားရတဲ့နေ့ ပိုများတယ်။
အလုပ်မသွားဘူးဆိုရင် အဲဒီ မိန်းမနဲ့ အတူနေတဲ့ ယောကျာၤးက ရိုက်တယ်။ ကိုယ်က အလုပ်လုပ်ရပြီး ပိုက်ဆံမရတော့ အလုပ် မလုပ်ချင်တော့ဘူး။ အလုပ်ပြောင်းမယ် ဆိုတော့ သူတို့က ပေးမပြောင်းဘူး။
ညီမက စားသောက်ဆိုင်မှာ ညဘက် တညလုံး အလုပ် လုပ်ရတာ မနက်လင်းမှ ပြန်လာရတယ်။ အဲဒီအချိန် အိမ်မှာ စားစရာ မရှိတော့ဘူး။ ရှိရင်လည်း တခါတလေ သိုးနေတာတွေပဲ ကျန်တော့တယ်။ ဗိုက်ဆာနေရင် ပိုက်ဆံ မရှိတော့ ဝယ်မစားနိုင်ဘူး။ အပြင်ထွက်မယ် ဆိုတာနဲ့ သူတို့က ခြိမ်းခြောက်တော့တာပဲ။ တရုတ်ရဲ ဖမ်းသွားရင် ငါတို့ တာဝန် မယူဘူး။ နင်ဆင်ခြင်ပြီးမှ နေဆိုတော့ ကိုယ်က ကြောက်တယ်။
တရုတ်စကားလည်း မတတ်တော့ အပြင် မထွက်ရဲဘူး။ အခန်းထဲမှာ အောင်းနေရတယ်။ ကိုယ်က ပိုက်ဆံ နည်းနည်း လောက် တောင်းရင် အခန်းခ နင့်ဘာသာ နင်ပေးနိုင်လို့လား။ နင်ငှားနိုင်လို့လားလို့ ပြောတယ်။ မိန်းမ အသုံး အဆောင်တွေဆို မတတ်သာတော့မှ ဝယ်ပေးတာ။ တခါတုန်းကဆို အဲဒီလူက မူးပြီး ရိုက်လိုက်တာ လက်က အဆစ် လွဲသွားတယ်။ ဆေးလည်း ကုမပေးဘူး။ ဒီအတိုင်းပဲ ထားထားတယ်။ အိမ်ပြန်ချင်တယ်။ သူတို့က ပေးမပြန်ဘူး။
မေး ။ ။ အဲဒါနဲ့ မြန်မာပြည်ကို ဘယ်လို ပြန်လိုမျိုး ဘယ်ရောက်လာခဲ့တာလဲ။
ဖြေ ။ ။ တရုတ်ပြည်က စားသောက်ဆိုင်တခုမှာ စားပွဲထိုး လုပ်ခဲ့တယ်။ အလုပ်က ည ၉ နာရီကနေ မနက် ၃ နာရီ အထိ အလုပ်လုပ်ရတယ်။ တည အလုပ်လုပ်နေတဲ့ အချိန် ဆိုင်မှာ ရန်ဖြစ်ကြတယ်။ ရန်ဖြစ်တော့ ရဲတွေရောက်လာ ပြီး အားလုံးကို ဖမ်းခေါ်သွားတယ်။ ဖမ်းတဲ့အချိန်မှာ မြန်မာပြည်က လူတယောက်ဆိုလို့ ညီမတယောက်ထဲ ပါတယ်။ ရဲစခန်းကြီး မရောက်ခင် ရဲစခန်းအသေးလေးမှာ ညီမကို စစ်မေးတယ်။ နင်က ဘယ်ကလဲ။ နာမည် ဘယ်လိုခေါ်လဲ။ မှတ်ပုံတင် နံပါတ်ရော ရှိလားလို့ မေးတယ်။
သူတု့ိက စာအုပ်နဲ့ ဘောပင်ပေးပြီး ဖုန်းနံံပါတ်နဲ့ မှတ်ပုံတင် နံပါတ် ရေးခိုင်းတယ်။ အဲဒီအချိန်မှာ ကျမက မှတ်ပုံတင် မရှိဘူး။ မလုပ်ရသေးဘူး ပြောတာ အဲဒါဆို နင်က ဘယ်ကလဲလို့ မေးတယ်။ ညီမက မြန်မာပြည်ကလို့ ပြောတော့ သူတို့က မယုံဘူး။ နင်က ညာနေတာလို့ ပြောတယ်။ သူတို့က ဓါတ်လိုက်တဲ့ဟာနဲ့ တို့ပြီး စစ်မေးတယ်။ သူတို့က အဲဒီလိုလုပ်ပြီး မေးတော့ ညီမလည်း ခံနိုင်သလောက်တော့ သည်းခံပြီး နေတယ်။
အဲဒီအချိန်မှာ သူတို့ရဲ့ ခေါင်းဆောင် တယောက်က သူက မြန်မာပြည်က ဟုတ်လို့ ဟုတ်တယ် ပြောတာနေမှာပေါ့။ အဲဒီလောက်ထိတော့ မလုပ်နဲ့လို့ ပြောတယ်။ အဲဒီမှာ ညီမ သုံးရက် တိတိ နေခဲ့ရတယ်။ ထမင်းလည်း မကျွေးဘူး။ ရေလည်း မသောက်ရဘူး။ ခွင့်တောင်းကြည့်တယ်။ သူတို့က အဲဒီလို လုပ်လို့ မရဘူးလို့ ပြောတယ်။ ဒါပေမယ့် သူတု့ိ စစ်ဆေးမေးမြန်းတဲ့ အချိန်မှာတော့ ကျွေးတယ်။ ပေါင်မုန့်တို့ ဖျော်ရည်တို့ တိုက်တယ်။
မေး။ ။ အဲဒီ ထိန်းသိမ်းရေး စခန်းမှာရော ဘယ်လို နေထိုင်ခဲ့ရသလဲ။ ဘယ်လောက်ကြာခဲ့သလဲ။
ဖြေ။ ။သူတို့ မေးတာက အိမ်က ဘယ်နားမှာလဲ။ ဘယ်မှာနေတာလဲ။ နင့်ရဲ့ အိမ်ထောင်စုထဲမှာ ပါတဲ့ နာမည်တွေ အကုန်လုံး ပြောပြတဲ့။ ဒါမှ မြန်မာပြည်ကို ပြန်ပို့လို့ရမှာလို့ ပြောတယ်။ အိမ်ထောင်စုကို မမှားအောင် ပြော၊ မှားလို့ရှိရင် ငါ့တို့ ထိန်းသိမ်းရေးစခန်းမှာ နင့်ကို သွားထည့်ထားမယ်လို့ ပြောပါတယ်။
အိမ်ထောင်စု စာရင်းကို မြန်မာပြည်ကို ပို့လိုက်ပြီး အိမ်ထောင်စု စာရင်းထဲကလူ ရှိလား၊ မရှိဘူးလား ဆိုတာ စစ်ဆေး ကြည့်မယ်လို့ ပြောတယ်။ ညီမကလည်း အဖေ၊ အမေ၊ မောင်လေးတွေ နာမည်ကို ပြောပြလိုက်တယ်။ အဲဒီကနေ ထောင်လို့ ပြောလို့ရတဲ့ နေရာကို ပို့တယ်။ အဲဒီမှာ နှိပ်စက်တာ မရှိဘူး။ စောင့်လည်း စောင့်ရှောက်တယ်။ ညီမငိုရင် လည်း သေချာ ချော့မော့တယ်။
ထိန်းသိမ်းရေး စခန်းမှာ သုံးလကျော် ကြာသွားပါတယ်။ သူတို့ ဓာတ်ပုံ တိုက်ကြည့်ဖို့ ဆိုပြီး ဓာတ်ပုံလာရိုက်တယ်။ သုံးလကျော်တော့ ပြန်ရဖို့ရက် နီးတာကြောင့် လက်မှတ်ထိုးခိုင်းတယ်။ သူတို့က အိမ်ထောင်စုစာရင်းကိုတော့ ရှာ တွေ့ပြီ။ ဒါပေမယ့် ဘယ်နေ့ ထွက်ရမယ်ဆိုတာတော့ မပြောရသေးဘူး။ ၅ လပိုင်း ၁၀ ရက်ကျော် လောက်မှာ လက် မှတ်တခါ ထပ်ထိုးရတယ်။ အဲဒီအချိန်မှာ သူတို့က မေလ ၂၂ ရက် ထွက်ရမယ်လို့ ပြောပါတယ်။
မေး ။ ။ တခြားနိုင်ငံကို ရောက်သွားတဲ့ အချိန်မှာ အိမ်နဲ့ အဆက်အသွယ်ရှိလား။
ဖြေ ။ ။ အဖမ်းမခံရခင် အထိ အိမ်နဲ့က အဆက်အသွယ်ရှိတယ်။ အိမ်ကိုလည်း တရုတ်နှစ်ကူး ကျရင် ပြန်လာမယ်လို့ ပြောထားတယ်။ တရုတ်နှစ်သစ်ကူး မတိုင်ခင်မှာ အဖမ်းခံလိုက်ရတာ။ တရုတ်ပြည်မှာက နှစ်ကူးဆိုရင် လမ်းတွေမှာ သိပ်မစစ်ဆေးတော့ဘူး။ အဲဒါကြောင့် နှစ်ကူးမှာ အိမ်ပြန်ဖို့ စီစဉ်ထားတာ။ အဲဒီလို ပြောပြီး ၂ ရက်လောက်နေ အဖမ်း ခံရတာပဲ။
မေး ။ ။ အဲဒီလို အဖမ်းခံရတဲ့ အချိန်မှာရော အလုပ်သွင်းပေးတဲ့ သူတွေက ဘာလုပ်ပေးလဲ။
ဖြေ ။ ။ ညီမ ပြဿနာ တက်တော့ သူတို့ ထွက်ပြေးသွားကြပြီ။ ရဲတွေ ဖမ်းသွားတုန်းက နင့်ကို ခေါ်လာတဲ့သူက ဘယ် သူလဲ။ ဘာအလုပ် လုပ်လဲ။ ယာဉ်မောင်း လိုင်စင်ရှိလားလို့ မေးတော့ ညီမလည်း အမှန်အတိုင်းပဲ ပြောပြလိုက်တယ်။ သူတို့က ဓါတ်ပုံတွေ ပြပြီး မေးတယ်။ ညီမထောင်ထဲမှာ ရှိနေတဲ့အချိန် အဲဒီ လူတွေကို ဖမ်းမိတယ်လို့ သိရတယ်။
မေး ။ ။ မြန်မာနိုင်ငံကို ပြန်လာခဲ့ရတဲ့ အခြေအနေကို ပြောပြပေးပါဦး။
ဖြေ ။ ။ မေလ ၂၂ ရက် အစောကြီး လေယာဉ်နဲ့ ဒီဘက်ကို ပြန်လာတယ်။ နန်ကျင်းကနေ ကူမင်းလေဆိပ် အထိ လေယာဉ်တခါ စီးတယ်။ ကူမင်ကနေ တရုတ်နယ်စပ် အထိ လေယာဉ် ထပ်စီးရသေးတယ်။ အဲဒီကနေ ကားနဲ့ ရွှေလီ အထိ စီးရတယ်။ ရွှေလီက မူးယစ်ဆေးဝါး ထောင်ထဲမှာ ထားတယ်။ အဲဒီထောင်ထဲမှာလည်း ၂ ညအိပ် ၃ ရက် လောက် အထိ နေခဲ့ရတယ်။ နောက် နယ်စပ်က လူဝင်မှု ကြီးကြပ်ရေး လက်ထဲအပ်တယ်။ အဲဒီကနေ အယောက် တရာကျော်လောက်ကို ပြန်လွှတ်ပေးခဲ့တယ်။ တချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ကြရတာ။
ညီမကတော့ အိမ်နဲ့ အဆက်အသွယ် မရှိတော့ မူဆယ် နှစ်ခြင်းဘုရားကျောင်းမှာ ဆရာတော်တွေရဲ့ အကူအညီနဲ့ တ ပတ်ကြာနေခဲ့တယ်။ ဆရာတော်တွေရဲ့ အထောက်အပံ့နဲ့ မန္တလေးနှစ်ခြင်း ဘုရားကျောင်းကို ပို့ပေးခဲ့တယ်။ မန္တလေး မှာ ၁ ညအိပ်ပြီး နောက်နေ့မှာ မြစ်ကြီးနားကို ပြန်လာခဲ့တယ်။
မေး ။ ။ ဒီလိုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘာသင်ခန်းစာ ရလိုက်တယ်လို့ ထင်သလဲ။
ဖြေ ။ ။ ကိုယ်က ဘာမှ မသိခဲ့လို့သာ ခေါင်းပုံဖြတ်ခံရတယ် ဆိုတော့ အခုဟာက အတွေ့အကြုံရတာပဲ။ နောက်တခါ ဘယ်နိုင်ငံပဲ သွားသွား ကိုယ့်ကို သူများတွေ အနိုင်မကျင့်ရအောင် ခေါင်းပုံ မဖြတ်ခံရအောင် ကိုယ့်ကိုကိုယ် ကြိုတင် ကာကွယ်နိုင်ပြီ။
မေး ။ ။ တခြားနိုင်ငံမှာ သွားအလုပ်လုပ်မယ့်သူတွေကို ညီမအနေနဲ့ ဘာများ ပြောချင်တာရှိလဲ။
ဖြေ ။ ။ သူများနိုင်ငံကို ဖြစ်နိုင်ရင် မသွားတာ ကောင်းပါတယ်။ သူများနိုင်ငံသွားမယ် ဆိုရင် သူတို့နိုင်ငံရဲ့ စကားတတ် ရမယ်။ ဒါတောင် တတ်တာနဲ့ မလုံလောက်ဘူး။ အဓိကပြောချင်တာက ကိုယ့်လူဆိုလည်း အချင်းချင်းကို မယုံကြနဲ့။ အခုက ကိုယ့်ကိုကိုယ်တောင် ယုံလို့မရတဲ့ ခေတ်။ ပြောချင်တာက ကိုယ်ဆွေမျိုးဆိုလည်း ပိုယုံလို့ မရဘူး။ ကိုယ့် မသိတဲ့ သူများနိုင်ငံက လူတောင် ကိုယ့်အပေါ် ကောင်းတယ်။ ကိုယ်ရဲ့လူမျိုးချင်းချင်းတွေက ကိုယ့်အပေါ်ကို မကောင်းဘူး။