အမျိုးသမီးများအပေါ် ကာယိန္ဒြေပျက်စီးစေသည့်လက်ရောက်ကျူးလွန်မှုအတွက် ပုဒ်မ ၂ ခုဖြင့် တရားစွဲ ခံထားရသည့် ဗေဒင်ဆရာအောင်ချစ်ပိုအမှုတွင် တရားလိုပြသက်သေများ ရောက်ရှိ မလာသည့်အတွက် စက်တင်ဘာ ၁၇ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်သည်။
ဗေဒင်ဆရာအောင်ချစ်ပိုက ကိုးထပ်ကြီးဘုရားတွင် ဟောခန်းဖွင့်ခဲ့သည့် ဗေဒင်လာမေးသည့် မိန်းကလေး တချို့အား ယတြာချေပေးမည်ဆိုပြီး ကာယိန္ဒြေပျက်စီးစေသော ထိပါးမှုများပြုလုပ်မှုဖြင့် စမ်းချောင်းမြို့မရဲစခန်း တွင် အမှုဖွှင့်တိုင်ကြားခံထားရသူဖြစ်သည်။
ယနေ့ရုံးချိန်းမလာဖြစ်တာနှင့် ပတ်သက်ပြီး တရားလို မမြင့်မြတ်ကေခိုင်က “ ဒီနေ့က အမေ့ကို စစ်မှာဆိုတော့ အမေက သွေးတိုးနေလို့ မလာဖြစ်တာပါ။ ခွင့်တိုင်ပြီးသွားပြီ။”ဟု ဧရာဝတီသို့ ပြောသည်။ မမြင့်မြတ်ကေခိုင်ကို ယခင်ရုံးချိန်းများတွင် စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
ဗေဒင်ဆရာ အောင်ချစ်ပို၏ တရားလွှတ်တော်ရှေ့နေ ဦးစိုးဝင်းအောင်ကလည်း “ မြင့်မြတ်ကေခိုင်ကို စစ်ဖို့ သူ့အမေ ဖြစ်တဲ့ ဒေါ်မြတ်မာလာသန်းကို စစ်ဖို့။ ဟိုတချိန်ကလည်း ခေါ်တယ်။ နေမကောင်းဘူး။ ခွင့်တင်တယ်။ သူ့အမေ မလာနိုင်လို့ ဒီနေ့သူတို့က ခွင့်တင်တော့ ရုံးချိန်းပြန်ပေးလိုက်တယ်။ ဒီနေ့ကတော့ မြင့်မြတ်ကေခိုင် အမှုက မစစ်နိုင်ဘူး။ သူ့ဘက်က သက်သေခေါ်မလာတဲ့အတွက်ကြောင့်မို့ ။ အဲဒီတော့ နှစ်ပတ်ပြန်ချိန်းလိုက် တယ်။ ၁၇ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။”ဟု ပြောသည်။
ဗေဒင်ဆရာအောင်ချစ်ပိုကို ရုပ်ရှင်သရုပ်ဆောင် ဒိန်းဒေါင်၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်နှင့် မမြင့်မြတ်ကေခိုင်တို့က ကာယိန္ဒြေပျက်စီးစေသည့် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် နူတ်ဖြင့်ကျူးလွန်ခြင်း ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ နှင့် ပုဒ်မ ၅၀၆ တို့ဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ဒိန်းပိုပိုဒေါင်ကိုလည်း ယခင်ရုံးချိန်းများတွင် စစ်ပြီးဖြစ်သည့်အတွက် ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေကို စစ်ရန် ချိန်းထားပြီး ဖြစ်သော်လည်း ဒိန်းပိုပိုဒေါင်၏ တရားလိုပြသက်သေ မရောက်လာခဲ့ပါ။
၎င်းအကြောင်းအရာနှင့်ပတ်သက်ပြီး ဦးစိုးဝင်းအောင်က “ ဒိန်းပိုပိုဒေါင်ရဲ့သက်သေ သဇင်ဝိုင်းကို ရုံးက သမာန်စာထုတ်တယ်။ သူက အိမ်မှာ မရှိပါဘူးဆိုပြီး သမာန်စာ ကို အကြောင်းပြန်တယ်။ အဲဒီတော့ သက်သေအတည်မဖြစ်ဘူး။ မဖြစ်တော့ ၁၇ရက် နေ့ကို ပြန်ချိန်းတယ်”ဟု ပြောကြားသည်။
ထို့အပြင် ဗေဒင်ဆရာအောင်ချစ်ပိုကလည်း ၎င်း၏ဂုဏ်သရေထိခိုက်စေသည့်အတွက် ၎င်းအား တရားစွဲဆိုခဲ့ သည့် အမျိုးသမီး ၂ ဦးဖြစ်သည့် မြင့်မြတ်ကေခိုင်နှင့် အခြားတဦး၊ ကိုဖြိုးဝေဝင်း ကို ပုဒ်မ ၆၆ ဃဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဒိန်းပိုပိုဒေါင်ကိုလည်း ဗေဒင်ဆရာအောင်ချစ်ပိုက အသရေဖျက်မှုဖြင့် ပြန်လည်အမှုဖွင့်ထားသည်။ ဒိန်းပိုပိုဒေါင် က အောင်ချစ်ပို၏အသရေကို ထိခိုက်စေသည့် စာသားများ၊ ပို့စ်များရေးတင်လာသည့်အတွက် အောင်ချစ်ပို၏ ဂုဏ်သရေနှင့် စီးပွားရေးကို ထိခိုက်စေသည်။အဆိုပါ ပို့စ်များကို ဒိန်းပိုပိုဒေါင်က personal မဟုတ်ပဲ public ကို တင်လိုက်သည့် အချက်များကြောင့် ဒိန်းပိုပိုဒေါင်ကို ပြန်လည်တရားစွဲထားတာဖြစ်သည်ဟု ရှေ့နေ ဦးစိုးဝင်းအောင်က ပြောသည်။
ဗေဒင်ဆရာအောင်ချစ်ပိုက ဒိန်းပိုပိုဒေါင်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုမှုတွင် အောက်ရုံးများက ဦးတိုက် လျှောက်မှု ပယ်လိုက်တာကြောင့် တိုင်းဒေသကြီးလွှတ်တော်ကို တက်ထားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ၎င်းအမှုကို လက်ခံထားပြီးဖြစ်သောကြောင့် အပြီးသတ်ကြားနာရန်အတွက် ရက်ချိန်းကို စောင့်ဆိုင်းနေကြောင်း သိရသည်။