အမျိုးသားရေး ၊ အမျိုး၊ ဘာသာ ၊ သာသနာစောင့်ရှောက်ရေး စသည့်စကားလုံးများသည် မြန်မာပြည်သူအများစု၏ သည်းခြေကြိုက် စကားလုံးများဖြစ်ပါသည်။ ဒီမိုကရေစီ စနစ် ၊ တန်းတူညီမျှခွင့် ၊ လူ့အခွင့်အရေး စသည့် စကားလုံးများ ပြောလိုက်သည်နှင့်
“လူ့အခွင့်အရေးဆိုတာတော့ ဟုတ်တယ်လေ ၊ ဒါပေမယ့် တို့နိုင်ငံက အိန္ဒိယနှင့် တရုတ်နိုင်ငံလို နိုင်ငံကြီးနှစ်ရပ်ကြားမှာ ရှိတဲ့အပြင် ၊ လူဦးရေပေါက်ဖွားနှုန်း အရမ်းမြန်တဲ့ ဘာသာခြားတွေရန်ကရှိသေးတယ်။ ဗုဒ္ဓဘာသာ မပျောက်ရအောင် နောက်ဆုံး သာသနာခံတပ်က မြန်မာနိုင်ငံပဲ ရှိတော့တယ်။ အဲဒီတာ့ လူ့အခွင့်အရေးဆိုတာတွေ ဘေးချိတ် ၊ ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာအတွက် လုပ်ရမှာပဲ“ ဆိုတဲ့ ရဲရဲတောက် စကားတွေက လူထုကြားမှာ စီးဝင်နေဆဲ။ အမျိုးစောင့်သည် ဆိုရာတွင် မည်သို့စောင့်ကြမည်လဲ ဟူသော မေးခွန်းသည် ကျမခေါင်းထဲ အမြဲရှိနေသည့် မေးခွန်းဖြစ်သည်။
နိုင်ငံသားဖြစ်ခွင့် ဥပဒေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ နှင့် အမျိုးပျောက်ခြင်း၊ စောင့်ခြင်းတို့အကြား ဆက်စပ်နေသည်များကို ရေးသားချင်ပါသည်။ ပထမဦးဆုံး တရုတ်နိုင်ငံက စပြောချင်ပါသည်။
ယနေ့ကမ္ဘာတွင် တရုတ်နိုင်ငံသည် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်ပါသည်။ လူဦးရေ များသည်ကို လည်း အမှန်တကယ် ဂုဏ်ယူသည့် နိုင်ငံဖြစ်သည်။ လူဦးရေ နှင့် စီးပွားရေး တိုးတက်ရန် မည်သို့ လုပ်ဆောင်ခဲ့ပါသလဲဟု အနည်းငယ်ဆွေးနွေးချင်ပါသည်။ ၁၉၇၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လူဦးရေမှာ ၉၈၈.၉ သန်းရှိသည်။
စီးပွားရေး တိုးတက်ရန် မူဝါဒ စီမံကိန်းများ အဖုံဖုံ ကြံစည်ကြိုးစားစဉ်ကာလတခုတွင် တအိမ်ထောင် ကလေးတယောက်သာ ယူရမည့် စနစ်ကို ၁၉၇၉ ခုနှစ်က စတင်ကျင့်သုံးခဲ့သည်။ ထိုစနစ်ကို ၂၀၁၅ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ လက်ရှိ တရုတ်နိုင်ငံ၏ လူဦးရေမှာ သန်းပေါင်း ၁၄၁၆ ကျော်ရှိပါသည်။
ကလေးတယောက်သာယူရမည့် မူဝါဒကျင့်သုံးလိုက်သည့်အခါ သားယောက်ျားလေးသာလျှင် မိသားစုမျိုးဆက်အမွေကို ဆက်ခံနိုင်သည့် ယဉ်ကျေးမှုစနစ်တို့ကြောင့် ကလေး တဦးတည်းသာ ယူရမည်ဆိုလျှင် သားသာ လိုချင်ကြသည်။ သမီးမိန်းကလေး မွေးလာလျှင် စွန့်ပစ်ခြင်း ၊ သတ်ပစ်ခြင်း ၊ ကိုယ်ဝန်ဖျက်ချခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည့်အတွက် အနှစ် ၄၀ ကြာမြင့်သည့် ယနေ့အချိန်တွင် တရုတ်နိုင်ငံ၌ အိမ်ထောင်ပြုရခြင်းမရှိသေးသည့် လူပျိုလူလွတ် ဦးရေ သန်း ၂၀၀ ကျော် (စုစုပေါင်း လူဦးရေ၏ ၁၄.၆%) ရှိသည် ဟု wall street journal ကဆိုသည်။
၁၉၉၀ ခုနှစ်ကာလများက လူပျိုလူလွတ်အရေအတွက်သည် နိုင်ငံစုစုပေါင်းလူဦးရေ၏ ၄% သာရှိရာ နှစ်ပေါင်း ၃၀ နီးပါးကာလတွင် နှစ်ဆကျော်တိုးလာသည်။ ဆက်လက်တိုးပွားနေဆဲဟု ဆိုကြသည်။ သက္ကရာဇ် ၂၀၂၀ တွင် တရုတ်နိုင်ငံရှိအရွယ်ရောက် အိမ်ထောင်ပြုနိုင်သည့် အမျိုးသားအရေအတွက်သည် အမျိုးသမီးအရေအတွက်ထက် ၂၉ သန်းပိုမည်ဟု ခန့်မှန်းကြသည်။
သတို့သမီး လိုအပ်ချက် ကြီးမားလာသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများကို မှောင်ခိုသွင်းခြင်း ၊ လူကုန်ကူးခြင်း စသည့်ဈေးကွက်ကြီး ပေါ်ထွန်းလာသည်မှာ ဆယ်စုနှစ် ၃ ခုရှိပေပြီ။ အိမ်နီးချင်းနိုင်ငံဟု ဆိုရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်သည့် လာအို ၊ မြန်မာ ၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် နိုင်ငံတို့မှ အများဆုံးဖြစ်သည်။
တရုတ်နိုင်ငံ၏ ပြဌာန်းဥပဒေအရ အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများကို တရားဝင်လက်ထပ်ခွင့်ရှိသော်လည်း ၎င်းအမျိုးသမီးများမှာ တရုတ်နိုင်ငံသား ဖြစ်ခွင့်မရှိပါ။ မွေးဖွားလာသည့် ကလေးကမူ မည်သည့် နိုင်ငံခြားသားကမွေးဖွားသည်ဖြစ်စေ ၊ ဖခင်က တရုတ်နိုင်ငံသား ဖြစ်ပါက အလိုအလျောက် တရုတ်နိုင်ငံသားဖြစ်သကဲ့သို့ နိုင်ငံသားတယောက်၏ အခွင့်အရေးကို အပြည့်အဝရပါသည်။
ယင်းသို့ သတို့သမီး ဝယ်ယူရာတွင် ချစ်ခြင်းမေတ္တာကို အခြေခံခြင်း သို့မဟုတ် လူသားတို့၏ သဘာဝလိုအပ်ချက်ဖြစ်သော ကြင်ဖော်ရှိလိုခြင်းတို့ထက် မျိုးဆက်ထိန်းသိမ်းရန်မှာ အဓိကဦးစားပေးဖြစ်သည်။ တင်းကျပ်သည့် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကြောင့် နိုင်ငံခြားသူ ဇနီးတစ်ယောက်ကို ကြာရှည်လက်ခံထားရန်လည်း ခက်ခဲပါသည်။
အကျိုးဆက်အနေဖြင့် အမျိုးသမီးများကို သားဖွားရန် အတွက်သာ ရည်ရွယ်၍ တနှစ် သို့မဟုတ် တနှစ်ခွဲစာချုပ်ဖြင့် ဝယ်ယူလာကြသည်။ ကလေးမွေးဖွားပြီးလျှင် ကလေး သုံးလခန့်ရောက်သည်နှင့် ပြန်ပို့ကြသည်လည်းရှိသည်။
ကံဆိုးသူ အချို့ မိန်းကလေးတို့မှာမူ ပထမ လင်ယောက်ျားမိသားစုက နောက်ထပ်တအိမ်သို့ ထပ်ဆင့်ရောင်းချခြင်းခံကြရသည်။ မိမိတို့ ကုန်ကျသည့် ငွေကြေးပြန်ရစေရန် စီးပွားရေးပြန်လုပ်ကြခြင်းပင်။
ထိုသို့လုပ်ငန်းများကို မြို့ကြီးပြကြီးများတွင် ပွဲစားများက ထင်ထင်ပေါ်ပေါ် စည်းရုံးခြင်းမရှိသော်လည်း ကျေးလက်ဒေသတွင်တော့ လူကုန်သလောက်တောင်ရှိနေပါပြီ ဟုသာ ဝမ်းနည်းစွာ ပြောချင်ပါသည်။ တရုတ်နိုင်ငံရှိ စက်ရုံတွင် အလုပ်ရမည်ဆိုကာ မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ရောင်းစားခံရသူ ၊ ရွှေလီမှတစ်ဆင့် ရောင်းစားခံရသူများ ကို မြန်မာနိုင်ငံ လူကုန်တား ရဲတပ်ဖွဲ့က နေ့စဉ် စီမံချက်ဖြင့်ပင် ကယ်တင်ပေးနေရသည်။
ကယ်တင်ပေးခဲ့သည့် ဖြစ်ရပ်ပေါင်းများစွာအနက် အနည်းငယ်ကို တင်ပြချင်ပါသည်။
မသီ (အမည်လွဲ) သည် အသက် ၂၀ အရွယ် မိန်းမပျိုလေးတဦး ဖြစ်ပြီး ဧရာဝတီတိုင်းတွင်းရှိ မြို့နယ်လေးတခုမှဖြစ်သည်။ မြို့နယ်ရဲစခန်းမှ ရဲတပ်သားတယောက်နှင့် ချစ်ကြိုက်ပြီး ခိုးရာလိုက်သွားခဲ့သည်။ ၎င်း၏ ခင်ပွန်းက မူဆယ်တွင် အလုပ်သွားလုပ်ရအောင်ဟု အကြံပြုသည်ကို သဘောတူလိုက်ပါသွားရာမှ ပွဲစားမှတဆင့် ရောင်းစားခဲ့ခြင်းဖြစ်သည်။ တရုတ်ခင်ပွန်းနှင့် သားလေးတယောက်ရသည်အထိ ပေါင်းသင်းပြီး သားလေး ၄ လသားအရွယ်တွင် ၎င်းကိုဝယ်ယူခဲ့သည့် ပွဲစားထံသို့ တရုတ်ခင်ပွန်းက ပြန်ပို့ပေးခဲ့သည်။
အဝတ်အစားအနည်းငယ်နှင့် အစားအသောက်အနည်းငယ် ဝယ်ခြမ်းပေးခဲ့သော်လည်း ပြန်ရန် လမ်းစရိတ်တပြားတချပ်မှ မပေးခဲ့သဖြင့် မူဆယ်ရဲတပ်ဖွဲ့မှတဆင့် အိမ်သို့ဆက်သွယ်ကာ မိသားစုက လာရောက်ခေါ်ယူခဲ့ရသည်။ မူလပထမ ရောင်းစားသူ ကိုအမှုဖွင့်ထားပြီး ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။
မနီလာ (အမည်လွှဲ) သည် အသက် ၁၆ နှစ်အရွယ် မိန်းမပျိုလေးဖြစ်ပြီး ရန်ကုန်တိုင်း ဆင်ခြေဖုံးမြို့ငယ်တခုတွင် နေထိုင်သည်။ သူမ အသက် ၁၃ နှစ်ခန့်က မိခင်ဖြစ်သူသည် တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ဦးမည် ဆိုကာထွက်သွားသည်မှာ တစ်နှစ်ကျော်ခန့်ကြာမှ ပြန်ရောက်လာသည်။ ပွဲစားအလိမ်ခံရသဖြင့် ပိုက်ဆံမရခဲ့ဟုသည်မှ အပ မိခင်ဘာအလုပ်လုပ်ခဲ့သည်ကို ရေရေရာရာ မပြောတတ်ပါ။
မိခင်က ခရီးလမ်းကြောင်းသိပြီဖြစ်သည့်အတွက် ဒီတစ်ခါတော့ ဒုက္ခမရောက်နိုင်တော့ပါ။ တို့သားအမိ နှစ်ယောက် သွားအလုပ်လုပ်ရအောင် ဟုခေါ်ဆောင်သွားပြီး ရောင်းစားခံရသူဖြစ်သည်။ ပွဲစားများက တရုတ်နိုင်ငံအတွင်းသို့ အဆင့်ဆင့်ခေါ်ဆောင်သွားကြပြီး ရောက်သည့်အခါ သူမကို ဝယ်ယူသည့် ခင်ပွန်းမှာ စိတ်မနှံ့သူဖြစ်သည်။ သူမ မလိုက်ချင်ပါ ဟု ငြင်းဆိုသည်ကို ဆံပင်မှဆွဲက တရွတ်တိုက်ခေါ်သွားသည် ဆိုသည်။ စိတ်မထင်လျှင် မထင်သလို ရိုက်နှက်ခြင်း ၊ လည်ပင်းညှစ်ခြင်း စသည့် ဒဏ်များကိုလည်း ခံရသေးသည်။
လအတန်ကြာသည်အထိ ကိုယ်ဝန်မရသည့်အတွက် ဆရာဝန်နှင့် ပြကြရသည်ဟုလည်း ပြန်ပြောပြပါသည်။ တစ်နှစ်ကျော်ခန့်ကြာသည့်အခါ အိမ်ပတ်ဝန်းကျင်နှင့် လမ်းအခြေအနေတို့ကို အတော်အတန် သိလာသည်နှင့် လူအလစ်တွင် ထွက်ပြေးခဲ့သည်။ ရဲစခန်းကိုရောက်ရှိ အကူအညီတောင်းရာမှ နှစ်နိုင်ငံ လူကုန်တားရဲတပ်ဖွဲ့ခြင်း ချိတ်ဆက်၍ ပြန်လည်ရောက်ရှိလာသည်။ ရောင်းစားသူမှာ မိခင်အရင်းဖြစ်ပြီး ထွက်ပြေးနေဆဲဖြစ်သည်။
မကြည်ပြာ (အမည်လွှဲ) သည်အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး ရန်ကုန်တိုင်း ဆင်ခြေဖုံးမြို့နယ်တွင်နေထိုင်သည်။ အသားအရေ ဖြူဖြူစင်စင်နှင့် သေးသေးသွယ်သွယ်လေး ဖြစ်သည်။ ဦးလေးအရင်းက အိမ်အလည်ခေါ်သဖြင့် မြန်မာပြည်အလယ်ပိုင်းရှိ မြို့ငယ်လေးသို့ အလည်လိုက်ပါသွားရာမှ ဦးလေး နှင့် အဒေါ်က မူဆယ်တွင် အလုပ်သွားလုပ်ကြမည်။ အမ ဝမ်းကွဲတွေနှင့် အတူအလုပ်လုပ်ရမည်ဟု အယုံသွင်းကာ ရောင်းစားခံရခြင်းဖြစ်သည်။
ပြန်မလာသဖြင့် မိခင်က လိုက်လာသည့်အခါ ဦးလေးနှင့် အဒေါ်ဖြစ်သူက မန္တလေးရှိ စက်ရုံတွင် အလုပ်သွင်းပေးထားသည်ဟု ညာခဲ့ကြသည်။ သူမကို ဝယ်ယူခဲ့သည့် တရုတ်ခင်ပွန်းက ဖုန်းတစ်လုံးဝယ်ပေးသည့်အခါ မိခင်နှင့် ပြန်လည်ဆက်သွယ်နိုင်ခဲ့သည်။ မိခင်က အမှုဖွင့်တိုင်ကြားခဲ့သည့်အတွက် တရုတ်ရဲတပ်ဖွဲ့က သွားရောက်ကယ်တင်ပြီး မြန်မာပြည် ပြန်ပို့ခဲ့သည်။ ရောင်းစားသူ ဦးလေးအရင်းမိသားစုမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။
မနီနီ (အမည်လွှဲ) သည် အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တရုတ်နိုင်ငံ ပီကင်းမြို့ရှိ မြန်မာ နိုင်ငံသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံလာသူဖြစ်သည်။ သူမကို တွေ့ရှိသည့်အချိန်တွင် ကိုယ်ဝန် ၆ လရှိနေပြီး ယင်းကိုယ်ဝန်မှာ ဒုတိယ ခင်ပွန်း၏ ကိုယ်ဝန်ဖြစ်သည်။ ပထမဝယ်ယူခဲ့သည့် ခင်ပွန်းဖြင့် ကလေးတယောက်မွေးဖွားပြီးသည့်အခါ နောက်တယောက်ထံသို့ လက်ဆင့်ကမ်းရောင်းခဲ့သည်။
ပထမရောင်းစားခံရစဉ်က အသက်အရွယ်ကို အတိအကျ မသိရသော်လည်း ၁၂ နှစ်ကျော် ၁၃ နှစ်ခန့်သာ ရှိမည်ဟု ခန့်မှန်းရပါသည်။ အိမ်အလုပ်များ နှင့် ခြံအလုပ်များကို ပင်ပန်းစွာလုပ်ရသည့်အပြင် ရိုက်နှက်နှိပ်စက်မှုကိုပါ ခံရပြီး ထွက်ပြေးလာရာ ရဲမှတစ်ဆင့် သံရုံးသို့ ဆက်သွယ်အကူအညီတောင်းလာခြင်းဖြစ်သည်။ သံရုံး၏ ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အထက်ပါအဖြစ်အပျက်များသည် မြောက်များလှစွာသော အဖြစ်အပျက်များထဲမှ အချို့တဝက်သာဖြစ်ပါသည်။ ချရေးခြင်းငှာ မစွမ်းနိုင်သည့် ဝမ်းနည်းစရာ အဖြစ်အပျက်များ များစွာရှိနေပါသေးသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးရေး ဥပဒေကို ၂၀၀၅ ခုနှစ်က စတင်ပြဌာန်းခဲ့ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှသည် တသက်တကျွန်းအထိ ချမှတ်နိုင်ပါသည်။ သို့ရာတွင် လူကုန်ကူးခြင်းမှာ တဦးတယောက်တည်းပါဝင်သည့် ရာဇဝတ်မှုမျိုးမဟုတ်ပဲ ပွဲစားအဆင့်ဆင့်ဖြင့်လုပ်ဆောင်သည့် လုပ်ငန်းဖြစ်သည်။
သားကောင်းကို စတင်ချဉ်းကပ်လာသူများမှာ များသောအားဖြင့် ရင်းနှီးခင်မင်သည့် မိတ်ဆွေ ၊ ဆွေမျိုးသားချင်းနှင့် မိခင် ၊ ဖခင် ၊ မောင်နှမ အရင်းအခြာများဖြစ်နေတတ်ပြီး အများစုမှာ အလုပ်အကိုင်အခွင့်အလမ်းဟုထင်၍ ရိုးသားစွာ ချိတ်ဆက်ပေးကြသူများဖြစ်သည်။ သို့ရာတွင် လူကုန်ကူးမှုဖြစ်ပွားပြီ ဆိုသည်နှင့် ဖြစ်စဉ်တစ်လျှောက်လုံးပါဝင်သည့် သူများကို ဖမ်းဆီးအရေးယူကြရသည်။
ယင်းသို့ ဖမ်းဆီးအရေးယူရာတွင်လည်း ဝယ်ယူခဲ့သူ၊ ကလေးမွေးဖွားရန် အတင်းအကျပ်စေခိုင်းသူ များကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိပါ။ မြန်မာနိုင်ငံဖက်ခြမ်းမှ ပွဲစား သို့မဟုတ် မိဘဆွေမျိုးများကိုသာ အရေးယူနိုင်ပါသည်။ ဖြစ်စဉ်အတော်များများတွင် အသက်မပြည့်သည့် မိန်းကလေးများ ပါဝင်သော်လည်း တရားဝင် သွားရောက်ကြသူများ မဟုတ်သည့်အတွက် တရုတ်နိုင်ငံရှိ ဥပဒေများကလည်း ၎င်းတို့ကို အကာအကွယ်မပေးပါ။ မြန်မာနိုင်ငံ လူကုန်တားရဲတပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးခြင်းသာရှိသည်။
ကံမကောင်းသည့် မိန်းကလေးများဆိုလျှင် ရဲစခန်းသို့ ထွက်ပြေးသော်လည်း ရဲက ၎င်းကိုဝယ်ထားသည့် တရုတ်အိမ်ရှင်နှင့် အမျိုးတော်သည့်အတွက် အိမ်ပြန်ပို့ပေးသည်ကိုပင် ကြုံကြရသည်။ ထိုသို့ဖြစ်ပါက အိမ်ပြန်ရောက်လျှင် အရိုက်အနှက်ခံရခြင်း၊ ထမင်းမကျွေးခြင်း ၊ ပိတ်လှောင်ထားခြင်းတို့ကို ကြုံတွေ့ရသည်။
ကလေးမွေးဖွားခဲ့သည့် မိန်းကလေးများသည်လည်း မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသည့်အခါ ကလေးခေါ်လာနိုင်ခြင်းမရှိပါ။ မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ထိုကလေးများသည် နိုင်ငံသားဖြစ်ခွင့်မရပါ။ နိုင်ငံသားဖြစ်ခွင့်မရသည့်အတွက် ကျောင်းနေခွင့် အပါအဝင် အခြေခံအခွင့်အရေးများဆုံးရှုံးသည့်အပြင် လူ့အသိုင်းအဝိုင်း၏ ဖယ်ကျဉ်ခြင်း ခံရပါသည်။
တရုပ်နိုင်ငံဥပဒေအရမူ နိုင်ငံသားဖြစ်ခွင့်အပြည့်အဝရပါသည်။ အချို့ ရှားပါးဖြစ်စဉ်များတွင် အမျိုးသမီးများသည် တရားဝင်လက်ထပ်ထိမ်းမြားခွင့်ရကြလျှက် ၊ ပျော်ရွှင်သော အိမ်ထောင်တခုဖြစ်သွားသည်ကို တွေ့ရသည်။ သို့ရာတွင် ဇနီးသည် တရုတ်နိုင်ငံသားခံယူခွင့်မရှိပါ။ အမြဲနေထိုင်ခွင့် ရရန်ခက်ခဲပါသည်။ ယခုအခါ လူဝင်မှုဥပဒေကို ပြန်လည်ပြင်ဆင်၍ ဇနီးဖြစ်သူကို နိုင်ငံသားဖြစ်ခွင့် ပေးရန် စဉ်းစားနေသည်ဟုလည်းဆိုပါသည်။
ထိုသို့ ဖြေလျော့မှုများ ပြုလုပ်လာပါက နိုင်ငံဖြတ်ကျော် လက်ထပ်ထိမ်းမြားမှုများ ပိုမိုများပြားလာမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ တဖက်က ကြည့်မည်ဆိုလျှင် အမျိုးသမီးလိုအပ်ချက်ကြီးမားနေသည့် နိုင်ငံသို့ အိမ်နီးနားချင်း နိုင်ငံများမှ အမျိုးသမီးများ ဝင်ရောက်မှုကို တားဆီးမရနိုင်ပါ။ တားဆီးမရနိုင်သည့်အတူတူ နိုင်ငံသားဖြစ်ခွင့်ရလျှင် ဥပဒေအရ အကာအကွယ်ရမည်ဆိုပါက ကောင်းသောအရွေ့တခုဖြစ်လာမည်ဟု ဆိုနိုင်ပေမည်။
သို့ရာတွင် လူဦးရေအရအပြောင်းအလဲ ဖြစ်သွားမည့် ပမာဏကို ကြိုတင်တွက်ချက်ရန်လိုအပ်နေပေသေးသည်။ သန်း ၂၀၀ ကျော်သော သတို့သားများအတွက် အဓိက သတို့သမီးများထွက်ရှိရာ ပေးပို့နိုင်ငံများ၏ လူဦးရေကိုကြည့်လျှင် ဗီယက်နမ် (၉၆ သန်း) ၊ မြန်မာ (၅၃ သန်း) ၊ ကမ္ဘောဒီးယား (၁၆ သန်း) ၊ လာအို (၆.၉ သန်း) ရှိသည်။ လက်ခံနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအပါအဝင် ယင်းနိုင်ငံများအနက် နှစ်နိုင်ငံ နိုင်ငံသားခံယူခွင့်ကို ခွင့်ပြုသည့်နိုင်ငံမှာ ကမ္ဘောဒီးယား နိုင်ငံတခုသာရှိသည်။
ယခုကဲ့သို့ လူဦးရေ အချိုးအစား မညီမျှမှု၏ အကျိုးဆက်သည် အိမ်နီးချင်းနိုင်ငံများ၏ လူဦးရေအချိုးအစား ကိုပါ ကြီးစွာ သက်ရောက်လာပါသည်။ ပြောင်းလဲလာသည့် အခင်းအကျင်းများအတွက် မိမိနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေများ ၊ လုပ်ထုံးလုပ်နည်းများကို လိုက်လျောညီထွေ ပြင်ဆင်သင့်သည့်အပြင် အသိပညာပေးမှုများပြုလုပ်ရန်လိုသည်။
ငါတို့ အရိုးစည်းရိုးထိုးရန် ချွန်တတ်ရုံနှင့်တော့ အလုပ်မဖြစ်တော့ပါ။