နိဒါန်း
လုပ်ငန်းခွင်များတွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရခြင်းများနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှုများ မရှိခြင်းကြောင့် အမျိုးသမီးများစွာ ထိခိုက်ခံရခြင်းနှင့် လုပ်ငန်းခွင် မလုံခြုံမှုများကို ခံစားနေကြရပါသည်။ အဆိုပါ အကြောင်းတရားများသည် လုပ်ငန်းခွင် နယ်ပယ်ပေါင်းစုံတွင် အမျိုးသမီးများ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်မှုများအတွက် အတားအဆီး၊ အခက်အခဲများ ဖြစ်နေပါသည်။ အဆိုပါ အကြောင်းတရားများကို ဖြေရှင်းလျှော့ချနိုင်မှသာ လုပ်ငန်းခွင်တွင် အမျိုးသမီးများ၏ အန္တရာယ် ကင်းရှင်းမှုကို ရှောင်ကျဉ်းပေးနိုင်ပါသည်။
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း
ထိပါးနှောင့်ယှက်မှု နှင့် ပတ်သက်၍ အဓိပ္ဗာယ်သတ်မှတ်ချက် အမျိုးမျိုးရှိနိုင်ပါသည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် သတ်မှတ်ထားချက်များလည်း ရှိနိုင်သလို အများအားဖြင့် နိုင်ငံတကာမှ သိနားလည် လက်ခံထားသည့် အချက်အလက်အပေါ် အခြေခံစဉ်းစားမှုများလည်း ရှိနိုင်ပါသည်။ နိုင်ငံတနိုင်ငံ၏ လက်ခံထားသော ဓလေ့ ထုံးထမ်းအစဉ်အလာများနှင့် သတ်မှတ်ချက်များကြောင့် လက်ခံနိုင်မှု အတိုင်းအတာ ကွဲပြားမှုများ ရှိနိုင်ပါသည်။ ထိပါးနှောင့်ယှက်မှု (Harassment) သည် လူတဦးဦးအား စိတ်ဆိုးစေခြင်း၊ စိတ်စနိုးစနောင့် ဖြစ်စေခြင်း ၊ စိတ်မကောင်းဖြစ်စေခြင်းများ ခံစားရစေရန် အကြိမ်ကြိမ် ကျူးလွန်ပြုမူသည့် အပြုအမူတခုသာလျှင် ဖြစ်သည်။ ထိပါးနှောင့်ယှက်မှုသည် ပုံစံမျိုးစုံ ရှိနိုင်ပါသည်။ ဥပမာ။ လူမျိုးဖြစ်တည်မှု၊ အသားအရောင် ဖြစ်တည်မှု၊ လိင်စိတ်ခံယူမှု၊ မွေးဖွားရာနေရာ နှင့် နိုင်ငံသားဖြစ်တည်မှု စသည့် ဖြစ်တည်မှုတို့အပေါ် ထိပါးနှောင့်ယှက်သည့် ပုံစံမျိုးစုံ ရှိနိုင်ပါသည်။
လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့် ပတ်သက်၍ အဓိပ္ဗာယ် သတ်မှတ်ရာတွင် ကွဲပြားမှုများစွာ တွေ့နိုင်ပါသည်။ မိမိတို့၏ လုပ်ငန်းသဘာဝနှင့် ကိုက်ညီပြီး အသုံးချနိုင်သည့် ဘောင်အတွင်း အဓိပ္ပာယ်များကို ရှာဖွေကာ မိမိတို့၏ လုပ်ငန်းခွင်အတွက် အဓိပ္ပာယ်သတ်မှတ်နိုင်ပါသည်။ သို့ရာတွင် လိင်ပိုင်းဆိုင်ရာသဘာဝနှင့်ပတ်သက်ပြီး တဖက်သား မလိုလားသော အပြုအမှုကို လုပ်ခြင်းအားဖြင့် စော်ကားခြင်း။ ခြောက်လှန့်ခြင်း၊ ခြိမ်းခြောက်ခြင်း။ ဂုဏ်သိက္ခာ ညှိုးနွမ်းရန် အရှက်ခွဲခြင်းများ ရှိပါက အခြေခံအားဖြင့် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခြင်းအဖြစ် သတ်မှတ်သင့်သည်။ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှု၏ အလေ့အထများမှာ လိင်မှုဆိုင်ရာ မျက်နှာသာပေးမှုအတွက် တောင်းဆိုခြင်း၊ လိင်စိတ်ဆိုင်ရာ အပြုအမူများ၊ အမှတ်အသားများ ပြခြင်း၊ ရုပ်ပိုင်းဆိုင်ထိတွေ့ ကိုင်တွယ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်း ဓာတ်ပုံ၊ ဗွီဒီယို စသည့်တို့ကို ပြသခြင်း၊ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ၊ အလိုမရှိသည့် လိင်သဘော၀ အပြုအမူများ အားလုံးပါဝင်ပါသည်။
လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းကို အကြမ်းအားဖြင့် အောက်ဖော်ပြပါပုံစံများ ဖြင့် လေ့လာနိုင်ပါသည်။
(၁) ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ်ခြင်း၊
• ကာယကံမြောက်အပြုအမှု။ (ဥပမာ။ ။ ပွတ်သပ်ခြင်း ၊ ဆိတ်ဆွဲခြင်း၊ နမ်းခြင်း၊ ဖက်ခြင်း၊ အခြားသော မသင့်လျော်သော ထိတွေ့မှုများဖြင့် တဖက်သားအား စိတ်အနှောင့်အယှက် ဖြစ်စေခြင်း)
• အင်အားသုံးကာ လိင်ပိုင်းဆိုင်ရာကျုးလွန်စော်ကားခြင်း တနည်းအားဖြင့် အကြမ်းဖက်မှုများ ပြုလုပ်ခြင်း။ (ဥပမာ၊ မုဒိမ်းမှု ကျူးလွန်ခြင်း)
• လိင်ပိုင်းဆိုင်ရာအတွက် မျက်နှာသာပေးခြင်း။ (ဥပမာ ။ တဖက်သားအား ရာထူးတိုးမြှင့်ပေးခြင်း ကဲ့သို့သော အကျိုးအမြတ်တစ်ခုခုအတွက် မက်လုံးပေးကာ လိင်ပိုင်းဆိုင်ရာ မျက်နှာသာ ပေးခိုင်းခြင်း) စသည်တို့ ပါဝင်နိုင်သည်။
(၂) နှုတ်ဖြင့် ကျူးလွန်ခြင်း (ဝစီကံမြောက် ကျူးလွန်ခြင်း)
• လူတစ်ယောက်၏ပုံပန်းသဏ္ဍာန် ၊ အသက်အရွယ် နှင့် ကိုယ်ရေး၊ ကိုယ်တာ ဆိုင်ရာအချက်များ နှင့် ပတ်သက်၍ မှတ်ချက်ပြုခြင်း။
• ညစ်ညမ်းသောစကားဖြင့် ပြောဆိုခြင်း။ လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် မှတ်ချက်များပြုခြင်း။
• လိင်ပိုင်းဆိုင်ရာထိတွေ့မှုအတွက် တောင်းဆိုမှုများ ပြုလုပ်ခြင်း။
• လူတဦး၏ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုနဲ့ ပတ်သက်ပြီး စော်ကားခြင်း။
• အထက်စီးဆန်စွာဖြင့် သားပြော ၊ မယားပြော အထက်စီးဆန်ဆန် ပြောခြင်း။
• လိင်ပိုင်းဆိုင်ရာသဘာဝအတွက် တစ်ဖက်လူနေထိုင်ခက်စေရန် ဖုန်းဖြင့် ခေါ်ဆိုပြောခြင်း စသည်တို့ ပါဝင်နိုင်သည်။
အဆိုပါ ကျူးလွန်မှုများအပြင် ကာယကံ ၊ ဝစီကံမြောက် မဟုတ်သည့် ကျူးလွန်မှုများလည်း တွေ့နိုင်ပေသည်။ ဥပမာ။ Internet, E-mail, Social Media, SMS များမှတဆင့် လိင်ပိုင်းဆိုင်ရာညစ်ညမ်းပုံများ စသည်တို့အား ပို့ခြင်းဖြင့် နှောင့်ယှက်ခြင်း များလည်း ဖြစ်နိုင်သည်။
လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ထိပါးမှုများ ဖြစ်လာသောအခါ ကိုယ်တွယ်ဖြေရှင်းရာတွင် ဖြစ်ပွားသောနေရာ၊ ပါဝင်ပတ်သက်သူများ၊ ဖြေရှင်းနည်းများနှင့် ကာကွယ်တားဆီးရန် မူဝါဒထား လုပ်ဆောင်မှုများသည်လည်း အလွန်ပင်အရေးကြီးပါသည်။ လက်ရှိကာလတွင် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုသည် လုံးဝသည်းမခံနိုင်သည့် စက်ဆုတ်ဖွယ်ရာ အပြုအမူတခုအဖြစ် သတ်မှတ်ကာ ကိုယ်တွယ်ဖြေရှင်းလာသည်ကို တွေ့ရသည်။ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှုများ ဖြစ်ပေါ်ခဲ့ပါကလည်း လုပ်ဖော်ကိုင်ဖက် အချင်းချင်းအကြားတွင် ရန်လိုခြင်း၊ မလိုမုန်းထားခြင်း (သို့) ခံရသူသည် ခြိမ်းခြောက်ခံရခြင်း၊ အရှက်ရစေခြင်း စသည့်တို့ကြောင့် လုံခြုံမှု မရှိသည့် (သို့) အန္တရယ်ရှိသည့် လုပ်ငန်းခွင်အဖြစ် ရောက်ရှိသွားမည်ဖြစ်သည်။
လုင်ငန်းခွင် အဖြစ်သတ်မှတ်ရာတွင်လည်း အစိုးရပိုင် (သို့) အစိုးရမှ ထိန်းချုပ်တည်ဆောက်ထားသော လုပ်ငန်းများ၊ ပုဂ္ဂလိက ကဏ္ဍမှ အဖွဲ့အစည်းများ၊ အားကစား အင်စတီကျု့များ၊ အားကစားကွင်းများ နှင့် သင်တန်းများပေးနေသော အင်စတီးကျူးရှင်းများ၊ ဆေးရုံများ၊ ပြုစုစောင့်ရှောက်ရေးဂေဟာများ၊ ပညာရေးဌာနများ၊ ကျောင်းများ၊ သက်မွေးဝမ်းကျောင်းများ၊ အိမ်တွင်း အလုပ်သမားများအတွက် အိမ်များ နှင့် အလုပ်နှင့် ဆက်နွယ်နေသော နေရာများ ၊ ဥပမာ အလုပ်သမားများ သွားရောက်လည်ပတ်ခဲ့သည့် နေရာများ၊ အထူးသဖြင့် အလုပ်တာဝန်အရ အလုပ်ရှင်မှ ခရီးစရိတ်ထောက်ပံ့ပေးခြင်းအားဖြင့် အပြင်ထွက်ရသော နေရာများ စသည့် နေများဖြစ်နိုင်ပါသည်။
ပုံမှန်အလုပ်သမား၊ ယာယီအလုပ်သမား၊ အထူးနှင့်ယာယီ အလုပ်သမား တိုက်ရိုက်ခန့်အပ်ထားသည့် အလုပ်သမား၊ အေဂျင်စီမှတဆင့် ခန့်အပ်ထားသည့်အလုပ်သမား၊ စာချုပ်ဖြင့်ခန့်အပ်ထားသည့် အလုပ်သမား ငွေကြေးပေးကာ ခန့်အပ်ထားခြင်း၊ စေတနာ့ဝန်ထမ်းအဖြစ် ခန့်အပ်ထားခြင်း၊ အချိန်ပိုင်း၊ အချိန်ပြည့် စာချုပ်ဖြင့် ခန့်အပ်ထားသောဝန်ထမ်းများ၊ ယာယီခန့်အပ်ထားသော ဝန်ထမ်းများ၊ အစမ်းခန့်ကာလအဖြစ်ခန့်အပ်ခြင်း၊ အလုပ်သင်အဖြစ်ခန့်အပ်ခြင်း စသည့်တို့ အားလုံးပါဝင်ပါသည်။ ထို့အတူ အလုပ်ရှင်ဟုဆိုသည့် လုပ်ငန်းများအတွက် စီမံအုပ်ချုပ်သူများ၊ ကြီးကြပ်သူများ နှင့် ထိန်းချုပ်သူများ စသည့်တို့ ပါဝင်နိုင်သည်။
သုတေသနသမားများ၏ ပြောကြားချက်များအားကြည့်မည်ဆိုပါက အများအားဖြင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများသည် ပါဝါ အင်အားချင်း မတူညီသောသူများ အကြားတွင်ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရသည်။ ဥပမာ။ ။ အုပ်ချုပ်ကြီးကြပ်သူနှင့် သာမန်အလုပ်သမား အကြားတွင်လည်း အမျိုးသားမှ အမျိုးသမီးအား ကျူးလွန်နိုင်သလို၊ အမျိုးသမီးမှလည်း အမျိုးသားအပေါ် ကျူးလွန်နိုင်ပါသည်။ လိင်တူ၊ လိင်ကွဲ အချင်းချင်းအကြားတွင် ဖြစ်နိုင်ပါသည်။ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု တခုဖြစ်လာပါက (သို့) ခံရပါက မိမိမကြိုက်ကြောင်း ချက်ချင်းပြောရန်နှင့် အငြိမ်မခံရန် အားပေးလေ့ရှိကြသည်။ သို့သော်လည်း လက်တွေ့တွင် ချက်ချင်းပြောဆိုရန် ပါဝါ အင်အားချင်း အမျှတသည့် အတွက်ဖြစ်စေ၊ လုပ်ငန်းခွင် သဘာဝအရ ဖြစ်စေ အခက်အခဲရှိနေတတ်ပါသည်။
လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု sexual harassment သည် စာသင်ကျောင်းတွင်လည်း ဖြစ်နိုင်ပါသည်။ အိမ် နှင့် အလုပ်နေရာများတွင်လည်း ဖြစ်နိုင်ပါသည်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုသည် နေရာတိုင်းတွင် ဖြစ်ပွားနိုင်ပါသည်။ လုပ်ငန်းခွင်သည် ကြီးသည်၊ ငယ်သည်မဆို မိမိ၏အလုပ်ရှင်အတွက် အလုပ်လုပ်နေရသည့်နေရာပင်ဖြစ်သည့် အလျောက် ယင်းသို့သော နေရာများတွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရပါက လုပ်ငန်းခွင်အတွင်း ထိပါးနှောင့်ယှက်ခံရမှုပင်ဖြစ်သည်။ သို့သော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း၊ ကုမ္ဗဏီများ၏ သတ်မှတ်မူဝါဒများ အပေါ်တွင်လည်း များစွာမူတည်ပါသည်။
ထိပါးနှောင့်ယှက်မှုများတွင် ကျုးလွန်သူ၊ ကျုးလွန်ခံရသူ၊ ပတ်ဝန်းကျင်ရှိ လုပ်ဖော်ကိုင်ဖက်၊ အဖွဲ့အစည်းများ၊ အလုပ်ရှင်များ စသည်ဖြင့် ပါဝင်ပတ်သက်နိုင်ပါသည်။ ကိုယ်တွယ်ဖြေရှင်းရာတွင်လည်း ပညာပေးခြင်းနှင့် ဥပဒေနည်းလမ်းများ အတိုင်းတရားရေးအရ သတ်မှတ်ပြဌာန်းချက်များအတိုင်း ဖြေရှင်းခြင်းများ ရှိသင့်ပါသည်။ အဖွဲ့အစည်းများသည် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဆိုင်ရာ ပေါ်လစီများ ချမှတ်ထားရန်လိုအပ်ပါသည်။ ပေါ်လစီတခုချမှတ်ရာတွင်လည်း policy Statement အပါဝင်၊ ရပ်တည်ချက်၊ အရေးယူဆောင်ရွက်မှုနှင့် ကာကွယ်မှု ဆိုင်ရာများကို ထည့်သွင်းရေးဆွဲထားသင့်သည်။ ပေါ်လစီကို အကောင်အထည်ဖော်ဆောင်ရာတွင် စနစ်တကျ ကိုယ်တွယ်ဖြေရှင်းရမည့် စုံစမ်းစစ်ဆေးခြင်း အဆင့်ဆင့်၊ ဖြေရှင်းပုံ အဆင့်ဆင့် စသည်တို့ကို ထည့်သွင်းဖော်ပြထားသင့်သည်။
အရေးယူပုံယူနည်းများသည် မိမိအဖွဲ့အစည်း၏ policy တွင်ပါဝင်သင့်သည်။ များသောအားဖြင့် အဆင့်ဆင့် သိမ်မွေ့မှုမှသည် ပြင်းထန်သည့် အနေအထားအထိ အရေးယူခြင်း များရှိတတ်သည်။ ပထမဦးစွာ နှုတ်ဖြင့်သတိပေးခြင်း၊ စာရေးပြီး စာထုတ်သတိပေးခြင်း၊ လူသိရှင်ကြား တောင်းပန်စေခြင်း၊ သတင်းစာထဲ ကြော်ငြာထည့်တောင်းပန်စေခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း စသည့်ဖြင့် အရေးယူမှု ပုံစံများသည် သက်ဆိုင်ရာ အဖွဲ့၏ ပေါ်လစီအရ ကွဲပြားသွားနိုင်ပါသည်။
လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်းအတွက် တိုင်းကြားနိုင်သည့် ကော်မတီ များကို ဖွဲ့စည်းကာ ကိုင်တွယ် ဖြေရှင်းသင့်သည်။ ဖွဲ့စည်းရာတွင် အလုပ်သမား ၁၀ ဦး (သို့) ထို့ထက်ပိုသော ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသင့်သည်။ အမျိုးသမီး အဖွဲ့ဝင် အနည်းဆုံး တဝက်ခန့်ရှိသင့်သည်။ စာရေးတိုင်ကြားနိုင်သည့် အခြေအနေများဖြင့် ဖန်တီးထားသင့်သည်။ ကော်မတီမှလည်း နှစ်စဉ် အစီရင်ခံစာမျာကို လုပ်ငန်းရှင်များသို့ တင်သွင်းသင့်သည်။
စုံစမ်းစစ်ဆေးနေချိန်တွင် နစ်နာသူများ၏ တောင်းဆိုမှုပေါ်မူတည်၍ လိုအပ်ပါက နစ်နာသူအား အခြားတာဝန်များသို့ ရွေ့ပြောင်းပေးခြင်း၊ နစ်နာသူများအား (၃) လခန့် အနားယူစေခြင်းတို့ ပြုလုပ်ပေးရမည်။ ထိပါးနှောင့်ယှက်ခံရသူများမှာ စိတ်ပိုင်းဆိုင်ရာ အနာတရများ၊ နာကျင်မှုများ၊ အခွင့်အလမ်းဆုံးရှုံးမှုများ၊ ဆေးဝါးကုန်ကျစရိတ်များ၊ ပေးချေရမည့် ငွေကြေးအခက်ခဲများ စသည့် နစ်နာဆုံးရှုံးမှုများ ကြုံခဲ့ကြသည့်အတွက် လျော်ကြေးအတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ယင်းအကြောင်းချက်များကို ထည့်သွင်းစဉ်းစား ဆုံးဖြတ်သင့်သည်။
လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုများ
လုံခြုံစွာနှင့် အန္တရယ်ကင်းစွာဖြင့် အလုပ်လုပ်နိုင်ရန်အတွက် လုပ်ငန်းခွင်ဝင်သည့်အခါတိုင်းတွင် Personal Protection Equipment (PPE) ကာကွယ်ပစ္စည်းများကို ဝတ်ဆင်ခြင်း၊ အန္တရာယ်ရှိနိုင်သည့် နည်းလမ်းများကို မသုံးဘဲ၊ အလုပ်တာဝန်များကို မှန်ကန်သော နည်းလမ်းဖြင့် ပြီးမြောက်အောင် လုပ်ဆောင်ခြင်း၊ မိမိအလုပ်တာဝန်များအပေါ် အာရုံစိုက်ထားခြင်း၊ ရင်းနှီးကျွမ်းကျင်မှုမရှိသော အလုပ်တာဝန်များလုပ်ဆောင်ပါက ညွှန်ကြားချက်များမေးခြင်း စသည်တို့ လုပ်ဆောင်ရန် လိုအပ်ပါသည်။
လုပ်ငန်းခွင်များတွင် အလုပ်သမားများ၏ ဘ၀ လုံခြုံမှုနှင့် အန္တရာယ်ကင်းမှုများအတွက် evacuation လုပ်ရန် ပြင်ဆင်ထားပေးခြင်း၊ ဝန်ချီစက်များအား စနစ်တကျ အသုံးပြုတတ်စေခြင်း၊ PPE ပစ္စည်းများကို ဝတ်ဆင်စေခြင်း နှင့် ပြန်လည်စစ်ဆေးစေခြင်း၊ PPE ပစ္စည်းများ၏ ခံနိုင်ရည် သတ်မှတ်ချက်များကို သိရှိစေခြင်း၊ သေစေနိုင်သည့် အနေအထားနှင့် နေရာများကို သိစေ၍ ရှောင်ရှားစေခြင်း၊ မိမိတို့ မျက်လုံးများအား ကာကွယ်တတ်စေခြင်း နှင့် အကြားအာရုံ အတွက် အကာကွယ်များ ထားစေခြင်း၊ လျှပ်စစ်ဆိုင်ရာ အန္တရာယ်ကင်းရှင်းစေခြင်း၊ ဓာတုပစ္စည်းများ၏ အန္တရာယ်ရှိနိုင်ခြေများကို သိရှိစေခြင်း၊ ကျဉ်းမြောင်း၍ အန္တရာယ်ရှိသည့် နေရာများတွင် အလုပ်လုပ်ရာ၌ သတိရှိစေခြင်းနှင့် ညွှန်ကြားချက်များကို နားလည်စေခြင်း၊ အမြင့်နေရာများတွင် အလုပ်လုပ်ရန်အတွက် သတိရှိစေခြင်းနှင့် ညွှန်ကြားချက်များကို နားလည်စေခြင်း၊ စနစ်တကျ သန့်ရှင်းရေးလုပ်စေခြင်း၊ သွေးထွက်သံယိုဆိုင်ရာကိစ္စများကို ကိုယ်တွယ်ရာတွင် စနစ်တကျ ရှိစေခြင်း၊ အရေးပေါ် ကုသမှုများ၊ မီးလောင်မှုများဖြစ်ပါက လိုက်နာရမည့် လုပ်ဆောင်မှုများအား သိရှိလိုက်နာစေခြင်း နှင့် ပစ္စည်းများ စနစ်တကျ ကိုင်တွယ်တတ်စေခြင်း စသည့်တို့ကို ဖန်တီးထားရှိသင့်သည်။ အကယ်၍ အနာတရနှင့် မတော်တဆမှုများရှိဖြစ်ခဲ့သော် မန်နေဂျာသို့ ချက်ချင်းအကြောင်းကြားစေခြင်း၊ မလိုက်နာပါက အပြစ်ပေးရေးယူမှုများ ရှိစေခြင်းမျာဖြင့် စသည့် စည်းမျဉ်း၊ စည်းကမ်း၊ ပေါ်လစီ၊ ဥပဒေများဖြင့် ထိန်းချုပ်လိုက်နာစေမှုများ လုပ်သင့်ပေသည်။
ရှေးရာစုနှစ်များစွာကပင်၊ လုပ်ငန်းခွင်များတွင် မမျှော်လင့်သည့်အရာများ၊ အဖြစ်အပျက်များ ရှိခဲ့ကြသည်။ လုပ်ငန်းခွင်များတွင် ဖြစ်သော မတော်တဆမှုများ၊ ထိခိုက်မှုများကို ရှေးကျသည့် ကျောင်းတော်များ (သို့) ပိရမစ် ကဲ့သို့သော အဆောက်အုံများတွင် မှတ်တမ်းတင်ထားခြင်းခံရပါသည်။ လုပ်ငန်းခွင် မတော်တဆမှုများ၊ ဆုံးရုံးမှုများ၊ အနှောင့်အယှက်များသည် ယခုအချိန်အထိလည်း ဆက်လက် ရှိနေဆဲဖြစ်သည်။ အလုပ်များသည် သိသာထင်ရှားသော လုပ်ငန်းအဆင့်ဆင့်ဖြင့် လုပ်ဆောင်ရသည့် အားလျော်စွာ မတော်တဆမှုများကိုလည်း မကြာခဏ ကိုယ်တွယ်ဖြေရှင်းနေကြရသည်။ မတော်တဆမှု များသည် မမျှော်လင့်၊ စိတ်ဒဏ်ရာရစေနိုင်သော အဖြစ်အပျက်များသာဖြစ်သည်။ လုပ်ငန်းခွင်ဆိုင်ရာ မတော်တဆမှုများသည် ပုံစံမျိုးစုံဖြင့် ရှိနိုင်ပါသည်။
သက်ရောက်မှု နည်းသော သေးငယ်သော မတော်တဆမှုများ ရှိသလို၊ သက်ရောက်မှု ကြီးသည့် မတော်တဆမှုများလည်း ကမ္ဘာ့အဝှမ်း ဖြစ်ပျက်ခဲ့ကြသည်။ ဥပမာအားဖြင့် စက်ရုံအလုပ်ရုံများ၏ မတော်တဆမှုများ ၊ တနည်းအားဖြင့် လုပ်ငန်းခွင် မတော်တဆမှုများကြောင့် (၁၉၈၈) ခုနှစ်ခန့်က စကော့တလန်နိုင်ငံ Abredeen ၏ အရှေ့မြောက်ဘက် မိုင် ၁၂၀ ခန့်ဝေးသော မြောက်ဘက် ပင်လယ်အတွင်းရှိ Piper Alpha ဟု အမည်ရသော လောင်စာ ဆီထုတ်လုပ်နေသည့် လုပ်ငန်းခွင်တွင် မတော်တဆမှု တခုကြောင့် လူပေါင်း ၁၆၀ ကျော်ခန့် သေဆုံးခဲ့ကြသည့် သာဓကများရှိခဲ့သည်။
ထိုနည်းတုူစွာဖြင့် ၁၉၈၄ ခုနှစ်ခန့်တွင် အိန္ဒိယနိုင်ငံ Bhopal တွင် ဖြစ်ပျက်ခဲ့သော ဓာတ်ငွေယိုစိမ့်မှု ဘေးအန္တရာယ်ဆိုး ကြောင့် လူပေါင်းမြောက်များစွာ သေကြေခဲ့ကြပြီး၊ နောက်ဆက်တွဲ ပြသနာများကို ခံစားခဲ့ကြရသည်။ ထိုကြောင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာ အလုပ်လုပ်နိုင်ရန်အတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးသင့်ပေသည်။
မတော်တဆမှု တခုဖြစ်ခဲ့သည်ရှိသော် စိတ်မကောင်းကြောင်း ပြောကြသော်လည်း မတော်တဆမှုအား ခံစားလိုက်ရသည့် သူများအနေဖြင့် သူကိုယ်တိုင်ဖြစ်စေ၊ သူနှင့်နီးစပ်သည့်သူများ (ဥပမာ။ လုပ်ဖော်ကိုင်ဖက်၊ သူ့မိသားစု၊ အစရှိသူများ) သည် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း စသည့်တို့ကို ခံစားနိုင်စွမ်း မရှိတော့ချေ။ လုပ်ငန်းခွင် မတော်တဆမှုများသည် စိတ်ဒဏ်ရာများ ပြည့်နှက်စေတတ်သည့် အဖြစ်အပျက်များ ဖြစ်ခြင်းကြောင့် နောက်ဆက်တွဲ အကြောင်းအရာများစွာကို ဖြစ်စေတတ်ပါသည်။
လုပ်ငန်းခွင်အန္တရာယ်နှင့်ပတ်သက်၍ ဖြစ်နိုင်ခြေများကို ထည့်သွင်းစဉ်းစားရာတွင် လုပ်ငန်းသဘော သဘာ၀ အပေါ်မူတည်ကာ စဉ်းစားသင့်ပါသည်။ ဥပမာ။ လုပ်ငန်းအတွင်းတွင် ဓာတုပစ္စည်းမျာ အသုံးပြုပါက ယင်းနှင့်ပက်သက်သည့် ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်ကို ထည့်စဉ်းစားရမည်ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းခွင်အတွင်း အန္တရယ်ဖြစ်စေနိုင်ခြေများ လျော့နည်းလာစေရန် နှင့် သက်ရောက်နိုင်မှုများ နည်းစေရန် ဖြစ်နိုင်ခြေသည့် အခြေအနေများကို နားလည်သိရှိစေရန် သင်တန်းများပေးခြင်း၊ အဖွဲ့စည်းများမှလည်း လိုအပ်မှုများကို ဖြည့်ဆည်းပေးခြင်း၊ တယောက်ချင်းစီမှလည်း အကာအကွယ် ပစ္စည်းများ၊ လုံခြုံရေးဆိုင်ရာပစ္စည်းများကို စနစ်တကျသုံးစွဲစေခြင်းဖြင့် ယင်းဖြစ်နိုင်ခြေများကို လျော့ချနိုင်သည်။
မူဝါဒရေးရာ အကြံပြုချက်များ
• လုပ်ငန်းရှင်များအနေဖြင့် လုံခြုံအန္တရာယ်ကင်းသည့် လုပ်ငန်းခွင်များကို ထောက်ပံ့ပေးခြင်း၊
• လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုအတွက် မူဝါဒများချမှတ်ခြင်းနှင့် အပြစ်ပေး အရေးယူခြင်း၊
• လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများအတွက် တိုင်ကြားနိုင်သည့် ကော်မတီဖွဲ့စည်းပေးခြင်း၊
• ထိပါးနှောင့်ယှက်ခံရသည့် အလုပ်သမားများ တိုင်ကြားနိုင်စေရန် ကာကွယ်ရေး ယန္တယားများ ထားရှိပေးခြင်း၊
• အလုပ်သမားများ အတွက် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနှင့် ဆိုင်သည့် အလုပ်ရုံ ဆွေးနွေးပွဲများ နှင့် အမြင်ဖွင့် အစီစဉ်များ ပြုလုပ်ပေးခြင်း၊
• ကော်မတီအတွက်လမ်းညွှန်မှုများ ထုတ်ပေးခြင်း၊ အနာတရဖြစ်နေချိန်အတွင်းတွင် လိုအပ်သော ထောက်ပံ့မှုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
• ကာယကံရှင်မှ ရဲတိုင်ရန် ရွေးချယ်ပါက ကူညီထောက်ပံ့ပေးရန် နှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုသည် အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများအရ လက်မခံနိုင်သည့် အကြောင်းအရာအဖြစ် သတ်မှတ်ခြင်း
• သက်ဆိုင်ရာ Stakeholder များ၊ လုပ်ငန်းရှင်၊ အလုပ်သမား များအကြားတွင် လုပ်ငန်းခွင် လုံခြုံမှုနှင့် ပက်သက်ပြီး အသိပညာ ဗဟုသုတများ ဖြန့်ဖြူပေးခြင်း
• လုပ်ငန်းခွင်လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စံချိန်စံနှုန်းများထားရှိခြင်း
• လုပ်ငန်းခွင် လုံခြုံရေးနှင့်ပက်သက်၍ တိကျခိုင်မာသော မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းများ ထားရှိခြင်း
• ကျောင်းသင်ခန်းစာ၊ သင်ရိုးညွှန်းတမ်းများတွင် အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်ပြီး ထည့်သွင့်စဉ်းစားခြင်း