ကရင်လူမျိုးတွေရဲ့ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ ရိုးရာဓလေ့ ၊ မေတ္တာတရား၊ ကောင်းကင်ဘုံက နတ်သားတွေနဲ့ ဆက်နွယ်မှုနဲ့ ဝိဉာဉ်ဆိုင်ရာ အယူအဆတွေက တောတောင်တွေထဲက သစ်ခွပန်းတွေနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။
သစ်ခွပန်းပေါင်းစုံ ဝင့်ဝင့်ကြွားကြွား ပွင့်လွန်းလို့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင်းက သစ်တောကို ရှေးကရင် လူကြီးတွေက နတ်ကောင်းနတ်မြတ်တို့ စံပျော်တဲ့ဘုံဗိမာန်လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။
လယ်ယာရိတ်သိမ်းချိန်မှာ စပါးအထွက်တိုးဖို့ ဆန်စပါးတို့ရဲ့ ဝိဉာဉ်လို့ မှတ်ယူကြတဲ့ ဖောမူးခါးသစ်ခွကို စပါးပုတ် နေရာမှာ ထားကြသလို တောင်ယာ၊ ကိုင်း လုပ်ကိုင်သူတွေအတွက် ဖောလိုကောသစ်ခွ ပွင့်၊ မပွင့်ကို ကြည့်ပြီး မိုးရွာ၊ မရွာ ခန့်မှန်းကြတာ ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့တခုပါ။
ကရင်လူမျိုးတွေရဲ့ ယုံကြည်မှု တန်ဖိုးထားမှုတွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ သစ်ခွပန်းတွေဟာ ခေတ် အဆက်ဆက်က သစ်ခွမှောင်ခိုသမား တွေကြောင့် မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလို့ ကရင်အမျိုးသမီး နော်ဆာယုက ပြောပါတယ်။
“ကျမတို့ တောတောင်ထဲက သစ်ခွပန်းတွေကို ထိန်းသိမ်းဖို့ လိုအပ်နေပြီ။ တချို့သစ်ခွတွေကို ကျမတို့က ဆေးဝါးအဖြစ် သုံးတာ ရှိတယ်။ ကျမတို့ ဌာနေတိုင်းရင်းသားတွေ ရဲ့ဘဝ ဖြတ်သန်းမှုမှာ ဒီသစ်ခွပန်းတွေက အရေးကြီးတယ်”လို့ နော်ဆာယုက ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခဒဏ်ကို နှစ်ပေါင်း ၇၀ နီးပါး ခံခဲ့ရတဲ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ ဆင်းရဲနွမ်းပါးပြီး သစ်ခွပန်းတွေရဲ့ ရာဇဝင်ကို မသိတဲ့ ဒေသခံတွေဟာ ဝင်ငွေရဖို့အတွက် သစ်ခွပန်းတွေကို ခူးယူပြီး မှောင်ခို သမား တွေကို ရောင်းချနေကြတယ်။
ဖာပွန်တောတောင်ထဲက သစ်ခွပန်းပေါင်းစုံဟာ ကရင်လူမျိုးတွေရဲ့ နေထိုင်ရပ်တည်မှု ဘဝအစိတ်အပိုင်းနဲ့ ရိုးရာဓလေ့ ယုံကြည်သက်ဝင်မှုတွေမှာ ဆက်စပ်ပတ်သက်နေပြီး လက်ရှိမှာတော့ မျိုးတုံးပျောက်ကွယ်မယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီဆိုတာကို သတိပေးနိုင်ဖို့ နော်ဆာယုအပါအဝင် ကရင်အမျိုးသမီး ၆ ဦးဟာ သစ်ခွမျိုးစိတ်သုတေသနတခုကို ပြုလုပ်ခဲ့ကြပါတယ်။
ကရင်အမျိုးသမီး ၆ ဦးက ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ အတွင်း အချိန် လေးနှစ်ယူပြီး ဖာပွန်တောတောင်ထဲမှာ သစ်ခွ ရှာဖွေရေး လုပ်ခဲ့ကြတာပါ။
သစ်ခွအစီရင်ခံစာ သုတေသန ပြုလုပ်ဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေ သစ်တောဌာန၊ ကဆောထယ် ကျေးရွာပိုင် ဘုံသစ်တောကော်မတီ၊ ကရင်သဘာဝ ပတ်ဝန်းကျင်နှင့ ်လူမှုရေး ဆိုင်ရာ လှုပ်ရှားမှု ကွန်ရက် (KESAN) တို့က ပူးပေါင်းပြီး တာဝန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
သစ်ခွရှာဖွေရေးကို သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲက ကဆောထယ်နဲ့ သောသီဖောဂေါ် သစ်တောနှစ်ခု ထဲမှာ ပြုလုပ်ခဲ့ကြတာပါ။
နော်ဆာယုက “သုတေသန လုပ်တော့ ကျမတို့ အမျိုးသမီးတွေချည်းပဲ စခဲ့တာ။ တောထဲ သစ်ခွတွေလိုက်ရှာ တော့လည်း ထွေထွေထူးထူး လုပ်တာ မရှိဘူး။ ကျမတို့ စာအုပ်၊ ဘောပင်နဲ့ ကင်မရာပဲ ယူပြီး လိုက်ပြုစုခဲ့တာပါ”လို့လည်း ဆိုပါတယ်။
သူတို့ရဲ့ သစ်ခွရှာပုံတော်ခရီးက လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ နေ့အလင်းရောင် ရှိသလောက် တောထဲကို တိုးပြီး သစ်ပင် ပင်စည်တွေမှာ သစ်ခွပင်တွေကို လိုက်ရှာရတာပါ။
တောတောင်ထဲက သစ်ခွအများစုက ခပ်မြင့်မြင့်ပင်စည်တွေပေါ်မှာ ရေညှိတွေ ဝိုင်းပတ်ပြီး ပေါက်လေ့ရှိပါတယ်။
သုတေသန မှတ်တမ်းရဖို့အတွက် နော်ဆာယုတို့ အမျိုးသမီးအဖွဲ့က သစ်ပင်တွေပေါ် တတ်ပြီး သစ်ခွပန်းပင်ကို ဓာတ်ပုံရိုက်၊ ပေကြိုးနဲ့ တိုင်း၊ အပွင့်အခတ်တွေကို ချိုးယူတာ ဒါမှမဟုတ် မြေပြင်မှာ ကြွေကျနေတဲ့ သစ်ရွက်နဲ့ ပွင့်ဖတ်ခြောက်တွေကို ကောက်ယူတာမျိုး လုပ်ကြပါတယ်။
မြင့်လွန်းပြီး တက်ရခက်တဲ့ သစ်ပင်တွေပေါ်မှာ အမြစ်တွယ်နေတဲ့ သစ်ခွတွေဆိုရင်တော့ နော်ဆာယုတို့ အမျိုးသမီးအဖွဲ့ အတွက် အပင်ပေါ် တက်ဖို့ ခက်ခဲပါတယ်။
နော်ဆာယုက “ သွားဖို့ခက်တဲ့ နေရာတွေဆိုရင် ယောင်္ကျားလေးတွေကို အကူအညီတောင်းရတာတော့ ရှိတယ်။ သုတေသန အကုန်လုံးကိုတော့ ကျမတို့ အမျိုးသမီးတွေချည်းပဲ လုပ်ကြတာပါ”လို့ ဆိုပါတယ်။
အချို့သစ်ခွတွေကတော့ တောတောင်ထဲက သဘာဝ ကျောက်ဆောင် ကျောက်ကမ်းပါး တွေနဲ့ စမ်းချောင်းတွေ နားမှာ ပေါက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ သစ်ခွမျိုးစိတ်တွေကို ရှာဖွေပြီး ဒေသအခေါ်အဝေါ် အမျိုးအမည်ခွဲ စာရင်း ပြုစုတာတွေ လုပ်ကြပါတယ်။
ဒေသအခေါ်အဝေါ် သစ်ခွအမည်တွေကို သိရင် သက်ကြီးရွယ်ကြီး ကရင်အဖိုးအဘွားတွေဆီမှာ ဘိုးစဉ် ဘောင်ဆက် ယုံကြည်လာကတဲ့ ရိုးရာဓလေ့ အယူအဆတွေကို ထပ်မံ မေးမြန်းပြီး ဒုတိယ အဆင့် မှတ်တမ်း ပြုစုတယ်လို့ နော်ဆာယုက ဆိုပါတယ်။
ဒီမှတ်တမ်းတွေ ရရင်တော့ သစ်ခွပန်းပေါက်ရောက်တဲ့ အလေ့စရိုက်၊ ပန်းအသွင်အပြင်နဲ့ အရောင်အဆင်း ၊ အပွင့်အဖတ်တွေကို ကြည့်ပြီး နိုင်ငံတကာက သတ်မှတ်ထားတဲ့ သိပ္ပံအမည်တွေကို အတည်ပြန်ပြု ကြပါတယ်။
သူတို့ရဲ့ သုတေသန စစ်တမ်းကိုတော့ “ပန်းမန်သစ်ခွ စုံလင်လှ၊ လူမှုဘဝ သာယာလှ”ဆိုတဲ့ အမည်နဲ့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ ဖြန့်ဝေခဲ့ပါတယ်။
ကရင်အမျိုးသမီး ၆ ဦး လေးနှစ်အချိန်ပေး ပြုစုခဲ့တဲ့ စစ်တမ်းအရ ဖာပွန်ခရိုင်တောတောင်ထဲမှာ မျိုးနွယ်စု ၃၇ စု ကနေ ဆင်းသက်လာတဲ့ သစ်ခွမျိုးစိတ်ပေါင်း ၁၂၁ မျိုး ရှိနေတာကို သိရပါတယ်။
သုတေသန မပြုလုပ်ခင်က ဖာပွန်ခရိုင်ထဲက တောတောင်တွေထဲမှာ သစ်ခွမျိုးစိတ် ဘယ်လောက် ရှိတယ် ဆိုတာကို ဘယ်သူမှ မသိကြသလို သစ်ခွတွေရဲ့ ဂုဏ်ပုဒ်တန်ဖိုးတွေကိုလည်း ဘယ်သူမှ နားမလည်ကြပါဘူး။
နော်ဆာယုတို့ သုတေသန ပြုလုပ်ပြီးမှ စစ်တမ်းအရ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ သစ်ခွမျိုးစိတ်တွေအနက် နိုင်ငံတကာမှာ ရောင်းဝယ်ဖို့ တားမြစ်ထားတဲ့ မျိုးတုံးကာနီး သစ်ခွမျိုးစိတ်နဲ့ ရှားပါးသစ်ခွမျိုးစိတ်တွေ ရှိနေတာကို လည်း သိလာရပါတယ်။
နော်ဆာယုတို့ ရှာတွေ့ခဲ့တဲ့ထဲမှာ ကရင်အခေါ် ဖောနာဒဲ သစ်ခွဟာ Paphiopedilum villosum အမည်ရှိပြီး နိုင်ငံတကာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း (IUCN) ရဲ့ သတ်မှတ်ချက်မရ ရှင်သန်ဖို့ မလုံခြုံတဲ့အခြေအနေမှာ ရှိနေတဲ့ ရှားပါးမျိုးစိတ် (IUCN VU) ဖြစ်နေပါတယ်။
ဖောနာဒဲ သစ်ခွဟာ မျိုးဆက်ပျက်လုနီးပါး ဖြစ်နေတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် (CITIES) ရဲ့ အဆင့်သတ်မှတ်ချက် နောက်ဆက်တွဲ(က) ထဲမှာလည်း စာရင်းဝင် ဖြစ်ပြီး တနေရာကနေ တနေရာ ကူးသန်းရောင်းဝယ်ဖို့ တားမြစ်ခံထားရတာပါ။
ကရင်လူမျိုးတွေကတော့ အိမ်က သမီးပျိုတွေ တိုင်းတပါးကို ထွက်မသွားအောင် ကိုယ့်ဒေသမှာပဲ တောတောင် နဲ့ ရိုးရာဓလေ့တွေကို ထိန်းသိမ်းပြီး နေထိုင်စေလိုရင် ဖောနာဒဲ သစ်ခွပန်းကို ဥပမာ ပေးပြီး ဆုံးမလေ့ ရှိကြပါ တယ်။
ဖောနာဒဲသစ်ခွပန်းဟာ သူ့မူရင်းပေါက်ရောက်တဲ့ တောတောင်ထဲကလွဲရင် အခြားရေမြေဒေသမှာ ကောင်း ကောင်း မရှင်သန် နိုင်လို့ပါ။
နော်ဆာယုက “ဖောနာဒဲကို ကျမတို့ လွယ်လွယ်ကူကူရှာတွေ့ခဲ့တာ မဟုတ်ဘူး။ သူက ရှာရ အရမ်းခက်တယ်။ ဟိုး သစ်ပင်အမြင့်ကြီးတွေပေါ်မှာ ပေါက်တာ။ အရှားပါးဆုံးပဲ”လို့ ပြောပါတယ်။
နော်ဆာယုတို့ ရှာတွေ့ခဲ့တဲ့ သစ်ခွပန်းတွေထဲမှာ ကရင်လူမျိုးတွေရဲ့ ယုံကြည်မှု ဖြစ်တဲ့ ဖောဆိုးဘော၊ ဖောမိုလား၊ ဖောတမူအယ်၊ ဖောထိုကို၊ ဖောဘူးခလီဂေါ်၊ ဖောထိုကီနဲ့ ဖော်ဒေါ်ညာ ပန်းမျိုးတွေလည်း ပါဝင်ပါတယ်။
ဖော်ဆိုးဘောရဲ့ ရာဇဝင်ကတော့ ကရင်အမျိုးသမီးငယ်တဦးက ယောင်္ကျားပျိုတဦးနဲ့ ချစ်ကြိုက်ပြီးမှ လက်ထပ်ထိမ်းမြားခြင်း မခံရဘဲ စွန့်ခွာခံခဲ့ရတာကြောင့် သူသေဆုံးပြီး နောက်ဘဝမှာ လူပျိုတိုင်း နမ်းချင်တဲ့ ပန်းတပွင့်ဖြစ်ရပါစေ ဆုတောင်းရင်း နောင်ဘဝမှာ ဖော်ဆိုးဘောသစ်ခွပန်းကလေး ဖြစ်လာတယ်လို့ ကရင်လူမျိုးတွေက ယုံကြည်ကြပါတယ်။
ဖောမိုလားကတော့ ကောင်းကင်ဘုံက နတ်သားက ကမ္ဘာမြေပေါ်က ကရင်လူမျိုးတွေကို လက်ဆောင်ပေးတဲ့ ပန်း၊ ဖောတမူအယ်ကတော့ အချစ်စစ်ကို ဖော်ကျူးတဲ့ ပန်း၊ ဖောထိုကိုကတော့ အောက်ချင်းငှက်တွေ သားပေါက်တဲ့ အချိန်မှာ ပွင့်တဲ့ ပန်းဖြစ်တာကြောင့် အဲဒီပန်းပွင့်ရင် ငှက်တွေကို မသတ်ဖြတ်ရဘူးလို့ သတိပေးတဲ့ သဘောဖြစ်တယ်လို့ သိရပါတယ်။
ဖောဘူးခလီဂေါ်ပန်း ပွင့်တဲ့ အချိန်ကတော့ ကရင်လူမျိုးတွေကို ကောက်ပဲသီးနှံတွေ စစိုက်လို့ ရပြီဖြစ်ကြောင်း အသိပေးတာ ဖြစ်ပြီး ဖောထိုကီနဲ့ ဖော်ဒေါ်ညာ ပန်းစုံတွဲကတော့ ရှေးကရင်ကဗျာတွေ ရေးသားတဲ့အခါမှာ ထည့်သွင်းဖော်ပြလေ့ရှိတဲ့ သစ်ခွပန်းတွေလို့ သိရပါတယ်။
နော်ဆာယုတို့ ရှာဖွေခဲ့တဲ့ သစ်ခွမျိုးစိတ်တွေထဲက အခြားမျိုးစိတ် ၉၄ မျိုးကလည်း နိုင်ငံတကာ မျိုးတုံးလု နီးဖြစ်နေတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘော တူညီချက် (CITIES) ရဲ့ နောက်ဆက်တွဲ (ခ)မှာ စာရင်းဝင်နေတဲ့ မျိုးစိတ်တွေ ဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိခဲ့တဲ့ သစ်ခွပန်းအနက် ၄ မျိုးကိုပဲ သိပ္ပံအမည် အတည်မပြုနိုင်ခဲ့တာပါ။
အစီရင်ခံစာထဲမှာ ရေးသားထားချက်အရ ၂၀၀၅ ခုနှစ်ခန့်က ဖာပွန်ခရိုင်ထဲကို သစ်ခွပန်းဝယ်ယူသူတွေ ရောက်လာပြီး သစ်ခွပန်းတွေကို ဈေးကောင်းပေးဝယ်တာကြောင့် ဆင်းရဲတဲ့ ဒေသခံတွေဟာ ဝင်ငွေအတွက် သစ်ခွပန်းရှာဖွေ ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့မှာ တရားမဝင် သစ်ခွပန်းရောင်းဝယ်မှုတွေက ပိုများလာပြီး နှစ်စဉ်ပိဿချိန် သောင်းနဲ့ချီ ပြီး ရောင်းရတယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။
ဖာပွန်ခရိုင်၊ အီးတုထ ကျေးရွာမှာ နေထိုင်တဲ့ ဦးစောအော်ကလဲ့က “အရင်တုန်းက မသိတော့ ဒီဒေသက လူတွေက ဝမ်းစာအတွက် ရောင်းချခဲ့တာ ရှိကောင်းရှိမယ်။ ကျနော်ကတော့ တောင်ယာပဲ လုပ်ပါတယ်။ မရောင်းပါဘူး။ အခုတော့ ဒီလိုအစီရင်ခံစာနဲ့လည်း သိရပြီဆိုတော့ ကိုယ့်ဒေသက အဖိုးတန်ပန်းကို ထိန်းသိမ်းရမယ်ဆိုတာ သိကြပါပြီ။ ဘယ်သူမှ ရောင်းတော့မှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
သစ်ခွပန်းက ခြေလက်ကျိုးတဲ့ အခါမှာလည်း သက်သာလာဖို့ ဆေးအဖြစ် စည်းကြတဲ့ နေရာမှာ သုံးဖူးတယ်လို့ ဦးစောအော်ကလဲ့က ပြောပြပါတယ်။
ဦးစောအော်ကလဲ့က “ကျနော်တို့က တောသူတောင်သားဆိုတော့ သစ်ခွဆို ပန်းပဲ ဆေးဖက်ဝင်တယ်ပဲ သိတာ။ အခုဒီစာအုပ် (အစီရင်ခံစာ) မှာကျမှ တန်ဖိုးအများကြီး ရှိတယ်ဆိုတာ သိရတာ”လို့လည်း ပြောပါတယ်။
နော်ဆာယုတို့ အမျိုးသမီးအဖွဲ့ရဲ့ သစ်ခွသုတေသန အစီရင်ခံစာကို ဒေသခံတွေ အလွယ်တကူ ဖတ်နိုင်အောင် ကရင်ဘာသာနဲ့လည်း ထုတ်ဝေပြီး ကျေးရွာလူကြီးတွေဆီ ဖြန့်ဝေထားတယ်လို့ သိရပါတယ်။
နော်ဆာယုကတော့ ဖာပွန်တောတောင်ထဲက သစ်ခွပန်းတွေဟာ တရားမဝင် ကူးသန်းရောင်းဝယ်သူတွေ အန္တရာယ် တခုတည်း ရှိတာ မဟုတ်ပဲ တပ်မတော်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ရင်လည်း လက်နက်ကျည်တွေကြားမှာ ပျက်စီး နိုင်တယ်လို့ ပြောပါတယ်။
နော်ဆာယုတို့ သုတေသနပြုလုပ်ခဲ့တဲ့ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် တည်ရှိရာ ဖာပွန်ခရိုင်၊ လူသောမြို့နယ်မှာ မတ်လက တပ်မတော်နဲ့ KNLA တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီး ဒေသခံ ၃၀၀၀ နီးပါး ထွက်ပြေး ခဲ့ ရပါတယ်။
နော်ဆာယုကတော့ တိုက်ပွဲတွေ ဖြစ်ရင် ဒေသခံတွေ ထွက်ပြေးရသလို တောတောင်ထဲက ရှားပါးသစ်ခွ မျိုးစိတ်တွေ တောရိုင်းတိရိစ္ဆာန်တွေနဲ့ အခြားသစ်ပင်မျိုးစိတ်တွေလည်း ပျက်စီးနေတယ်လို့ ပြောပါတယ်။
ဖာပွန်ခရိုင်ထဲမှာ နေထိုင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဆက်သွယ်ရေး တာဝန်ခံ ဗိုလ်မှူးစိန်ဝင်းက “ ဒီအမျိုးသမီးတွေရဲ့ လုပ်ရပ်ကို ကျနော်က ထော က်ခံတယ်။ ကျနော်တို့ ဒေသက တောတောင်ကို ကျနော်တို့က ထိန်းသိမ်းရမယ်။ ကရင်လူမျိုးရဲ့ ဘဝနဲ့ တောတောင်ရေမြေဆိုတာ ဆက်စပ်နေတယ်။ သစ်ခွတွေကိုလည်း ထိန်းသိမ်းရမယ်။ အားလုံးကို ထိန်းသိမ်းရမယ်”လို့ ပြောပါတယ်။
ဗိုလ်မှူးစိန်ဝင်းက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲမှာ ရှိတဲ့ သစ်ခွမျိုးစိတ်တွေ အပါအဝင် ကျန်သစ်ပင်မျိုးစိတ် တွေနဲ့ တောရိုင်းတိရစ္ဆာန် မျိုးစိတ်တွေလည်း သုတေသန လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
နော်ဆာယုတို့ အမျိုးသမီးသုတေသီအဖွဲ့ကတော့ ယခုအစီရင်ခံစာ သုတေသန မှတ်တမ်းဟာ သစ်ပင်တွေ ပေးမှာ ပေါက်တဲ့ သစ်ခွပန်းတွေကိုပဲ မှတ်တမ်း ပြုစုခဲ့တာ ဖြစ်ပြီး မြေပြင်ပေါ်မှာ ပေါက်ရောက်တဲ့ ပန်းမျိုးစိတ် တွေကိုလည်း ထပ်မံ သုတေသန လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
နော်ဆာယုက ဖာပွန်တောတောင်ထဲက သစ်ခွမျိုးစိတ်တွေဟာ ကရင်လူမျိုးတွေရဲ့ ရိုးရာယုံကြည်မှုတွေနဲ့ ဆက်စပ် ပတ်သက်နေတာကြောင့် ပြင်ပကို စီးပွားဖြစ် ထုတ်မရောင်းကြဖို့ တောင်းဆိုချင်တယ်လို့လည်း ဆိုပါတယ်။
ဆက်ပြီး သူက “ ကျမတို့မှာ ယုံကြည်မှု တခုရှိတယ်။ ကျမတို့ တောတောင်ထဲ ဒေသထဲက သစ်ခွပန်းကို ပြင်ပက လူက ရောက်လာပြီး တခြားတနေရာကို ယူသွားရင် တောလမ်းမှာ လမ်းပျောက်လိမ့်မယ်။ အဲဒါ တကယ်ဖြစ်တယ်”လို့လည်း ပြောပါတယ်။