Women & Gender

နိုင်ငံရေးစန်း တက်ပြီးရင်း တက်နေတဲ့ သမီး ဒူတာတေး

Want create site? Find Free WordPress Themes and plugins.

အကယ်၍ ဒါဗောင်း Davao မြို့၏ ယခင်မြို့တော်ဝန် ရိုဒရီဂို ဒူတာတေး Rodrigo Duterte ကို ရာဇဝတ်မှုများနှင့် ပတ်သက်လျှင် တင်းမာခက်ထန်သော ဗျူဟာများကြောင့် “ပြစ်ဒဏ်ခတ်သူ(The Punisher)” ဟု သိကြမည်ဆိုလျှင် သူ၏ သမီးဖြစ်သူ လက်ရှိ မြို့တော်ဝန် ဆာရာ ဒူတာတေး ကာပီယို Sara Duterte-Carpio ကို ဖိလစ်ပိုင်နိုင်ငံသားများက “လက်သီးစွမ်းပြသူ (The Puncher)” ဟု သိကြမည် ဖြစ်သည်။

ဒူတာတေး ကာပီယိုက ကျုးကျော်အသိုင်းအဝိုင်းတခုကို ဖျက်ဆီးရာတွင် ဦးဆောင်ခဲ့သည့် ရဲအရာရှိ အမျိုးသားတဦးကို လွန်ခဲ့သော ၇ နှစ်က လက်သီးနှင့် ထိုးနေသည့် ဗီဒီယိုတခုက လာမည့်နှစ် ရွေးကောက်ပွဲ အချိန်တွင် ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲများကို သူ့ဖခင်၏ အတက်အကျ များပြားလှသော သမ္မတရာထူးအတွက် ဆန္ဒခံယူပွဲ တခုအဖြစ် အချို့က မြင်ကြသည်။

ထိုစဉ်က ဒါဗောင်း မြို့တော်ဝန် အဖြစ် ပထမဆုံး သက်တမ်းကို ထမ်းဆောင်နေသော ဒူတာတေး ကာပီယိုက ကျူးကျော်များ ဖျက်သိမ်းမှုကို ၂ နာရီဆိုင်းငံ့ပေးရန် သူ၏ မေတ္တာရပ်ခံမှုကို လျစ်လျူရှုခဲ့သည့်အတွက် ရဲအရာရှိကို လက်သီးဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်။ မမျှော်လင့်သည့် လုပ်ရပ်တခု ဖြစ်ပြီး အစိုးရ၏ ဖျက်သိမ်းရေး အဖွဲ့ကို ဆန့်ကျင် ကန့်ကွက်နေကြသူများ၏ ကျယ်လောင်စွာ ချီးကျူး ထောပနာပြုခြင်း ခံခဲ့ရသည်။

သူ၏ မဲဆန္ဒရှင်များက အင်ဒေး ဆာရာ Inday Sara ဟု သိကြသည့် ဒူတာတေး ကာပီယိုက ၂၀၀၇ ခုနှစ်တွင် ဒုတိယမြို့တော်ဝန်အဖြစ် ပထမဆုံး ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ အဖေနှင့် သမီး တလှည့်စီ အုပ်ချုပ်ရာတွင် အောင်မြင်မှုတခု ဖြစ်ပြီး ဒါဗောင်း မြို့တွင် ဒူတာတေး မိသားစု၏ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော နိုင်ငံရေးချုပ်ကိုင်မှုကို ဆက်လက်ခိုင်မြဲစေခဲ့သည်။

ထိုစဉ်တွင် တရားမဝင် မူးယစ်ဆေးဝါးများကို ကြမ်းတမ်းရက်စက်စွာ ဖြိုခွင်းမှုကြောင့် အဖေ ဒူတာတေး က “ပြစ်ဒဏ်ပေး သူ” ဆိုသည့် နာမည်ကို ရရှိခဲ့သည်။ ဖြိုခွဲမှုတွင် သေဆုံးသူ ၁၀၀၀ ကျော်ပြီး အများစုမှာ ဆင်းရဲ နွမ်းပါးသော ဒေသခံများ ဖြစ်ကြသည်။ တရားလက်လွတ်သတ်ဖြတ်မှု အများစုကို Davao Death Squad ဟု ခေါ်သည့် တပ်ဖွဲ့က မြို့တော်ဝန် ဒူတာတေး ၏ ကျောထောက်နောက်ခံဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သံသယရှိကြသည်။

၂၀၁၆ ခုနှစ် အလယ်ပိုင်းတွင် သူ့ကို နိုင်ငံ၏ အမြင့်ဆုံးရာထူးနေရာသို့ ရောက်ရှိအောင် တွန်းပို့ပေးခဲ့သည်မှာ ထိုမူဝါဒပင် ဖြစ်သည်။ ယခုအခါ တနိုင်ငံလုံးတွင် အကောင်အထည်ဖော်နေပြီး သေဆုံးမှု အများအပြားလည်း ရှိနေသည်။ ထိုနှစ်အ တွင်းမှာပင် သမီး ဒူတာတေးက ဒါဗောင်း မြို့တော်ဝန် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် သဘောတူခဲ့သည်။ အကယ်၍ သမီးက မြို့တော်ဝန်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုပါက သူကလည်း သမ္မတ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ဟု အဖေ ဒူတာတေး က ခြိမ်းခြောက်ခဲ့သောကြောင့် ဖခင်ဖြစ်သူနှင့် သဘောတူညီချက်ယူပြီး ဝင် ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ မဲ အပြတ်အသတ်နှင့်ပင် အနိုင်ရရှိခဲ့သည်။

သမ္မတ သက်တမ်း တဝက် နီးပါးသို့ ရောက်ရှိနေသည့် ယခုအချိန်တွင် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာ တပုံတပင်ကြား အညင်းပွားဖွယ်ရာ အဖေ ဒူတာတေး၏ ရေပန်းစားမှုက လျော့ကျနေသည်။ ဖခင်ဖြစ်သူ၏ ကံကြမ္မာက မှေးမှိန်ကောင်း မှေးမှိန်နေနိုင်သော်လည်း သမီးဖြစ်သူ၏ ကံကြမ္မာက ထွန်းလင်း တောက်ပ လာနေသည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောကြသည်။

ပြည်တွင်း မီဒီယာကို ညှို့ငင်ထားနိုင်သည့် မြင့်တက်လာမှု တခု ဖြစ်ပါသည်။ သမီး ဒူတာတေးက ဖခင် ဖြစ်သူ၏ အထိန်း အမှတ် တင်းမာ ခက်ထန်သော အပြောအဆိုမျိုးကို ထပ်တူပြုလုပ်လေ့ရှိသော်လည်း သူက မိခင်ဖြစ်သူ လေယာဉ်မယ်ဟောင်း အဲလီဇဘက် ဇင်မာမန်း Elizabeth Zimmerman (ရိုဒရီဂို ဒူတာတေး ဇနီးဟောင်း) ၏ နှစ်လိုဖွယ် ရုပ်သွင်ကို အမွေဆက်ခံ ထားခြင်းကို မီဒီယာများတွင် ပို၍ ထင်ထင်ရှားရှား တွေ့ရသည်။

ကလေး ၃ ယောက်မိခင် ရှေ့နေတဦး ဖြစ်သည့် ဒူတာတေး ကာပီယို က ဖေဖော်ဝါရီလတွင် သူ၏ Hugpong ng Pagbabago နိုင်ငံရေးပါတီကို ထူထောင်ခဲ့သည်။ ထိုစဉ်မှစ၍ အရေးပါသော နိုင်ငံရေးသမားများ၊ မိသားစုများနှင့် မဟာ မိတ်များ တည်ဆောက်ခဲ့သည်။

သူ၏ ပါတီက နိုင်ငံရေး အင်အားစု တရပ်အနေဖြင့် လျှင်မြန်စွာ ပေါ်ထွက်လာနေပြီး နောက်ဆုံးတွင် အဖေ ဒူတာတေး၏ သမ္မတ သက်တမ်းကုန်ဆုံးမည့် ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင် သမီး ဒူတာတေးက သမ္မတ ဖြစ်လာသည်အထိ တွန်းတင် ပေးနိုင်လိမ့်မည်ဟု လေ့လာ ဆန်းစစ်သူများက ပြောကြသည်။ ရိုဒရီဂို ဒူတာတေးမှာ အသက် ၇၃ နှစ် အရွယ်ရှိပြီ ဖြစ်ပြီး ကျန်းမာရေး ပြဿနာ အမျိုးမျိုးကို ခံစားနေရသည်ဟု သိရသည်။

သူ၏ သမီးဖြစ်သူ တိုးတက်လာခြင်းကို စိန်ခေါ်ခဲ့သူများမှာ နိုင်ငံရေးအရ ထိခိုက်ခံစားခဲ့ကြရသည်။ ပါတီဖွဲ့စည်းသည့် အချိန် တွင် ရိုဒရီဂို ဒူတာတေး၏ အနီးကပ် မဟာမိတ်တဦးဖြစ်သော အောက်လွှတ်တော် ဥက္ကဌ ပန်တာလီယွန် အယ်လ်ဗာရက် Pantaleon Alvarez က အတိုက် အခံပါတီ တခုအဖြစ် ရည်ညွှန်းခဲ့သည်။ ထိုသို့ခေါ်ဝေါ်ခြင်းကို သမီး ဒူတာတေးက ဒူတာတေး မိသားစု၏ စရိုက်အတိုင်း တုန့်ပြန်ခဲ့သည်။

“တကယ်လို့ ရှင်က ကွန်ဂရက်လွှတ်တော်ထဲက အသုံးမကျတဲ့ သူတယောက်ဆိုရင် ဒါဗောင်းကို မလာပါနဲ့၊ မနီလာမှာပဲ နေ လိုက်ပါ။ ကျမကိုရှင်က အတိုက်အခံလို့ ခေါ်ရဲသလား။ ရှင်ကတော်တော်မျက်နှာပြောင်တာပဲ။ ရှင် လူမှားပြီး ပြဿနာရှာ မိပြီ” ဟု ဒူတာတေး ကာပီယို က ဆိုရှယ်မီဒီယာတွင် ထိုစဉ်က ရေးသားခဲ့သည်။

ဒူတာတေး ကာပီယို က ပါတီသစ်ကို ထူထောင်ရခြင်းမှာ အောက်လွှတ်တော် ဥက္ကဌ က၂၀၁၉ ခုနှစ် ရွေးကောက်ပွဲများတွင် အာဏာရ PDP-Laban ပါတီကို ကိုယ်စားပြု၍ ဒါဗောင်းခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ခြင်းကို တစိတ်တပိုင်း တန်ပြန်ခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၃ ရက်နေ့ တွင် လွှတ်တော် ဥက္ကဌ ရာထူးမှ ဖယ်ရှားခြင်းခံလိုက်ရသည့် အချိန်မှစ၍ PDP-Laban ပါတီမှာ က သောင်းကနင်း အခြေအနေနှင့် ကြုံတွေ့နေရသည်။ နိုင်ငံရေးအရ အာဏာသိမ်းယူမှုတခု ဖြစ်ပြီး ထိုနေ့က တတိယ အကြိမ်မြောက် နိုင်ငံ အခြေပြမိန့်ခွန်း ပြောကြားရန် ရှိနေသည့် ရိုဒရီဂို ဒူတာတေး၏ သတင်းကိုပင် ဖုံးလွှမ်းသွားခဲ့ရသည်။

အောက်လွှတ်တော်က Pampanga ခရိုင်မှ ကိုယ်စားလှယ်ဖြစ်သည့် ယခင်သမ္မတဟောင်း ဂလိုရီယာ အာရိုယို ကို လွှတ်တော် ဥက္ကဌသစ်အဖြစ် ခန့်အပ်ခဲ့ပြီး တချိန်က သြဇာကြီးခဲ့သော ပန်တာလီယွန် အယ်လ်ဗာရက်ကို စိတ်ရှုပ်ထွေးစရာ အ ခြေအနေအတွင်းသို့ ရောက်ရှိစေခဲ့သည်။ ရက်အနည်းငယ်ကြာသောအခါ အာရိုယို က သူ့ကို လွှတ်တော် ဥက္ကဌသစ်အဖြစ် ခန့်အပ်ရေး ထောက်ခံခဲ့သူများကို နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံသည့်အခါ တက်ရောက်လာကြသူများထဲတွင် သမီး ဒူတာတေးလည်း တယောက် အပါအဝင် ဖြစ်သည်။

အောက်လွှတ်တော်အတွင်း အာဏာသိမ်းမှုတွင် သမီး ဒူတာတေးက နောက်ကွယ်တွင် ရှိနေခဲ့သည်ဟု ခန့်မှန်းမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သည်။ တညီတညွတ်တည်း ဆုံးဖြတ်ချက် တခုရရှိစေရန် သူက သြဇာ အရှိန်အဝါရှိသည့် အောက်လွှတ်တော်ကိုယ်စားလှယ်များထံ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

သမီး ဒူတာတေးတွင်လည်း ကိုယ်ပိုင် နိုင်ငံရေး ဒုက္ခများရှိနေသည်။ ပြီးခဲ့သည့်နှစ်အတွင်းတွင် သူ၏ခင်ပွန်း ဖြစ်သူ ရှေ့နေ မာနာဆက် ကာပီယို Manases Carpio နှင့် အကိုဖြစ်သူ ပေါ်လို ဒူတာတေး Paolo Duterte တို့သည် ကွန်ဂရက်လွှတ်တော်က ကော်မတီတရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည့် မက်သဖက်တမင်း မှောင်ခိုမှု အကြီးစားတခုနှင့် ငြိစွန်းနေခဲ့ကြသည်။ အညင်းပွားဖွယ်ရာများကြားတွင် ပေါ်လို ဒူတာတေး က အိမ်ထောင်ရေးပြဿနာကို အကြောင်းပြ၍ ဒါဗောင်း ဒုတိယ မြို့တော်ဝန် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

နောက်ဆုံးတွင် သက်သေအထောက်အထား မရှိသည့်အတွက် သူတို့က အမှုနှင့် ကင်းရှင်းကြောင်း အစိုးရက ခန့်အပ် ထားသည့် စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူက ကြေညာခဲ့သည်။ သို့သော်လည်း အမှုက သမ္မတ မိသားစုအတွက် အဆိုး ဖြစ် ခဲ့ပြီး ထောင်နှင့်ချီသော မူးယစ်ဆေး သံသယရှိသူများကို တရားလက်လွတ် သတ်ခဲ့သည်ဟု စွပ်စွဲခံနေရသည့် ဒူတာတေး အစိုးရ၏ ရပ်တည်ချက်အတွက် သံသယဝင်စရာ ဖြစ်ခဲ့သည်။

သို့သော်လည်း ဒူတာတေး ကာပီယို၏ ပါတီသစ် နောက်တွင် ဖိလစ်ပိုင်နိုင်ငံမှ နိုင်ငံရေးထိပ်တန်း ပုဂ္ဂိုလ်များ တသီတတန်း ရပ်တည်ခဲ့ကြသည်။ Nationalist People’s Coalition မှ စီးပွားရေးလုပ်ငန်းရှင်ကြီး Eduardo “Danding” Cojuangco၊ အထက်လွှတ်တော်အမတ် Cynthia Villar ၏ Nacionalista ပါတီ နှင့် ၂၀၁၀ ခုနှစ်တွင် တိုင်းပြည်တလွှားမှာ နိုင်ငံရေး သမားများ ဖွဲ့စည်းတည်ထောင်ထားသည့် National Unity ပါတီတို့ အပါအဝင် ဖြစ်သည်။

အဖေ ဒူတာတေး ထူထောင်ထားသည့် ဒေသတွင်းပါတီ ဖြစ်သော Hugpong sa Tawong Lungsod၊ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်၏ သမီးဖြစ်သူ အီလိုကော့စ်ခရိုင် အုပ်ချုပ်ရေးမှူး အင်မီးမားကို့စ် Imee Marcos ၏ Ilocano Timpuyog ပါတီတို့ကလည်း သမီး ဒူတာတေး၏ လျှင်မြန်စွာ တိုးတက်လာနေသော ပါတီသစ်နှင့် မဟာမိတ် ပြုခဲ့ကြ သည်။

သူ၏ ပါတီက အခြား ပါတီများနှင့် မဟာမိတ် ပြုနေခြင်းမှာ နောက်လာမည့်နှစ်တွင် အထက်လွှတ်တော် ကိုယ်စားလှယ် နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အထောက်အကူ ဖြစ်စေရး အတွက် မဟုတ်ကြောင်း ဒူတာတေး ကာပီယိုက ညင်းပယ်ခဲ့ သည်။

သို့သော်လည်း သူ၏ ရေပန်းစားမှုက သိသိသာသာပင် မြင့်တက်လာနေသည်။ ဇွန်လအတွင်းတွင် Pulse Asia က ကောက်ယူ ခဲ့သည့် စစ်တမ်းတခုအရ အကယ်၍ သူသာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့လျှင် အနိုင်ရရှိ ဖွယ်ရှိသည့် ထိပ်တန်း အထက်လွှတ်တော် ကိုယ်စားလှယ်လောင်း ၅ ဦးထဲတွင် ပါဝင်နေသည်ဟု သိရသည်။

သူ၏ ပါတီမှ အထက်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများထဲတွင် အင်မီးမားကို့စ်၊ လက်ရှိ အထက်လွှတ်တော်ကိုယ်စားလှယ် စင်သီယာ ဗေးလား Cynthia Villar၊ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲဟောင်း Ronald “Bato” dela Rosa နှင့် သမ္မတ ဒူတာတေး၏ အထူးလက်ထောက် Christopher “Bong” Go တို့ အပါအဝင် ဖြစ်သည်။

ကိုယ်စားလှယ်နေရာ ၂၄ ခုရှိသည့် အထက်လွှတ်တော် အတွက် ကိုယ်စားလှယ် ၁၂ ဦး ရွေးချယ်မည့် ရွေးကောက်ပွဲက သမ္မတ ဒူတာတေး၏ အုပ်ချုပ်မှုကို နောက်ဆုံးအကြိမ်အဖြစ် လွတ်လပ်စွာ စောင့်ကြည့် ထိန်းချုပ်မှု လုပ်နိုင်မည့် အခွင့် အလမ်းတခုအဖြစ် အချို့က မြင်ကြသည်။

အထက်လွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုပါဟု ပြောဆိုနေဆဲ ဖြစ်သည့် ဒူတာတေး ကာပီယိုက ၂၀၂၂ တွင် သမ္မတ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍လည်း နုတ်ဆိတ်နေဆဲ ဖြစ်သည်။ သူ၏ ဖခင်ဖြစ်သူက သူ့ကို အနာဂတ်သမ္မတ အဖြစ် နောက်သလို ပြောင်သလို မကြာခန ပြောတတ်သော်လည်း ရိုဒရီဂို ဒူတာတေး၏ အသိုင်းအဝိုင်းအတွင်းမှ နိုင်ငံရေးသမားများက ဒူတာတေး ကာပီယိုကို အလားအလာရှိသည့် သမ္မတလောင်း အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

နိုင်ငံရေးအရ သေဆုံးတော့မည့် အရိပ်လက္ခဏာများကို အဖေ ဒူတာတေး ကိုယ်တိုင်ပြနေချိန်တွင် သူတို့မိသားစုကို ထိပ်ဆုံးတွင် ဆက်၍ ထားနိုင်မည့် ထွန်းသစ်လာသော နောက်မျိုးဆက် သမီး ဒူတာတေးက နေရာကောင်းတွင် ပို၍ ရောက်ရှိလာနေသည့် အသွင် ရှိပါသည်။

(Asia Times ပါ Bong S Sarmiento ၏ The rise and rise of Sara Duterte ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading