အိမ်တွင်းအကြမ်းဖက်မှုဟု ဆိုလိုက်ရင်ဖြင့် လူအများစုက အိမ်အတွင်းထဲမှာ ယောကျာ်းဖြစ်သူက ၎င်း၏ မိန်းမကို ရိုက်နှက်သည် ကိုသာ မြင်တတ်ကြသည်။ လက်တွေ့အခြေအနေတွင် အိမ်ထောင်စုအတွင်း အတူနေထိုင်သူများက အိမ်ထောင် ရှင်အမျိုးသမီး အပေါ် ရုပ်ပိုင်းဆိုင်ရာသာ မကဘဲ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ နှိပ်စက်မှုများသည်လည်း အိမ်တွင်းအကြမ်းဖက်မှု မြောက်သည်။
ထို့ကြောင့် အမျိုးသမီးတိုင်းသည် အိမ်တွင်းအကြမ်းဖက်မှုကို နည်းလမ်းအမျိုးမျိုးဖြင့် ခံရနိုင်သည်။ မြန်မာ့ဓလေ့ ထုံးတမ်း အစဉ် အလာများ အရ မိဘမောင်ဖွား၊ ယောကျာၤးများက ရိုက်နှက်ခြင်းကို ဖြစ်ရိုး ဖြစ်စဉ် အလေ့အထ တခုအဖြစ် သဘောထား ခဲ့ကြသဖြင့် အိမ်တွင်းအကြမ်းဖက်မှုများမှာ တိုင်ကြားသူ မရှိဘဲ တိမ်မြုပ်နေတာက စိုးရိမ်စရာဖြစ်နေသည်။
အိမ်တွင်းအကြမ်းဖက်နှင့် ပတ်သက်ပြီး အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသည့် အခရာ အမျိုးသမီးအဖွဲ့အစည်းမှ ဒါရိုက်တာ မထားထားကို ဧရာဝတီ သတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာနဲ့ပတ်သက်ပြီး ပထမဆုံး ရှင်းပြစေချင်ပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အိမ်တွင်းထဲမှာဖြစ်တဲ့အကြမ်းဖက်မှု။ အိမ်တွင်းဆိုတာ သူများနိုင်ငံမှာတော့ လင်မယားပဲရှိတယ်။ လင်မယားကြား အမတို့နိုင်ငံမှာကျတော့ အဘိုးအဘွား၊ ဦးလေး၊ အဒေါ်၊ ခယ်မ၊ ခဲအို ၊ အဲ့ဒါတွေ ဆွေမျိုးသားချင်းတွေ အတူနေတယ်ဆိုရင် အိမ်တွင်းထဲမှာရှိတဲ့ သူတွေကပြုလုပ်တဲ့အတွက် အကြမ်းဖက်မှု ဖြစ်တယ်။ ဘာတွေ အကြမ်းဖက်လဲ ဆိုတော့ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ၊ စီးပွားရေးဆိုင်ရာ ။ စီးပွားရေးဆိုင်ရာဆိုတာက အလုပ်ထွက် မလုပ်ရဘူး။ ဝင်ငွေနဲ့လောက်အောင် သုံးဆိုတာ တွေက အိမ်တွင်းအကြမ်းဖက်မှုဖြစ်တယ်။
ဥပမာ အမတို့ဆီမှာ လာတိုင်တဲ့အမှုတွေမှာဆိုရင် တချို့ဆိုရင် အဖေက သမီးကို ငယ်ငယ်လေးထဲက လိင်ပိုင်း ဆိုင်ရာ အနိုင်ကျင့်တယ်။ သမီးက ဆန္ဒမရှိပေမယ့် အမေလုပ်သူက မျက်ရည်စက်လက်ဖြစ်နေတယ်။ နောက် သမီးကို သားအိမ် ထုတ်ပေးဖို့အထိ အတင်းလက်မှတ်ထိုးခိုင်းတာတွေအထိ လုပ်ခိုင်းတယ်။ ဒါတွေက အိမ်တွင်း အကြမ်းဖက်မှုဖြစ်တယ်။
မေး ။ ။ လက်ရှိအခြေအနေမှာရော အိမ်တွင်းအကြမ်းဖက်မှုအမှုတွေက လျော့ကျသွားတာရှိလား။ တိုးလာသလား။
အိမ်တွင်းအကြမ်းဖက်မှုက မတိုးလာဘူး။ ဘာကြောင့်လဲဆိုတော့ တော်တော်များများ အိမ်တွေမှာ အကြမ်းဖက်မှု က နဂိုကတည်းက ရှိနေတယ်။ ရုပ်ပိုင်းဆိုင်ရာ မရှိရင်တောင် စိတ်ပိုင်းဆိုင်ရာရှိနေတယ်။ လိင်ပိုင်းဆိုင်ရာတွေ လည်း ရှိတယ်။ မသိကြတာ၊ မတိုင်ကြတာ အိမ်တွင်းအကြမ်းဖက်မှုလို့ ခေါင်းစဉ် မတပ်မိကြတာ။ တိုးလာတယ် ဆိုတော့ မဟုတ်ဘူးထင်တယ်။ နဂိုကတည်းကိုက ဖြစ်နေတာ ဒါကို အခုမှ ခေါင်းစဉ်တပ်လာကြတာဖြစ်တယ်။ အခုမှ စကားပြောလာကြတယ်။ အခုမှ ဒါမှန်းသိလာကြတာ။
မေး ။ ။ အိမ်တွင်းအကြမ်းဖက်မှုတွေမှာ ဘယ်လိုလူတွေမှာ အဖြစ်များသလဲ။
လူတွေ တော်တော်များများ တိုင်တဲ့အထဲမှာတော့ တအားချမ်းသာတဲ့ လူကုံထံတွေ နည်းတယ်။ လက်လုပ်လက်စား ဒါမှ မဟုတ်ရင် အလယ်လတ်တန်းစားတွေ များတယ်။ တိုင်ကြားမှုမှာတော့ ဆင်းရဲတဲ့ သူတွေက အတိုင်အများဆုံးဖြစ်တယ်။ ဒါပေမယ့် ဒါတွေက ဆင်းရဲတဲ့သူတွေမှာပဲ ဖြစ်တာ မဟုတ်ဘူး။ ဥပမာ ချမ်းသာတဲ့သူတွေက တိုင်မယ်ဆိုရင် သူတို့ရဲ့စီးပွားရေး၊ သူတို့ရဲ့နာမည်၊ သူတို့ရဲ့သိက္ခာဆိုတာတွေကို ထိတယ် ဆိုတဲ့အတွက် မတိုင်ကြဘူး။ အိမ်တွင်းအကြမ်းဖက်မှုက လူမျိုးအတန်းအစား မျိုးစုံမှာ ရှိတယ်။
မေး ။ ။ အိမ်တွင်းအကြမ်းဖက်ခံရရင် အမျိုးသမီးတွေရဲ့ စိတ်နေစိတ်ထားက ပြောင်းသွားတာရှိလား။
စိတ်တွေ ပြောင်းလဲသွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမတို့ဆီရောက်လာတဲ့ အမှုတော်တော်များများ သည် ရိုက်တယ်။ နာတယ်။ ကျိုးပဲ့တယ်။ ဒါမှ မဟုတ်ရင် လုံးဝကို မခံနိုင်တော့တဲ့အခြေအနေမှ ရောက်လာ တယ်။ မခံနိုင်တော့တဲ့အခြေအနေဆိုတာ စိတ်ပိုင်းဆိုင်ရာမှ အကုန်ညှင်းဆဲပြီးသွားပြီ။ စိတ်ပိုင်းဆိုင်ရာမှာ သူ့ကို နလံမထူနိုင်အောင် သူ့ကို ချိုးပြီးသွားပြီ။
အမတို့ကို လာတိုင်တဲ့အမှုတွေထဲမှာ ဒီလောက်ခံရတာတောင် သူ တရားစစွဲဖို့ သားသမီးကိုလည်း ညှင်းဆဲတယ်။ အဲ့ဒီလူတွေသည် ရပ်ကွက်ထဲမှာကြည့်ရင် တကယ့်ကို သိက္ခာရှိပါတယ်လို့ ပြောရတဲ့သူတွေ။ တကယ်တမ်း တိုင်မယ်ဆိုရင်တောင်မှ အိမ်ကနေ ထွက်ပြေးပြီးတော့မှ တိုင်ရတယ်။ တိုင်ချက်ရေးပြီးဆိုရင် ရေးတဲ့သူတွေအစ ဒီယောကျာၤးဘက်က ပါတာ။ စိတ်ပိုင်းဆိုင်ရာမှာ ဘယ်လောက်အထိ ခံရလဲဆိုရင် ဒီယောကျာၤးလုပ်တာ ခံရတာအပြင် ရပ်ကွက်ရဲ့အမြင်တွေ။ တချို့ဆိုရင် အမှုဖွင့်ပေးလို့မရအောင် ရပ်ကွက်က ညှိပေးတယ်။ ဖိအားပေးတယ်။ အမျိုးသမီး တယောက် အနေနဲ့ အမှုလာတိုင်ဖို့ ဖြတ်ကျော်ရတဲ့ အခြေအနေက တော်တော်လေးဆိုးတယ်။
အကြမ်းဖက်တယ်ဆိုတာ ဘယ်အကြောင်းအရာနဲ့မှ ဘာဖြစ်လို့ ညာဖြစ်လို့ အကြမ်းဖက်တယ်ဆိုတာ မရှိသင့် ဘူး။ ဒီမိန်းမသည် ရုပ်ဆိုးသွားလို့၊ ချောလို့ ၊ အလုပ်မလုပ်လို့ အကြမ်းဖက်တာ အဲ့ဒါတွေက ဆင်ခြေတွေပဲ ဖြစ်တယ်။ အကြမ်းဖက်တာသည် အကြမ်းဖက်တာပဲ။ အကြမ်းဖက်ဖို့ အကြောင်းပြချက် ဘာတခုမှ ရှိစရာမလိုဘူး။
မေး ။ ။ အိမ်တွင်းအကြမ်းဖက်ခံရသူတွေမှာ ဖြစ်တတ်တဲ့ အခြေအနေတွေ ရှင်းပြပေးပါဦး။
အိမ်တွင်းအကြမ်းဖက်မှုသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက် စေသည်။ အိမ်ထောင်တခုအတွင်းမှာ မိန်းမဖြစ်သူက ခဏခဏ နေမကောင်းဖြစ်နေတယ်ဆိုရင် ဒီမိန်းမသည် ဒီအိမ်မှာ မပျော်လို့ ဖြစ်တာပဲဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာကို နေ့ဓဒူဝ နှောင့်ယှက်ခံနေရတယ်၊ အနိုင်ကျင့်ခံနေရတယ်ဆိုရင် အဲ့အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာမှာ အပြောင်းအလဲတွေ ရှိတာပဲ။ တချိန်လုံး ကြောက်နေတာတို့၊ တခုခုပြောရင် မယုံတာတို့။ အိပ် မပျော်တာတို့၊ ကိုယ်ခန္ဓာကို ထိခိုက်စေတဲ့ ရောဂါတွေ ရလာတာတို့။
အမတို့ရဲ့ကိုယ် ခန္ဓာ ၊ အသိဉာဏ်သည် စိတ်ပေါ်မှာ မူတည်ပြီး ခံစားမှုတွေကို ခံစားလို့ရတယ်။ ဦးနှောက် ခံစားလို့ရတဲ့ ခန္ဓာကိုယ်ဖြစ်တယ်။ ပထမဦးဆုံး စိတ်ဆင်းရဲနေရင် အမတို့ဦးနှောက်က ထွက်တဲ့ အိပ်ပျော်စေတဲ့ ဓါတ်မထွက်တော့ဘူး။ အဲတော့ အမတို့သည် အိပ်ရေးပျက်လာတယ်။ စားမဝင်တော့ဘူး။ အမတို့ ကိုယ်ခန္ဓာကို ထိန်းချုပ်ထားတဲ့ စနစ်တွေကို ထိခိုက်စေတယ်။ ဒါက အိမ်တွင်းအကြမ်းဖက်မှုကြောင့် အမျိုးသမီးများတွင် နာတာရှည်ကျန်းမာရေး အခက်အခဲတွေ ဖြစ်နိုင်တယ်။
မေး ။ ။ ဇနီးဖြစ်သူကို ခင်ပွန်းက အလိုမတူဘဲ အဓမ္မကျင့်တာတွေလည်း ရှိတယ်။ အဲဒီလို ဖြစ်စဉ်တွေအပေါ်မှာ အိမ်ထောင်ရှင်မတွေကရော ဘယ်လိုသဘောထားကြတာများလဲ။
မုဒိမ်းဆိုတာက အကြမ်းဖက်တဲ့အထဲမှာ ပါတယ်။ မုဒိမ်းဆိုတာက အမျိုးသမီးတယောက်ကို အမျိုးသား တယောက်က လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ မိမိ၏သဘောဆန္ဒမပါပဲ အတင်းအဓမ္မ လုပ်တာဖြစ်တယ်။ ခင်ပွန်းက မယားဖြစ်သူကို အတင်း လိင်ပိုင်းဆိုင်ရာ ရယူတာလည်း အိမ်ထောင်တွင်းမုဒိမ်းဆိုတာ လူတွေက လုံးဝ လက်မခံဘူး။ အိမ်ထောင်အတွင်းမှာရှိတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုရင် သူတို့လက်ခံတယ်။ မြန်မာပြည်မှာ အိမ်ထောင်တွင်းမုဒိမ်း မရှိဘူးလို့ အဲ့လိုမျိုးက အခုအချိန်အထိပဲ။ နောက် ၂ နှစ်၊ ၃ နှစ်ဆိုရင်တော့ နားဝင် လက်ခံလာမယ်လို့ ထင်တယ်။
မေး ။ ။ အိမ်ထောင်တွင်း မုဒိမ်းနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖူးတာရှိရင် တခုလောက်ပြောပြပါလား။
အိမ်တွင်း အကြမ်းဖက်မှုဆို မိသားစုအတွင်းမှာ အမျိုးသမီးနဲ့ ကလေးတွေ ကို ယောကျာၤးလုပ်သူက ညှင်းဆဲတာ ဖြစ်တယ်။ အမတို့ဆီမှာ လာတိုင်တဲ့အမှုတွေထဲက ဥပမာ ၂၀၁၆ တုန်းက အမှုဆိုရင် အမျိုးသမီးတယောက် ဆိုရင် သူ့အမျိုးသားက ငယ်နိုင် ပုံစံဖြစ်နေတယ်။ ကလေးတယောက်ရှိတယ်။ အဲ့ယောကျာၤးက ဆံပင်ကို ဆွဲ၊ မွှေ့၊ ကိုယ်တုံးလုံးချွတ်ခိုင်း ပြီးတော့ လှဲခိုင်း ခေါင်းကိုနင်းတယ်။ မုဒိမ်းကျင့်တာကတော့ ပြောမနေနဲ့တော့ ဒါ့အပြင် ဟိုနားထိုးထားတာ၊ ဒီနားထိုးထားတာ ယောင်ရမ်းနေတယ်။ အပြင်မှာကြည့်ရင်တော့ ဘာဒဏ်ရာမှ မပေါ်ဘူး။ စိတ်ထဲမှာရော ကိုယ် ခန္ဓာမှာရော ဒဏ်ရာတွေနဲ့ ဒါပေမယ့်လည်း တိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တိုင်တော့လည်း ရပ်ကွက်က အတင်းညှိပေးတယ်။ ဒီလူက လူကောင်းပါဆိုပြီး ပြောကြတယ်။ နောက် ကလေးကို အဖေက မှတ်ပုံတင် လုပ်ခွင့် မပေးထားဘူး။ မြန်မာပြည်မှာက အဖေလုပ်သူ လက်မှတ်ထိုးမှ မှတ်ပုံတင်ရတဲ့ခေတ်ဆိုရင် ဒီကလေးတွေရဲ့ကျောင်းတက်ခွင့်၊ ပညာသင်ခွင့်က ဒီနိုင်ငံမှာ ပိတ်ထားသလိုဖြစ်နေ တယ်။
မေး ။ ။ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ဘယ်လိုအကာအကွယ်တွေ ပေးဖို့လိုလဲ။
တကယ်တမ်းဥပဒေမှာ အမျိုးသမီးတဦးက ရဲကို သွားတိုင်ရင် ယာယီအကာအကွယ်ပေးရေးအမိန့်ဆိုတာ ရှိရမယ်။ ဆက်ပြီး မကျူးလွန်နိုင်လာအောင် ရဲက သွားကို တားရမယ်။ ဟုတ်သည် မဟုတ်သည်က စစ်ဆေးဖို့က သူ့စနစ်နဲ့ သူရှိရမယ်။ သို့ပေမယ့် အမျိုးသမီးတဦးက ကျမကို ဒီလိုလုပ်တယ်လို့ လာတိုင်ရင် ကာကွယ်ပေး ရေးအမိန့်ထုတ်ကို ထုတ်ရမယ်။
ကာကွယ်ပေးရေးမရှိတဲ့အတွက် မိန်းမတွေက မတိုင်ရဲဘူး။ လုံးဝ မတိုင်ရဲဘူး။ နစ်နေအောင်ခံရတယ်။ အဲ့လိုခံရတာက နိုင်ငံတော် ခံရတာဖြစ်တယ်။ အမကို အမအမျိုးသားက စိတ်ပိုင်း ဆိုင်ရာနှိပ်စက်ရင် အလုပ်ထဲမှာ အမဘယ်လိုအလုပ်လုပ်မလဲ။ အဲ့လိုအမျိုးသမီးတွေ များနေရင် အိမ်မှာလည်း အမ ကျန်းမာရေးထိခိုက်မယ်။ မိသားစုထိခိုက်တယ်။ ရုံးထိခိုက်တယ်။ အဲ့လိုမိသားစုတွေ များနေရင် နိုင်ငံတော် ထိခိုက်တာပဲ။ ဒါတွေက မမြင်ရပဲနဲ့ ရေရှည်လှိုက်စားနေတဲ့ အနာတွေ။ ယာယီအကာ အကွယ်ပေးရေးဆိုတော့ တကယ်တမ်းတော့ ရှိကိုရှိရမယ်။ ဥပဒေထဲမှာ Temporary Protection Order က အရမ်းအရေးကြီးတယ်။ ပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုမှာ ပြီးမြောက်သွားတဲ့အမှုဆိုတာ မရှိသေးဘူး။
မေး ။ ။ အိမ်တွင်းအကြမ်းဖက်မှုတွေ ဘာကြောင့် ဖြစ်နေရသလဲ။
တကယ်တမ်းတော့ အိမ်တွင်းအကြမ်းဖက်မှုကို သေသေချာချာ အဓိပ္ပါယ်ဖွင့်ထားဖို့ လိုတယ်။ အဓိပ္ပါယ်ဖွင့် ထားတယ်။ ပြစ်မှု ပြစ်ဒဏ်ရှိတယ်။ ဒါပေမယ့် စနစ်တွေမရှိဘူး။ Protection Order လိုမျိုး စနစ်မရှိပဲ ရပ်ကွက်မှာ ကျေအေးပေးမယ်ဆိုရင် ဒီမိန်းမသည် နားလည်တတ်ကျွမ်းတဲ့ အမျိုးသမီးတွေက မဝန်းရံရင် ဒီမိန်းမကို နောက်ဆုံးအမှုမဖွင့်ပေးဘူး။ ပြီးရင် ရပ်ကွက်ရုံးကို သွားရင်သွား ၊ မသွားရင်တော့ ဒီအမှုမှာ နောက်ဆုတ်လိုက်ရပြီ။ အဲလိုနဲ့ပဲ ပြန်ပြန်ပြီးတော့ မိန်းမတွေသည် ဒီအကြမ်းဖက်ခံရတဲ့အထဲကို ပြန်ပြန် ရောက်သွားတယ်။
မေး ။ ။ အိမ်တွင်းအကြမ်းဖက်မှုဖြစ်လာရင် ဘယ်လိုဥပဒေနဲ့ အရေးယူသလဲ ။
အိမ်တွင်းအကြမ်းဖက်မှုအတွက် သီးသန့် ဥပဒေလည်း မရှိသေးဘူး။ အိမ်တွင်းအကြမ်းဖက်မှုကိုတော့ ကျိုးကန်း သွားရင် ကျိုးကန်းသွားတာနဲ့ အရေးယူတယ်။ အိမ်တွင်းအကြမ်း ဖက်မှုက အရေးယူလို့မရသေးဘူး။ ဘာလို့ဆို အိမ်တွင်းအကြမ်းဖက်မှု ဆိုတဲ့စကားလုံးက အမတို့ရဲ့ဥပဒေထဲမှာ ရှိကို မရှိသေးတာ။ အဲဒါကြောင့် အိမ်တွင်းအကြမ်းဖက်မှုဖြစ်မှန်း မသိကြသေးတာ။ အခုနောက်ပိုင်း သိလာလို့ တိုင်တဲ့အခါကျတော့ အိမ်တွင်း အကြမ်းဖက်မှုလို့ တိုင်လို့မရသေးဘူး။ ရိုက်တယ်။ ကျိုးတယ်။ စိတ်ဆင်း ရဲအောင် လုပ်တယ်။ အဲ့ဒါနဲ့ပဲ ကွာရှင်းချင်တာနဲ့ပဲ တိုင်ကြရတယ်။
မေး ။ ။ အိမ်တွင်းအကြမ်းဖက်ခံရမှု လျော့ပါးစေရေးအတွက် စင်တာလုပ်ပေးထားတာမျိုးရှိလား။
အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သီးသန့် လုပ်ပေးတဲ့ စင်တာ မရှိသေးဘူး။ တကယ်တမ်း အမျိုးသမီး တွေ အတွက် အရေးကြီးဆုံးသည် အမျိုး သမီးတယောက် တခုခုဖြစ်လာပြီဆိုရင် နားထောင်ပေးဖို့လိုတယ်။ counseling လိုတယ်။ အမျိုးသမီးတွေ ဝန်းရံပေးဖို့လိုတယ်။ ဘာစကားမှ မပြောပဲ ရဲစခန်းသွားရင် ဘေးမှာ လိုက်ရပ်ပေးဖို့ လိုတယ်။ အဲဒါတွေက အဲ့ဒီအမျိုးသမီးတွေ အတွက် အားဖြစ်တယ်။ အဲ့လိုမလုပ်ပေးရင် သူတို့တွေရဲ့အမှုဟာ အားမရှိတော့ပဲ နောက်တော့ ရပ်သွားလိမ့်မယ်။ အမျိုးသမီးအဖွဲ့အစည်းတွေ အနေနဲ့ အဲ့လိုလိုက်ရပ်ပေးဖို့ အရမ်းအရေးကြီးတယ်။
မေး ။ ။ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် အခရာက ဘာတွေဆောင်ရွက်ပေးတာရှိလဲ။
အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက်ကတော့ အခရာမှာ စီးပွားရေးလုပ်နေတဲ့သူတွေရှိတယ်။ အိမ်တွင်း အကြမ်းဖက်ခံရသူတွေကို အခရာက တရားစီရင်ရေးအတွက် legal services ပေးတယ်။ ကျန်းမာရေး ဝန်ဆောင်မှုပေးတယ်။ နှစ်သိမ့်ဆွေးနွေး အကြံပေးတယ်။ စိတ်ပိုင်းဆိုင်ရာ အကူအညီပေးတယ်။ ငွေရေးကြေး ရေး ကူညီပေးတယ်။ ယာယီနေစရာ ပေးတယ်။ အလုပ်လုပ်ချင်တဲ့သူဆိုရင် ချိတ်ဆက်ပေးတယ်။