Women & Gender

ဇလွန်မုဒိမ်းမှု ထောင်ဒဏ် နှစ် ၂၀ နောက်ကွယ်

Want create site? Find Free WordPress Themes and plugins.

“အမျိုးဘာသာ သာသနာဖျက်မ၊ ဝိုင်းပြီး Share ပေးကြပါ” ဆိုပြီး မိန်းကလေးငယ်တဦးရဲ့ ဓာတ်ပုံတွေနဲ့အတူ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းဖြန့်မှုတွေ တွေ့ရပါတယ်။

ဒါကတော့ အသက် ၁၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းပြုကျင့်မှုကြောင့် ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့နယ်၊ ညောင်အိုင်ရွာက စိတ္တသုက္ခကျောင်းရဲ့ ကျောင်းထိုင်ဘုန်းကြီး ဖြစ်ခဲ့သူ ဦးသုန္ဒရ (ခ) ဦးဟန်စိုးကို ထောင်ဒဏ်အနှစ် ၂၀ ပြစ်ဒဏ် တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အပေါ် မကျေနပ်တဲ့ ရွာခံတဦးက ရေးတင်ခဲ့တာဖြစ်ပါတယ်။

အမိန့်ချပြီး နောက်တရက်ဖြစ်တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာပဲ ဒီလိုသတင်းဖြန့်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။

မူရင်းစာတင်သူရဲ့ စာ (Post) အောက်မှာတော့ “သူ့လိုလူမျိုး ရွာမှာရှိတာ ရွာနာတယ်” ဆိုတဲ့ ထင်မြင်ချက် တွေကိုလည်း တွေ့ရပါတယ်။ အလားတူပဲ “ကျောင်းထိုင်တပါး ထောင်ကျသွားတော့ အေးချမ်းသွားကြပြီလော” ဆိုတဲ့စာ (Post) ကိုလည်း ညောင်အိုင်ကျေးရွာနဲ့ ဆက်စပ်သူလို့ထင်ရတဲ့ အမျိုးသမီးတဦးက လူမှု ကွန်ရက်မှာ ရေးတင်ခဲ့ပါတယ်။

ဒီလိုဘုန်းကြီးကို ထောက်ခံတဲ့ ရွာသူရွာသားတွေရဲ့ မကျေနပ်မှုတွေက အခုလို ထောင်ဒဏ်အမိန့်ချလိုက်ပြီးမှ ထွက်ပေါ်လာတာ မဟုတ်ပါဘူး။

မိန်းကလေးငယ် မွေးလာခဲ့တဲ့ကလေး အသက် ၁ နှစ်ခွဲကျော် အကြာမှာ ဒီကလေးဟာ ဘုန်းကြီးနဲ့ ရခဲ့တယ်လို့ ရပ်သိရွာသိ ဖြစ်ချိန်ကစပြီး ညောင်အိုင်ကျေးရွာမှာ ကျူးလွန်ခံရသူ မိန်းကလေးငယ်ကို ကူညီသူ တချို့နဲ့ ဘုန်းကြီးဘက်က ရပ်တည်သူဆိုပြီး ဘက်နှစ်ဘက် ကွဲသွားခဲ့ကြတာပါ။ အဲဒီအထဲမှာ အမျိုးသမီးငယ်ရဲ့ ဆွေမျိုး အရင်းအချာ တချို့ကပါ ဘုန်းကြီးဘက်မှာ ရပ်တည်ပြီး အမှုလိုက်ရာမှာ ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

ကျေးရွာသူ ရွာသားအများစုကတော့ ဒီအဖြစ်အပျက်ဟာ ကျောင်းထိုင်ဘုန်းကြီးကို ပုဂ္ဂိုလ်ရေး မကျေနပ်မှုနဲ့ အသရေဖျက်လိုတဲ့ အတွက် လိမ်လည်စွပ်စွဲခြင်းသာ ဖြစ်တယ်၊ ဒါဟာ မမှန်ကန်ဘူးလို့ ယုံကြည်နေကြပါတယ်။

“စွပ်စွဲတဲ့လူနည်းစုရယ်၊ အနောက်က မြှောက်ပေးတဲ့ လူတွေရယ်ပဲရှိတယ်။ ကျန်တဲ့လူတွေကတော့ ဘုန်းကြီးကို ယုံယုံကြည်ကြည်နဲ့ပဲ ခုချိန်ထိ ကိုးကွယ်ကြတယ်” လို့ အမျိုးသမီးငယ်ရဲ့ ဦးလေးအရင်းတော်တဲ့ ဘုန်းကြီးရဲ့အမှုကို လိုက်ပါ ဆောင်ရွက်သူ လယ်သမား ကိုအောင်ဝင်းက ဆိုပါတယ်။

ရွာအပြင်ဘက်တွင်ရှိသည့် ဦးသုန္ဒရကျောင်းထိုင်ခဲ့သည့် စိတ္တသုက္ခကျောင်းတိုက် / မယ်လွန်း

ဒီအမှုကို တိုင်းသံဃနာယက ဆရာတော်ဘုရားကြီး ကိုယ်တိုင်ရဲ့ ခွင့်ပြုညွှန်ကြားချက်အရ အရပ်ဖက် တရားရုံးမှာ ၂၀၁၆ ခုနှစ်က တရားစွဲဆိုခဲ့တာလို့ တရားလိုရှေ့နေက ပြောပါတယ်။ တရားစွဲပြီး လပိုင်းအတွင်းမှာ တရားလို၊ တရားခံတွေရဲ့ သဘော တူညီချက်တွေနဲ့ အင်းစိန် CID မှာ DNA စစ်ချက်ရယူခဲ့ပါတယ်။ DNA တူညီမှုကြောင့် ရဲအင်အား ၅၀ ကျော်နဲ့ ဦးသုန္ဒရကို ဖမ်းဆီးခဲ့ပြီး ၂ နှစ်အတွင်း အခုလို အပြီးသတ် အမိန့် ချမှတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီအခြေအနေတွေက ညောင်အိုင် ကျေးရွာသူရွာသား အများစုရဲ့ ဘုန်းကြီးအပေါ် ယုံကြည်ကိုးကွယ်မှုကို မချေဖျက် နိုင်ခဲ့ပါဘူး။ ဒါကြောင့် တရားရုံးအမှု ပြီးဆုံးခဲ့ပေမယ့်လည်း ညောင်အိုင်ကျေးရွာ အတွင်း အုပ်စုနှစ်စုကြား ဆက်ဆံရေး ကတော့ ဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။

DNA စစ်ချက်ကို မယုံကြည်ကြတဲ့ ကိုးကွယ်သူများ

DNA ရလဒ်ကို လက်မခံနိုင်တဲ့ ရွာသူရွာသားအများစုကတော့ ဘုန်းကြီးဟာ မတရားဖမ်းဆီး ထောင်ချခံရတာ ဖြစ်တယ်လို့ အခုချိန်အထိ ယုံကြည်နေကြပါတယ်။

“ဒီ အာ ပါးစောင်က အသားလေး ယူရုံနဲ့တော့ ဒီ DNA ကို မှန်မယ်လို့ မယူဆဘူး” လို့ ကျောင်းဂေါပကလူကြီး တဦးဖြစ်သူ ဦးလှအောင်က ပြောပါတယ်။

သူ့ရဲ့ အသိတယောက်ဖြစ်တဲ့ ဆေးကျောင်းပထမနှစ် တက်နေသူ အမျိုးသမီးတဦးရဲ့ ပြောပြချက်ကို အခြေခံပြီး DNA ဆိုတာဟာ သုတ်ရည်သုတ်ပိုး၊ အာပါးစောင်၊ အဝတ်အစား၊ ဆံပင်၊ သွေး စတဲ့ စစ်ချက်တွေ အားလုံးတူမှ မှန်ကန်နိုင်တယ်လို့ သိထားကြောင်း ဦးလှအောင်က ဆိုပါတယ်။

အမေရိကန်ပြည်၊ မန်ဆာချူးဆက်ပြည်နယ် Tufts University ဆေးတက္ကသိုလ်ရဲ့ အဝေးရောက်ပါမောက္ခ တဦးဖြစ်တဲ့ ဒေါက်တာ မြင့်ဦးကတော့ DNA ကို မိခင် (သို့မဟုတ်) ဖခင်ရဲ့ ပါးစောင်ထဲက ကလပ်စည်းတွေကို ပလပ်စတစ် ဂွမ်းတံနဲ့ ခြစ်ယူပြီး စစ်ယူရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါအပြင် DNA စမ်းသပ်မှုဟာ မိခင်ကိုယ်ဝန်ရှိနေစဉ်မှာတောင် မိခင်ရဲ့သွေးကို ဖောက်ယူ စမ်းသပ်ပြီး ဖခင်အရင်းကို ရှာဖွေသိရှိနိုင်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာစစ်တဲ့ DNA Testing တွေဟာ ၉၉. ၉၉ ရာခိုင်နှုန်း စိတ်ချရမှုရှိပါတယ်။ လူတသောင်းစစ်ရင် တယောက် လွဲမှားခဲလှပါတယ်” လို့ ဒေါက်တာမြင့်ဦးကဆိုပါတယ်။

ရွာသူရွာသားတွေ DNA ရလဒ်ကို မယုံကြည်ရတဲ့ နောက်ထပ် အကြောင်းအရင်းတခုကတော့ တရားရုံးကို တင်သွင်းတဲ့ DNA အဖြေစာရွက်မှာ အသေးစိတ် ဆေးစစ်ချက်တွေမပါဘဲ “ထင်မြင်ချက်ပေးပို့ခြင်း” ဆိုတဲ့ ပုံစံ စာရွက်တခုတည်း ဖြစ်နေတာ ကြောင့်ပါပဲ။

တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်မိုးကတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့ တရားရုံးတွေမှာ ပြဌာန်းထားတဲ့ ဥပဒေတွေအရ တရားရုံးကို တင်သွင်းတဲ့အခါ ကျွမ်းကျင်ပညာရှင်တွေရဲ့ စစ်ဆေးချက် ပုံစံတွေ ရှိတယ်လို့ ပြောပါတယ်။

“ဆရာဝန်ဆေးစာပုံစံ၊ ဓာတုဗေဒဝန်ရုံးရဲ့ အကြောင်းပြန်ကြားစာပုံစံ၊ DNA စစ်တဲ့ အရာရှိတွေရဲ့ အကြောင်း ပြန်ကြားစာ ပုံစံဆိုပြီး သူတို့မှာ ပုံစံတွေ ရှိပြီးသား” လို့ သူကပြောပါတယ်။

ဒါပေမယ့်လည်း ဘုန်းကြီးကို ကိုးကွယ်သူ ကျေးရွာသူရွာသား တွေကတော့ ဘုန်းကြီးဟာ ပြစ်မှုကျူးလွန်သူ မဖြစ်နိုင်ဘူးဆိုတဲ့ တထစ်ချ ယုံကြည်မှုတွေ ပြင်းထန်နေဆဲပါ။ ထောင်ဒဏ် ချမှတ်လိုက်ပေမယ့်လည်း ဘုန်းကြီးရဲ့အမှု တရားမျှတမှုရှိဖို့အတွက် ရှေ့ဆက် လုပ်ဆောင်သွားမယ်လို့ အမှုလိုက်ပါဆောင်ရွက်သူ ရွာခံတွေက ဆိုပါတယ်။

“မမှန်ကန်ဘဲနဲ့ ထောင်ကျရင်လည်း ဦးတို့ကတော့ ရပ်နေလို့တော့မရဘူး။ အမှန်တရားကို ဖော်ထုတ်ရမယ်” လို့ ဘုန်းကြီး ဘက်ကနေ အမှုကို လိုက်ပါကူညီသူ ညောင်အိုင်ကျေးရွာ ဂေါပကလူကြီးတဦးဖြစ်သူ ဦးလှအောင်က အမိန့်မချခင် ရက်ပိုင်းအတွင်း ပြောခဲ့ပါတယ်။

တချို့ ရွာခံတွေကတော့ ဘုန်းကြီးဟာ အတိတ်ဘ၀ ဝဋ်ကြွေးကြောင့် အခုလို မတရား စွပ်စွဲခံရတာလို့ ထင်မှတ်နေကြပါတယ်။

“သူ့ရဲ့ ရေစက်ပေါ့။ ခံရတဲ့ကံ ပါလာတော့ ခံပေါ့။ ဒါပဲရှိတာပဲ” လို့ စိတ္တသုက္ခကျောင်းတိုက်က ဘုန်းကြီး ဦးသိရီန္ဒက မိန့်ပါတယ်။

ပုံစံခွက် အတွေးအခေါ်ကပေးတဲ့ သံသယ

DNA စစ်ချက်ကို လက်မခံနိုင်တဲ့အပြင် ဘုန်းကြီးဘက်ကို ထောက်ခံသူများရတဲ့ တခြားအကြောင်းအရင်း တွေလည်း ရှိပါသေးတယ်။

မိန်းကလေးငယ်ဟာ ကလေးမွေးတဲ့ အချိန်အထိ သိသာတဲ့ ကိုယ်ဝန်ဗိုက် မပေါ်ခဲ့သလို ကလေးမွေးထားပြီးသား အမျိုးသမီး ပုံစံလည်း မပေါက်တာကြောင့် ရွာသူရွာသား အများစုအတွက် မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါတယ်။

“သူမွေးတယ်ဆိုတာ နားရှိလို့သာ ကြားရတယ်၊ သူဗိုက်ကြီးတာ မတွေ့တော့လည်း မယုံဘူးပေါ့။ ကောင်မလေးရဲ့ ပုံကလည်း ကလေးတယောက် မွေးထားတဲ့ပုံ မတွေ့ရဘူး” လို့ အမျိုးသမီးငယ်ရဲ့ အစ်မဝမ်းကွဲတော်စပ်သူက ဆိုပါတယ်။

တရားရုံးအမိန့်ချနေစဉ်အတွင်း တရားခွင်အခန်းအပြင်ရှိ ညောင်အိုင်ကျေးရွာသူရွာသားများကို တရားရုံးပြင်ပမှ တွေ့ရစဉ် / မယ်လွန်း

နောက်ထပ် အကြောင်းအရင်းတခုက မိန်းကလေးငယ်ရဲ့ ဝတ်စားဆင်ယင် မှုပါပဲ။

“ဒီမိန်းကလေးက ရိုးရိုးသားသား တောသူလား၊ ဘယ်လို ဝတ်စားထားလဲဆိုတာ ဒီမှာကြည့်” ဆိုပြီး ဝမ်းကွဲ ညီမ တော်စပ်သူတဦးက မိန်းကလေးငယ်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတဲ့ အလှဓာတ်ပုံတွေကို ပြပြီး ဆိုပါတယ်။

အမှုကို အမိန့်ချတဲ့အချိန် သူဟာ အနီရောင် ဝမ်းဆက်အင်္ကျီ ဝတ်ဆင်လာတာကြောင့်လည်း ဘုန်းကြီး ထောက်ခံသူ ရွာခံတချို့က ပိုမိုဝေဖန်ခဲ့ကြပါတယ်။

ဒီလို အယူအဆ အစွဲတွေကြောင့်ပဲ မိန်းကလေးငယ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ အလှဓာတ်ပုံတွေထဲက ဘောင်းဘီတို၊ စကတ်၊ ဂါဝန်တွေနဲ့ ရိုက်ထားတဲ့ပုံတွေကိုစုပြီး “အမျိုးဘာသာ သာသနာ ဖျက်မ” ဆိုတဲ့ ရွာခံတွေရဲ့ သတင်းဖြန့်ချိမှုတွေဟာ အမိန့်ချပြီး နောက်တရက်မှာပဲ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဦးသုန္ဒရဟာ ပရဟိတစိတ် ရှိသူဖြစ်ပြီး ဘုန်းကြီးကျောင်း တိုးတက်အောင်လုပ်တဲ့ ရိုးရိုးအေးအေး ဘုန်းကြီးတပါး ဖြစ်တယ်လို့သာ ရှုမြင် လက်ခံထားကြတဲ့အတွက် ဒီလိုတရားစွဲတာဟာ သာသနာကို ထိခိုက်အောင် လုပ်တာလို့ ရွာခံတွေက မှတ်ချက်ချ နေကြပါတယ်။

“ဘုန်းကြီး ထောင်ကျသွားလို့လည်း သူတို့အတွက် အကျိုးမရှိဘူး။ အကျိုးမရှိတဲ့ အလုပ်တွေကိုတော့ ညီမ အားမပေးဘူး” လို့ ရွာခံ အမျိုးသမီးငယ်တဦးက ဆိုပါတယ်။

တရွာလုံးနဲ့ တစု ဘယ်လိုနေကြလဲ

ပြစ်မှု ထင်ရှားတဲ့အတွက် တရားခံကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ ပေမယ့်လည်း အခုချိန်အထိ အဖြေမရှာနိုင်သေးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ရွာခံတွေကြား ရှိနေတဲ့ အမုန်းတရားနဲ့ ဖယ်ကျဉ် ရန်လိုမှုတွေပဲဖြစ်ပါတယ်။

ဘုန်းကြီးကျောင်း အပါအဝင် တရွာလုံးနီးပါးက ဘုန်းကြီးကို ထောက်ခံသူတွေ ဖြစ်တဲ့အတွက် မိန်းကလေးငယ်နဲ့ သူ့ကို ဝိုင်းဝန်းကူညီသူ ရွာခံတစုကတော့ အမှုစတင်ချိန်ကနေ အခုချိန်အထိ ဘုန်းကြီးကျောင်းလည်း မတက်ရဲကြတော့ပဲ အသိအိမ်မှာသာ ဘာသာရေး လုပ်ဆောင်ကြတယ်လို့ သိရပါတယ်။

“မိန်းကလေးဘက်ကို ပါတဲ့သူတွေကတော့ သူတို့ဘက်ကိုပါတဲ့ ဦးထွန်းကြည်ဆိုတဲ့အိမ်မှာ ဇရပ်သဘောပေါ့၊ ဥပုသ် သီလ ပေးတယ်ပေါ့၊ အခုထိ” လို့ ဘုန်းကြီးကို ထောက်ခံသူ ရွာခံအမျိုးသမီးတဦးက ဆိုပါတယ်။

ခင်ပွန်းဖြစ်သူမှာ အလုပ်အကိုင်မရှိတဲ့အတွက် သူ့ရဲ့ နေ့စားလုပ်ခနဲ့ စက်ချုပ် အပ်ထည်တွေကနေရတဲ့ ဝင်ငွေနဲ့သာ ရပ်တည် နေရတဲ့ မိန်းကလေးငယ်ရဲ့ မိခင်ကတော့ အမှုစတင်စွဲဆိုပြီးနောက်ပိုင်းမှာ စားဝတ်နေရေးလည်း ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။

“မိသားစုတွေကလည်း တယောက်တခြားစီ ပြိုကွဲကုန်ပြီ။ ပတ်ဝန်းကျင်ကအစ အကုန်လုံး ကိုယ့်ဘက်မှာ လူအင်အားက နည်းနေတဲ့ အခါကျတော့ အလုပ်အကိုင်လည်း ခက်ခဲသွားတယ်။ အရင်လို အပ်ထည်တွေ မရတော့ဘူး” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ဒါတွေအပြင် ရွာသူရွာသား အချင်းချင်း ပြောဆိုဆက်ဆံမှု မရှိကြတော့တဲ့အတွက် စားရေးသောက်ရေး အတွက် ဝယ်ယူ စားသောက်ဖို့တောင် ခက်ခဲသွားတယ်လို့ သိရပါတယ်။

“ရောင်းတဲ့သူတွေ ရှိပေမယ့် ပိုက်ဆံရှိလည်း မစားရတဲ့ အဖြစ်မျိုးပေါ့။ အစ်မတို့ကို တွေ့ရင်လည်း မခေါ်တော့ အစ်မတို့ကလည်း မဝယ်ရဲတော့ဘူးပေါ့” လို့ အမျိုးသမီးငယ်ရဲ့ မိခင်က ပြောပြပါတယ်။

သူတို့အိမ်က ဘုန်းကြီးဘက်ကို ထောက်ခံတဲ့ ဆွေမျိုးအသိုင်းအဝိုင်းရဲ့ အလယ်မှာရှိနေပြီး နေရခက်ပေမယ့် သွားစရာ နေရာမရှိတဲ့တွက် ကျိတ်မှိတ် နေရတယ်လို့ ဆိုပါတယ်။

အမှုစတင်ချိန်ကနေ အမိန့်ချပြီးတဲ့အချိန်ထိ တချို့ရွာသူရွာသားတွေရဲ့ စောင်းမြောင်းပြောဆိုမှု၊ ဆဲဆိုမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ရွာထဲမှာ တခုခု စီးပွားရေးပျက်တာကအစ၊ သမီးက ဂြိုဟ်မွှေလို့ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောကြတယ်။ သမီးကိုလည်း ဆဲကြတယ်” လို့ အမျိုးသမီးငယ်ရဲ့ မိခင်ကဆိုပါတယ်။

ဒီလိုဆဲဆိုနေမှုတွေနဲ့ ပတ်သက်ပြီး ကျေးရွာဥက္ကဋ္ဌ ကိုတော့ အသိပေးထားတယ်လို့ ကျူးလွန်ခံရသူ အမျိုးသမီးငယ်က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောပါတယ်။

မျှော်လင့်ချက်မဲ့ဆဲ လူမှုရေးဆိုင်ရာ တရားမမျှတမှု

တရားခံကို အမိန့်ချမှတ်ပြီးပေမယ့်လည်း ကျူးလွန်ခံရသူ မိန်းကလေးငယ်မိသားစုရဲ့ လက်ရှိကြုံတွေ့နေရတဲ့ လူမှုရေးဆိုင်ရာ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးတဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။

“သူတို့ကို စောင့်ရှောက်ဖို့၊ သူတို့ရဲ့ တက်လမ်းအတွက် ဒါမျိုးတွေ ကူညီစောင့်ရှောက်တာကို မတွေ့ရဘူး” လို့ တရားလွှတ်တော် ရှေ့နေ ဦးဝင်းဇော်မိုးက ဆိုပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဥပဒေအရ နစ်နာတယ်ထင်ရင် တရားမ ကြောင်းအရ နစ်နာကြေးရယူ စွဲဆိုနိုင်ပေမယ့် အတော် များများက မုဒိမ်းမှုတွေနဲ့ပတ်သက်လို့ တရားခံတွေ ထောင်ကျသွားရင် နစ်နာကြေးအနေနဲ့ တရားလိုတွေဘက်က စွဲဆိုတာ မျိုးတွေ သိပ်မတွေ့ရဘူးလို့ သူက ဆက်ပြောပါတယ်။

ဘာသာရေး၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာနဲ့ သက်ဆိုင်တဲ့ ကျင့်သုံးမှုတွေနဲ့ ပတ်သက်ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေမှာ ကျားမ ရေးရာ တန်းတူညီမျှမှုနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိဖို့ ခက်နေဆဲပဲလို့ လူမှုစီးပွားနှင့် ကျားမရေးရာ အရင်းအမြစ်အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်စန္ဒာသန့်က ဆိုပါတယ်။

“ကျုးလွန်သူကို ကျုးလွန်သူအဖြစ် အစွဲကင်းကင်းနဲ့ မြင်ကြဖို့၊ အရေးယူကြဖို့ပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် ယဉ်ကျေးတဲ့၊ မျှတတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြရမှာပဲ” လို့ သူက ပြောပါတယ်။

ဥပဒေကြောင်းဆိုင်ရာ တရားမျှတမှု ရရှိဖို့အပြင်၊ လူမှုရေးဆိုင်ရာ တရားမျှတမှု ရရှိဖို့အတွက် ရေတိုရေရှည် စီမံကိန်းအနေနဲ့ အစိုးရရော၊ လူမှုအသိုင်းအဝိုင်းကပါ လုပ်ဆောင်ဖို့လိုတယ်လို့ ဒေါ်စန္ဒာသန့်က ထောက်ပြ ပြောဆိုပါတယ်။

“အမျိုးသမီး တယောက်ကို အကြမ်းဖက်တာဟာ သူတဦးတည်းကို ထိခိုက်စေတာမဟုတ်ဘူး။ လူ့အဖွဲ့အစည်းကို တိုက်ရိုက် ထိပါးတာပဲ။ နိုင်ငံရဲ့အရေး၊ တမျိုးသားလုံးအရေးအနေနဲ့ ရှုမြင်ရမယ်၊ ကာကွယ်ရမယ်၊ တားဆီးရမယ်၊ ဖြစ်လာရင် တုံ့ပြန် ဆောင်ရွက်ရမယ်” လို့ ဒေါ်စန္ဒာသန့်က ပြောပါတယ်။

အသက် ၁၂ နှစ်ကျော်အရွယ်မှာ ကျူးလွန်ခံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် သူ့အသက် ၁၇ နှစ် ကျော်လာချိန်မှာတော့ တရားဥပဒေရဲ့ ကာကွယ်ပေးမှု ရရှိခဲ့ပါပြီ။ အကြမ်းဖက် ခံရမှုကြောင့် ကလေးတယောက် မိခင်ဖြစ်ခဲ့ရတဲ့ သူကတော့ အမှုပြီးဆုံးသွားပြီဖြစ်လို့ စိတ်ပေါ့ပါးသွားကြောင်းနဲ့ အမိန့်ချပြီး နောက်ပိုင်း သူ့ရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လူမှုကွန်ရက်မှာ သတင်းဖြန့်နေမှုတွေ အတွက်လည်း ဆက်ပြီး တရားစွဲဆိုသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

စီးပွားရေး အဆင်မပြေလို့ အဒေါ်အိမ်မှာ အပ်ထားရတဲ့ သူ့ရဲ့သားလေးကို ပြန်ခေါ်ထားနိုင်ဖို့နဲ့ ကလေးရဲ့ အနာဂတ်အတွက် အလုပ်ကြိုးစားသွားမယ် လို့လည်း မိန်းကလေးငယ်က ပြောပါတယ်။
“ပညာတတ်ကြီး ဖြစ်အောင်လို့လည်း စာသင်ပေးမယ်။ သူ့အဖေဘုန်းကြီးလို လူမျိုးမဖြစ်အောင်လို့ပေါ့” လို့ သူက ဆက်ပြောပါတယ်။

ဖော်ပြပါ ဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ ( BWU ) မှ စီစဉ်လုပ်ဆောင်သည့် www.hiburma.net ( HI- Honest Information ) မှ ကူးယူဖော်ပြပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading