စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အပိုင် မင်းကုန်း(ဂ)ကျေးရွာရှိ မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ နတ်တလူ သာသနာပြုစခန်းမှ ဦးပဉ္စင်းတပါးက အဓမ္မပြုကျင့်သည်ဟုဆိုကာ အမျိုးသမီးတဦးက တိုင်ကြားထားသည့်အမှု ရုံးချိန်းကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ကျူးလွန်ခံရသူ အမျိုးသမီးက “တရားရုံးကို သွားရတာဝေးတာနဲ့ ကလေးကတဖက် ဆိုတော့ ကလေးကလည်း ကျန်းမာရေး မကောင်းတဲ့ အတွက် အခက်အခဲ ဖြစ်နေရပါတယ်။ ၁၄ ရက် ရုံးချိန်းဆိုရင် ကျမသားလေး နေမကောင်းတဲ့ အတွက် မသွားနိုင်ခဲ့ပါဘူး။ ကျမအမှုကို အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ချင်ပါတယ်။ အမှုမှန် ပေါ်ပေါက်ဖို့ရာ အတွက် တရားရုံးမှာ အမြန်ဆုံး ရင်ဆိုင်ချင်နေပါပြီ” ဟု ဆိုသည်။
ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ်က အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးမှာ ကျူးလွန်သူဟု တိုင်ကြားခံထားရသူ ဦးဝရဉာဏ ဆိုသူနှင့် ဆရာဒကာ ဆက်ဆံရေး ရှိခဲ့ကြောင်း၊ ခြုံစောင်လူကြုံပါးလိုက်သည်ဟုဆိုကာ နေရာတခုသို့ ချိန်းဆိုပြီး မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် မေလနှင့် နိုဝင်ဘာလ တွင်လည်း ထပ်မံ ကျူးလွန်ခဲ့ပြီး ကိုယ်ဝန်ရှိလာသည့်အခါ အခြားသူတဦးနှင့် အဓမ္မလက်ထပ်ရန် ကျူးလွန်ခဲ့ကြောင်း၊ လက်ရှိတွင် ကိုယ်ဝန်မှ ရရှိသည့် သားလေးကို မွေးဖွားထားပြီးဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးက သြဂုတ် ၃၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
အမှုအား လိုက်ပါ ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီးများ အရေး တက်ကြွ လှုပ်ရှားသူတဦးဖြစ်သူ မဝါဝါဝင်းက “ကလေးမလေးနဲ့ သူရဲ့သက်သေတွေ အားလုံး ရဲစခန်းမှာ ထွက် ဆိုချက်တွေ ပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ရဲက တရားရုံးကို ပြန်မတင်ပေးသေးဘူး။ ရုံးချိန်းသွားတဲ့ အခါမှာလည်း ရဲကနေ ကျင့်၂၀၂ ပြန်မတင်ပေးတဲ့ အတွက် ရုံးချိန်းပဲ ပြန်ချိန်း ပေးနေတာ အခုဆိုရင် ၈ ချိန်း ပြီးသွားပြီ” ဟု ရှင်းပြသည်။
ထို့ကြောင့် အဓမ္မ ပြုကျင့်ခံရသူ အမျိုးသမီးက တရားလိုပြုလုပ်၍ ကန့်ဘလူမြို့နယ် တရားရုံးသို့ ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ က ဦးတိုက် လျှောက်ထားခဲ့ရာ မြို့နယ် တရားသူကြီးက ရာဇဝတ် ကျင့်ထုံးဥပဒေ ၂၀၂ အရ ဇီးကုန်း နယ်မြေ ရဲစခန်းသို့ ပြန်လည် စုံစမ်း စစ်ဆေးပေးရန် ပြန်လည်ချထားပေးခဲ့ရာ ရဲတပ်ဖွဲ့က အမှုအား ခိုင်မာအောင် ပြန်လည်တည်ဆောက်ပြီး သေချာစွာ ဆောင်ရွက်နေသည်ဟုဆိုကာ တရားရုံးသို့ပြန်လည် မတင်ပြရသေးခြင်းဖြစ်ကြောင်း သိရသည်။
ရာဇဝတ် ကျင့် ဥပဒေ ၂၀၂ ဆိုသည်မှာ တရားရုံးသို့ တိုင်တန်းလာသည့် အမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းမှ တိုင်ကြားချက်ပါ အကြောင်းအရာများကို ခိုင်လုံမှု ရှိ၊ မရှိ အမှုကြောင်း အရ ပြန်လည် စစ်ဆေးပေးကာ အစီရင်ခံစာ အဖြစ် ပြန် လည် တင်ပြရခြင်း ဖြစ်သည်။
ဇီးကုန်း နယ်မြေ ရဲစခန်းမှ အမှုစစ် ယာယီ စခန်းမှူး ဒုရဲအုပ် နေမိုးက“နောက်ဆုံး အခြေ အနေ ကတော့ သက်သေတွေ တော်တော်များများကို စစ်ဆေးပြီး သွားပြီ။ ဒါပေမယ့် သက်သေ တချို့ စစ်ဖို့ ကျန် နေတာ မျိုးပေါ့။ ကျနော်တို့မှာ လုပ်ရတာ ခက်တဲ့ အပိုင်းတွေလည်း ရှိနေတယ်။ စစ်ရမယ့် သက်သေက ခရီးလွန်နေတာ မျိုးပေါ့။ ဖြစ်သလိုလုပ်ပြီး ပြန်တင်လိုက်ရင်လည်း အဆင်မပြေတာတွေ ရှိလာနိုင်တာကြောင့် အမှုကို ခိုင်မာအောင် တည်ဆောက် ပေးနေတာပါ။ အမြန်ဆုံး ပြန်တင်ပေးနိုင်အောင်တော့ လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။
အဆိုပါ အမှုကို ကန့်ဘလူမြို့နယ် တရားရုံးမှ ၉ ကြိမ်မြောက် ရုံးချိန်း အဖြစ် စက်တင်ဘာ ၂၅ ရက်သို့ ထပ်မံ ချိန်းဆိုထားကြောင်း သိရသည်။
တိုင်ကြားခံထားရသူ ဦးဝရဉာဏ က လည်း ယင်းကိစ္စမှာ စွပ်စွဲလုပ်ကြံခံရခြင်းသာ ဖြစ်ကြောင်း၊ နတ်တလူ သာသနာပြုစခန်းမှ ထွက်ခွာရအောင် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။
ဆက်စပ်ဖတ်ရှုရန် –နတ်တလူက ဘုန်းကြီး ကာမလိမ်လည်ရယူမှု နှောင့်နှေးနေဟု ဆို