Women & Gender

အမျိုးသမီးများလုံခြုံရေးစိုးရိမ်ဖွယ်ဖြစ်နေဟု WLB ပြော

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်းတွင် အမျိုးသမီးများ၏ ဘဝလုံခြုံရေးသည် အင်မတန် စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ဧရာဝတီသို့ ပြောကြားသည်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB က ဦးစီးကျင်းပသည့် “ငြိမ်းချမ်းရေးအတွက် အမျိုးသမီးဖိုရမ်”ကို ယနေ့ စက်တာဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လွေးပိုးငယ်က “ အခုလောလောလတ်လတ် ဖြစ်သွားတဲ့ အမှုတွေပါ။ ဥပမာအားဖြင့် ဧပြီလ ၈ ရက်နေ့မှာလည်း တောင်ကြီး မြို့မ ရဲစခန်းက တာဝန်ရှိသူတဦးက အသက် ၁၁ အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒါ ဘယ်လောက် ဆိုးဝါးလဲ။ အမျိုးသမီးတွေအပေါ် ဘယ်လောက်အထိ ခြိမ်းခြောက်နေသလဲဆိုတာ ဒီအခြေအနေ တွေက ဖော်ပြနေတယ်။”ဟု ရှင်းပြသည်။

ယခုအခါ လူ့အခွင့်အရေး ချိုးဖောက်မှုအနေဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ က ကချင်ပြည်နယ်၊ ကရင်နီ၊ ကရင်၊ မွန်၊ ချင်းနှင့် ရခိုင်ပြည်နယ်များအပြင် တိုင်းဒေသကြီးအပါအဝင် နေရာအနှံအပြားတွင် ကျူးလွန်နေကြသည်ဟု WLB ၏ အဆိုအရ သိရသည်။

ယနေ့ပြုလုပ်သည့် ဖိုရမ်ဖြစ်မြောက်ရေး ရံပုံငွေများ ထောက်ပံ့ပေးသည့် ငြိမ်းချမ်းရေး ပူးပေါင်းရံပုံငွေ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Tone Tinnes က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ပဋိပက္ခဖြစ်စဉ်သည် လွန်ခဲ့သည့် နှစ် ၇၀ ဝန်းကျင်ကတည်းက ရှိနေခဲ့ပြီး ဖြစ်ကြောင်း၊ အကျိုးဆက် အနေဖြင့် တိုင်းရင်းသားဒေသများနှင့် ပဋိပက္ခဖြစ်ရာဒေသများတွင် နေထိုင်ကြသူများက ပိုမိုခံစားရကြောင်း သုံးသပ်သည်။

WLB အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က “ကျူးလွန်သူတွေက ဘယ်သူပဲဖြစ်ဖြစ်၊ ကျူးလွန်ခံရသူက ဘယ်သူပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပါတယ်။ ဒါတွေအားလုံးက ကျမတို့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးကို နေ့စ္စဓူဝ ခြိမ်းခြောက်နေတဲ့အရာတွေဖြစ်ပါတယ်”ဟု ဝေဖန်သည်။

ယနေ့ ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်သည် အနာဂတ်မြန်မာနိုင်ငံတွင် အမျိုးသမီးလှုပ်ရှားမှု ပိုမိုခိုင်မာ၊ ကျယ်ပြန့် လာပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်စေရန်နှင့် အလွှာပေါင်းစုံမှ အမျိုးသမီးများ ၊ လူငယ်များ၏ တန်းတူရေးအမြင်များကို ဆွေးနွေးပြီး တန်းတူရေးသို့ ချဉ်းကပ်ရာတွင် နည်းလမ်းကောင်းများကို ဖော်ထုတ်နိုင်စေရန် ရည်ရွယ်သည်။

ပဋိပက္ခဒေသတွင်း အကြမ်းဖက်မှုများအနေဖြင့် ၂၀၁၈ခုနစ်၊ ဇူလိုင် ၂၃ ရက်နှင့် သြဂုတ် ၈ ရက်နေ့အကြားတွင် တပ်မတော်တပ်ရင်း ၅ မှ တပ်မတော်သားများသည် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ ရဲရွာရေကာတာ စီမံကိန်း အထက်ပိုင်း ရွာများတွင် နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး ရွာသား ၂၁ ဦးကို အတင်းအဓမ္မပေါ်တာထမ်းခိုင်းကာ ရိုက်နှက်ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်ခဲ့ကြောင်း၊ သက်ကြီး ရွယ်အို၊ အမျိုးသမီးနှင့် ကလေး ၅၀ ကျော်ကိုလည်း နွားတင်းကုပ် တွင် ၃ ရက်အထိ ဖမ်းဆီးချုပ်နှောင်ထား ခဲ့ကြောင်း သိရသည်။

ထို့အပြင် အရွယ်မရောက်သေးသည့် ကလေးများနှင့် အရွယ်ရောက်ပြီး ကလေးများပါ နည်းလမ်း အမျိုးမျိုးဖြင့် အတင်းအဓမ္မစစ်အင်အား စုဆောင်းမှုများလည်း နေရာအန့ှံ ဖြစ်ပွားနေခြင်းကို တွေ့ရှိရကြောင်း၊ အရပ်သားပြည်သူလူထုများကိုလည်း အကြောင်းမဲ့၊ စည်းကမ်းမဲ့ အကြောင်းပြချက်အမျိုးမျိုးပြ၍ ဖမ်းဆီးချုပ် နှောင်မှုများလည်း ဖြစ်ပွားနေသည်ကို တွေ့ရကြောင်း WLB မှ သိရသည်။။

သို့ဖြစ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျုးလွန်နေသူများနှင့် ကျူးလွန်ခွင့်ပြုသူများကိုလည်း ရှုတ်ချကြောင်း ၎င်းတု့ိအဖွဲ့က ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB သည် ၁၉၉၉ ခုနစ်၊ ဒီဇင်ဘာ ၉ ရက်နေ့တွင် ထိုင်း၊ အိန္နိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့၌ အခြေစိုက်သော တိုင်းရင်းသူအမျိုးသမီးအဖွဲ့အစည်းများဖြင့် တည်ထောင်ခဲ့ပြီး ယခုအခါ အဖွဲ့ဝင် အဖွဲ့အစည်း ၁၃ ဖွဲ့ပါဝင်သည်။ WLBသည် မြန်မာနိုင်ငံမှ နောက်ခံသမိုင်းကြောင်း မတူကွဲပြားသည့် တိုင်းရင်းသူ အမျိုးသမီးများဖြင့် စုပေါင်းဖွဲ့စည်းထားသော ပထမဦးဆုံး အဖွဲ့ဖြစ်သည်။

Loading