ယနေ့ စက်တင်ဘာ ၂၁ ရက်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ဖြစ်သည်။ ၁၉၈၁ ခုနှစ်မှ စတင်ခဲ့သည့် အဆိုပါ ငြိမ်းချမ်းရေးနေ့ အထိန်းအမှတ်ကို နိုင်ငံတကာတွင် နည်းလမ်းအမျိုးမျိုးဖြင့် ဆင်နွှဲကြသလို မြန်မာနိုင်ငံတွင်လည်း အခမ်းအနားများ ပြုလုပ်လေ့ရှိသည်။
နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို စခဲ့ကြသူများသည် အမျိုးသားများဖြစ်ကြပြီး အဆိုပါ ပြည်တွင်းစစ်၏ ဆိုးကျိုးကို တိုက်ရိုက်ခံစားနေကြရပြီး လျစ်လျူရှုခြင်း ခံနေရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြသည်။
နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် မြန်မာတိုင်းရင်းသူ အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ပါဝင်သည့် အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) ကလည်း ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်တွင် “ငြိမ်းချမ်းရေး အတွက် အမျိုးသမီးများ ဖိုရမ်” ဆိုသည့် စကားဝိုင်း တခုကျင်းပနေလျှက်ရှိသည်။
ယင်းဖိုရမ်ကို ရောက်ရှိနေကြသည့် အမျိုးသမီးအရေး လှုပ်ရှားသူများကို လက်ရှိ မြန်မာအမျိုးသမီးများ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်၊ လုပ်ဆောင်ခွင့်နှင့် ကြုံတွေ့နေရသည့် အခြေအနေများကို ဧရာဝတီ သတင်းထောက် လဲ့လဲ့ က တွေ့ဆုံမေးမြန်းထားသည်။
လွေးပိုးငယ် အထွေထွေအတွင်းရေးမှူး
အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)
ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေက မပါလို့ကို မရတာ။ ဘာကြောင့်လဲဆိုတော့ နံပါတ်တစ် ဒီမိုကရေစီ စံချိန်စံနှုန်း အရ ကြည့်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာက လူဦးရေထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်။ အမျိုးသမီး တွေဖြစ်တဲ့ အတွက်ကြောင့်မို့ သူတို့ရဲ့ကိုယ်စားပြုမှုမပါဘူးဆိုရင် ဒါတရားမဝင်ဘူး။ နောက်တချက် က ဒီအမျိုးသမီးတွေသည် နှစ်ပေါင်းများစွာ ဒီပဋိပက္ခရဲ့သားကောင်အဖြစ် ခံစားလာခဲ့ရတယ်။
အဲဒီလို သားကောင် အဖြစ် ခံစားလာရတဲ့အတွက်ကြောင့်မို့ သူတို့သည် ငြိမ်းချမ်းရေးကို ပိုလိုလားတယ်။ အမျိုးသား တွေ ထက်ကို ပိုလို လားတယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်လည်းမကိုင်ဘူး။ ဘာမှ မလုပ်သည့် တိုင် အောင် ကိုယ်က ဓားစာခံဖြစ်ခဲ့ရတယ်။ အဲဒီတော့ ဒီလိုဘဝမျိုးကိုလုံးဝပြန်ခံစားချင်ဘူး။ ဒါကြောင့် ငြိမ်းချမ်း ရေးကို အမျိုးသမီးတွေက ပိုလိုလားတယ်။
နောက်အမျိုးသမီးတွေက ဒီပြဿနာကို ဘယ်လို ဝိုင်းဝန်း ဖြေရှင်း မလဲ ဆိုတော့ ဖြေရှင်းတဲ့ အဖြေကိုပဲ လိုချင်တယ်။ ပါဝါတွေ အာဏာတွေရရှိဖို့အတွက် ကျမတို့က တွေးတော နေတာမျိုးတွေ မရှိဘူး။ ဆိုတော့ သေချာတာတခုက အလွှာပေါင်းစုံက အမျိုး သမီးတွေရဲ့ကိုယ်စားပြုမှု ပါဝင်မှသာလျှင် ကျမတို့ လိုလားတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးက ရမှာဖြစ်ပါတယ်။
အမျိုးသမီးတွေက အဖိတ်ခံရလို့ သွားတာသိပ်မရှိဘူး။ နည်းနည်းလေးပဲရှိတယ်။ ကိုယ့်နည်းနဲ့ ကိုယ်ဆိုတာက သက်ဆိုင်ရာ၊ သက်ဆိုင်ရာ တိုင်းရင်းသားအသီးသီးကနေ ချဉ်းကပ်ပြီးတော့မှ သွားတာရှိသလို နည်းပညာ အထောက်အကူပြုနဲ့သွားတာတွေ ရှိတယ်။ အခုဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လေ့လာသူအနေ နဲ့ သွားရ တာပဲ ရှိတယ်။ တကယ့်စားပွဲပေါ်မှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ အမျိုးသမီးဦးရေက အရမ်းကို နည်းပါးပါ သေးတယ်။ လွှတ်တေ်ာမှာပဲကြည့်ကြည့် အုပ်ချုပ်ရေးမှာပဲ ကြည့်ကြည့် အခုဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပဲဖြစ်ဖြစ် အမျိုးသမီးခေါင်းဆောင်မှုက အရမ်းကို အားနည်းနေပါသေးတယ်။
ဖူနန်းဝေဝေထွန်း ဗဟိုအလုပ်မှုဆောင်ကော်မတီ
ကယန်းအမျိုးသားပါတီ (KNP)
ငြိမ်းချမ်းရေးက အမျိုးသမီးတွေတင်မကဘူး။ အားလုံးအတွက်လိုအပ်နေတယ်။ ပြီးရင် ကျမတို့ ရဲ့ လူဦးရေ စာရင်းအရဆိုရင် ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်နေတယ်။ အမျိုးသမီးတွေသာ မငြိမ်းချမ်းဘူး ဆိုရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ဘူး လို့ ဆိုလိုရခြင်းဖြစ်တယ်။ လူဦးရေရဲ့ ထက်ဝက် ကျော် လောက်က ငြိမ်းချမ်းရေးမရဘူးဆိုလို့ရှိရင် ကျန်တဲ့သူတွေအတွက် ငြိမ်းချမ်းနိုင်ပါ့မလား။
အဲဒါကြောင့် အမျိုးသမီးတွေအတွက် ငြိမ်းချမ်းရေးက အရမ်းလိုအပ်နေပါတယ်။ ပြီးတော့ အမျိုးသမီးတွေဟာ အိမ်ထောင် ဦးစီးဆိုတဲ့ နေရာမှာ ရှိမနေပေမယ့် မိခင်တယောက်အနေနဲ့ ရှိနေတယ်။ ညီမစိတ်ဓာတ်ရှိတယ်။ သူတို့တွေငြိမ်း ချမ်းမှ သူတို့နဲ့ဆက်စပ်တဲ့သားသမီးတွေ၊ ညီအကိုမောင်နှမတွေအားလုံးငြိမ်းချမ်းနိုင်မယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ပြောတယ်။
ဒီအမျိုးသားတွေရဲ့လုပ်ဆောင်ချက်တွေမှာ ရော အမျိုးသမီးတွေငြိမ်းချမ်းဖို့အတွက် ဘယ်လောက်တွေးပြီးတော့ ဘယ်လောက်ဆွေးနွေးပေးနိုင်လဲ။ အဲဒါကြောင့် ငြိမ်းချမ်းရေးကဏ္ဍတွေမှာ အမျိုးသမီးတွေပါဝင်မှသာ အမျိုးသမီးတွေခံစားချက်နဲ့ ဆွေးနွေးနိုင် မယ်လို့ ကျမတို့ လက်ခံတယ်။ တကယ်တမ်းငြိမ်းချမ်းရေးဟာ အမျိုးသမီးတွေအရမ်းကို လိုအပ်နေတဲ့အရာဖြစ် ပါတယ်။
အခုလက်ရှိငြိမ်းချမ်းရေးစကားဝိုင်းမှာ လက်ရှိပါဝင်နှုန်းကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ ဒါတောင် အပေါ် ပိုင်းပဲရှိသေးတယ်။ အောက်ပိုင်းဆိုပိုတောင်ဆိုးသေးတယ်။ နောက်အထူးသဖြင့် ငြိမ်းချမ်းရေးရဲ့ ဆိုးကျိုး ကို ခံစားနေရတဲ့ အသိုင်းအဝိုင်း တော်တော်များများမှာ ဆိုလို့ရှိရင် အမျိုးသမီးတွေက လုံးဝနေရာရထားခြင်း မရှိဘူး။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပြောဆိုပိုင်ခွင့်တွေ ဘာမှမရှိဘူး။ အထူးသဖြင့်ကျေးလက်ဒေသတွေ ငြိမ်းချမ်းရေးကို တောင့်တနေတယ်။ ဒါပေမယ့် လိုအပ်နေတဲ့နေရာတွေမှာ အမျိုးသမီးတွေက လုံးဝနောက်မှာပဲ ဖြစ်နေတယ်။ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးဆိုတဲ့ နေရာတော်တော် များများမှာ အမျိုးသမီးတွေပါဝင်ခွင့်ရှိမနေဘူး လို့ ကျမက မြင်တယ်။
နော်စူစန်နာလှလှစိုး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး
၂၀၁၁ မှာတုန်းကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ပါခဲ့တယ်။ အဲဒီတုန်းကတော့ ကိုယ်က CSO အနေနဲ့ဖြစ်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အထောက်အကူပြုအနေနဲ့ရော၊ စေ့စပ်ညှိနှိုင်းရေးတွေ မှာ လည်း အများကြီးပါခဲ့တယ်။ သို့သော်လည်း အခုလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတော့ တာဝန်တွေက များလာတော့ နည်းနည်းဝေးသွားတယ်။ ဒါပေမယ့် ကိုယ်စိတ်ဝင်စားတဲ့အရာဖြစ်နေတော့ လေ့လာပါတယ်။ တိုးတက်မှုတွေရှိတယ်။ ဒုတိယအကြိမ်မှာတော့ ၃၇ ချက် အခုတတိယအကြိမ်မှာဆို အားလုံး ၅၀ ကျော် လောက်တော့ သဘောတူညီချက်ရှိလာပြီ။ တဖက်ကလည်း အားမရဘူးဆိုတာတော့ ရှိကောင်း ရှိနိုင်တယ်။ အန်တီအမြင်ပြောရမယ်ဆိုရင်တော့ နှေးသွားတယ်လို့ ခံစားရတယ်။ ကိုယ်က အပြင်ကလူ ဖြစ်တယ်ဆိုတော့ အထဲကလူတွေ ဘယ်လောက်ခက်ခက်ခဲခဲလုပ်နေရလဲတော့ မသိဘူး။ ဒါပေမယ့် အန်တီတို့က မျှော်လင့်ချက် ထားရမယ်။ ကိုယ်ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးအတွက် တွန်းအားဖြစ်ရမယ်။ နောက်အမျိုးသမီးတွေသည် ငြိမ်းချမ်းရေးအတွက် အသံထွက်တဲ့သူတွေ ဖြစ်ရမယ်။
စောမြရာဇာလင်း ဒုဥက္ကဋ္ဌ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)
မြန်မာနိုင်ငံတခုလုံးကို ကြည့်လိုက်လို့ရှိရင် ဆင်းရဲတဲ့နယ်ပယ်မှာဆိုရင် အမျိုးသမီးတွေက ပိုများတယ်။ အမျိုးသားတွေ မများဘူူးလားဆိုလို့ရှိရင် အမျိုးသားတွေ များတာ ရှိပေမယ်လို့ အများကြီး မတူဘူး။ အမျိုးသမီး တွေ ဆင်းရဲခြင်းက မိသားစုထဲမှာ ဆင်းရဲခြင်းရှိတယ်။ ပြီးရင် ပတ်ဝန်းကျင်မှာ ဆင်းရဲခြင်းရှိတယ်။ ပြီးရင် စီးပွားရေးနယ်ပယ်မှာ ဆင်းရဲခြင်းရှိတယ်။ မတူဘူး။ ကလေးတွေအတွက်လည်း ဒီအမျိုးသမီးတွေက ဆင်းရဲ ပူပန်စွာကြိုးစားရတယ်။
ထိုနည်းလည်းကောင်း မိဘ၊မောင်ဘွား ဆွေမျိုးသားချင်းများအတွက်လည်း ဆင်းရဲ ပူပန်စွာ ကြိုးစားရတယ်။ အဲဒီလိုလူတွေကတော့ မြန်မာနိုင်ငံအတွင်းမှာ တော်တော်များပါတယ်။ အဲဒါကြောင့်မို့ ဒီအမျိုးသမီးတွေရဲ့စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုကို ရာနှုန်းပြည့်ရမယ်ဆိုတာကတော့ မပြောလိုပါဘူး။ ဒါပေမယ့် နေ့စဉ်နေ့တိုင်း ထမင်းတလုပ်ကိုစားရင်းနဲ့ သားသမီးတွေရဲ့ဘဝကြီးပွားရေး ကိုယ်ရဲ့အသက်ရှင် ရပ်တည်ရေးအတွက် ဒီအမျိုးသမီးတွေမှာ အင်မတန်မှဖြည့်ဆည်းဖို့က အင်မတန်မှ လိုအပ်တယ်။
ကျေးလက် တောရွာတွေမှာဆိုရင် အမျိုးသမီးတွေက ဒီနေ့စားရပြီး မနက်ဖန်မစားရရင် ဒုက္ခဖြစ်တယ်။ ဒါကြောင့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ကြည့်တဲ့အခါမှာ အမျိုးသမီးတွေက နေ့စဉ်နေ့တိုင်းရင်ဆိုင်နေရတဲ့ စားဖို့ ပြဿနာ ၊ဝတ်ဖို့ ပြဿနာ သားသမီးတွေကို ကြည့်ရှူစောင့်ရှောက်ဖို့ ပြဿနာတွေကို နေ့တိုင်း၊ နေ့တိုင်း ရင်ဆိုင်နေရတဲ့အတွက် ဒီအမျိုးသမီးတွေရဲ့ ဘဝကို မြင့်တင်ဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။
ငြိမ်းချမ်းရေးနယ်ပယ်မှာ ကြည့်လိုက်တော့လည်း အမျိုးသမီးတွေက ပါဝင်သင့်သလောက် မပါဝင်သေး ဘူး။ အခုကတော့ ကျမတို့က ကြိုးပမ်းလာတာကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာဆိုရင် ၂၂ ရာခိုင် နှုန်း လောက်ကတော့ ရောက်လာပြီ။ ဒါပေမယ့်တခြားနယ်ပယ်တွေမှာ အများကြီးကျန်နေသေးတာရှိတယ်။
အထူးသဖြင့်ဆိုရင် EAO နယ်ပယ်ထဲမှာလည်း အမျိုးသမီးတွေက မပါဝင်သေးတာလည်း အများကြီးရှိတယ်။ လုံးဝအမျိုးသမီးမပါသေးတဲ့ အဖွဲ့အစည်းတွေလည်းရှိနေသေးတယ်။ ဒါဟာလူဘောင်အတွင်းမှာ အမျိုး သမီးတွေကို ပစ်ပယ်ခံနေရဆဲဆိုတာ သက်သေပြနေတယ်။ ငြိမ်းချမ်းရေးကို အမျိုးသားသက်သက် လုပ်မယ် ဆိုတာ မမှန်ဘူး။ အမျိုးသားလည်း လူသား၊ အမျိုးသမီးလည်း လူသားပဲ။ ဒီလူသားတွေထဲမှာ လူသား တရပ်က ကျန်နေပြီးတော့မှ လူသားတရပ်က ငြိမ်းချမ်းရေးလုပ်နေမယ်ဆိုတာလည်း မမှန်ဘူး။ ငြိမ်းချမ်းရေးကို လူသားနှစ်ရပ်စလုံးအလုပ်လုပ်ဖို့လိုတယ်။
ဒေါ်တင်တင်ညို မူဝါဒရေးရာညှိနှိုင်းရေးမှူး
အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)
အဓိကကတော့ ကျမတို့ ဒီနေရာမှာ အရေအတွက်ထက်စာရင် အမျိုးသမီးတွေရဲ့ ပါဝင်မှုက အဓိပ္ပါယ် ပြည့်ဝ တယ်။ ပြီးတော့မှ ထိထိရောက်ရောက်ပါဝင်ခွင့်ရှိတယ်။ ပြောရေးဆိုခွင့်ရှိတဲ့နေရာမှာ ပါဝင်ခွင့်ရတယ်။ နောက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ခွင့်ရတယ်ဆိုရင်တော့ အရေအတွက် ဘယ်လောက်ဆိုတာမျိုး မသတ်မှတ် ချင်ဘူး။ အဲဒီလိုနေရာမျိုးမှာပါဝင်ခွင့်ရဖို့က အဓိကပါလို့ ပြောချင်ပါတယ်။
အဲဒီလိုမျိုးသာ ပါဝင်ခွင့် ရမယ်ဆိုရင် အမျိုးသမီးတွေနဲ့ ပြည်သူလူထုတရပ်လုံးအတွက် လွမ်းခြုံတဲ့တန်းတူညီမျှရေးပဲ ပြောပြော လိုအပ်ချက်တွေပဲ ပြောပြော ဒါတွေကို ကိုယ်စားပြုတင်ပြနိုင်မယ်။ အဲဒီလိုမျိုးတွေကိုလည်း ယုံကြည်တယ်။ ပြီးတော့မှ ပိုမိုပြီး ခိုင်မာအားကောင်းတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်ပေါ်လာနိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့်မို့လည်း ပိုမိုထိရောက်တဲ့ ပါဝင်မှုက လိုအပ်တယ်လို့ ထောက်ပြချင်တယ်။
အမျိုးသမီးတွေအပါအဝင် တခြားသောမတူညီတဲ့အခြေအနေနဲ့ နေထိုင်နေရတဲ့ ပြည်သူလူထုတွေ အများကြီး ရှိတယ်ဆိုတာ သူတို့တွေအားလုံးက တနည်းမဟုတ်တနည်းကတော့ အပယ်ခံနေရတာ။ ပါဝင်ခွင့် တခုထဲက ပြောတာမဟုတ်ဘဲနဲ့ သူတို့ရဲ့စဉ်းစားချက်တွေ စိုးရိမ်ပူပန်မှုတွေ ဒါတွေကအစ ငြိမ်းချမ်းရေးဆိုတဲ့ စကားဝိုင်းမှာ ထည့်သွင်းပြောဆိုမှု စဉ်းစားပေးမှု မရှိဘူးဆိုရင် ဒါအပယ်ခံရတာပဲ။ ဆိုတော့ အခုအချိန်မှာ ပြောမယ်ဆိုလို့ ရှိရင်လည်း ဒီအမျိုးသမီးနဲ့ပတ်သက်တဲ့ ပြဿနာပဲ ပြောပြော ကျမတို့ရဲ့ စိုးရိမ်ပူပန်မှု ကိစ္စရပ်ပဲပြောပြော ဒီအရာတွေ အားလုံးဟာလက်ရှိနိုင်ငံရဲ့လုပ်ဆောင်မှုပုံစံကို ကြည့်မယ်ဆိုရင်တော့ ကျမတို့ကို လူကယ်ပြန်ကပဲ တာဝန်ယူနေတာမျိုးဖြစ်နေတယ်။
တကယ်ဆိုရင် သူရဲ့အကြောင်းအရာအလိုက် ဝန်ကြီးဌာနအသီးသီးနဲ့ ချိတ်ဆက်ပြီးတော့မှ အလုပ်လုပ်ခွင့်ရှိရမယ်။ အဲဒီအပြင် အခု NCA တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးနဲ့ သွား နေတဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာဆိုရင်လည်း ကဏ္ဍကြီး ၅ ရပ်နဲ့ တည်ဆောက်ဖို့အတွက် အခြေခံမှုတွေ ချနေတာရှိတယ်။ ဒီလိုအခြေခံမူတွေ ချတဲ့နေရာမှာလည်း ဒီလိုအမျိုး သမီးတွေဆိုတာက လူမူရေးကဏ္ဍ မှာပဲ ဆွေးနွေး၊ မြေယာကဏ္ဍမှာပဲ ဆွေးနွေးဆိုတာမျိုးမဟုတ်ပဲနဲ့ ကဏ္ဍကြီး ၅ ရပ်လုံးမှာ အမျိုးသမီးတွေက ဆွေးနွေးဖို့ လိုအပ်တယ်။ ပါဝင်ခွင့်ရဖို့လိုအပ်တယ်။
အထူးသဖြင့် အရေးကြီး တာက လုံခြုံရေးကိစ္စရပ်တွေ ဆွေးနွေးပြီ ဆိုရင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်ချည်းပဲ မဟုတ်ဘူး။ မြန်မာပြည် သူလူထုတရပ်လုံးရဲ့ ဘေးကင်းလုံခြုံရေး နောင် အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ လုပ်သင့်သလဲဆိုတာမျိုးတွေ ကအစ စဉ်းစားရမှာကို ဒါတွေကလည်း အရေးကြီး တယ်။ တပြိုင်နက်ထဲမှာ စီးပွားရေးဆိုရင်လည်း နေ့စ္စဓူဝ အမျိုးသမီးတွေအပေါ် အထူးသဖြင့် ကလေးတွေ၊ ပြည်သူလူထုတရပ်လုံးက စီးပွားရေးရဲ့ ရိုက်ခတ်မှုကို ခံနေရတယ်။
ဆိုတော့ လူတဦးတယောက်ချင်းက ငြိမ်းချမ်းရေးလို့ ပြောလိုက်မယ် ဆိုရင် သူတို့ရဲ့ပုံဖော်တဲ့ ငြိမ်းချမ်းရေးက အခုအချိန်မှာ လုံးဝမတူညီဘူးဆိုတာ ဒီခေါင်းဆောင်တွေက သတိထားဖို့လိုတယ်။ ဘာလို့ဆို လမ်းဘေးမှာ နေတဲ့သူတွေက သူတို့နေစရာနေရာလေး ရရင်ငြိမ်းချမ်းရေးလို့ ပြောမှာပဲ။ အမျိုးသမီးဆိုရင်လည်း နေ့စ္စဓူဝ ဖိနှိပ်ခံရမှုတွေ၊ ညှင်းပန်းနှိပ်စက်ခံရမှုတွေ မရှိရင် ဒါက ငြိမ်းချမ်းရေးပဲ။
နောက်စစ်ပွဲနေရာမှာ နေတဲ့ သူတွေက စစ်ပွဲမရှိတော့ရင်လည်း သူတို့အတွက် ငြိမ်းချမ်းရေးပဲ။ ဒါတွေကို တော်တော်များများလူငယ် တွေက ဒီလိုမျိုးကိစ္စရပ်တွေကို စဉ်းစားနေကြတာတွေ ရှိတယ်။ ဒီကိစ္စရပ်တွေကို တကယ်ပဲ ငြိမ်းချမ်းရေးဖော်ဆောင်နေ တဲ့ သက်ဆိုင်ရာပါဝင်နေတဲ့ အစုအဖွဲ့တွေ အားလုံးက ထည့်သွင်းစဉ်းစားပေးရမယ်လို့ ကျမအနေနဲ့ ထောက်ပြ ချင်တယ်။
နန်းခမ်းယက် တာဝန်ခံ
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)
အခုကျမတို့ အမျိုးသမီးတွေကတော့ နေရာတကာမှာ အိမ်တွင်းရေးရဲ့ အခက်အခဲအစုံကိုလည်း ရင်ဆိုင် နေရတယ်။ နောက်ပြီးတော့ တချိန်ထဲမှာ ပတ်ဝန်းကျင်ဆိုတာ မူးယစ်ဆေးဝါးပြဿနာ ရင်ဆိုင်ရတယ်။ နောက်စစ်ပွဲတွေရင်ဆိုင်ရတယ်။ အဲဒီတော့ အမျိုးသမီးတွေအတွက် ငြိမ်းချမ်းရေးဆိုတာ ရှာမတွေ့ သလောက် ပါပဲ။ ဆိုတော့ ငြိမ်းချမ်းရေးကို အမျိုးသမီးတွေက လိုလားတာတော့ သေချာတယ်။
ကျမတို့ အမျိုး သမီးတွေရဲ့ ဘဝက အိမ်ထဲမှာ တချိန်လုံးနေနေရတာဖြစ်တယ်။ ကိုယ်အိမ်ထဲမှာ မူးယစ်ဆေးဝါးရှိရင်တော့ အမျိုးသမီး တွေက မီးနဲ့အိပ်ရသလို ကိုယ်ရဲ့စိတ်၊ အတွေးနဲ့ ဘဝအနာဂတ်လုံခြုံရေး အလုံးစုံ နစ်မြုပ်ရသလိုတော့ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့က ငြိမ်းချမ်းရေးကိုတော့ ကျမတို့က တောင့်တတယ်။ လိုလားတယ်။ ဒီစစ်ပွဲကိုလည်း ရပ်ချင်တယ်။ ရှမ်းပြည်နယ်မှာက မူးယစ်ဆေးဝါးပြဿနာက တကယ့် ပြဿနာအကြီးကြီး ဖြစ်သလို စစ်ပွဲရပ်တန့်ခြင်းကိုလည်း အမြန်ဆုံးလိုလားတယ်။ ဒါတွေဆောင်ရွက်ပေးမှသာ အမျိုးသမီးတွေ အတွက် ငြိမ်းချမ်းရေးဆိုတာ အကောင်အထည်ဖော်လာမှာ ဖြစ်ပါတယ်။
ဒီလိုပြဿနာမျိုးစုံကြားထဲမှာ ကျမတို့ အမျိုးသမီးတွေက နေရာတိုင်းမှာ အမျိုးသမီးပါဝင်မှုတွေက မတိုးတက်လာနိုင်သေးဘူး။ အဘက်ဘက်ကနေ ရင်ဆိုင်ရတဲ့အပေါ်မှာ မကျော်လွန်နိုင်တာလည်း ပါတယ်။ ကိုယ်ရဲ့ ယဉ်ကျေးမှုအရ အဖယ်ခံထားရ တာတွေလည်း ရှိတယ်။ နောက်ပြီး လူမူအသိုင်းအဝိုင်းတွေလည်း အမျိုးသမီးကို ဖယ်ထားနေသေးသရွေ့တော့ ကျမတို့ပြောချင်တဲ့ ငြိမ်းချမ်းရေး ကျမတို့လိုလားတောင်းတတဲ့ ငြိမ်းချမ်းရေးကတော့ အကောင်အထည်ဖော် ဆောင်တဲ့နေရာမှာတော့ အင်အားနည်းနေသရွေ့ကတော့ ရနိုင်မှာမဟုတ်ပါဘူး။