Women & Gender

လူ့အခွင့်အရေးချိုးဖောက်ခံရတာ ပိုများလာတယ်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်ရှိ ဒေသခံပြည်သူများသည် လယ်ယာမြေပြဿနာနှင့် လုံခြုံရေးကို အကြောင်းပြ၍ ရှမ်းအရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှု ပိုများပြားနေပြီး မြောက်ပိုင်းတွင်လည်း အမျိုးသမီးများကို ဦးတည်သည့် အကြမ်းဖက်မှုများက အများဆုံးဖြစ်ပွားနေသည့်အပေါ် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP) ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့် အား ၎င်း၏ အမြင်၊ သဘောထားများနှင့် ပတ်သက် ၍ ဧရာဝတီသတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။

မေး ။ ။ ရှမ်းပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်မှုက ဘယ်ဟာပိုများလဲ။

ဖြေ ။ ။ ပြောရမယ်ဆိုရင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကျတော့ မတူဘူး။ ရှမ်းအရှေ့ပိုင်းမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုက ပိုများတယ်။ မြောက်ပိုင်းမှာကျတော့ ကျမသိရသလောက်က အမျိုးသမီး တွေကို ဦးတည်ပြီးတော့ အကြမ်းဖက်တာ ပိုများတယ်။ တောင်ပိုင်းမှာကျတော့ လူ့အခွင့်အရေးချိုးဖောက်တာ ပိုများတယ်။

မေး ။ ။ အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဘယ်မှာဖြစ်တာ ပိုများပါသလဲ။

ဖြေ ။ ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေက တိုင်းရင်းသားဒေသ အတော်များများမှာဖြစ်နေတဲ့ဟာပါ။ ကျမတို့ ဒေသအသီးသီးက လာတဲ့အမျိုးသမီးတွေနဲ့ဆုံကြတဲ့ သင်တန်းတို့၊ ဖိုရမ်တို့မှာ သူတို့တွေနဲ့ စကားပြော ဖြစ်တဲ့ အခါကျတော့ ဒေသအသီးသီးမှာ တချို့ကျတော့ ပုံစံတူတယ်။ တချို့ကျတော့ ပုံစံမတူဘူး။ ချိုးဖောက် ခံနေရတယ်ဆိုတာ တွေ့ရတယ်။

မေး ။ ။ ဘယ်လိုပုံစံမျိုးနဲ့ လူ့အခွင့်အရေးချိုးဖောက်ကြနေလဲ။

ဖြေ ။ ။ ပုံစံကတော့ များသောအားဖြင့်က ဒေသခံတွေကို လက်နက်ကိုင်တဲ့အင်အားစုတွေက အနိုင် ကျင့်တာ၊ မြေယာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ သူတို့က လုံခြုံရေးအကြောင်းပြပြီးတော့ပဲဖြစ်ဖြစ် ချိုးဖောက် တာ တွေ့ရတယ်။ တချို့တွေဆိုရင် ရှမ်းပြည်အရှေ့ပိုင်းမှာဆိုရင် ပြည်သူ့စစ်တွေက ဥပမာ ပါတီနဲ့ပတ်သက် နေတဲ့သူတွေ ဆိုရင် လုံခြုံရေးအရဆိုပြီး အိမ်ပေါ်တွေ တက်ရှာတယ်။ ငွေတွေ၊ရွှေတွေကအစ ယူသွားတာ ရှိတယ်။ အဲဒီလို ဓားမြဆန်ဆန်လုပ်တာတွေလည်း ရှိတယ်။ တချို့တွေကျတော့ တောင်ပိုင်းက ဝမ်စိမ်းဒေသက တော့ RCSSရဲ့ နယ်မြေဖြစ်တယ်။ လက်နက်ကိုင်တွေက ဒေသခံတွေရဲ့ လယ်ယာတွေမှာ စိုက်ပျိုးလုပ်ပြီးတော့ မတရား ပြန်လိုချင်တဲ့အတွက်ကြောင့်မို့ လက်နက်နဲ့ခြိမ်းခြောက်ပြီး ပြန်ယူတာတွေ အဲဒီ လိုမျိုးအနိုင်ကျင့်တာတွေ ရှိတယ်။

မေး ။ ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေက တနှစ်အတွင်းဘယ်လောက်များများရှိနေလဲ။

ဖြေ ။ ။ တိတိကျကျတော့ ကျမမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမ စစ်တမ်းကောက်ထားတာတော့ မရှိဘူး။ ဒါပေမယ့် လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေက မနှစ်ကအထိတော့ တနှစ်ထက် တနှစ်ပို၊ ပိုများလာ တယ်လိုတော့ မြင်တယ်။ အခုဆိုလို့ရှိရင် လူမူကွန်ရက်တွေ လည်း ရှိတဲ့အခါကျတော့ သတင်းတွေက ပိုပိုပြီး တော့ သိနိုင်လာတယ်။ ကျမတို့ ရှမ်းအရှေ့မှာဆိုရင် ကိုယ်တိုင် ပါဝင်ပြီးတော့ အဲဒီအရေးတွေလုပ်ခဲ့ရတာ။ ပြဿနာဖြစ်လာရင် လက်နက်ကိုင်တွေဘက်က အင်အားများတော့ ကိုယ်ကသာမနိုင်တာ။ ကိုယ်က အများကြီး အကူအညီပေးခဲ့တယ်။ အများကြီးကြားခဲ့ရတယ်။ ကိုယ့်ကို ဆက်သွယ်ပြီး အကူအညီတောင်းတဲ့ အများကြီး ရှိလာတယ်ဆိုတော့ များလာတယ်လို့ ကျမအနေနဲ့ သုံးသပ်တယ်။

မေး ။ ။ အမျိုးသမီးအရေးဆောင်ရွက်တဲ့အခါမှာ အမျိုးသားတွေက ဖယ်ကျဉ်တာမျိုးတွေရှိလား။

ဖြေ ။ ။ ကျမတို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေတဲ့သူတွေက ပညာပေးတို့၊ အမြင်ဖွင့် သင်တန်းတို့ သွားလုပ်ချင်တယ်ဆိုရင်တောင်မှ သူတို့ရွာက လက်မခံဘူး။ အဲဒီမှာ ကြီးစိုးနေတာတွေက လက်နက်ကိုင်တွေ ဖြစ်တယ်။ ပြီးတဲ့အခါ သူတို့က ကျူးလွန်သူတွေဖြစ်တယ်။ ကျူးလွန်သူတွေဖြစ်တဲ့အခါ ကျတော့ ကျမတို့ကို ထောက်လှမ်းရေးလိုလို သတင်းပေးလိုလို အဲဒီလိုပုံစံမျိုးနဲ့ မြင်ကြတယ်။ သူတို့ရဲ့ ကျူးလွန်မှု တွေကို ဖော်ထုတ်မှာ စိုးလို့ လက်မခံကြဘူး။ လက်မခံကြတဲ့အခါကျတော့ ကျမတို့က လုံခြုံရေးအရ ဝင်လို့ လည်း မရဘူး။ မလုံခြုံဘူးပေါ့။ အဲဒီလိုစိန်ခေါ်မှုတွေ တွေ့ရတယ်။

မေး ။ ။ ရှမ်းမြောက်မှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဘာကြောင့်လူမသိသူမသိဖြစ်နေရလဲ။

ဖြေ။ ။လက်နက်ကိုင်တွေရဲ့ ဖိနှိပ်မှုက ပထမဆုံးလို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကို ပြောရင် ဆိုလိုချင်တာက ပြောတဲ့သူကို လုံခြုံရေး မပေးနိုင်ဘူး။ အဓိကကတော့ လက်နက်ကိုင်ကြောင့်မို့ မပြောရဲတာ။ အဓမ္မကျင့်မှုတွေလည်း ကျမတို့တိုင်းရင်းသားဒေသမှာ ဥပမာ ရှမ်းအရှေ့ပိုင်းမှာလည်း ခံနေရတာတွေရှိတယ်။ ဒါပေမယ့် မပြောရဲဘူး။ ဘာလို့လဲဆိုတော့ သူတို့နဲ့အနီးကပ်ဆုံးမှာရှိနေတာက လက်နက်ကိုင်တွေပါ။ လက်နက် ကိုင်ဆိုတဲ့ဟာကျတော့ တချို့တွေဆိုရင် ဌာနဆိုင်ရာ ဝန်ထမ်းတွေတောင်မှ ကြောက်ရတဲ့အဆင့် သတိထား နေရတဲ့အဆင့် အဲဒီလိုမျိုးတွေရှိတယ်။ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲကာလမှာတောင်မှ မီဒီယာတွေလာတာ တောင်မှ မပြောရဲဘူး။

မေး ။ ။ တောင်ပိုင်းမှာက လူ့အခွင့်အရေးချိုးဖောက်မှုပြုလုပ်မှုကို ဘယ်သူတွေက အများဆုံး လုပ်ဆောင်နေလဲ။

ဖြေ ။ ။ တောင်ပိုင်းက လက်နက်ကိုင်က လောလောဆယ်မှာ လက်မှတ်ထိုးထားတယ်ဆိုပေမယ့် သူတို့မှာ ကန့်သတ်ချက်တွေ ရှိတယ်။ ဒါပေမယ့် အဲဒါတွေကို သူတို့က ချိုးဖောက်တာတွေ ရှိတယ်။ ဝမ်စိမ်း ဒေသတို့ ဘာတို့က RCSS နယ်မြေဖြစ်တယ်။ ဒါပေမယ့် သူတို့ချိုးဖောက်မှုတွေရှိလို့ ပြောရင်လည်း သူတို့က မဝန်ခံဘူး။ အဲဒီလိုတွေရှိတော့ သူတို့နဲ့ဆက်နွယ်နေတဲ့သူတွေကပဲ လယ်ယာမြေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့အုပ်စုထဲမှာ ရှိတဲ့ လားဟူဆိုရင် ပုံစံ ၇ တွေ လုပ်မပေးတာတို့တွေ ရှိတယ်။ စစ်သားစုဆောင်း တာကတော့ ခေါ်သွား ခံရတဲ့ မိသားစုတွေက ပြောတော့ အဲဒီဒေသမှာ အဲဒီအဖွဲ့ပဲရှိတာ။ သူတို့က ဒီအဖွဲ့လို့ပြောတော့ ကျမတို့က စာတွေ တင်ပြီး ပြောပေမယ့် သူတို့က ငြင်းတယ်။ တချို့ ငှက်ပစ်ရင်း အဲဒီဘက်ရောက်သွားတာ ၃ ယောက်တခါ၊ နောက် ၂ ယောက် အားလုံး ၅ ယောက်။ အဲဒီလူတွေပြန်လွှတ်ဖို့ peace Center ကိုလည်းစာတင်တယ်။ အဲဒီဘက် မှာ အမှုတွေလည်း ဖွင့်တယ်။ ဒါပေမယ့် ဘာမှမပေါ်လာဘူး။ တနှစ်လောက်ရှိသွားတယ်။ အစိုးရဘက်ကလည်း ဘာမှ အကြောင်းမပြန်ဘူး။ အမှုကလည်း လိုက်နေပါတယ်။ လုပ်နေပါတယ်လို့ပဲ ပြောတယ်။ အဲဒီမိသားစုတွေ မှာတော့ ပိုက်ဆံတွေကုန်ပြီး ဘာသတင်းမှ မရတော့ဘူး။

မေး ။ ။ လက်နက်ကိုင်တွေ ကြားနေရတဲ့အခါ အမျိုးသမီးတွေကို စစ်သားစုဆောင်းတာမျိုးရှိလား။

ဖြေ ။ ။ ရှမ်းပြည်အရှေ့ပိုင်းမှာ လူသစ်စုဆောင်းတဲ့အထဲမှာ လားဟူလူမျိုးတွေ ခေါ်လည်း မခေါ်ဘူး။ ပါလည်း မပါဘူး။ ဆက်ကြေးလည်း ဒီလိုပဲ။ တောင်ပိုင်းမှာကျတော့ လားဟူတွေပါတယ်။ ငွေကြေးကောက်ခံတာကအစ လားဟူတွေလုပ်နေရတယ်။ ဝမ်စိမ်းဒေသ၊ မိုင်းနောင်တို့ ကျေးသီတို့ဘက်မှာပါ။ အရင်ကြားဖြတ် ရွေးကောက်ပွဲ တုန်းက ကျေးသီဘက်မှာ ပြဿနာနည်းနည်းဖြစ်လိုက်သေးတယ်။ အဲဘက်မှာ စစ်တပ်လည်း ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်လည်း ရှိတယ်။ အဲ့ဘက်က လားဟူတွေဆို RCSSက ဒါလုပ်ပါ။ ဟိုဟာလုပ်ပါဆိုပြီး ခိုင်းတယ်။ စစ်တပ်ဘက်ကလည်း ဘာဖြစ်လို့လုပ်ရတာလဲ။ ဘာလဲ။ အမာခံလားဆိုပြီး စစ်ဆေးတယ်။ ဒီဘက် ကလည်း မလုပ်လို့မရဘူးဆိုတော့ သူတို့မှာ ကြားညှပ်နေတယ်။ အမျိုးသမီးတွေကို စစ်သားစုဆောင်းတာမျိုး တော့ မရှိဘူး။

မေး ။ ။ ရှမ်းပြည်နယ်က လက်နက်ကိုင်အများဆုံးရှိတဲ့နေရာဖြစ်တော့ အမျိုးသမီးတွေကို ခြိမ်းခြောက်ရိုက်နှက်မှု လုပ်တာမျိုးတွေရော ရှိပါလား။

ဖြေ ။ ။ ရှမ်းတောင်ပိုင်းမှာကျတော့ တချို့က စစ်သားစုဆောင်းတဲ့အထဲ ပါသွားတာတွေ၊ တချို့တွေ ကျတော့ သူတု့ိရဲ့နယ်မြေထဲကို ကျွံဝင်သွားသူတွေကို ဖမ်းခေါ်သွားတာတွေ ရှိတယ်။ သူတို့တွေက သေသလား၊ ရှင်သလားဆိုတာ ဘာမှ မသိရဘူး။ ကျမတို့လည်း လိုက်တာပဲ။ ရှမ်းအရှေ့မှာကျတော့ လက်နက်ကိုင် တွေက ပြည်သူ့စစ်တွေ ဖြစ်တယ်။ သူတို့က တိုင်းရဲ့ကွပ်ကဲမှုအောက်မှာရှိတယ်။ ပြည်သူ့စစ်ခေါင်းဆောင် တွေပေါ့။ အဲဒါတွေက လူ့အခွင့်အရေးချိုးဖောက်ကြတာ အများဆုံးပဲ။

ဘယ်လိုလူ့အခွင့်အရေးချိုးဖောက်လည်းဆိုရင် အိမ်ပေါ်မှာ အမျိုးသားတွေ မရှိတဲ့အချိန်မှာ တက်ရှာတယ်။ အမျိုးသမီးတွေကိုလည်း ကိုယ်ထိ လက်ရောက် ရိုက်တာတွေ၊ သေနတ်နဲ့ချိန်တာမျိုးတွေ၊ ငွေယူတာတို့၊ နောက်ပိတ်ဆုံးကျန်းစာအုပ်တွေ ဖြဲပြီး တော့ နားကပ် ဖြုတ်ယူတဲ့အဆင့်အထိ ဖြစ်တာတွေ ရှိတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ရှမ်းအရှေ့မှာဖြစ်တဲ့ အမှုတွေကို ပြည်နယ် အစိုးရအထိ တင်တာတွေရှိတယ်။ ဒါပေမယ့် ဖြစ်လို့ ကော်မတီဖွဲ့လုပ်တော့ ပြည်သူ့ စစ်အသိုင်းအဝိုင်းထဲကပဲ ဖြစ်နေတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အမျိုးတွေ၊ သားတွေ နောက်ပြည်သူ့ စစ်ခေါင်းဆောင်ဆိုလည်း ပြည်သူ့စစ်လည်း လုပ်တယ်။ လွှတ်တော်ကိုယ်စားလှယ်လည်း လုပ်တယ်။ အဲဒီလို ကျတော့ သူတို့အသိုင်းအဝိုင်း က ကြီးတဲ့အခါကျတော့ သာမာန်နဲ့ ဒေသခံတွေနဲ့ အစိုးရဆီတင်ရင်လည်း လမ်းမှာ ပျောက်တာနဲ့ တရားမျှတမှု မရှိဘူး။ နောက်ဆုံးတော့ တိုင်တဲ့သူတွေက ထွက်ပြေးရတဲ့အဆင့် ရောက် သွားတယ်။ အဲဒါက မိုင်းပြင်းဘက်မှာ မနှစ်က ဖြစ်ခဲ့တာပါ။

မေး ။ ။ အခုလိုလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အစိုးရဆီတင်ပြတာမျိုး ရှိသေးလား။

ဖြေ ။ ။ ၂၀၁၈မှာတော့ လက်နက်ကိုင်တွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ လျော့လာတာ ကို တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး ချိုးဖောက်မှုရှိရင် အစိုးရဆီကို ကျမတို့က တင်တယ်။ တင်တဲ့အခါ ကျတော့ ဒီအမှုမှာ နိုင်တာ၊ မနိုင်တာထက်ကို တင်လိုက်တဲ့အခါကျတော့ လှုပ်လှုပ်ဖြစ်သွားပြီး သိသွားတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ တောင်ပိုင်းမှာဆိုရင် အဖြစ်များတဲ့ မြေယာနဲ့ပတ်သက်ရင် မြေစာရင်းဦးစီးတွေနဲ့ သွားတွေ့ တာတွေရှိ တယ်။ ဒေသခံတွေ ပြောပြတာကတော့ သူတို့မှာ အစိုးရနှစ်ခုကြားမှာ နေရသလိုနေတယ်တဲ့။ RCSS ဘက်က သူတို့မှာမြေယာတွေရော၊ သစ်တောကအစ သူတို့ဌာနနဲ့ သူတို့ဖြစ်တယ်။ ဒီဘက်မှာကျတော့ အစိုးရဌာန ရှိနေတာတဲ့။ ဆိုတဲ့အခါကျတော့ သူတို့က နှစ်ဘက်လုံးရဲ့ ဟာတွေကို လိုက်နာနေရတယ်။ RCSS ဘက်က လည်း သူတို့ပြဌာန်းထားတဲ့ သူတို့ရဲ့ ဥပဒေတွေ အဲဒါကိုလည်း သူတို့က လိုက်နာရတယ်ဆိုတဲ့အခါကျ တော့ သူတို့မှာ အရမ်းခက်ခဲတယ်။

မေး ။ ။ အမအနေနဲ့ ထပ်ပြီးဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ ။ ။ အခုက နန်းမိုဟွမ်ကိစ္စလည်း Hot issue ဖြစ်နေတယ်။ အဲဒါတွေ တွေ့နေရတော့ ကျမတို့က တိုင်းရင်းသားအချင်းချင်းတွေထဲမှာ ပိုပြီးတော့ ညီညွတ်ဖို့လိုအပ်တယ်။ လက်နက်ကိုင်တွေကြားမှာ၊ တိုင်းရင်းသား အချင်းချင်း တွေကြားမှာ ညီညွတ်ပြီးတော့မှ ငြိမ်းချမ်းရေးကြိုးစားတဲ့အချိန် တိုင်းရင်းသား အချင်းချင်းအကြား မညီညွတ်ရင် ငြိမ်းချမ်းရေးက ပိုပြီးတော့ ဝေးသွားလိမ့်မယ်။ ကျမကတော့ အဲဒီ လိုပဲမြင်တယ်။ နောက် ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းမှာ ဆွေးနွေးဖို့လိုတယ်။ စားပွဲဝိုင်းမှာ မဆွေးနွေးလို့ရှိရင် ဒေသခံပြည်သူ တွေ၊အမျိုးသမီးတွေ၊ကလေးငယ်တွေက အဲဒီအကျိုးဆက်ကို ခံစားရတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading