ပြင်းထန်သော အဖျားဒဏ်ကြောင့် သမ္မတ ထရန်ဒိုင်ကွမ် သောကြာနေ့က ကွယ်လွန်ပြီးနောက် ဒုတိယ သမ္မတ ဒန်သီငေါ့သင်းကို သမ္မတရာထူးတွင် ခန့်အပ်လိုက်ခြင်းဖြင့် ၎င်းသည် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာသည်။
ဒန်သီငေါ့သင်းသည် အမျိုးသားလွှတ်တော်က ခေါင်းဆောင်သစ် တဦးကို ခန့်အပ်ချိန်အထိ ခေတ္တ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း အစိုးရ အင်တာနက် ဝက်ဘ်ဆိုက်တွင် လွှတ်တော် ဥက္ကဋ္ဌ ငုယင် သီခမ်ငန်က ကြေညာကြောင်း သိရသည်။ ဒန်သီငေါ့သင်းသည် ၂၀၁၆ ခုနှစ် ဧပြီလကပင် ဒုတိယ သမ္မတအဖြစ် တာဝန်ယူခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်များတွင် သမ္မတ ကွမ်ကို ဂုဏ်ပြုသောအားဖြင့် ပူဆွေးသော ကာလ သတ်မှတ်လိုက်ကြောင်း အစိုးရက ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် စက်တင်ဘာလ ၂၃ ရက်နေ့က ကြေညာထားသည်။
အသက် ၆၁ နှစ်ရှိပြီဖြစ်သော ကွမ်သည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ ဝန်ကြီးချုပ်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တို့နှင့်အတူ နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် လေးဦးအနက် တဦးဖြစ်သည်။
အမေရိကန် ပြည်ထောင်စုနှင့် ရင်းနှီးသော ဆက်ဆံရေး ထူထောင်နိုင်ခဲ့ပြီး နိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍကို အားပေးခဲ့သူ ပြည်သူ့လုံခြုံရေး ဝန်ကြီးဖြစ်ခဲ့သော ကွမ်သည် လွန်ခဲ့သော နှစ်က ဗီယက်နမ်သို့ လာရောက်သည့် အမေရိကန်သမ္မတ ထရမ့်၏ ပထမဆုံးခရီးစဉ်အတွင်း ဧည့်ခံခဲ့သည်။
ဟနွိုင်းတွင် မကြာသေးမီက ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်လာသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လက်ခံတွေ့ဆုံကာ မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ဗီယက်နမ်က ထောက်ခံကြောင်း ပြောဆိုခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတသည် တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်ပါက အမျိုးသားလွှတ်တော်က သမ္မတ တဦးကို အမြဲတန်း ခန့်အပ်သည်အထိ ဒုတိယ သမ္မတက ခေတ္တ သမ္မတအဖြစ် တာဝန်ယူရသည်။
လွှတ်တော်၏ ဒုတိယအကြိမ်မြောက် တလတာ အစည်းအဝေးကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ကုန်သွယ်ရေး သဘောတူစာချုပ်များကို အလေးထားချုပ်ဆိုသည့် မူဝါဒ အပါအဝင် အစိုးရ၏ စီးပွားရေးမူဝါဒများကို ဆက်လက် ကျင့်သုံးမည်ဟုလည်း မျှော်လင့်ရသည်။
အမေရိကန်နှင့် ဗီယက်နမ်တို့သည် ရန်သူဟောင်းများမှ မိတ်ဆွေဖြစ်လာသည်ဟု ၂၀၁၆ ခုနှစ်က ဟနွိုင်းတွင် သမ္မတအိုဘားမားနှင့် အတူ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကွမ်က ပြောခဲ့သည်။
“သမ္မတ ကွမ် ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မဟာ မိတ်ဆွေကြီးဖြစ်တယ်” ဟု အမေရိကန် သံရုံးက ဗီယက်နက်နိုင်ငံ ဟနွိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ထရမ့်က ပြောလိုက်သည်။
“အမေရိကန်ပြည်ထောင်စု – ဗီယက်နမ် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် သူ၏ ဆုံးဖြတ်ချက် ပြတ်သားမှုအတွက် ကျွန်ုပ် သူ့ကို ကျေးဇူးတင်သည်” ဟု ထိုကြေညာချက်တွင် ပါရှိသည်။