အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုတရား လွှတ်တော် ချုပ်ရုံး သို့ ပေးပို့ထားသော်လည်း စကားလုံး၊ အဓိပ္ပါယ်ပြင်ဆင်မှုများကြောင့် လွှတ်တော်သို့ မတင်နိုင်သေးပဲ ကြန့်ကြာဆဲဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ၏ အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ဧရာဝတီသို့ ပြောကြားသည်။
“အစီအစဉ်အလိုက်လုပ်ရတဲ့အခါမှာ လူကယ်ပြန်မှာပဲ ရှေ့နေချုပ်ရုံးဆီကို သွားလိုက်လာလိုက် အဲဒီလိုမျိုးပဲ ပယ်ချနေတဲ့အပိုင်းပဲ ရှိပါတယ်။ လွှတ်တော်ဆီကို ရောက်ကိုမရောက်နိုင်သေးတဲ့ကိစ္စတွေ အများကြီး ရှိနေတာတွေ့ရတယ်။” ဟု လွေးပိုးငယ်က ပြောသည်။
“ဥပမာဆိုရင် အခုလက်ရှိရာဇသတ်ကြီးထဲက မုဒိမ်းမှုအဓိပ္ပါယ်ဖွင့်ဆိုချက်တွေက မပြည့်စုံသလိုလိုအပ်ချက် တွေရှိနေတယ်။ တကယ်တမ်း အမှုဖြစ်တဲ့အခါမှာ တရားရုံးက အရေးယူမခံရဘူးဖြစ်နေတယ်။ အဲဒီတော့ ကျမတို့က မုဒိမ်းမှု အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြင်ချင်တယ်။ရှေ့နေချုပ်ရုံးက ပြင်ဖို့လက်မခံဘူး။
ကျမတို့ကလည်း ပြင်ရမှာဖြစ်မယ်။ သူတို့ကလည်း ပြင်လို့မရဘူးပေါ့။ ဒါတချက်ပဲရှိသေးတယ်။ အဲဒီလိုတွေ အများကြီးပဲ။” ဟု ကျား၊မရေးရာတန်းတူညီ မျှရေးကွန်ရက်မှ ဒါရိုက်တာ၊ ဥပဒေရေးဆွဲရေး ကော်မတီဝင် တဦးဖြစ်သူ ဒေါ်မေစံပယ်ဖြူက ထောက်ပြပြောဆိုသည်။
ထို့ပြင် အမျိုးသမီးများအတွက် ဥပဒေရှိရုံဖြင့် မလုံလောက်သကဲ့သို့ တရားဥပဒေကို လက်လှမ်းမီစေရန် အတွက်လည်း ထည့်သွင်းစဉ်းစားပေးရန် လိုအပ်သောကြောင့် အားလုံးခြုံငုံ ပါဝင်သည့် ၎င်းဥပဒေသစ် (မူကြမ်း)ကို ရေးဆွဲရခြင်းဖြစ်သည်ဟု ကျား၊မရေးရာတန်းတူညီ မျှရေးကွန်ရက်မှ သိရသည်။
လက်ရှိသုံးစွဲနေသည့် ဥပဒေတွင် အမျိုးသမီးများအား ညစ်ညမ်းသည့် စကားဖြင့် ဆဲဆိုခြင်း (ပုဒ်မ၂၉၄)၊ ကာယိန္ဒြေထိခိုက်စေရန် ပြုလုပ်ခြင်း(ပုဒ်မ ၅၀၉)၊ အလိုမတူပဲ ကာမစပ်ယှက်ခြင်း(ပုဒ်မ ၃၇၆)ဟူသည့် ပြစ်မှု ပြစ်ဒဏ်များ ဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း ထိရောက်မှုမရှိပဲ အားနည်းချက်များရှိနေကြောင်း၊ အဓိက ရင်ဆိုင်နေရသည့်အခက်အခဲမှာ လက်ရှိ ဥပဒေများက ကောင်းနေပြီသားဆိုသည့် mindset ပြောင်းပေးရန် လိုအပ်နေကြောင်း အမျိုးသမီးရေးရာ လှုပ်ရှားသူများက ထောက်ပြပြောဆိုကြသည်။
၎င်းဥပဒေမူကြမ်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဥပဒေပညာရှင်များ၊ အမျိုးသမီး အဖွဲ့အစည်းများက ဆွေးနွေး တိုင်ပင်နေကြောင်း၊ ၎င်းဥပဒေမူကြမ်းကို ဝန်ကြီးဌာနများက အကြံပြုချက်ပေးသည့်အခါ လူမူဝန်ထမ်း က အမျိုးသမီး အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်မှုပြုလုပ်ကြောင်း၊ ဝန်ကြီးဌာနက ပေးပို့ လာသည့် အကြံပြုချက်များတွင် အမျိုးသမီးအဖွဲ့အစည်းများက လိုချင်သည့် တောင်းဆိုထားသည့် အချက်များ နှင့် မကိုက်ညီသည့်အတွက် ဥပဒေရေးဆွဲရေးတွင်ပါဝင်သည့်ကော်မတီဝင်များအနေဖြင့် အခက်အခဲ ဖြစ်ရ သည်ဟုလည်း သိရသည်။
အဆိုပါ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် အဓိက ရင်ဆိုင်နေရသည့် အခက်အခဲမှာ လက်ရှိ ဥပဒေများက ကောင်းနေပြီသားဆိုသည့် mindset ပြောင်းပေးရန် လိုအပ်နေသည်ဟု ဒေါ်မေစံပယ်ဖြူက သုံးသပ်သည်။
“အခုလက်ရှိဥပဒေတွေက ကောင်းပြီးသားပဲဆိုတဲ့ အမြင်တွေကို ပြောင်းအောင်လုပ်ဖို့ အရမ်းခက်နေတာ။ လက်ရှိဥပဒေတွေက ကောင်းပြီးသားပဲ။ ပြင်စရာမှ မလိုပဲဆိုတော့။ သူတို့ပြောပုံဆိုပုံနဲ့ဆိုရင် ကျမတို့က ဥပဒေအသစ်တောင် ဆွဲဖို့မလိုဘူး ဖြစ်နေတယ်။” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါဥပဒေမူကြမ်းကို ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနစ်၊ နိုဝင်ဘာလကတည်းက အမျိုးသမီးအဖွဲ့ အစည်းများ စုပေါင်းရေးဆွဲခဲ့ပြီး ၂၀၁၆ခုနစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် လက်ရှိအစိုးရ၏ မူဝါဒနှင့်အညီ ပြင်ဆင်ရန် လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးရုံးသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။