သီလရှင်ဆရာလေးက အနားလာထိုင်ဖို့ ခေါ်လိုက်လို့ ခင်မြတ်မိုးတယောက် တုတ်တုတ် မလှုပ်ဘဲ ကြမ်းပြင်မှာ ပုဆစ်တုတ်ထိုင်ပြီး အဝေးကိုပဲ ငေးနေပါတယ်။
“သမီးနာမည် ပြောပြပါဦး”ဆိုလည်း နှုတ်က မပွင့်တပွင့်၊ “မောင်နှမ ဘယ်နှယောက်ရှိလဲပြောပြပါဦး” ဆိုတော့ လည်း အသံက မထွက်ဘဲ ကြမ်းပြင်ကို စိုက်ကြည့်နေပြန်ပါတယ်။
ပလောင်စကားတတ်တဲ့ ကလေးငယ်တယောက် ရောက်လာပြီး မေးပေးမှ ခင်မြတ်မိုးမှာ အကိုတယောက်နဲ့ ညီမငယ်တယောက်ရှိတဲ့အကြောင်း ပလောင်ဘာသာစကားနဲ့ ပြန်ဖြေရင်း ပြုံးပြပါတယ်။
ခင်မြတ်မိုးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ မွေးပြီး လက်ရှိမှာတော့ အသက ်၄ နှစ်အရွယ်ရှိ ပလောင်တိုင်းရင်းသူ ကလေး တဦးပါ။ သူ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတုန်းက မိခင်ဖြစ်သူ ကိုယ်တိုင် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့က သဒ္ဒမ္မမဉ္ဇူ သီလရှင်စာသင်တိုက်မှာ ပို့ထားခဲ့တာ ဖြစ်ပါတယ်။
သဒ္ဒမ္မမဉ္ဇူ သီလရှင်စာသင်တိုက်က တိုက်အုပ်လက်ထောက်ဆရာလေး ဒေါ်နန္ဒမာလာက “သူရောက်တုန်းက ဆို သူ့မိဘကို လွမ်းပြီး တော်တော်ကို ပိန်သွားတာ။ ငိုတာလည်း တော်တော်ငိုတယ်။ ထမင်းတွေ ဘာတွေ မစားနိုင် မသောက်နိုင်နဲ့။ နဂိုက မိဘရင်ခွင်ထဲ နေတာဆိုတော့ သူ့ရင်ထဲ ဟာနေမှာပေါ့”လို့ ပြောပါတယ်။
ခင်မြတ်မိုးကို သူ့မိခင်က သီလရှင်ကျောင်းမှာ ထားခဲ့ပြီး စွန့်ပစ်ခဲ့တာတော့ မဟုတ်ပါဘူး။ မိခင်ဖြစ်သူကိုယ်တိုင် လည်း သမီးငယ်ကို မခွဲနိုင်လို့ ခင်မြတ်မိုး အိပ်ပျော်နေချိန် မနက် ၄ နာရီလောက်မှာ မျက်ရည်တွေ ကျရင်း ပြန်သွားခဲ့တာပါ။
သူတို့ဇာတိမြေ နမ့်ဆန်မြို့နယ်ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်သားတွေ တိုက်ပွဲတွေကြားမှာ မလုံခြုံတာ ကြောင့် သမီးဖြစ်သူကို အေးအေးချမ်းချမ်းရှိတဲ့ အရပ်မှာ ဘဝလည်း လုံခြုံပြီး ငွေကြေးလည်း မကုန်ကျပဲ စာသင်ယူ လို့ ရမယ့် သီလရှင်စာသင်တိုက်ကို လာပို့သွားတာ ဖြစ်ပါတယ်။
သန်လျင်မြို့မှာ ခင်မြတ်မိုးလို ပလောင်မိန်းကလေးငယ် ၄၀၀ ခန့်ဟာ သဒ္ဒမ္မမဉ္ဇူ သီလရှင်စာသင်တိုက်၊ ကေသရဝတီ သီလရှင်သင်ပညာကျောင်းနဲ့ နမ့်ဆန်သီလရှင်စာသင်တိုက်တွေမှာ သီလရှင်ဝတ်ပြီး မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ပညာတွေကို သင်ယူနေကြပါတယ်။
ပလောင်ဒေသက ကလေးတွေကို အခမဲ့ကူညီစောင့်ရှောက်ပေးပြီး စာသင်ကြားပေးနေတာ နှစ် ၃၀ ကျော် ပြီဖြစ်တဲ့ ကေသရဝတီ သီလရှင်သင်ပညာကျောင်းက တိုက်အုပ်ဆရာကြီး ဒေါ်ကေသာရီကတော့ ဆယ်တန်း ဖြေပြီးနောက် သီလရှင်လေးတွေက လူထွက်သူထွက် မထွက်တဲ့သူကလည်း မွေးရပ်မြေ ရှမ်းမြောက်ဒေသကို ပြန်ကြပြီး နေထိုင်ကြတယ်လို့ ပြောပြပါတယ်။
ဒေါ်ကေသာရီက “ကိုယ့်ဒေသက အေးချမ်းရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်မိသားစုနဲ့ကိုယ်ပျော်တာပဲလေ။ သူတို့မိဘတွေက ရှေးခေတ်ကလိုမဟုတ်တော့ဘူး။ လူငယ်တွေက မိဘတွေ ဖြစ်လာတော့ ကိုယ့်သားသမီး ပညာမတတ်ရင် အဆင်မပြေဘူးဆိုတာ သိကြတယ်။ အဲဒါကြောင့် ဒီကို လာပို့ကြတာ”လို့ ပြောပါတယ်။
ဆရာလေး ဒေါ်ကေသာရီက နမ့်ဆန်မြို့ဇာတိ ပလောင်တိုင်းရင်းသူတဦး ဖြစ်တာကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းက ရွာလေးတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေကြား ဘေးကျပ်နံကျပ်ဖြစ်နေကြတဲ့ ပလောင် လူမျိုးတွေအကြောင်းကိုလည်း ပြောပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မကြာခဏဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နိုင်ငံရေး၊ လူမျိုးရေးပဋိပက္ခတွေကြောင့် နှစ်စဉ် ရာနဲ့ချီတဲ့ ပလောင်ကလေးငယ်တွေဟာ မိဘတွေနဲ့ အတူ ကြီးပြင်းခွင့်မရဘဲ အခြားမြို့ရွာတွေကို ပုံစံအမျိုးမျိုးနဲ့ တိတ်တဆိတ် ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။
ပလောင်ယောင်္ကျားလေးတွေဟာ လားရှိုး၊ မူဆယ်၊ မန္တလေး၊ ရန်ကုန် စတဲ့ မြို့တွေက လဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ စားပွဲထိုးအလုပ် ဝင်လုပ်နေ ကြသလို အချို့ကလေးတွေကတော့ အတန်းပညာ သင်ကြားနိုင်ဖို့ အသက် ၅ နှစ်အရွယ်က စပြီး သာသနာ့ဘောင်ထဲ ဝင်နေကြပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေအများဆုံး အခြေစိုက်လှုပ်ရှားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဟာ တိုက်ပွဲတွေ မြေမြုပ် မိုင်းတွေ အလိုမတူပဲ စစ်သားစုဆောင်းခံရတာတွေကလည်း အများအပြား ရှိနေပြန်ပါတယ်။
သားသမီးတွေကို အိမ်မှာ ထားရင် တိုက်ပွဲတွေ ရှိရင် ပြေးလိုက် ငြိမ်သွားရင် ကျောင်းတတ်လိုက် မိဘ အလုပ်ကူလိုက်နဲ့ ပညာကောင်းကောင်း မသင်ရပဲ အရွယ်ရောက်လာရင်လည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်သားသစ် စုဆောင်းခံရမှာတွေကို စိုးရိမ်တာကြောင့် ငွေကြေးမတတ်နိုင်တဲ့ ပလောင်မိဘအများစုဟာ သမီးငယ်တွေကို သန်လျင်မြို့က သီလရှင်စာသင်တိုက်တွေကို ပို့နေကြတာ ဖြစ်ပါတယ်။
ဆရာလေး ဒေါ်နန္ဒမာလာက “တချို့မိဘတွေ ကျတော့လည်း သူတို့က သေသေရှင်ရှင်၊ သားသမီးတွေကို တော့ ပညာတတ်စေချင်တယ်။ လူ့ဘဝမှာ ကောင်းကောင်း ရှင်သန်စေချင်ကြတယ်လို့ ပြောကြတယ်”လို့ ပြောပြ ပါတယ်။
သန်လျင်မြို့က သီလရှင်စာသင်ကျောင်းတိုက်တွေကို ပလောင်မိန်းကလေးငယ်တွေက အသက်အငယ်ဆုံး ၃ နှစ်၊ ၄ နှစ်၊ ၅ နှစ်ကနေစပြီး ရောက်လာကြတာပါ။ ရောက်ကာစမှာတော့ ကလေးပီပီ မိဘ၊ မိသားစုကို လွမ်းနေကြတာကြောင့် မစားမသောက်နဲ့ ပိန်ပြီး ဖျားနာကြပါတယ်။ အချိန်ကြာလာ တော့လည်း နေသားကျလာကြပါတယ်။
သီလရှင်စာသင်တိုက်မှာ ချမှတ်ထားတဲ့ တူညီတဲ့ စည်းကမ်းတခုကတော့ ရောက်လာတဲ့ ပလောင်မိန်းကလေး ငယ်လေးတွေကို အသက် ၅ နှစ်အရွယ်ဆိုရင် ပန်းနုရောင်သင်္ကန်းစည်းပေးပြီး သီလရှင်အဖြစ် သာသနာ့ဘောင် ထဲ သွတ်သွင်းလိုက်တာပါ။
လူဝတ်ကြောင်အဖြစ်နဲ့ နေရင် ဆရာလေးတွေလည်း ထိန်းကွပ်ရ ခက်မှာက တကြောင်း၊ မိဘတွေ ကိုယ်တိုင် ကလည်း သူတို့သမီးငယ်တွေကို အရွယ်ရောက်လာရင် စိတ်မပူရအောင် သီလရှင်အဖြစ်နဲ့ တွေ့မြင်ရတာကို ပိုသဘောကျ ကြလို့ပါ။
ပလောင်မိန်းကလေးငယ်လေးတွေဟာ သီလရှင်ဝတ်နဲ့ပဲ မူလတန်း၊ အလယ်တန်းကနေ အထက်တန်း၊ တက္ကသိုလ်ဝင်တန်းထိ ကျောင်းတက် ကြရပါတယ်။
အစိုးရကျောင်း ဖတ်စာအုပ် သင်ရိုးညွှန်းတန်းအတိုင်းပဲ မူလတန်း၊ အလယ်တန်းတွေကို ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း (ဘကကျောင်း) အောက်က သီလရှင်စာသင်ကျောင်း တွေမှာ ဆရာမတွေ ငှားပြီး သင်ကြတာပါ။
သာသနာရေးဝန်ကြီးဌာနက ထောက်ပံ့တဲ့ ငွေအချို့ကို သီလရှင်စာသင်တိုက် တွေက ငွေကြေးထပ်စိုက်ပေးပြီး ဆရာမတွေကို လစာပေးပါတယ်။
အထက်တန်းကျောင်းကိုတော့ အပြင်ကျူရှင်ထားပြီး စာမေးပွဲ ဖြေတဲ့အခါ ဘကပညာရေးနဲ့ တွဲပေးထားတဲ့ အထက ၁ မရမ်းကုန်းကျောင်းမှာ သွားဖြေကြ ပါတယ်။
မိဘနဲ့ ခွဲပြီး သီလရှင်ဘဝကို ခံယူရင်း စာသင်ကြားနေကြတဲ့ ပလောင်ကလေးငယ်တွေဟာ စာပဲ သင်ယူနေကြ ရတာတော့ မဟုတ်ပါဘူး။
ကျောင်းပိတ်တဲ့ရက် စနေ၊ တနင်္ဂနွေဖြစ်ဖြစ် ဗုဒ္ဒဘာသာအရ သတ်မှတ်ထားတဲ့ တောပိတ်၊ မြို့ပိတ်လို့ ခေါ်တဲ့ အဖိတ်နေ့ ၊ ဥပုသ်နေ့တွေမှာဖြစ်ဖြစ် ဆွမ်းခံထွက်ကြပါတယ်။
သီလရှင်ကျောင်းတွေအနေနဲ့ ကျောင်းကို လာရောက်လှူတဲ့ အလှူရှင်တွေဆီကနေ စားနပ်ရိက္ခာကို မှီခိုရသလို အလှူခံထွက်လို့ ရတဲ့ ဒါနဆန်နဲ့ ငွေကြေးကိုလည်း ပြန်လည် စုဆောင်းပြီး ကျောင်းအိပ်ကျောင်းစား သီလရှင်ဆရာလေးတွေ စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပြန်သုံးတယ်လို့ သိရပါတယ်။
ကျောင်းတက်၊ ကျောင်းအားလပ်ချိန်မှာ သီလရှင်ကျောင်းရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်၊ မနက်စောစော ဆွမ်းထမင်းဟင်း ထချက်သူက ချက်နဲ့ သီလရှင်ဆရာကြီးတွေ ထုတ်ထားတဲ့ စည်းကမ်းတွေ အတိုင်း လိုက်နာ နေထိုင်ရပါတယ်။
ငယ်လွန်းတဲ့ ဆရာလေးတွေ ကိုးတန်း၊ ဆယ်တန်းတတ်နေတဲ့ ဆရာလေးတွေကတော့ အလှူခံထွက် စရာ မလိုသလို သီလရှင်ကျောင်းမှာ အလှည့်ကျလုပ်ရတဲ့ သန့်ရှင်းရေးလုပ်တာ ထမင်းဟင်းချက်တာတွေ လုပ်စရာ မလိုဘူးလို့ တိုက်အုပ်ဆရာလေးတွေက ပြောပါတယ်။
ဆရာလေး မစန္ဒာရီကတော့ “အလှူခံရတဲ့ တဝက်ကို တိုက်အုပ်ဆရာလေးတွေကို ပေးတယ်။ တဝက်ကိုတော့ ဆရာလေးတို့လိုအပ်တာ သုံးပါတယ်။ တပတ်ကို ၂၀၀၀ လောက်တော့ ကုန်တယ်။ အမျိုးသမီး အသုံး အဆောင် တွေ လိုရင်လည်း ဒီထဲက ဝယ်ရတာပေါ့။ နောက် ကျောင်းပိတ်လို့ နမ့်ဆန်ကအိမ် ပြန်မယ်ဆိုလည်း ဒါက လမ်းစရိတ်သုံးတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာ အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ ဆရာလေး မစန္ဒာရီက လွန်ခဲ့တဲ့ ၉ နှစ်၊ သူ့အသက် ၆ နှစ်အရွယ်တုန်းက အိမ်ကို လွမ်းတာကြောင့် သီလရှင်ကျောင်းကနေ ထွက်ပြေးဖူးသူပါ။
အခုတော့ သီလရှင်ကျောင်းမှာ နေသားကျနေပြီဖြစ်တဲ့ ဆရာလေး မစန္ဒာရီက သူ့အကြောင်းကို ပြုံးရယ်ရင်း ပြန်ပြောပြနေတာပါ။
ဆက်ပြီးသူက “ဒီနှစ် ဆယ်တန်းစာမေးပွဲ ဖြေပြီးရင်တော့ အိမ်ကို ပြန်မယ်။ ဒီကိုရောက်ပြီး ၅ တန်းတုန်းက တခါပြန်တယ်။ ၉ တန်း တုန်းက တခါပြန်တယ်”လို့လည်း ပြောပါတယ်။
ပလောင်သီလရှင်ဆရာလေးတွေဟာ ဆယ်တန်းဖြေပြီးတဲ့ အချိန်ရောက်ရင်တော့ သူတို့ရဲ့ ဇာတိချက်မြှုပ်ကို အပြီးတိုင် ပြန်ဖို့ မျှော်လင့်ချက်တွေ ကိုယ်စီရှိနေကြပါတယ်။
သန်လျင်မြို့က သီလရှင်စာသင်တိုက်တွေကို ရောက်လာကြတဲ့ ပလောင်ကလေးငယ်တွေဟာ ငွေကြေး မပြည့်စုံတဲ့ လက်ဖက်စိုက်တောင်သူမိဘတွေရဲ့ သားသမီးတွေအများဆုံးပါပဲ။
“ပလောင်ဒေသမှာ ပိုက်ဆံရှိတဲ့ လူတွေက အောက်ပြည်အောက်ရွာ ပခုက္ကူ၊ မအူပင် ပြောင်းတာ နယ်ပျံ့ကုန်ပြီ။ အိမ်တွေခြံတွေ ထားခဲ့တာ လက်ဖက်ဆို ခူးတောင် မခူးတော့ဘူး။ ပိုက်ဆံမရှိတဲ့သူတွေကတော့ ဆက်နေပြီး ကလေးတွေ ကြီးလာလို့ ပေါ်တာခေါ်ရင်လည်း မသွားချင်လည်း သွားရတာပဲ”လို့ ဒေါ်ကေသာရီက ပြောပါ တယ်။
ငွေကြေးမတတ်နိုင်လို့ မြို့ပေါ်မှာ ဘော်ဒါဆောင်တွေ ထားဖို့ မတတ်နိုင်တဲ့ မိဘဖြစ်သူတွေက လက်ဖက်စိုက်၊ လက်ဖက်ခူး၊ လက်ဖက်လှမ်းတာနဲ့ပဲ လုံးပန်းနေရပါတယ်။
ရွာနီးချုပ်စပ်က ကျောင်းတွေမှာ ထားပြန်ရင်လည်း ကျောင်းနေ့စဉ်သွားရတဲ့ တောလမ်းမှာ ကလေးတွေ လုံခြုံပါ့မလား၊ တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးရမလား၊ မိုင်းနင်းမိမလားဆိုတာတွေကို စိုးရိမ်နေရတာလို့ ဒေါ်ကေသာရီက ဆိုပါတယ်။
အဲဒီအပြင် ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ မိန်းကလေးတွေဆိုရင်လည်းတောလမ်းမှာ သွားတာလာတာ စိတ်မချရသလို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြန်တော့လည်း မီးမဖွားနိုင်လို့ သေဆုံးတာ ယောင်္ကျား စွန့်ပစ်သွားလို့ တခုလပ်ဘဝနဲ့ ရုန်းကန်ရတာတွေလည်း ဒုနဲ့ဒေးလို့ ဒေါ်ကေသာရီက ပြောပါတယ်။
အဆိုးဆုံးကတော့ လက်နက်ကိုင်အဖွဲ့တွေ ရောက်လာပြီး အရွယ်ရောက်လာတဲ့ ပလောင်လူငယ်တွေကို စစ်မှုထမ်းခိုင်းတာပဲလို့ သိရပါတယ်။
ဒေါ်ကေသာရီက “ဆရာလေးတို့ ငယ်ငယ်က ရှိတဲ့ သူပုန်က သူတို့ဟောပြောလို့ လိုက်ချင်တဲ့သူရှိရင် ခေါ်တာ ။ အခုက အဲဒီလို မဟုတ်တော့ဘူး။ ဟိုအိမ်တယောက် ဒီအိမ်တယောက်နဲ့ သား၂ယောက်ရှိရင် တယောက် သွားရမယ်။ ယောင်္ကျားလေး မရှိရင် မိန်းကလေး။ လုံးဝသားသမီး မရှိတဲ့ သူပဲ လွတ်တော့ မိဘတွေက ကိုယ့်သားသမီးတွေကို ပေးမသွားစေချင်ကြဘူး”လို့ ပြောပါတယ်။
ဒါကြောင့် မိဘတွေဟာ သူတို့ သမီးမိန်းကလေးတွေကို သာသနာ့ဘောင်ထဲ အပ်နှံလိုက်ပြီး ယခုနှစ်ပိုင်း တိုက်ပွဲတွေ ပိုဖြစ်လေ သန်လျင်မြို့ကို ရောက်လာတဲ့ ပလောင်ကလေးတွေ ပိုများလေပဲလို့ ဒေါ်ကေသာရီက ဆိုပါတယ်။
၂၀၁၈ ခုနှစ်၊ တနှစ်တည်းမှာပဲ သန်လျင်မြို့က သီလရှင်စာသင်ကျောင်းတွေကို ရောက်လာတဲ့ ပလောင် ကလေးငယ် ၆၀ ကျော်ရှိနေတာက ဒေါ်ကေသာရီရဲ့ ပြောဆိုချက်ကို ထောက်ခံနေသလိုပါပဲ။
ဒေါ်ကေသာရီကတော့ သူပညာဒါနပြုလုပ်ရင်း ပြုစုစောင့်ရှောက်ပေး ခဲ့တဲ့ ပလောင်ကလေးတွေထဲမှာ အားလုံးနီးပါးက ဆယ်တန်းအောင်တာနဲ့ မွေးရပ်မြေကို ပြန်ကြတယ်လို့ ပြောပါတယ်။
မွေးရပ်မြေ ရှမ်းမြောက်က ပလောင်ဒေသတွေကို ပြန်သွားကြတဲ့ သီလရှင်ဆရာလေးတွေထဲမှာ အချို့ကတော့ လူထွက်ပြီး ရပ်ရွာမှာ ဦးစီးဦးဆောင်ပြုလုပ်နေတာတွေ ရှိသလို အချို့ကတော့ အိမ်ထောင်ပြုရင်း မိသားစုနဲ့ ဘဝကို ဖြတ်သန်းနေကြပါတယ်။
အချို့ကတော့ သီလရှင်ဝတ်နဲ့ပဲ ကိုယ့်ရပ်ရွာက ကျောင်းမှာ ပြန်လည်သီတင်းသုံးရင်း သာသနာပြုနေကြတယ် လို့ သိရပါတယ်။
များပြားလှတဲ့ သီလရှင်ဆရာလေးတွေထဲမှာမှ ဆယ်တန်းအောင်မြင်သွားတဲ့ သီလရှင်ဆရာလေး ၅ ပါး ကတော့ မွေးရပ်မြေပြန် လူထွက်ပြီးနောက်မှာ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ပေးတဲ့ ဆေးမှူးသင်တန်းတတ်ပြီး စစ်သမီးတွေ ဖြစ်သွားကြတယ်လို့ သိရပါတယ်။
ဒေါ်ကေသာရီက “ သူပုန်တွေက ၁ နှစ်ခွဲဆေးသင်တန်းပေးတယ်တဲ့။ ဆရာဝန်ကြီးတွေလို မဟုတ်ပေမယ့် ကိုယ့်ရပ်ရွာထဲဆေးတော့ ပြန်ပေးလို့ရတာပေါ့။ အခုတော့ သူတို့ ၅ နှစ်တာဝန်ထမ်းဆောင်ရမယ်တဲ့။သူတို့ကို တောခေါင်တဲ့ ဘက်တွေမှာ ပို့ထားတယ်။ ဒါလည်း ကိုယ့်လူမျိုးကို ကျန်းမာရေး စောင့်ရှောက်တာပေါ့လေ”လို့ ဆိုပါတယ်။
အချို့ကတော့ အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပေးတဲ့ သင်တန်းတွေမှာ တတ်ပြီး ရပ်ရွာမှာ သူနာပြုဆရာမ ဖြစ်လာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဒေါ်ကေသာရီက ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ နေပြီး အတန်းပညာလည်း မတတ် တောင်ယာလုပ်ရမှာ ထက်စာရင်တော့ ငယ်ရွယ်စဉ်မှာ သီလရှင်အဖြစ်နဲ့ ဘဝကို မြှုပ်နှံ အတန်းပညာသင်ယူပြီး ဆယ်တန်းအောင်တဲ့ အခါ ရွေးချယ်စရာတွေ ရှိလာတာက ပလောင်ကလေးတွေအတွက် ပိုကောင်းပါတယ်လို့လည်း ဆိုပါတယ်။
ဒေါ်ကေသာရီက “မအေးချမ်းတာ နှစ် ၂၀ လောက်ရှိပြီ။ အေးချမ်းရင်တော့ ကလေးတွေ ဒီကို လာစရာ မလိုဘူးပေါ့”လို့လည်း ပြောပါသေးတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာ မြန်မာနိုင်ငံတွင်းက တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ပြည်သူ့စစ်တွေ အများဆုံး အခြေစိုက်လှုပ်ရှားနေတဲ့ ဒေသဖြစ်ပြီး နိုင်ငံရေးပဋိပက္ခတွေ စစ်ရေးပဋိပက္ခတွေ လူမျိုးရေးပဋိပက္ခတွေအပြင် လက်နက်ကိုင်အဖွဲ့တွေရဲ့ အကျိုးစီးပွားတွေ စတာတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ဒေသတခုပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတွေကတော့ ငွေကြေးရှိသူဆိုရင် လက်နက်ကိုင်အဖွဲ့တွေတောင်းတဲ့ ငွေပမာဏာကို ငြင်းဆန်ခွင့်မရှိပဲ ပေးနေရပြီး ငွေကြေးချို့တဲ့ သူတွေကတော့ အလိုမတူပဲ စစ်သားစုဆောင်းတာ စစ်ဆင်ရေးတွေမှာ လမ်းပြလုပ်ခိုင်းတာတွေနဲ့ များပြားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခါးစည်းခံနေကြရဆဲ ဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ မငြိမ်းသရွေ့ကတော့ အနာဂတ်မှာ မွေးဖွားလာမယ့် ရှမ်းမြောက်က ပလောင် မိန်းကလေးငယ်တွေဟာ ပညာရေးအတွက် သီလရှင်စာသင်တိုက်တွေမှာ ဘဝတွေကို မြှုပ်နှံကြရဦးမှာ ဖြစ်ပါတယ်။